Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၃ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အမျိုးသမီး ၇၅၄ ဦး သေဆုံးခဲ့ကြောင်း BWU ပြော

အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်းစစ်ကောင်စီကြောင့်နိုင်ငံတစ်ဝန်းအမျိုးသမီး(၇၅၄)ဦးအထိသေဆုံးခဲ့ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

ယခုနှစ်ဇန်နဝါရီလ(၁)ရက်နေ့ကနေ(၂၆)ရက်နေ့အထိလက်နက်ကြီးထိမှန်တာကြောင့်အမျိုးသမီး(၂၆)ဦး၊လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့်(၂၁)ဦး၊သေနတ်ပစ်ခတ်ခံရမှုကြောင့်(၇)ဦးနဲ့ဖမ်းဆီးခံရချိန်အတွင်းမီးရှို့ နှိပ်စက် ခံရတာကြောင့် (၃)ဦး စုစုပေါင်း (၅၉)ဦးအထိသေဆုံးခဲ့ပါတယ်။

စုစုပေါင်းအမျိုးသမီး၃,၂၉၉ဦးဖမ်းဆီးထိန်းသိမ်းခံထားရပြီးအဲဒီအထဲက၇၆၉ဦးအထိပြစ်ဒဏ်ချမှတ်ခံထားရတယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source – RFA

မုံရွာ ရဲအချုပ်ခန်းမှာ ဖမ်းဆီးခံထားရတဲ့ LGBT တဦး ကိုယ်ကိုကိုယ် အဆုံးစီရင်

စစ်ကိုင်းတိုင်း၊မုံရွာမြို့အမှတ်(၁)ရဲစခန်းအချုပ်ထောင်မှာရာဇသတ်ကြီးပုဒ်မ-၃၇၇နဲ့တရားစွဲဆိုခံထားရပြီးအချုပ် ကျနေတဲ့LGBTတစ်ဦးဖြစ်သူကိုသူရဆိုသူကိုအချုပ်ထောင်စည်းကမ်းထိန်းသိမ်းရေးဆိုသူတွေက ဝိုင်းဝန်း ရိုက်နှက် ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့၀င်တစ်ဦးကပြောပါတယ်။

ဝိုင်း၀န်းရိုက်နှက်ခဲ့ကြပေမယ့်ရဲတပ်ဖွဲ့ကမျက်ကွယ်ပြုပေးထားခဲ့တဲ့အတွက်ညပိုင်းမှာကြိုးဆွဲချပြီးသေဆုံးသွားခဲ့ တာလို့ ဆိုပါတယ်။

ရဲချုပ်မှာတခြားပြစ်မှုတွေနဲ့ဖမ်းဆီးခံထားရတဲ့ကိုစွမ်းရည်ထက်၊ကိုစိုင်းစိုင်းချစ်၊ညီညီထက်၊ရဲအောင်၊ ကျော်ဇင်လင်း ၊ အောင်ခိုင်ဖြိုး ဆိုသူတို့ကLGBT ကိုသူရ ဆိုသူကို ဝိုင်း၀န်းထိုးကြိတ်ခဲ့ကြတာဖြစ်ပါတယ်။

Source – Delta News  Agency

စစ်ကောင်စီတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဆက်ရှိနေကြောင်း WLB ပြော

စစ်ကောင်စီတပ်သားတွေဟာနိုင်ငံတစ်ဝန်းကလူနည်းစုတိုင်းရင်းသားအမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေဆက်ရှိနေတယ်လို့အမျိုးသမီးများအဖွဲ့အချုပ်(မြန်မာနိုင်ငံ)WLBကဖေဖော်ဝါရီလ (၂၃)ရက်နေ့ ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီကျူးလွန်မှုတွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းကရှိခဲ့တာဖြစ်ပြီးတကျော့ပြန်စစ်အာဏာသိမ်းပြီးနောက်မှာ ပိုဖြစ်လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီး ၁၁ ဦးအထိရှိတယ်လို့ WLB က ပြောပါတယ်။

စစ်ကောင်စီတပ်ကလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေသလိုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက် ကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံလုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦးဟာ ဖမ်းဆီးခံထားရတဲ့အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့အဓ္ဓမပြုကျင့်ခဲ့သလိုဇူလိုင်လ၁၉ရက်နေ့မကွေးတိုင်းမှာပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ကိုလှောင်ပြောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမျိုးသမီးနှစ်ဦးကိုကြိုးချည်ပြီးရိုက်နှက်ခဲ့ တယ်လို့ WLB ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Source – RFA

မိုးမိတ်တွင် တပ်မ(၉၉) လူသတ်၊ အဓမ္မပြုကျင့်၊ မီးရှို့မှုများကျူးလွန်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ တပ်မ(၉၉) ခြေမြန်တပ်မဌာနချုပ်ကစစ်ကောင်စီတပ်သားတွေဟာ အရပ်သားတွေကိုတရားဥပဒေမဲ့သတ်တာ၊အုပ်စုဖွဲ့အဓမ္မပြုကျင့်တာနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကျူး လွန်ခဲ့ကြတယ်လို့ရှမ်းလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဖေဖော်ဝါရီ(၂၇)ရက်နေ့က အစီရင်ခံ စာထုတ်ပြန်ထားပါတယ်။

၂၀၂၄ခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှဖေဖော်ဝါရီလ၂ရက်နေ့အထိမိုးမိတ်မြို့နယ်အတွင်းစစ်ကောင်စီရဲ့ တိုက်ခိုက် မှုကြောင့်အရပ်သား၂၇ဦးသေဆုံးပြီး၁၂ဦးဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသူတွေအနက်(၁၇)ဦးမှာတပ်မ(၉၉) လက် အောက်ခံ စစ်သားတွေကြောင့်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ၃ မှု၊ အရပ်သားတွေရဲ့နေအိမ် ၁၅၀ ခန့်ကျော်ကို မီးရှို့ဖျက်ဆီးမှုတွေမှာလည်း   တပ်မ(၉၉) ကတာဝန်ရှိတယ်လို့ဆိုပါတယ်။

Source – Myanmar Now

ကိုရီးယားအလုပ်အကိုင် EPS-TOPIK စာမေးပွဲမှာ အမျိုးသမီးတွေ ဖြေခွင့်ပေးပေမယ့် အလုပ်ခေါ်၊ မခေါ်မသေချာ

တောင်ကိုရီးယားနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက်ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ဝင်ရောက်ဖြေဆိုခွင့်ကို ယခုနှစ်မှာအမျိုးသမီးတွေကို ပထမဆုံးအကြိမ်ဖြေဆိုခွင့်ပေးထားပေမယ့် အလုပ်ခေါ်ယူရေးသေချာတဲ့သဘောတူညီချက်တွေမရှိဘူးလို့အလုပ်သမားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံဘက်ကတော့ EPS-TOPIK စာမေးပွဲ ဖြေဆိုမှုနဲ့ပတ်သက်လို့ အရင်ကတည်းက အမျိုးသမီး၊အမျိုးသားခွဲခြားထားတာမရှိဘဲမြန်မာနိုင်ငံဘက်ကသာကန့်သတ်ထားတာဖြစ်တယ်လို့အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ဆက်ပြောပါတယ်။

လက်ရှိခေါ်ယူမယ့်လုပ်ငန်းအမျိုးအစားကService Worker (ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား) E-9ကို ခေါ်ယူမှာဖြစ်ပြီးအလုပ်နေရာခွဲတမ်း(Quota)နဲ့ပတ်သက်လို့လုပ်ငန်းအမျိုးအစားအလိုက်သတ်မှတ်ကာအမျိုးသား၊အမျိုးသမီး မသတ်မှတ်ဘဲအလုပ်ရှင်ရဲ့ လုပ်ငန်းခွင်အလုပ်နေရာ လိုအပ်ချက်အပေါ်မူတည်ခေါ်ယူမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ EPS Centerက  ထုတ်ပြန်ထားပါတယ်။

Source – Delta News  Agency

အချိန်ပိုဆင်းဖို့ ငြင်းဆန်ခဲ့သူ အမျိုးသမီးအလုပ်သမား နှစ်ဦးအပါအဝင် ခုနှစ်ဦး အလုပ်ထုတ်ခံရ

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်က အလုပ်ရုံတစ်ခုမှာ အချိန်ပိုဆင်းခိုင်းတာနဲ့ပတ်သက်ပြီး ငြင်းဆန်ခဲ့တဲ့ဝန်ထမ်း ငါးဦးနဲ့ အမျိုးသမီးအလုပ်သမား (၂)ဦးအလုပ်ထုတ်ခံလိုက်ရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီကနေ သိရပါတယ်။

ပုံမှန်အလုပ်ချိန်အပြီးအချိန်ပိုအနေနဲ့ညနေငါးနာရီခွဲကနေည၈နာရီအထိအချိန်ပိုဆင်းခိုင်းတာဖြစ်ပြီး အလုပ်သမား တွေအနေနဲ့ အိမ်ပြန်ချိန်နောက်ကျရင် လုံခြုံရေးစိုးရိမ်တဲ့အတွက် အချိန်ပိုဆင်းဖို့ငြင်းဆန်ခဲ့တာပါ။

ငြင်းဆန်ခဲ့တဲ့အတွက်အချိန်ပိုမဆင်းရင်နောက်နေ့အလုပ်လာစရာမလိုတော့ဘူးလို့ဆိုကာအမျိုးသမီးအလုပ် သမားငါးဦးကိုအလုပ်ထုတ်လိုက်တာပါ။နောက်ရက်မှာအဲ့ဒီအလုပ်သမားငါးဦးအဆက်အသွယ်နဲ့အလုပ်လာလုပ်တဲ့နောက်ထပ်အလုပ်သမားအမျိုးသမီးနှစ်ဦးကိုပါခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲထပ်မံအလုပ်ထုတ်လိုက်တယ် လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့အလုပ်ထုတ်ခံထားရသူတွေကို အလုပ်ရှင်က ခေါ်ပြီး အလုပ်ပြန်ဝင်ချင်ရင် သူ့ကိုတောင်းပန်ဖို့နဲ့ အချိန်ပိုမဆင်းတဲ့အတွက် ဒဏ်ကြေး ငါးသောင်းစီ ပေးဖို့အပြင် လုပ်ခလစာကိုလည်း ရက်နှစ်ဆယ်စာသာ ရမယ်လို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။

Source – Delta News  Agency

ကလေးမြို့မှာ အလှူပွဲအပြီး ပျောက်ဆုံးသွားတဲ့ ငါးနှစ်သမီး နှစ်ရက်အကြာမှာ အလောင်းပြန်တွေ့

စစ်ကိုင်းတိုင်း၊ကလေးမြို့၊အောင်သစ္စာရပ်ကွပ်မှာနေထိုင်တဲ့အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက်ဆုံး သွားရာ နှစ်ရက်အကြာမှာအလောင်းပြန်တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီ(၂၅)ရက်နေ့ကနေအိမ်မှာအဘိုးဖြစ်သူနဲ့အတူရှိနေခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ(၂၇)ရက်ညပိုင်းမှာ နောက်ကျောဒဏ်ရာ၊နားရွက်တဖက်ပြတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ကလေးအလောင်းကိုနေအိမ်နဲ့မနီးမဝေး ရေကန်အနီးမှာ ပြန်လည်တွေ့ရှိရတာလို့ဆိုပါတယ်။

Source – Mandalay_Free_Press_MFP

ကနီနယ်မှာ စစ်အုပ်စုက အမျိုးသမီးတွေကိုပါ ပျူသင်တန်း ပေးနေ

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ကနီမြို့နယ်မှာစစ်အုပ်စုကအမျိုးသမီးတွေကိုပါပျူသင်တန်းပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ကနီနယ် ရေလယ်ကျွန်းရွာက ဒေသခံတချို့ကို စစ်အုပ်စုက ပျူအဖြစ် လက်သပ်မွေးကာ ဒေသတွင်းအကြမ်းဖက်လုပ်ငန်းတွေမှာထည့်သွင်းအသုံးချနေသလိုရွာခံတွေ ထွက်မပြေးနိုင်အောင် ခြိမ်းခြောက် အကြပ်ကိုင်ထားတာတွေပြုလုပ်နေသလိုလက်ရှိမှာအမျိုးသမီးတွေကိုပါပျူသင်တန်းပေးနေတယ်လို့ကနီဒေသခံ တစ်ဦးကပြောပါတယ်။

အဲ့ဒီပျူရွာကအမျိုးသမီးတွေကိုသင်တန်းပေးတာကစစ်တိုက်ခိုင်းဖို့ဖြစ်နိုင်သလိုပျူစခန်း ဂိတ်အစောင့် ထားဖို့လည်း ဖြစ်နိုင်တယ်လို့ကနီဒေသခံက သုံးသပ်ပါတယ်။

Source – Mandalay_Free_Press_MFP

ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦး သူ့ကိုမကြိုက်တဲ့မိန်းကလေးတဦးကို သေနတ်နဲ့ပစ်သတ်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း၂ တပ်စိတ်မှူးက သူ့ကိုပြန်မကြိုက်တဲ့ သခွတ္တောကျေးရွာကအသက်၂၂အရွယ်မယုမွန်ထက်ကိုမိဘတွေရှေ့နေအိမ်မှာတင်သေနတ်နဲ့ပစ်သတ်ခဲ့တယ် လို့ဒေသခံတွေကပြောပါတယ်။

မယုမွန်ထက်ဟာ မန္တလေးမြို့မှာနေထိုင်တဲ့ လိင်တူချစ်သူအမျိုးသမီး (အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီး)နဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး အဲဒီအမျိုးသမီးကသခွတ္တောရွာကိုလာတွေ့စဥ် ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းလောက်မှာ ဝက်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ တပ်စိတ်မှူး ကိုပြည့်ဆိုသူက ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးမြို့ကနေရောက်နေတဲ့ လိင်တူချစ်သူအမျိုးသမီးကိုပါ သေနတ်နဲ့ပစ်ဖို့ ပြုလုပ်ချိန်မှာ သေနတ်က ကျည်မထွက်တာကြောင့်အဲဒီအမျိုးသမီးဟာအသက်ဘေးကလွတ်ခဲ့တယ်လို့မျက်မြင်တွေ့ခဲ့သူတွေကပြောပါတယ်။

အဲဒီအမျိုးသားစိတ်ခံယူထားတဲ့အမျိုးသမီးကိုဝက်လက်တပ်ရင်း၂ကပဲလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံ တွေက မြေလတ်အသံကို ပြောပါတယ်။

Source – မြေလတ်အသံ

၁ လခန့်အတွင်း စစ်တပ်က အမျိုးသမီးအယောက် ၃၀ ကို သတ်ဖြတ်

စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့်ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေမတ်လ(၁)ရက်နေ့အထိနိုင်ငံ တဝန်းကအမျိုးသမီးအယောက်(၃၀)သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာစစ်ကိုင်းတိုင်းက(၁၅)ဦး၊အသက်(၁၈)နှစ်အောက်(၄)ဦး၊အသက်(၆၀)နှစ်အထက်(၄)ဦး ပါဝင်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသူ (၉)ဦးအများဆုံးဖြစ်ပါတယ်။

Source – Dvb

Author:

Related Articles