Home ဆောင်းပါး သတ္တုမိုင်း နောက်ကွယ်က မြောင်းပြိုရွာကလေးရဲ့ မျှော်လင့်ချက်

သတ္တုမိုင်း နောက်ကွယ်က မြောင်းပြိုရွာကလေးရဲ့ မျှော်လင့်ချက်

သွေး (စစ်ကိုင်း)၊ နိုဝင်ဘာ ၂၊ ၂၀၁၉

မိုးတွေရွာနေပေမယ့် “ဒေါ်ချို့” ရင်ထဲမှာတော့ မအေးချမ်းလှပါဘူး။ သူ့တကိုယ်လုံး ရွှဲရွှဲစိုနေပေမယ့် ဘဝရပ်တည်ရေး အတွက် ခဲကျင်တဲ့အလုပ်ကို မိုးရာသီမှာ လုပ်ကိုင်နေရတာပါ။ တခြားသူတွေက မိုးရာသီကို သူတို့အမြင်၊ သူတို့အတွေးနဲ့ နှစ်သက်ချင်နှစ်သက်ကြမယ်။ ဒေါ်ချိုကတော့ မိုးရာသီရဲ့အရသာကို မခံစားနိုင်ဘဲ ခဲများများရဖို့သာ စိတ်စောနေပါတယ်။

စိုရွှဲအေးစက်နေတဲ့ ခန္ဓာကိုယ်ကို ဂရုမစိုက်အား၊ မိုးရေထဲမှာ ခဲကျင်တဲ့အလုပ်ကို အာရုံစိုက်လုပ်ကိုင်နေရတာပါ။ ခဲများများ ကျင်လို့ရမှ အဲဒီနေ့အတွက် ဝင်ငွေပိုမိုရရှိမှာ မဟုတ်ပါလား။

ဒေါ်ချိုနဲ့အတူ “မြောင်းပြိုရွာ”က အမျိုးသမီးအတော်များများဟာ ခဲကျင်တဲ့အလုပ်ကို ဝမ်းရေးအတွက် လုပ်ကိုင်ကြပါတယ်။ သူတို့ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့ရတဲ့ မြောင်းပြိုရွာလေးမှာ ရှာဖွေလုပ်ကိုင်စားသောက်ဖို့ နေရာကလည်း များများ စားစား မရှိလှ။ ငွေကြေးအဆင်ပြေသူတွေက ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်ပြီး တချို့က ဥယျာဉ်ခြံတွေမှာ နေ့စားအလုပ် လုပ်တာ၊ တနိုင်တပိုင် ခဲကျင်တာတွေ လုပ်ကိုင်ကြရပါတယ်။

“မြောင်းပြိုရွာ”ဟာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ ဟိန္ဒားကျေးရွာအုပ်စုမှာ ပါရှိပါတယ်။ ဟိုး အရင် ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ “ဟိန္ဒားသတ္တုတွင်း” မှာ ခဲသတ္တုထုတ်လုပ်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ပါ တယ်။ ထိုစဉ်က အနီးပါတ်ဝန်းကျင်မှာ ထိခိုက်မှု များများစားစားမရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ်ကစပြီး ထိုင်းကုမ္ပဏီတစ်ခု ဖြစ် တဲ့ “မြန်မာပွန်ပီပက်” ကုမ္ပဏီက ခဲသတ္တုရိုင်းစတင်တူးဖော်ခဲ့ရာကစလို့ မြောင်းပြိုရွာလေးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက် မှုတွေနဲ့ တွေ့ကြုံလာခဲ့ရတယ်လို့ ဆိုပါတယ်။

ခဲမဖြူထုတ်လုပ်ဖို့အတွက် ခဲသတ္တုရိုင်းတွေ တူးဖော်တဲ့နေရာမှာ ချိုင့်ကြီးတွေ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ စက်ယန္တ ယားကြီးတွေသုံးပြီး တူးဖော်တာဖြစ်တဲ့အတွက်ကြောင့်တကြောင်း၊ မြေစာကို စနစ်တကျမစွန့်ပစ်တာက တကြောင်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်တွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်လာတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာက ရပ်မိ ရပ်ဖတစ်ဦးက ပြောပြပါတယ်။ မြန်မာပွန်ပီပက်ကုမ္ပဏီဘက်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
သတ္တုတူးဖော်ရာမှာ မြေစာကို ဘယ်လိုစွန့်ပစ်ရမယ်၊ ဘယ်လိုနည်းပညာသုံးပြီး တူးဖော်ရမယ်ဆိုတာ သတ္တုတွင်း ဥပဒေမှာ ပါရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီ အတော် များများဟာ ဒီဥပဒေတွေ၊ ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းကြပါတယ်။ Open Pit လို့ခေါ်တဲ့ အပွင့်တူးတဲ့နည်း ကိုသုံးပြီး တူးဖော်နေတာ ဖြစ်တယ်လို့ “သတ္တုစောင့်ကြည့်ရေးအဖွဲ့” မှာပါဝင်တဲ့ “မနီနီထွေး” က ရှင်းပြပါတယ်။

အစိုးသစ်တက်လာပြီးနောက်ပိုင်း “သတ္တုစောင့်ကြည့်ရေးအဖွဲ့” ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပါတယ်။ မနီနီထွေးဟာ အဲဒီအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဖွဲ့အနေနဲ့ ကုမ္ပဏီနဲ့ တွေ့ဆုံခွင့်၊ အကြံပြုခွင့်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအနေအထားမှာ ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်ရထားတဲ့ ဧရိယာက ဧက(၅၀)နီးပါးရှိပါတယ်။ မြေစာတွေဟာ မြောင်းပြိုရွာ ထဲက လူသုံးရေတွင်းတွေထဲ နှုန်းတွေအဖြစ် စီးဝင်သွားလို့ အရင်က ရွာသူရွာသားတွေ အားထားသောက်သုံးနေရတဲ့ ရေ တွင်းကရေတွေ နောက်ကျိလာပြီး သောက်သုံးလို့မရတော့တဲ့အထိ ဖြစ်လာပါတယ်။ ပြီးတော့ သတ္တုတူးဖော်တဲ့မြေစာတွေ နှုန်းတွေကြောင့် ဟိန္ဒားရွာရဲ့အပေါ်ဘက် ရေကန်ကနေ စတင်စီးဆင်းလာတဲ့ ဟိန္ဒားချောင်းလေးဟာလည်း တဖြည်းဖြည်း ရေတိမ်လာပါတယ်။
ဒီလိုဆိုးဝါးတဲ့ အခြေအနေတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ပိုမိုဖြစ်ပေါ်လာတာဖြစ်ပြီး မြောင်းပြိုရွာလေးဟာ အဆိုးရွား ဆုံးခံရတဲ့ရွာတစ်ရွာပါ။ ရွာလေးမှာရှိတဲ့ ရေတွင်းတွေက ရေနောက်တွေကို မသောက်သုံးရဲတော့တဲ့အတွက် ရွာသူရွာသား တွေဟာ ရေကို ဝယ်သောက်ရပါတော့တယ်။ (၄)ဂါလံဝင် ရေသန့်ဗူး(၁)ဗူးကို (၁၀၀၀)ကျပ်ထိ ပေးဝယ်ရပါတယ်။ ဒါတွေ အပြင် မိုးရာသီမှာ မြောင်းပြိုရွာထဲက ဥယျာဉ်ခြံတွေမှာ နှုန်းထိုးတာတွေ၊ ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်လာပြီး အုန်းခြံ၊ ကွမ်းခြံ တွေ ပျက်စီးကာ သီးနှံထွက်ရှိမှုကို ထိခိုက်စေလာပါတယ်။

ဒီသတ္တုမိုင်းတွင်ကနေ ထွက်ရှိလာတဲ့ ခဲသတ္တုရိုင်းတွေကို သန့်စင်ပြီး ဈေးကွက်ဝင် “ခဲမဖြူ” ပြန်လည်ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာရှိတဲ့ ခဲမဖြူသန့်စင်စက်ရုံကို ပို့ဆောင်ပြီး ခဲမဖြူပြန်လည် ထုတ်လုပ် နေတာပါ။ ကုမ္ပဏီရဲ့ခွင့်ပြုချက်နဲ့ တနိုင်တပိုင် ခဲကျင်နေတဲ့ အမျိုးသမီးတွေထဲမှာ “ဒေါ်ချို” သာမကဘဲ “မစန်းစန်းအေး” နဲ့ “မအေးမြဝင်း” တို့လည်း ပါဝင်ကြပါတယ်။ သူတို့ရဲ့ တနေ့တာ လုပ်ငန်းခွင်ဟာ နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် နံနက်(၅)နာရီမှာ စတင်ကြပြီး ညနေ(၅)နာရီမှာ အဆုံးသတ်ပါတယ်။

ခဲကျင်ခွက်ကို အသုံးပြုပြီး ပင်ပင်ပန်းပန်းကျင်လို့ရလာတဲ့ခဲတွေကို ကုမ္ပဏီကိုပဲ ပြန်ရောင်းချရတာပါ။ တနေ့ကို ခဲ(၃၀)ကျပ် သား၊ (၄၀)ကျပ်သားအထိရတဲ့နေ့တွေ ရှိသလို မိုးတွင်းမှာဆို (၁)ပိဿာအထိ ရတဲ့နေ့တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အရင်က ခဲတစ်ပိဿာကို(၆)ထောင်ကျပ်ကနေ ကျပ်(၁)သောင်းအထိပဲ ရခဲ့ပေမယ့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ညှိ နှိုင်းပေးခဲ့တာကြောင့် တစ်ပိဿာကို (၂)သောင်းကျပ်အထိရတယ်လို့ သိရပါတယ်။

“ဟိန္ဒားသတ္တုတွင်း” တစ်နေရာ

“ဒေါ်ချို”ဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ခဲကျင်တဲ့အလုပ်ကို လုပ်လာခဲ့ပြီး သူမရဲ့ အရွယ်ရောက်ပြီဖြစ်တဲ့ သမီးနှစ်ယောက်ဟာ လည်း သတ္တုတွင်းကုမ္ပဏီမှာ နေ့စားအလုပ်သမတွေအဖြစ် လုပ်ကိုင်နေကြပါတယ်။ သမီးနှစ်ယောက်အတွက်တော့ တခါ တရံမှာ စိတ်ပူရတာတွေ ရှိတယ်လို့ ဒေါ်ချိုက ပြောပြတယ်။

“မြေစာသယ်တဲ့ ကားတွေက ညပိုင်းကျမှ သွားကြတာများတယ်လေ။ အဒေါ်က သမီးတွေဆိုတော့ စိတ်ပူမိတာပေါ့။ ကား ဘယ်နှစ်စီးသွားသလဲဆိုတာ သူတို့က (တာလီ) မှတ်ပေးရတာ”
နေ့စားအလုပ်သမတယောက်ဟာ တနေ့ကို လုပ်ခ(၅)ထောင်ကျပ်ရရှိပြီး၊ သူတို့နေထိုင်ဖို့ အဆောင်စီစဉ်ပေးထားပါသတဲ့။

“မအေးမြဝင်း”ဟာလည်း စားဝတ်နေရေးအတွက် ခဲကျင်လာတာ (၄)နှစ်ကျော် (၅)နှစ်နီးပါး ရှိနေပါပြီ။ “မတတ်သာတော့ လည်း ဒီလိုပဲ လုပ်စားနေရတာပေါ့။ ဒီထက်ပိုကောင်းတဲ့ အလုပ်တွေရှိရင် ဒီခဲကျင်တဲ့အလုပ်ကို မလုပ်ချင်တော့ဘူး” လို့ ပြောပါတယ်။

“မစန်းစန်းအေး”ကတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်ပိုင်း ကလေးနှစ်ယောက်နဲ့အတူ မိသားစုဘဝရှင်သန်ရေးကို ရုန်းကန်နေရသူပါ။ အသက်(၈)နှစ်နဲ့(၄)နှစ်အရွယ် ကလေးငယ်တွေမို့ မိသားစုစားဝတ်နေရေးအတွက် မိခင်တစ်ယောက် အနေနဲ့ ခဲကျင်တဲ့အလုပ်ကို အားတင်းလုပ်နေရပြီး မိုးတွင်းမှာဆိုလည်း ခမောက်ကိုဆောင်း၊ မိုးကာဝတ်ပြီး ရွှံ့ထဲရေထဲမှာ ခဲကျင်ရပါတယ်လို့ ပြောပြပါတယ်။

“ကျမကလေးတွေထဲမှာ အကြီးတစ်ယောက်က ကျောင်းတက်နေတယ်၊ အငယ်ကလည်း ကျောင်းတက်ရတော့မယ်လေ၊ သူတို့ကို ပညာတတ်စေချင်တယ်” လို့ သူမက ဆက်ပြောပါတယ်။ မြောင်းပြိုရွာမှာ မူလတန်းကျောင်းပဲရှိပြီး အလယ်တန်းနဲ့ အထက်တန်းက အနီးဆုံးဖြစ်တဲ့ “တောင်သုံးလုံးရွာ” မှာပဲ ရှိတာပါ။

မြောင်းပြိုရွာအနီးမှာရှိတဲ့ ဟိန္ဒားသတ္တုမိုင်းက မြေစာပုံတွေ ထုထည်ကြီးမားမြင့်တက်လာနေသလို ရွာထဲကတချို့အိမ်တွေ လည်း နိမ့်ကျ၊ ကျွံကျလာတယ်လို့ သူတို့က ပြောပါတယ်။ သတ္တုထုတ်လုပ်ဖို့ မိုင်းခွဲမယ့်အချိန်ကိုလည်း ကြိုတင်ကြေညာ တာ မရှိဘဲ ခွဲချင်တဲ့ အချိန်ခွဲတာကြောင့် မိုင်းခွဲမှာကို အချိန်တိုင်းသတိပြုနေရတယ်လို့လည်း ဆိုပါတယ်။

မြောင်းပြိုရွာက အမျိုးသမီးအများစုဟာ ဥယျာဉ်ခြံတွေမှာ နေ့စားဝင်ရောက်လုပ်ရင်လည်းလုပ်၊ ဒါမှဟုတ် ခဲကျင်တဲ့အလုပ် ကိုလုပ်၊ ဒါမှမဟုတ် သတ္တုတွင်းကုမ္ပဏီမှာ နေ့စားအလုပ်သမလုပ်စသဖြင့် မိမိတို့ဘဝရပ်တည်ရေးအတွက် အခြားရွေးချယ် စရာ မရှိတော့တဲ့ အနေအထားပါ။

“ကျမတို့… ခေတ်အဆက်ဆက်က သိပ်ပျက်စီးခဲ့တာ မရှိဘူး။ နှုန်းစစ်ကန်တွေ လုပ်၊ နှုန်းရေကြည်ကို ပြန်သုံးလို့ရတယ်။ အမှတ် (၂) သတ္တုတွင်း ဝန်ကြီးဌာနကလုပ်တဲ့ အချိန်ကပေါ့။ ဒီထိုင်းကုမ္ပဏီဝင်လာတဲ့ အချိန်ကျတော့ နှုန်းရေတွေကို သူ တို့က ဒီအတိုင်း လွှတ်ချတယ်။ ဆယ်နှစ်လောက် အဲဒီလိုလုပ်တော့ သဘာဝပတ်ဝန်းကျင်တွေ တအားပျက်စီးသွားတယ်။ ဒီဒေသကို ပြန်ကာကွယ်ဖို့လိုပြီ ဆိုပြီး ကျမတို့ နည်းပညာတွေ ရလာတယ်” လို့ မနီနီထွေးက ပြောပြပါတယ်။

ပျက်စီးခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်မှုတွေ ရှိမရှိ ဆိုတာကိုတော့ သူမက အခုလို ဆက်ရှင်းပြပါတယ်။

“တနင်္သာရီတိုင်းဒေသကြီးအစိုးရကို ကုမ္ပဏီနဲ့တွေ့ခွင့်ပေးပါလို့ ကျမတို့က တောင်းဆိုတယ်။ အစိုးရ၊ ကုမ္ပဏီနဲ့ ကျမတို့ သုံး ပွင့်ဆိုင်တွေ့ခွင့်ရပြီးတဲ့နောက် နှုန်းစစ်ကန်တွေ ဘယ်လိုလုပ်ထားတယ်ဆိုတာတွေ့တယ်။ တိုင်းဒေသကြီးအစိုးရဆီကို ကျမ တို့ အစီရင်ခံစာတင်တယ်။ အစီရင်ခံစာသုံးသပ်ချက်တွေ ပြန်ကျလာတဲ့အခါကျတော့ သူတို့အနေနဲ့ နှုန်းစစ်ကန်တွေကို ပြန်ပြင်ပေးရတယ်။ သတ္တုစောင့်ကြည့်ရေးအဖွဲ့ရှိတာ ကျမတို့အားသာချက်ရှိသွားတယ်။ သူတို့ကို သစ်ပင်ပြန်စိုက်ခိုင်းတာ တွေရှိတော့ သူတို့က နှစ်ရှည်ပင်မစိုက်ဘဲ ကျူပင်တွေ စိုက်ပေးတယ်။ အဲဒီကျူပင်က စွန့်ပစ်မြေစာပေါ်မှာ စိုက်တယ်ဆို တော့ ရေသောက်မြစ်ကို မစုပ်နိုင်ဘူး။ မြေသားနံရံတွေကို ထိန်းမထားနိုင်ဘူး။ ဒါပေမယ့် ကျမတို့က ဆက်ပြီးစောင့်ကြည့်၊ လိုအပ်တာတွေ ပြောနေရမှာပဲ”

စည်းကမ်းသတ်မှတ်ချက်နဲ့ မကိုက်ညီဘဲ သတ္တုတူးဖော်မှုကြောာင့် ရေထဲမှာ အာဆင်းနစ်ဓာတ်တွေ များနေရုံသာမက ခဲ ဓာတ်ပါ ပါဝင်နေတာကြောင့် အမျိုးသမီးတွေမှာ ကျောက်ကပ်ရောဂါနဲ့ သားအိမ်ရောဂါဖြစ်ပွားနေသူတွေလည်း ရှိနေတယ် လို့ ဆိုပါတယ်။ အခုလို သဘာဝပတ်ဝန်းကျင်နဲ့ လူအများရဲ့ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ် နေပေမဲ့ သတ္တုတူးဖော်မှုကို ဆက်လက်ပြုလုပ်နေဆဲပါပဲ။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဝေေ၀လွင်က – “ကျွန်တော်ရယ်… ကော်မတီဒုဥက္ကဋ္ဌရယ် ပါဝင်ပြီး ၂၀၁၈ ခုနှစ်တုန်းက ကုမ္ပဏီနဲ့ တွေ့ဆုံခဲ့တာ ရှိ ပါတယ်။ ရွာသားတွေ ပြောနေသလို သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာတွေ တွေ့ခဲ့ရပါတယ်။ ရေဆိုးစွန့်ပစ်မှုတွေကြောင့် ချောင်းရေဝါနေတာမျိုးပေါ့။ နှုန်းစစ်ကန်တွေ ပြုလုပ်ဖို့ ညွှန်ကြားခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်ချို၊ မအေးမြဝင်း၊ မစန်းစန်းအေးတို့နဲ့အတူ မြောင်းပြိုရွာက အမျိုးသမီးတွေကတော့ မောပန်းမှုတွေ ကို ဘေးချိတ်ထား၊ လုပ်ငန်းခွင်က ရလာမယ့် ကျန်းမာရေးဘေးအန္တရာယ်တွေကို မတွေးအားဘဲ တချိန်မှာ သူတို့ရဲ့ မျိုး ဆက်သစ် သားသမီးတွေအတွက် ပိုကောင်းလာမယ့် နေ့ရက်တွေ၊ လူတန်းစေ့နေထိုင်ရမယ့်နေ့ရက်တွေ ရောက်လာလေ မလားလို့ ဘဝအမောတွေကြားကနေ တိတ်တဆိတ်မျှော်လင့်နေကြပါတော့တယ်။

Author:

Related Articles