ခင်မြဇင်
အိမ်ထောင်တခုမှာ ဇနီးနှင့်ခင်ပွန်းကြား အပြန်အလှန်နားလည်မှု ချစ်ခင်မှုတို့ပျောက်ဆုံးပြီး တဖက်သတ်အနိုင် ကျင့်တတ်သည့် ယောကျ်ားမိန်းမတို့အကြောင်း ကြားရမြင်ရတိုင်း စိတ်မကောင်းဖြစ်ရသည်။
တချို့ခင်ပွန်းတွေက နှုတ်ဖြင့်တတိတိ ရီတတ်ကလိတတ်ကြသည်။ သီချင်းလေးတပုဒ်ဆိုဆို၊ ကဗျာလေးတပုဒ်
ရေးရေး၊ ဒါနင့်အရင်ရည်းစားကိုသတိရလို့၊ သားသမီးနှင့်ပတ်သက်၍ မကောင်းတာတခုခုကြုံတိုင်း နင်အထိမ်း မတော်လို့ဟု တဖက်သတ်ရန်ရှာသော ခင်ပွန်းတွေလည်းမရှား။ သည်လိုဆိုတော့ မိန်းမတွေဖက်ကရော မပြော တော့ဘူးလားဆိုလျှင် တချို့မိန်းမတွေကလည်း ယောကျ်ားတယောက်ကို ပိုင်ဆိုင်ပြီဆိုလျှင် သူ့လွတ်လပ်ခွင့် တခုလုံးထိမ်းချုပ်လိုကာ ဖုန်းပြောတာကအစ လိုက်ချောင်းလိုက်ရန်ရှာတာမျိုးလည်း တွေ့ရပါသေးသည်။ ဖေ့ ဘုတ်စာမျက်နှာပေါ်ကပို့စ်တခုခုကိုပင် အပြစ်ရှာစိတ်ဖြင့် ဆူပူသောင်းကျန်းတာမျိုးလည်း တွေ့ရဖူးသည်။
အပြန်အလှန်နားလည်မှုနှင့် ချစ်ခြင်းမေတ္တာမပါသော အိမ်ထောင်တို့မှ ပေါက်ဖွားလာသော ကလေးတို့မှာ စိတ် ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတတ်မြဲ။ မိဘတွေက ဒါတွေကို သတိမပြုမိပဲ ကိုယ့်ခံစားချက်တွေပဲ ရှေ့ တန်းတင်ကာ စိတ်ထင်သလို ပြုမူနေကြတော့ ဆက်လက်ပေါင်းသင်းနေကြသည့်တိုင် အိမ်ထောင်ဘဝ၏ အနှစ် သာရက ပျောက်ဆုံးနေမည်ထင်ပါသည်။
အဆိုးဆုံးကတော့ ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်းပန်းတတ်ခြင်းပင်။ များသောအားဖြင့် ခင်ပွန်းတွေက မူး ယစ်သောက်စားပြီးဖြစ်စေ၊ မမူးပဲလည်း လက်ရုန်းအားကိုး အနိုင်ကျင့်လိုစိတ်ကြောင့်ဖြစ်စေ ဇနီးတွေကို ရိုက် နှက်ထိုးကြိတ်တတ်ကြသည်။
တခါက ဖေ့ဘုတ်စာမျက်နှာတခုမှာ အမျိုးသမီးလေးတစ်ယောက်က တင်သည်။ ကလေး(၃၅)ရက်သားလေးကို ဆေးခန်းသွားပြစဉ် ခင်ပွန်းက လူတွေကြားထဲမှာပဲ သူ့ပါးကိုရိုက်လိုက်သည့်အကြောင်း။ ဘေးကလူတွေက ဖြန် ဖြေသည့်တိုင် အိမ်ရောက်လျှင်ထပ်ပြီး နှိပ်စက်မခံရဘူး မဆိုနိုင်။ ထိုသို့သော ကူကယ်ရာမဲ့ဘဝတွေအကြောင်း က အမြဲလိုကြားနေမြင်နေရသည်။ အမျိုးသမီးကလေးမှာ ပညာတတ်တယောက်ဖြစ်သည့်တိုင် ခင်ပွန်း၏ ရက် စက်မှုကို မျက်ရည်ဖြင့်သာ တုန့်ပြန်နိုင်ခဲ့သည်။
ကလေးကိုငဲ့၍၊ အိမ်ထောင်ကို ပြိုကွဲမခံလို၍၊ သည်းခံပေါင်းသင်းနေရသောဘဝတွေ၊ ပညာတတ်လေ သိက္ခာ ထိမ်းလေမို့၊ လူမသိသူမသိ ကျိတ်ခံနေရသော အမျိုးကောင်းသမီးတွေအကြောင်း ကြားရတိုင်း သူတို့ကို မကူ ညီနိုင်ကြတော့ဘူးလား တွေးမိသည်။ ရပ်ထဲရွာထဲ လင်နှင့်မယား နင်ပဲငဆရန်ဖြစ်ကာ ယောကျ်ားက လက်ပါ သည်ဖြစ်စေ၊ ကြားသုံးကြားမဝင်ကောင်းဆိုသော စကားနှင့်ပင် ဝင်ရောက်ဆွဲသူမရှိတတ်။ ယောကျ်ားက ဆုံးမ တာပဲ မှန်သလိုလို အယူအဆတွေရှိသလို အိမ်ထောင်ဆိုတာ ကောင်းကောင်းဆိုးဆိုး တသက်လုံး ပေါင်းရ မယ်ဟူသည့်အတွေးတွေကလည်း မိန်းမသားတို့နှင့် မိဘတွေစိတ်ထဲစွဲနေခဲ့တတ်သည်။
“နင့်လင်နဲ့နင်၊ မကောင်းလည်းခံ၊ ကောင်းလည်းစံပဲ၊ အိမ်တော့ပြန်မလာခဲ့နဲ့” ဟု တချို့မိဘတွေက မှာတတ် သည်။ ဒီတော့ ခင်ပွန်းနှိပ်စက်တာခံရသည့် အမျိုးသမီးလေးခမျာ ပြေးစရာမြေမရှိပေ။
ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခြင်းအတွက် တရားဥပဒေအရ အကာအကွယ်ပေးထားပါ၏။ သို့သော် တိုင်တန်းသည်၊ အရေးယူခံရသည်များတော့ မကြားမိပါ။
လွန်ခဲ့သည့်နှစ်(၃၀)လောက်က အဖြစ်အပျက်တခုကို သတိရမိပါသည်။
ကျမညီမလိုခင်သည့် အမျိုးသမီးလေးမှာ အထက်တန်းပြဆရာမလေးဖြစ်ပြီး တတိယမြောက်ရင်သွေးကို ဗိုက်ခွဲ မွေးထားရသည်။ ခင်ပွန်းကလည်း အထက်တန်းပြဆရာတယောက်။ ခင်ပွန်းကျောင်းကပြန်လာပြီး နေ့လည်စာ ကို အကူအဒေါ်ကြီးက ပြင်ဆင်ကျွေးမွေးရာ ဇနီးကိုယ်တိုင်ပြင်မကျွေးရကောင်းလားဟု ခင်ပွန်းက ထင်းချောင်း ဖြင့် ရိုက်ပါသည်။ ဒဏ်ရာကတော်တော်များသည်။ သူ့မေမေကစိတ်ဆိုးပြီး ဆေးစာပြကာ ရဲကိုတိုင်ဖို့ပြင်သည်။ သို့သော်ဆရာမလေး၏ဖေဖေက မတိုင်စေခဲ့။ နောက်ကျရင် သူတို့ဖာသာသူတို့ အဆင်ပြေသွားမှာပဲ ဆိုခဲ့သည်။ အဆင်တော့ပြေပါ၏။ ရိုက်နှက်ခံရင်း ပြန်ချော့ရင်းကပင် ထိုအမျိုးသမီးလေးမှာ နောက်ဆုံးမေးရိုးကင်ဆာဖြင့် အသက် (၃၆)နှစ်အရွယ်မှာ ဆုံးသွားရှာသည်။ သူ့ဖေဖေကတော့ သမီးလေးများချည်းမွေးထားသည့် သမီးကို ခင်ပွန်းနှင့်ကွဲပြီး တချိန်ချိန်မှာ နောက်အိမ်ထောင်ပြုမှာ စိုးရိမ်ခဲ့သည်။ သူ့မေမေခမျာတော့ စိတ်ထိခိုက်ကာ နေ မကောင်း ဖြစ်ခဲ့သည်။ ထိုစဉ်က တနယ်လုံးသိကာ ဟိုးလေးတကျော်ဖြစ်ခဲ့သည့်ကိစ္စပင်။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးမှာ ကော်မတီဝင်တဦးဖြစ်သော သူ့မေမေသည် ကိုယ့်သမီးကို မကူနိုင်ခဲ့။
အိမ်တွင်းအကြမ်းဖက်မှုများကို မထင်မှတ်ပဲ အားပေးကူညီသူများမှာ မိဘများကိုယ်တိုင် ဖြစ်နေတတ်သည်က ရင်နာစရာဖြစ်သည်။
အမျိုးသမီးရေးရာအဖွဲ့တွေက သွားတိုင်လျှင်တော့ အရေးယူနိုင်ဖို့ ကူညီလေမလားမသိပါ။ သို့တိုင် မိခင်နှင့် ကလေးတို့ကို စောင့်ရှောက်သည့်အဖွဲ့အစည်းတွေအနေဖြင့် ရပ်ထဲရွာထဲကအဖြစ်တွေနှင့် နီးစပ်မှုမရှိလှ။
ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေး ကာကွယ်ဆေးထိုးဖို့အရေးတွေကိုပဲ အာရုံစိုက်နေကြသလားမသိ။
အိမ်တွင်းအကြမ်းဖက်မှုရန်က လျှော့ချနိုင်ဖို့က အမျိုးသမီးတွေ ကိုယ်တိုင်လည်း ရုန်းထွက်လိုစိတ်ရှိဖို့တော့ လို ပါသည်။ ခန္ဓာကိုယ်ကို နှိပ်စက်ခံရသဖြင့် စိတ်ပိုင်းပါထိခိုက်ပြီး စိတ်အားလျှော့လေသလား၊ ကိုယ့်အားကိုယ်ကိုး ရုန်းကန်ရမှာ စိုးရွံ့၍ပဲလားမသိပါ။
ခုရက်ပိုင်းဖတ်မိသော ဝတ္တုတပုဒ်မှာ မိခင်ကို ညတိုင်းရိုက်နှက်နှိပ်စက်တတ်သည့် အမူးသမားဖခင်၏ရန်က မိခင်ကို ကာကွယ်ဖို့ ကြိုးစားရင်း လက်လွန်ကာ ဖခင်သေဆုံးသွားခဲ့သဖြင့် ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်းသို့ရောက်ရသော ကလေးတယောက်ဘဝကို ဖတ်ရသည်။ ကလေးတယောက်၏ ဘဝပါ အညွန်းချိုး သလိုဖြစ်စေသည့်အဖြစ်အပျက်တွေ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်များနေပြီလဲမသိနိုင်။
ရပ်ရွာကလည်း ငါနှင့်မဆိုင်ဟု သဘောမထားပဲ စာနာစိတ်ဖြင့် ဝိုင်းကူကြကာ အတိတ်တုန်းကလို ယောကျ်ား တွေကို အကြမ်းဖက်ခွင့်လိုင်စင် ပေးမထားသင့်တော့ပါ။
သားကိုသခင်၊ လင်ကိုဘုရားခေတ် ကုန်ဆုံးပြီဟု ယူဆရသည့်တိုင် ကျားရောမပါ တန်းတူစီးပွားရှာအလုပ် လုပ်နိုင်လာကြပြီဖြစ်သော်လည်း အိမ်တွင်းအကြမ်းဖက်မှုတွေက လျှော့ပါးခြင်းမရှိသည်က အမျိုးသမီးတို့အ တွက် နာကျည်းစရာတခုဖြစ်သည်။ တချို့ဆိုနှိပ်စက်ခံရလွန်းသဖြင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေပင်ရရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးရရှာသည်။ သားသမီးအပေါ်မှာလည်း ဆိုဆုံးမခွင့်ပြောခွင့်မရှိ၊ ခင်ပွန်း က ကလေးများကို အပြစ်နှင့်မမျှ ရိုက်နှက်ဆုံးမလျှင်လည်း တားဆီးခွင့်မရသည့် မိသားစုထဲက ကလေးငယ် များမှာ ဆိုးသွမ်းစိတ်၊ သူတပါးကို နာကျင်အောင် လုပ်ချင်စိတ်တွေ စွဲနေတတ်သည်။ ထိုသို့ဖြင့် ထိုကလေးတို့ ကြီးပြင်းလာသောအခါ အားနည်းသူကို အနိုင်ကျင့်တတ်သော စရိုက်ဆိုးတွေ ပါလာတတ်ပြန်သည်။ သို့ဖြင့်အိမ် တွင်း အကြမ်းဖက်မှုသံသရာက တပတ်လည်တတ်ရာ ငါနှင့်မဆိုင်၊ သူတပါးမိသားစုအရေးပဲဟု မတွေးပဲ လူ့ ပတ်ဝန်းကျင်တခုလုံးက ဝိုင်းဝန်းဆန့်ကျင်ဖို့၊ ကူညီဖေးမဖို့လိုပြီဖြစ်သည်။ နေ့စဉ်ညစဉ်အနိုင်ကျင့်ခံနေရသော အမျိုးသမီးများကို စိတ်ပိုင်းရုပ်ပိုင်းအားပေးကူညီခြင်းဖြင့် အိမ်တွင်းအကြမ်းဖက်ခံ သားကောင်ဘဝများမှ ရုန်းထွက်နိုင်အောင် ဆောင်ရွက်ပေးသင့်ပါပြီ။