ဉာဏ်လင်းထက်
ပြင်ပတွင် မိုးတဖွဲဖွဲ ရွာနေသော်လည်း ရာသီဥတုကတော့ အိုက်စပ်စပ်ရှိသည်။ ဆယ်ပေပတ်လည်အခန်း ကျဉ်းတစ်ခုကို ဘေးကထပ်ဆွဲထားသည့် ခြောက်ပေသာသာ အဖီခပ်ကုပ်ကုပ်လေး၏အတွင်းပိုင်း ထက် ဝက်လောက်ကိုတော့ ဝါးကြမ်းခင်း၍ ထားလေသည်။
တွဲလောင်းမကျအောင် ခေါက်တင်ထားသော ခြင်ထောင်၏ ခေါင်းရင်းပိုင်းတွင်လည်း သက်ကြီးရွယ်အို အဘွားတစ်ဦးကို လူငယ်တစ်ဦးက စောင်နှင့်ရစ်ပတ်လျက် ကျောပေါ်ပိုးပြီး ပြေးလာသည့် ဓာတ်ပုံတစ်ပုံ ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။
ထိုအဖီထဲက ဝါးကြမ်းခင်းပေါ်တွင် ခပ်ယဲ့ယဲ့လဲလျောင်းနေသော အဘွားအိုမှာ ပြီးခဲ့သော စက်တင်ဘာလ က အသက် (၁၁၄) နှစ်ပြည့်သွားခဲ့သည့် ကချင်အမျိုးသမီးကြီး ဒေါ်ခေါန်ဘူဖြစ်ပြီး ယခုနေရာသည်မြစ်ကြီးနား မြို့နယ်၊ ပလန Saint Joseph Camp (2) က လူနေအိမ်တန်းလျား အဆောင်တစ်ခုအတွင်း၌ တည်ရှိနေသည်။
ဒေါ်ခေါန်ဘူသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) ကြားတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ မဂျိပ်ဇွပ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာကြရသည့် စစ်ဘေးရှောင်ဒုက္ခသည် (၂၀၀၀) ကျော်ထဲတွင် ပါ ဝင်ခဲ့သော အသက်အကြီးဆုံး အဘွားအိုတဦးလည်း ဖြစ်သည်။
”စစ်ကတော့ ဖြစ်တာပေါ့နော်၊ အရင်တုန်းကတော့ ဖြစ်တဲ့အချိန်မှာ တောထဲမှာတစ်ပတ်နှစ်ပတ်ပေါ့၊ နေပြီးရင် ပြန်လာတယ်။ ရွာထဲမှာ ပြန်လာလုပ်စားတယ်။ အဲဒါ ဂျပန်ခေတ်က ကြုံဖူးတယ်။ အခုဖြစ်တာတော့ အကြာကြီးနေ ရတာပေါ့ ”ဟု အဖွားအိုက သူဖြတ်သန်းလာခဲ့ရသော ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်အကြောင်းကို နှိုင်းယှဉ်ပြီး တုန်ယင်သော လေသံဖြင့် ပြောပြသည်။
”အဲဒီတုန်းက မနက်စောစော မိုးမလင်းခင် ရွာကနေပြေးရတယ်။ နောက်တစ်နေ့ညနေငါးနာရီလောက်မှ မြစ်ဆုံတန်ဖရဲကိုရောက်ပြီ။ အမေကို သူ့မြေးကသယ်တယ်။ ကျမက မသန်စွမ်းတဲ့ သားကိုဆွဲပြေးရတယ် ” ဟု အဘွားဒေါ်ခေါန်ဘူ၏သမီးဖြစ်သူ အသက် (၅၆)နှစ်အရွယ် ဒေါ်ထုဘူက ပြန်ပြောင်းပြောဆိုသည်။
စစ်ရှောင်စခန်းသို့ ဒေသခံပြည်သူများ ရောက်လာကြခြင်းသည် စစ်ဖြစ်သောနေရာမှ ကင်းလွတ်လာရုံမျှ သာဖြစ်ပြီး အဆင်မပြေမှုနှင့် လိုအပ်ချက်များက ဒုနှင့်ဒေးပင်။
ဆယ်ပေပတ်လည် အခန်းကျဉ်းလေးများအထဲတွင် မိသားစုအားလုံးပြွတ်သိပ်ပြီး နှစ်ချီ၍ နေထိုင်လာကြရ သဖြင့် သက်ကြီးရွယ်အိုများအတွက်သာမက အိမ်ထောင်သည်များ၊ သားပျိုသမီးပျိုများအားလုံး နေထိုင်ရန် ခက်ခဲလှသည်။ အိမ်သာနှင့် ရေချိုးခန်းများကိုလည်း ဘုံအဖြစ်သာ အသုံးပြုကြရသည်။
စားသောက်ရေးအတွက် ထောက်ပံ့မှုကလည်း တစစလျော့နည်းလာပြီး ယခုအချိန်တွင်မူ လူတစ်ဦးအတွက် တစ်လလျှင် ကျပ်တစ်သောင်းဝန်းကျင်သာရတော့သည်ဟု မြစ်ကြီးနားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ တွင် ခိုလှုံနေကြရသည့် မိသားစုများက စိတ်အားလျော့စွာ ပြောဆိုကြသည်။
စခန်းအတွင်း၌ အနေအထိုင်ကျဉ်းကြပ်မှုနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ကောင်းကောင်းမရှိကြ ၍ စားဝတ်နေရေးခက်ခဲလာမှုတို့ကြောင် အိမ်ပြန်ရမည့်ရက်က အမျိုးသမီးအများစုအတွက် မျှော်လင့် ချက်ကြီး တစ်ခုဖြစ်လာသည်။
“စစ်ရှောင်စခန်းမှာ အလုပ်မရှိတော့ တချို့အမျိုးသားတွေက မူးယစ်ဆေးဝါးသုံးစွဲမှု ပိုများလာပြီး အိမ်တွင်း အကြမ်းဖက်မှုလည်း ပိုဖြစ်လာတာကြောင့် အမျိုးသမီးတွေက စစ်ဘေးရဲ့ဆိုးကျိုးကို အထပ်ထပ် ခံစားရပါ တယ်” ဟု ဆိုလာသူက ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းက အမျိုးသမီးခေါင်းဆောင် ဒေါ်ဇညွယ်ဖြစ်သည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား ရယူထားခဲ့သော အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်သည် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တည်မြဲနေခဲ့သော်လည်း ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စပြီး စတင်ကျိုးပေါက်ခဲ့ခြင်းဖြစ်သည်။
(၈)နှစ်တာကာလအတွင်းဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း၌ IDP (ပြည်တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူများ) စခန်းအရေအတွက်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ စုစုပေါင်း(၁၃၆)ခု ရှိနေပြီး စစ်ရှောင်ပြည်သူအရေအတွက်မှာ ၉၇၆၀၀ ခန့်ရှိနေသည်ဟု ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးရာညှိနှိုင်းရေးမှူးရုံး (UN-OCHA) က ထုတ်ပြန်ထားသည်။
၎င်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်မျိုးနွယ်စုများနေထိုင်ရာ ဒေသများတွင်လည်း စစ်ဘေးရှောင်စခန်းများရှိနေသည်။
ယခု လက်ရှိအချိန်မှာတွင် မြစ်ကြီးနားမြို့နယ်အတွင်း၌ စစ်ရှောင်စခန်း(၂၄)ခုရှိနေဆဲဖြစ်သည်။
”ပြန်လို့ရရင်တော့ပြန်မယ်၊ ဟိုမှာပဲတောင်ယာလုပ်စားချင်တယ်” ဟု အဖွားဒေါ်ခေါန်ဘူ၏သမီးဖြစ်သူ ဒေါ် ထုဘူက သူမ၏ဆန္ဒကို အားတက်သရောအမူအရာဖြင့် ပြောပြသည်။
ဒေါ်ထုဘူသည် လက်ရှိအချိန်တွင် သူ၏အမေအိုကို စောင့်ရှောက်နေရသည့်အတွက် နေ့စားအလုပ်ပင် ထွက်၍ လုပ်ကိုင်နိုင်ခြင်းမရှိပေ။
သူတို့၏မိသားစုတွင် ခြေထောက်မသန်သော သားတစ်ဦးအပါအဝင် လူဦးရေ(၈)ယောက်ခန့်ရှိသည်။
”သူတို့စစ်မဖြစ်ခင်တုန်းက မြို့ပြလို မချမ်းသာကြပေမယ့် သူတို့ဟာသူတို့ တောင်ယာတွေလုပ်၊ ကြက်ဝက် တွေမွေးပြီး စားဖို့သောက်ဖို့ မပူပန်ကြရဘူး၊ တစ်နှစ်လုပ်တာ တစ်နှစ်စားလောက်တဲ့အပြင် သားသမီးတွေ လည်း ကျောင်းထားနိုင်တယ်” ဟု လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့သည့် မြစ်ဆုံစီမံကိန်းအထက်ဖက်တွင် ရှိသော အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က ငြိမ်းချမ်းချိန်က အဆင်ပြေခဲ့ကြရသော ဒေသခံတွေအကြောင်းကို ပြောပြသည်။
“အခုစစ်ဖြစ်တော့ တောင်ယာစပါးတွေလည်း မရိတ်ရ၊ အိမ်မှာလည်း ရိက္ခာတွေ မယူခဲ့ရတဲ့အပြင် အိမ်တွေ လည်း ပျက်စီးကုန်တယ်” ဟုတိုက်ပွဲဖြစ်ပြီး နောက်ဆက်တွဲအခြေအနေကို ဆက်လက်ပြောပြသည်။
စစ်ရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေးအတွက် အစိုးရက ၂၀၁၉ ခုနှစ်၊ ဧပြီလက မူဝါဒရေးဆွဲခဲ့သည်။
သို့ရာတွင် လက်ရှိ အနေအထားအရ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသူများက နေရပ်ပြန်လိုသော်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲဖြစ်သည်။
ကချင်စစ်ဘေးရှောင်များ၏အရေးကို ဆောင်ရွက်နေသော ငြိမ်းဖောင်ဒေးရှင်း၏ ၂၀၁၉ ဇွန်လထုတ် စစ် တမ်းများအရ စစ်ဘေးရှောင်များ အိမ်ပြန်နိုင်ရေးအတွက် အဓိကအတားအဆီးများကို ဖော်ပြရာတွင် မြေမြုပ်မိုင်းရှိနေခြင်း ၆၃.၆၈ ရာခိုင်နှုန်း၊ ငွေကြေးလိုအပ်မှု ၅၅.၂၁ ရာခိုင်နှုန်း၊ ပညာရေး/ကျန်းမာရေး ဝန်ဆောင်မှုမရှိခြင်း ၅၄ ရာခိုင်နှုန်း၊ တပ်မတော်ရှိနေခြင်း ၄၉.၈၈ ရာခိုင်နှုန်း၊ တိုက်ပွဲဆက်လက်ဖြစ် ပွားနေခြင်း ၃၂.၆၉ ရာခိုင်နှုန်း၊ လူမှုအဖွဲ့အစည်းအတွင်း သဘောမတူခြင်း ၁၉.၃၇ ရာခိုင်နှုန်း၊ ကေအိုင်အေ ရှိနေခြင်း ၁၁.၁၄ ရာခိုင်နှုန်း၊ အခြားသူများ မိမိဒေသ နေအိမ်သိမ်းယူခြင်း ၅.၀၈ ရာခိုင်နှုန်း။
နယ်ခြားစောင့်တပ်ရှိခြင်း ၄.၅၀ ရာခိုင်နှုန်း။ ဒေသအသစ်လိုခြင်း ၃.၈၇ ရာခိုင်နှုန်းနှင့် အခြားကိစ္စ ၆.၀၅ ရာခိုင်နှုန်းရှိနေသည်ဟု ဖော်ထုတ်ခဲ့သည်။
စစ်ရှောင်ပြည်သူများ နေရပ်ကိုအဆင်ပြေပြေပြန်နိုင်ရန်အတွက် တပ်မတော်နှင့် ကေအိုင်အိုနှစ်ဖက်စလုံး က အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးနိုင်မှသာ ဖြစ်နိုင်မည်ဟု ငြိမ်းချမ်းရေးကိစ္စတွင် ကျွမ်းကျင် သူများ၏ သုံးသပ်မှုများလည်းရှိသည်။
“နေရပ်ပြန်ဖို့ မလွယ်သေးဘူး၊ ပထမဆုံး Bilateral (နှစ်ဖက် အပစ်ခတ်ရပ်စဲရေးစာချုပ်) ချုပ်ရမယ်၊ မဟုတ် ရင် အိမ်ပြန်လည်း အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တယ်၊ စစ်ပြန်ဖြစ်ရင် ပြန်ပြေးနေရမယ်၊ ပြီးတော့ မိုင်းရှင်း လင်းရေးတွေ လုပ်ဆောင်ရမယ်၊ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရ မယ်၊ ဒါတွေ နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်တယ်၊ သူတို့နဲ့လည်း ညှိနှိုင်းရမယ်၊ ဒါတွေ အားလုံးပြီးမှ သူတို့အတွက် လုံခြုံစိတ်ချမှုရှိမယ်” ဟု ကချင်စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြားသည်။
Bilateral ခေါ် နှစ်ဖက်အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်မည့်အခြေအနေကလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့တွင် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်နေသော ကေအိုင်အိုအတွက် အခက်အခဲတခုဖြစ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်အကဲခတ်များက သုံးသပ်ထားသည်။
ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ကချင်ပြည်နယ်အတွင်းရှိ ရပ်ရွာအချို့တွင် စွန့်စွန့်စားစား ပြန်လည် ဝင်ရောက်နေထိုင်သူ လူနည်းစုရှိနေပြီဖြစ်သော်လည်း စစ်ပြန်ဖြစ်လာမည်ကို ကြောက်ရွံ့၍ နေရပ်သို့မပြန် ရဲသူများမှာလည်းစစ်ရှောင်စခန်းများတွင်အများအပြားကျန်ရှိနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် နှစ်ဘက်သောတပ်များက မည်သည့်အရာပြုလုပ်ထားသည်ကို မသိကြောင်း၊ မိုင်းများ ရှိနေပြီး ပေါက်ကွဲမှုများရှိနေသေးသည်ဟု ကြားသိရသဖြင့် အိမ်ပြန်ချိန်တွင် တိုက်ပွဲများမရှိတော့သည့် အနေအထား၊ မိုင်းများလည်း မရှိတော့ဘဲ စားဝတ်နေရေးကိစ္စများအပါအဝင် လုံခြုံစိတ်ချမှုကိုများကိုပါ စီစဉ်ပေးရန် တောင်းဆိုချင်သည်ဟု အင်ဂျန်းယန်မြို့နယ်၊ လရှီယန်ကျေးရွာမှ ထွက်ပြေးလာပြီး မြစ်ကြီးနား မြို့နယ် ပလန (KBC) စခန်းတွင်ရောက်ရှိ နေထိုင်လျက်ရှိသော အသက်(၄၀)အရွယ် ဒေါ်အင်လမ်းကယိန်း က ဆိုသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က တိုက်ပွဲရှောင်ပြည်သူများ မိမိတို့၏ဆန္ဒများနှင့်အညီ ဂုဏ်သိက္ခာရှိစွာဖြင့် မူလနေရပ်ကျေးရွာများသို့ပြန်လည်နေထိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားကြမှသာ တိုက်ပွဲရှောင်ပြည်သူများ၏ ဘဝရပ်တည် ရေးဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ အားလုံးညှိနှိုင်းပြီး အကောင်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လုံခြုံစိတ်ချစွာ မိမိတို့နေရပ်ပြန်နိုင်မည့် ဦးစားပေးနေရာများရွေးချယ်၍ ပြောင်းရွှေ့ပေးရေးသည် ပထမဦး စားပေးဖြစ်ပါကြောင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့်နေအိမ်များဆောက်လုပ်ပေးရေး၊ ပညာရေး၊ ကျန်း မာရေး၊ မိုင်းရှင်းလင်းရေး၊ လယ်ယာမြေများပြန်လည်ဖော်ထုတ်ပေးရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်း များဆောင်ရွက်ပေးရေးစသည့်အချက်များကိုဆောင်ရွက်ပေးကြမည်ဖြစ်ပါကြောင်း မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ များ (IDPs) ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အောက်တိုဘာလ (၂၀) ရက်နေ့က ပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော ကချင်ပြည် နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းနေလင်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ KHCC မှ ကိုယ် စားလှယ်များ၊ UN Core Group နှင့် Red Cross Movement မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
“နေရပ်ပြန်ရင် အစီအစဉ်တွေ သေချာရေးဆွဲရမယ်။ UN,INGO တွေ အရပ်ဘက်အဖွဲ့အစည်းတွေ IDP အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်ရေးဆွဲရမှာ၊ သို့ပေမယ့် အစိုးရက ဒီနေရာ ငါတို့ရေးဆွဲထားတယ်။ ဒီနေရာ မှာသွားချလိုက်တယ်။ ဒါပဲ သူတို့ရေးဆွဲထားတာက တကယ့်ဂုဏ်သိက္ခာ စံချိန်စံညွှန်းနဲ့အညီ မဟုတ်ဘူး။ အမျိုးသမီးတွေ နေရပ်ပြန်တာပဲဖြစ်ဖြစ်။ ပြန်လည်နေရာချတာပဲဖြစ်ဖြစ်။ ပြန်လည်ပေါင်းစည်းဝင်ဆံံ့တာပဲ ဖြစ်ဖြစ်၊ သုံးချက်လုံးမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ အခြေခံလူနေမှုအဆင့်အတန်း ဝန်ဆောင်မှုတွေနဲ့ အစီ အစဉ်တွေလုပ်ပြီးမှ သူဟာသူ့ရဲ့မိသားစုထဲမှာ ဘယ်သူရဲ့ဖိအားမှ မပါပဲနဲ့လုပ်တာမျိုးဖြစ်သင့်တယ်” ဟု မြစ်ကြီးနားအခြေစိုက် Kachin Development Networking Group မှ အမျိုးသမီးရေးရာ စီမံကိန်း ညှိနှိုင်းရေးမှုး မအောင်ဂျာကတော့ ယခုလို မှတ်ချက်ပြုလိုက်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ဒုတိယပင်လုံအစည်းအဝေးတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုခဲ့ရာတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ပြုမူဆောင်ရွက်မှုနှင့် သဘာဝဘေးဒဏ်များကြောင့်လည်းကောင်း ဒုက္ခ သည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများသည် မိမိနေရပ်နှင့် အခြားသွားရောက်လိုသောဒေသသို့ လူ့ ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်ရန်ဟူ၍ ယင်းစာချုပ်၏ လူမှုရေးကဏ္ဍမူဝါဒ သ ဘောတူညီချက်တွင် ဖော်ပြပါရှိထားသော်လည်း ပြည်ထောင်စုသဘောတူစာချုပ်က မည်သည့်အချိန်တွင် အသက်ဝင်မည်ဖြစ်ပြီးမည်သူတွေအပေါ်အကျုံးဝင်မည်ဖြစ်ကြောင်းမရေမရာဖြစ်နေဆဲဖြစ်သည်။
”တကယ်လို့နော့ တချို့တွေကရွာပြန်မယ်လို့ ပြောတယ်။ အဲဒီလိုစစ်ပြန်ဖြစ်လာရင် ဒီက အသက်တစ်ရာ ကျော် အမေကိုခေါ်ပြီးတော့ ပြန်ပြေးရမယ်။ ဒီလိုအဖြစ်မျိုး အရမ်းစိတ်ပူတယ်။ အဲဒီရွာက စစ်တစ်ခါဖြစ်ဖူး ရင် ဗုံးတွေ အန္တရယ်တွေ အများကြီးရှိဖူးတော့ လုံခြုံစိတ်ချမှပေါ့ ပြန်ချင်တယ်”ဟု ဒေါ်ထုဘူက သူ၏ စိုးရိမ်မှုကို ပြောသည်။
သို့ရာတွင် အသက် (၁၀၀) ကျော် အဘွားအို ဒေါ်ခေါန်ဘူကမူ ” ဘာမှမသိတော့ဘူး။ အသက်ကြီးပါပြီ။ ဟိုမှာ သေရမှာလား ။ ဒီမှာသေရမှာလား ”ဟု မျှော်လင့်ချက်မဲ့သည့်လေသံဖြင့် ပြောလိုက်လေတော့သည်။