Home ဆောင်းပါး ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းချင်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မမီးမီး

ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းချင်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မမီးမီး

SAMSUNG CSC

ကောကော်။ ။

῝ပြည်သူတွေက တနှစ်ပတ်လုံး တောင်ယာတွေလုပ်ပြီး အဲဒီကထွက်တာနဲ့ တနေ့လုပ် တနေ့စား၊ ကလေး ကျောင်းစရိတ်လည်း ဒါကိုပဲအားထားပြီး ချွေတာသုံးကြရတယ်။ ပြည်တွင်းစစ်သာ မဖြစ်ခဲ့ဘူး၊ ငြိမ်းချမ်းရေး သာရှိခဲ့မယ်၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်ခဲ့ရမယ်ဆိုရင် ကရင်နီပြည် (ကယားပြည်နယ်) ဟာ အမှန် တကယ် တိုးတက်နေမယ်ဆိုတာ ကျမ မြင်ယောင်မိတယ်῎

လူဦးရေ (၃)သိန်းပင်မပြည့်သော ကယားပြည်နယ် (ကရင်နီပြည်) သည် သယံဇာတ ပေါကြွယ်ဝသော် လည်း ဒေသခံတိုင်းရင်းသားအများစု၏ လူနေမှုဘ၀များမှာ ဆင်းရဲနိမ့်ကျမြဲနိမ့်ကျလျက်ရှိသည်။

မမီးမီးနေထိုင်သော ကယားပြည်နယ် (ကရင်နီပြည်)တွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေးနှင့်အတူ အနာ ဂတ်တွင် ပြည်သူအများ အေးချမ်းစွာ နေထိုင်ရှင်သန်နိုင်ရေးကိုသာ မျှော်မှန်းကြောင်းနှင့် အဓိကအနေဖြင့် ပြည်နယ်သူ/ပြည်နယ်သားများ ကောင်းမွန်စွာ ပညာသင်နိုင်ခြင်း၊ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်ခြင်းတို့ကို သူမအနေဖြင့် မျှော်လင့်နေသည်။

သူမသည် ကယားစာပေကို ဦးစွာတီထွင်ခဲ့သူ ခူးထဲဘူးဖဲ၏ မြေးတော်စပ်သူဖြစ်ပြီး ဖခင်မှာ ကယားလူမျိုး စစ်စစ်ဖြစ်သည်။ ကရင်နီဒုက္ခသည်စခန်းတွင် ကယားစကားကို အသုံးပြုကြသော်လည်း သူမက မိခင်နှင့် သာ ရန်ကုန်မြို့တွင် ကြီးပြင်းလာရသည့်အတွက် ကယားစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်း မရှိပေ။

ကယားစကားမတတ်သဖြင့် ဒုက္ခသည်စခန်းတွင် အလုပ်လုပ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသလို သူမကို ဗမာလူမျိုးအဖြစ် ရှုမြင်သတ်မှတ်ကာ ယုံကြည်မှု လျော့နည်းခြင်းများကိုလည်း ကြုံတွေ့ခဲ့ရသည်ဟု သူမက ဆိုသည်။ သို့သော် ဆွေမျိုးများနှင့် ကရင်နီခေါင်းဆောင်များ၏ အားပေးမှုဖြင့် သူမယုံကြည်ရာကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

တိုင်းရင်းသားစာပေကို စစ်အစိုးရအဆက်ဆက်မှ လက်မခံခဲ့သည့်အပြင် ပြည်တွင်းစစ်ကြောင့် အဖိုးဖြစ်သူ နှင့် သူမအဖေအပါအဝင် ဆွေမျိုးများသည် ထိုင်းနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းသို့ ရောက်ရှိသွားခဲ့ချိန် တွင် သူမကတော့ မိခင်ဖြစ်သူနှင့်ကျန်ခဲ့ကာ ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်တွင် မဟာတန်းကို ဇီဝဗေဒအထူးပြု ဘာသာရပ်ဖြင့် တက်ရောက်သင်ကြားနေခဲ့သည်။

မဟာတန်းပြီးသောအခါတွင် PhD တန်းဝင်သော်လည်း ပညာရေးစရိတ် မတတ်နိုင်သောကြောင့် ပညာရေး ကို ထိုနေရာမှာပင် ရပ်နားခဲ့ရသည်။

ထိုအချိန်တွင် ဖခင်နှင့်အဆက်အသွယ်ပြန်ရခဲ့ပြီး ကရင်နီဒုက္ခသည်စခန်းထဲသို့ ရောက်ရှိသွားကာ စခန်းတွင် အိမ်ထောင်ကျခဲ့ပြီး တတိယနိုင်ငံသို့ ထွက်ခွာသွားရန်ထက် စခန်းထဲမှ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးအတွက် တာဝန်ထမ်းဆောင်ရန်သာ ပိုမိုစိတ်အားထက်သန်ခဲ့သူဖြစ်သည်။

ထိုင်းနယ်စပ်တွင် လူသားချင်းစာနာသည့်အနေဖြင့် သူမတို့ကို လက်ခံထားခြင်းဖြစ်ကြောင်း နားလည်လာ ချိန်တွင် ဒုက္ခသည်များအရေးများကို ကူညီဆောင်ရွက်ပေးချင်သည့်ဆန္ဒကြောင့်  ဒုက္ခသည်စခန်းတွင်သာ ဆက်လက်နေထိုင်ခဲ့သည်ဟုဆိုသည်။

῝အစကတော့ ကျမဘဝက အသက်ရှင်ရတာ အဓိပ္ပါယ်ရှိဘူးလို့ ထင်မိတယ်။ ကျောင်းပြီးတော့ ကိုယ်ရထား တဲ့ဘွဲ့နဲ့ ဘာမှလည်း မလုပ်ရဘူး။ ကျောင်းထားပေးတာက အမေဖက်က ဆွေမျိုးတွေဆိုပေမယ့် ကျောင်းပြီး တော့ အဖေဖက်က ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရပြီး ကရင်နီဒုက္ခသည် စခန်းကိုရောက်ခဲ့တယ်῎

သူမသည် ဘွဲ့ရခဲ့သော်လည်း မိသားစုကို ပြန်လည်ထောက်ပံ့ကူညီရန် အခွင့်အလမ်းမရှိခဲ့သလို ပြည် တွင်းတွင် နေထိုင်ခဲ့စဉ်က ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်လည်း မစဉ်းစားမိခဲ့ကြောင်း သူမက ပြောပြသည်။

ကရင်နီဒုက္ခသည်စခန်းသို့ ရောက်သွားသည့်အချိန်မှသာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လိုအပ် ချက်များကို တွေ့ရှိနားလည်လာပြီး သူတို့၏အခွင့်အရေးအတွက် ၀င်ရောက်လုပ်ဆောင်နိုင်သည့်အတွက် သူမ၏ ဘဝ အဓိပ္ပါယ်ရှိလာသလို ခံစားလာရသည်ဟု ဆိုပါသည်။

῝အာဏာရှင်စစ်အစိုးရက ပြည်သူတွေကို ဖိနှိပ်ထားခဲ့ပါလားဆိုတာကိုလည်း အဲဒီနေရာရောက်မှ ကျမ သိရ တယ်။ အရာရာကိုပြန်လေ့လာခဲ့ရပြီး သေချာနားလည်လာတဲ့ အချိန်ရောက်မှ ကျမအတွက် ဘဝက အဓိပ္ပါယ် ရှိလာတယ် ῎

သူမသင်ယူခဲ့သည့် ပညာရေးသည် နိုင်ငံတကာအဆင့်မီ ပညာရေးမဟုတ်သည့်အတွက် အချိန်တွေ၊ ငွေ တွေသာ ကုန်ဆုံးခဲ့ရသည်ဟု နှမျောသတစွာ ပြောသည်။

῝ဒုက္ခသည်စခန်းထဲရောက်လာမှသာ သိသင့်တာ အကုန်လုံးကို သိခွင့်ရခဲ့ပြီး လိုအပ်သူတွေကို ကူညီခွင့် တစုံတရာရခဲ့တာဟာ ကျမအတွက် ဘုရားပေးတဲ့တန်ဖိုးတခုလို့ ဆိုနိုင်ပါတယ်῎

စခန်းထဲတွင် ဖြတ်သန်းလာခဲ့ရသောနှစ်များသည် ပြည်တွင်းမှာ ဖြတ်သန်းလာခဲ့ရသောနှစ်များထက် ပိုပြီး အဓိပ္ပါယ်ရှိလာသည်ဟု သူမက ဆိုသည်။

ဒုက္ခသည်စခန်းထဲမှ အမျိုးသမီးများကို စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ပေးပြီး ပြည်တွင်း အထိပါ အဖွဲ့တာဝန်များထမ်းဆောင်နိုင်ဖို့ တွဲခေါ်လာနိုင်ခဲ့ခြင်းသည်လည်း သူမအတွက် မှတ်ကျောက်တခု ဖြစ်သည်။

သေနတ်သံများ ဖုံးလွှမ်းနေခဲ့သော မော်ချီးဒေသတွင် တိုက်ပွဲများကြောင့် ဗုံးခိုကျင်းထဲသို့ ဝင်ရောက် ပုန်းခို ခဲ့ရသည့်ငယ်ဘ၀များနှင့် စစ်ပွဲများကြောင့် မိသားစုများ တကွဲတပြားဖြစ်ခဲ့ရသည်ကို စိတ်ထဲ အမြဲအမှတ်ရ နေသူလည်း ဖြစ်သည်။

ယခုအချိန်တွင် သေနတ်သံများတိတ်သွားပြီဖြစ်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲများကို မယုံကြည်ရသော အခြေအနေများကြောင့်များ ငြိမ်းချမ်းရေးခရီးမှာ အဖုအထစ်များရှိနေဆဲဟု သူမက လက်ရှိကရင်နီပြည် နယ်၏အခြေအနေကို ပြောပြသည်။

῝တနိုင်ငံလုံးမဟုတ်ရင်တောင် ကိုယ့်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပါဝင်အားဖြည့်ချင်တယ်῎

အချိန်တိုင်း စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေမျိုး ဖြစ်လာမည်ကို စိတ်ပူနေရသဖြင့် ကရင်နီ ပြည်(ကယားပြည်နယ်)ကို စစ်မှန်သောငြိမ်းချမ်းရေး အမြန်ရစေချင်ပြီး ငြိမ်းချမ်းရေးအတွက်  တထောင့် တနေရာမှ ပါဝင်အားဖြည့်ချင်သည်ဟုလည်း သူမက ဆိုသည်။

မမီးမီးသည် KNWO (ကရင်နီအမျိုးသမီးများအစည်းအရုံး) တွင် တာဝန်ထမ်းဆောင်လာခဲ့သည့် (၁၂)နှစ် တာကာလတလျှောက်တွင် ခေါင်းဆောင်အဆင့်ဆင့်နေရာ တာဝန်ယူခဲ့ရပြီး အဖွဲ့အတွင်း စည်းရုံးရေးနှင့် ညီ ညွတ်ရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပိုမိုကြိုးစားအားထုတ်ခဲ့ရသည်။

῝ခုခေတ်က အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ တန်းတူဆုံးဖြတ်ချပိုင်ခွင့်ရှိဖို့ ရည်ရွည်ချက်ရှိတဲ့အတွက် သူတို့ထက်နှစ်ဆလောက်ကြိုးစားမှရမယ်။ အဲဒီထဲမှာမှ ကျမတို့က လူတွေနဲ့ သဟဇာတဖြစ်အောင် ပြောဆို ဆက်ဆံရတယ်။ ခေါင်းဆောင်မှုမှာလည်း လုပ်ငန်းထဲမှာ၊ ချမှတ်တဲ့မူဝါဒတွေထဲမှာ အဖွဲ့ဝင်တွေ၊ ဝန်ထမ်း တွေ ပါလာအောင် လုပ်ဆောင်ရတဲ့အတွက် ဖိအားတွေများတယ်῎

ကရင်နီဒုက္ခသည်စခန်းထဲရောက်သွားချိန်တွင် လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးတို့ကို လေ့လာရင်း ၂၀၀၇ ခုနှစ်တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ စီဒေါကော်မတီသို့ စင်ပြိုင်အစီရင်ခံစာတင်သွင်းရန် KNWO ကိုယ်စားလှယ်၏ အရံအဖြစ် ကူညီပေးရင်း အမျိုးသမီး အခွင့်အ ရေးနှင့် စီဒေါစာချုပ်(ကမ္တာ့ကုလသမဂ္ဂ၊ အမျိုးသမီးများကို တဖက်သတ်ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး သဘောတူစာချုပ်) အကြောင်းကို စတင်သိရှိလာသည်။

῝ကျမတို့မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေ မရပဲ ပိတ်ပင်ထားခြင်း ခံရပါလားဆို တာ အဲဒီမှာ သိလာတယ်။ အဲဒီလိုသိလာတော့ ကျမတတ်နိုင်တဲ့အပိုင်းမှာ အမျိုးသမီးတွေကို ကူညီရင်းနဲ့ ဒုက္ခသည်စခန်းထဲမှာလည်း အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားမှုတွေရှိနေတော့ အမျိုးသမီးတွေအတွက် အမျိုး သမီးအဖွဲ့မှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်῎

သူမအနေဖြင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) မှာ လုပ်ဖြစ်ခဲ့သည့်အကြောင်းကို ပြန်ပြောပြနေ ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကာလ အဖွဲ့အနေဖြင့် ပြည်တွင်းထဲသို့ ပြန်လည် အခြေချ နိုင်ရန် ထိုင်းနယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းမှ ကယားပြည်နယ် (ကရင်နီပြည်) သို့ မိုးရာသီတွင် ခြေလျင် ခရီးဖြင့် ပြန်လာခဲ့ကြသည့် အတွေ့အကြုံများကိုလည်း ပြောပြသည်။

῝ရှားတောလမ်းကနေ ခြေကျင်နဲ့ ပြန်လာခဲ့တယ်။ ချောင်းတွေကို ကူးရတာတွေ ရှိတယ်။ ကွန်ပြူတာတွေကို ပလတ်စတစ်နဲ့ပတ်ပြီး ချောင်းထဲကနေမျော ဟိုဖက်တယောက်ကနေ လှမ်းဆယ်တယ်။ ရေစီးအရမ်းသန် တော့ ရေကူးတတ်တဲ့သူတွေတောင် သေချာကူးရတယ်၊ တချို့ဆို အမျိုးသားတွေက အောက်ကနေ ကျော ပိုးကူးပြီး ပို့ပေးရတယ်῎

ညမိုးချုပ်သွားသဖြင့် ချောင်းဘေးသစ်ပင်အောက်တွင် ညအိပ်ခဲ့ကြရသည်များလည်း ရှိကာ သူမတို့ အိပ်ခဲ့ သည့်နေရာတွင် နောက်ပိုင်း တခြားသူများ ညအိပ်နားပြီး ဗုံးပေါက်ကွဲခဲ့သဖြင့် အသက်အန္တရာယ်ကြားမှ သီသီလေးလွှတ်မြောက်ခဲ့ရသည့်အဖြစ်ကို ရင်တထိတ်ထိတ်ဖြင့် ပြန်ပြောပြသည်။

ပြည်တွင်းတွင် ကရင်နီအမျိုးသမီးများအစည်းအရုံး၏ ရုံးဖွင့်လှစ်နိုင်ရေး ဦးဆောင်ဦးရွက်ပြုပြီး ကြိုးစားခဲ့ရာ အခက်အခဲနှင့် အန္တရာယ်များကြားထဲမှ ကယားပြည်နယ်(ကရင်နီပြည်) လွိုင်ကော်ရှိ KNWO ရုံးကို ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ခြေလျင်ခရီးဖြင့် ကြမ်းတမ်းသော လမ်းခရီးကို ခေါက်တုံ့ခေါက်ပြန်သွားလာခဲ့သည့်အတွက်လည်း ထိုအချိန်က လွယ်ထားသောကိုယ်ဝန်ပျက်ကျခဲ့ရသည်။

ကရင်နီဒုက္ခသည်စခန်းထဲတွင် လူသားတယောက်အနေဖြင့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာများကို လေ့ လာသင်ယူနိုင်ခဲ့ပြီး ကရင်နီဒုက္ခသည်စခန်းထဲတွင် နေထိုင်ခဲ့ရသောအချိန်နှင့် ယခင်ပြည်တွင်းတွင် နေထိုင် ခဲ့ရသော ငယ်ရွယ်စဉ်ဘဝနှစ်ခုကို ယှဉ်ကြည့်ရာတွင် အသိအမြင်များ ကွာခြားလွန်းလှသည်ဟု သူမက တွေးဆကာ ဆက်ပြောနေသည်။

῝ခက်ခဲခဲ့ပေမယ့် အရမ်းကြီးကို ခံစားချက်ထားမနေဘူး၊ ကိုယ်လုပ်စရာရှိတာနဲ့ လုပ်နိုင်တဲ့အရာတွေကိုပဲ စဉ်းစားပြီး ရှေ့ဆက်လုပ်ခဲ့တယ်῎

ကရင်နီဒုက္ခသည်စခန်းမှ ပြည်တွင်းရှိ လွိုင်ကော်မြို့သို့ စတင်ရွှေ့ပြောင်းလာခါစတွင် အာဏာပိုင်များ၏ အစဉ်စောင့်ကြည့်ခြင်းကို ခံခဲ့ရသော်လည်း ယုံကြည်ရာကို တက်လှမ်းနိုင်ရေးအတွက် အားမလျော့ဘဲ လုပ် ဆောင်ခဲ့သည်။

ယခုအချိန်တွင်တော့ ဒုက္ခသည်စခန်းထဲရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် စွမ်းရည်မြှင့်တင် ပေးခြင်းနှင့် အကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်းလုပ်ငန်းကို ပြည်တွင်းအထိပါ ထိုးဖောက်လုပ်ဆောင် လာနိုင်ခဲ့ပြီဖြစ်သည်။

῝ကျမတို့ အခုလို ပြည်တွင်းထဲမှာ အခြေစိုက်နိုင်ခဲ့ဘူးဆိုရင် ဒေသတွင်း အမျိုးသမီးတွေရဲ့ဘဝအတွက် ဘာ မှလုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး။ အခုတော့ ဒုက္ခသည်စခန်းထဲမှာရော ပြည်တွင်းက အမျိုးသမီးတွေ ဘ၀ အတွက်ပါ လုပ်ဆောင်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို တကယ်ဂုဏ်ယူမိတယ်῎

လက်ရှိတွင် သူမသည် ကရင်နီဒုက္ခသည်စခန်းတွင် ဆက်လက်တာဝန်ယူထားသလို ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်နှင့် အခြားမြို့နယ်များတွင်လည်း သွားလာတာဝန်ထမ်းဆောင်နေရပြီး ငြိမ်းချမ်း ရေးအတွက် မှတ်တမ်းပြုစုခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် ကရင်နီအမျိုးသမီးတဦးအနေဖြင့် ပါဝင် နေရသည်။

မမီးမီးသည် ကရင်နီအမျိုးသမီးအစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူးတာဝန်ကို ဆက်တိုက်ထမ်း ဆောင်လာခဲ့သလို တဖက်တွင်လည်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB တွင် မူဝါဒရေးရာ အဖွဲ့ ဝင်အဖြစ်နှင့် ငြိမ်းချမ်းရေး (Peace mission team) အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကယားပြည်နယ်ရှိ ငြိမ်းဖောင်ဒေးရှင်းတွင် အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်နှင့် Law Home ခေါ် ဥပဒေအထောက်အကူပြု အဖွဲ့တွင်လည်း အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။

Author:

Related Articles