Home ဆောင်းပါး အမျိုးသမီးထုတရပ်လုံး စောင့်ကြည့်နေရမည့် နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအမှု

အမျိုးသမီးထုတရပ်လုံး စောင့်ကြည့်နေရမည့် နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအမှု

ဇန်နဝါရီလ ၈ ရက်နေ့က နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအား ရဲများက အင်အားသုံး ဝင်ရောက်ဖမ်းဆီးစဉ် (ဓါတ်ပုံ-မဝါဝါ)

ကောကော်။                ။

အဓမ္မပြုကျင့်ခံရပြီးရခဲ့သည့်ကလေး အသက်(၁)နှစ်ကျော်မှ ရဲစခန်းကို သွားတိုင်ခဲ့သည့်အတွက် ကာမလိမ် လည်မှုနှင့် တရားရင်ဆိုင်ရကာ အကြိမ်ပေါင်းမနည်း ရုံးချိန်းသို့ သွားနေရသည့် မအိစန္ဒာ…။ ရိုးသားပြီး ဗဟု သုတနည်းသော သူမဆီမှ အခွင့်အရေးယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရလာမှ တခြား အမျိုးသားတဦးနှင့် ဟန်ဆောင်လက်ထပ်စေခြင်း၊ နောက်ဆက်တွဲကလေးဖျက်ချစေခြင်း၊ အခန်းထဲတွင် (၄) ရက်အကြာ ပိတ်လှောင်ထားခြင်း စသည့် စသည့် မယုံကြည်နိုင်စရာ အနိုင်ကျင့်အကြမ်းဖက်မှုများနှင့် ရင် ဆိုင်ခဲ့ရသူ..မအိစန္ဒာ…။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ကျေးလက်အမျိုးသမီးတော်တော်များများသည် ရက်ကန်းခတ်သော အတတ်ပညာကို ရွှေဘိုမြို့တွင် သွားရောက်သင်ယူကြရသည်။ လွန်ခဲ့သော (၃)နှစ်က အသက်(၂၀)ကျော် ခါစသာ ရှိသေးသည့် မအိစန္ဒာသည် ရက်ကန်းခတ်သင်ခဲ့သူတဦးဖြစ်သည်။ ရက်ကန်းရုံတွင် အမျိုးသမီး ဦးရေများသောကြောင့် စည်းကမ်းတင်းကြပ်စွာ ချမှတ်ထားသည်။

တနေ့ မနက်(၇)နာရီဝန်းကျင်လောက်တွင် မအိစန္ဒာ၏ရွာမှ လူကြုံပါးလိုက်သော ပစ္စည်းများရောက်နေ သဖြင့် သွားယူရန် ရက်ကန်းပိုင်ရှင်မှ အကြောင်းကြားသဖြင့် သုံးဘီးကားဖြင့် ကားဂိတ်သို့ ထွက်သွားခဲ့ သည်။ ကားဂိတ်ကို ရောက်သွားစဉ် ပစ္စည်းပါးလိုက်သည်ဆိုသောသူမှာ နတ်တလူသာသနာပြုစခန်းမှ ဦးပဉ္စင်း (ဦးဝရဉာဏ) ဖြစ်နေပြီး လူဝတ်နှင့်တွေ့လိုက်ရသဖြင့် အံ့သြခဲ့သည်။

ဦးဝရဉာဏမှာ မအိစန္ဒာနှင့် တရွာထဲသားဖြစ်ပြီး ယခင်ကလည်း  ရက်ကန်းရုံကိုလည်း ဝင်ထွက်သွားလာဖူး သူဖြစ်သဖြင့် ပစ္စည်းလိုက်ယူရန် ခေါ်သည်ကို မအိစန္ဒာလိုက်သွားခဲ့သည်။

လူကြုံပါးသည့်စောင်ကိုယူရန် လိုက်သွားခဲ့မိသော သူမ၏ ကံကြမ္မာကို သူမကြိုမမြင်ခဲ့ပါ။ ထိုနေ့သည် သူမ ဘဝအတွက် အမှောင်အတိကျခဲ့သော နေ့လေးတနေ့ ဖြစ်ခဲ့သည်။

သိပ်မကြာခင်မှာ ရွှေဘိုမြို့မှ သူမ၏ရွာ မင်းကုန်းသို့ ပြန်လာခဲ့သည်။ ရက်ကန်းခတ်သော အတတ်ပညာကို လည်း သင်ယူခဲ့ပြီဖြစ်သဖြင့် ရွာမှာပဲ အထည်တွေခတ်နေခဲ့သည်။ အထည်ခတ်သည့်အချိန်တွင် အိပ်ငိုက် တတ်ပြီး  အထည်မပြီးတတ်သဖြင့် မအိစန္ဒာ၏အမေက သူမကို နေ့ခင်းတရေးအိပ်ဖို့  ခွင့်မပေးခဲ့ပေ။

တနေ့တွင် မအိစန္ဒာ၏မိခင် လယ်တောထဲဆင်းနေစဉ် နေ့ခင်းဘက်တရေးအိပ်ချင်တာကြောင့် အိမ်ရှေ့မှာ စောင်ကို ခေါင်းမီးခြုံပြီးအိပ်နေချိန် သူမခြုံထားသောစောင်ကို တစုံတယောက်က ဆွဲလှန်လိုက်သည်။ သူမ လန့်နိုးပြီး ကြည့်လိုက်တော့ သူမကို ခြေတော်တင်ခဲ့သူ ဦးဝရဉာဏဖြစ်နေပြီး ဒုတိယအကြိမ် အဓမ္မပြု ကျင့်မှုကို သူမခံခဲ့ရပြန်သည်။

မအိစန္ဒာသည် အိမ်တွင်တဦးတည်းနေဖို့ ကြောက်လာသည့်အတွက် အစ်ကိုဖြစ်သူနှင့်အတူ ကောက်လှိုင်းစီး ရန် ခြံထဲလိုက်သွားခဲ့သည်။ သူမ၏အစ်ကို ကောက်လှိုင်းစီးကို ရွာထဲပြန်ပို့နေချိန်မှာ လယ်တောထဲကျန်နေ သော သူမကို ရုတ်တရက် ခါးအနောက်မှ တစုံတယောက်သိုင်းဖက်တာ ခံရလိုက်ရပြီး တတိယအကြိမ် ဦးဝရဉာဏ၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြန်သည်။

ဇန်နဝါရီလ ၈ ရက်နေ့က နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအား ရဲများက အင်အားသုံး ဝင်ရောက်ဖမ်းဆီးစဉ် (ဓါတ်ပုံ-မဝါဝါ)

အိမ်နီးချင်း(ဒေါ်ကျင်) ရဲ့ ပြောကြားချက်

῝ကျုပ်က ကျုပ်အိမ်ထဲမှာ အိုးခွက်စလောင်းတွေ ဆေးကျောနေတဲ့အချိန် အသံတွေကြားနေရတယ်၊ တိုးတိုး ပြောလိုက်၊ ကျယ်ကျယ်ပြောလိုက်နဲ့၊ ရုန်းကြကန်ကြတဲ့အသံတွေ။ ကောင်မလေးက မလာနဲ့၊ ပြန်တော့၊ ဒီအဝတ်ကြီးနဲ့ လာလာနေတာ῎ ဆိုပြီး ဒေါ်ကျင်က သူမကြားခဲ့တဲ့ စကားသံတွေကို ပြန်ပြောပြသည်။

῝ဒီအရာက ငါက ဖြစ်ချင်တာလဲမဟုတ်၊ နင်က ဖြစ်ချင်တာလဲမဟုတ်၊ ငါနင့်ကိုယူမှာပါ῎

ဒေါ်ကျင်သည် မအိစန္ဒာ၏ ခေါင်းရင်းအိမ်မှဖြစ်ပြီး  မအိစန္ဒာတို့အိမ်မှ ယခုလို ရုန်းရင်းဆန်ခတ်ဖြစ်နေသော အသံတွေကို မကြာခဏကြားခဲ့ရသည်။ မအိစန္ဒာဖက်မှ သဘောမတူသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ် နေခြင်းဖြစ်သဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး တနေ့အသံကြားရာဆီသို့ ဒေါ်ကျင်သွားခဲ့သည်။

ရောက်သွားချိန်မှာ ဦးဝရဉာဏက မအိစန္ဒာ၏ ပါးစပ်ထဲကို အဝတ်ထည့်ထားပြီး လက်နှစ်ဖက်ကို ချုပ်ထား သည်ကို တွေ့ရသည်ဟု ဒေါ်ကျင်က ပြောပြသည်။

῝အဲဒီအချိန်မှာ ကျုပ်က ဟောတော် ဒါကဘယ်လိုကြီးတုန်းဆိုပြီး အူယားဖားယားနဲ့ လူတွေခေါ်ပြမယ်ဆိုပြီး အပြင်ကို ပြန်ပြေးထွက်လာခဲ့တယ်။ ဟိုကြည့်ဒီကြည့်လုပ်တော့ လူတွေကလည်း တယောက်မှ မရှိကြဘူး῎

မအိစန္ဒာကို အဓမ္မပြုကျင့်နေသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်သည့်အပြင် ကျူးလွန်သူသည် သာသ နာပြုစခန်းမှ ဦးဝရဉာဏ ဖြစ်နေသောကြောင့် ဒေါ်ကျင်တယောက်အံ့သြထိတ်လန့်ခဲ့ရသည်။ အိမ်ဘေးပတ် ဝန်းကျင်တွင် လူတယောက်မှ မရှိသောကြောင့် ထိုနေရာသို့ ဒေါ်ကျင်ပြန်ရောက်လာသောအချိန်တွင် ဦးဝရ ဉာဏမှ ဒေါ်ကျင်လက်ထဲမှဖုန်းကို အတင်းတောင်းကာ ῝ဒါခင်ဗျားဘာလုပ်တာလဲ၊ ဘာဖြစ်ချင်လဲဆိုပြီး ကျုပ် ကို ကျိန်းဝါးသွားတယ်῎ ဟု အကျိန်းခံရသည့်အကြောင်း ဒေါ်ကျင်က ပြောပြသည်။

ယခင်က ပတ်ဝန်းကျင်မှ ပြောဆိုမှုတွေကို ဒေါ်ကျင်တယောက် မယုံကြည်နိုင်ခဲ့ပေ။ သူမ၏အိမ်နီးချင်းဖြစ် သလို မိန်းမသားချင်းစာနာစိတ်နှင့် မျက်စိရှေ့မှာ လက်ပူးလက်ကြပ်မိခဲ့ခြင်းကြောင့် ယခုလို ပြောပြရခြင်း ဖြစ်သည်ဟု သူမက ဆိုသည်။

အခုလိုအမှုအခင်းဖြစ်လာသည့်အခါ ကျေးလက်တောသူအမျိုးသမီးများအနေဖြင့် အမှုအတွက် တိုင်ကြားရဲ သော အခြေအနေတွင် မရှိဟု မအိစန္ဒာ၏အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးသူ မဝါဝါက ပြောသည်။

῝ရဲစခန်းကို ကျမတို့ သွားတိုင်တော့ ရဲတွေက အဲဒီတုန်းက ဘာလို့မတိုင်တာလဲလို့ မေးတယ်။ သူတို့က ရဲစခန်းမပြောနဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တောင် မရောက်ဖူးဘူး။ နောက်ပြီး နယ်ဖက်မှာက ဘာသာရေး ရဲ့ လွှမ်းမိုးမှုက ကြီးတော့ သင်္ဃန်းဝတ်ထားတာရယ်၊ ဒီလိုတိုင်လိုက်ရင် ငရဲကြီးမယ်ပေါ့။ ပြီးတော့ ခြိမ်း ခြောက်ခံထားရတာတွေလည်း ရှိတော့ မတိုင်ရဲဘူးပေါ့῎

ထို့အပြင် မအိစန္ဒာမှာ အဓမ္မပြုကျင့်ခံရတာဖြစ်ပြီး သူမတိုင်ကြားမှုကို ကာမလိမ်လည်မှုနှင့်သာ တရားစွဲဆို ခဲ့ခြင်းသည် သူမအတွက် နစ်နာစေသည်ဟု မဝါဝါကပြောပါသည်။

မအိစန္ဒာတယောက် မကြာခင်မှာပဲ ကိုယ်ဝန်ရှိလာပြီး သူမအနေဖြင့် ဘာလုပ်ရမည်မှန်း မသိပေ။ ထို့ကြောင့် ဦးဝရဉာဏကို ပြောပြလိုက်သည့်အခါမှာ သူမကို  ဆေးစစ်ရန်ဆိုပြီး ရွှေဘိုမြို့ကို ခေါ်သွားခဲ့သည်။ ကျန်းမာ ရေးအတွက် ဆေးစစ်မည်ဟုဆိုကာ ခေါ်သွားပြီး ရွှေဘိုရောက်မှ ကလေးဖျက်ချရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ လက်သည်ဆရာမမှာ သူမ၏လရင့်နေသောကလေးကို ဖျက်ချရန် ငြင်းဆိုခဲ့သဖြင့် မအောင်မြင် ခဲ့ပေ။

ဇန်နဝါရီလ ၈ ရက်နေ့က နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအား ရဲများက အင်အားသုံး ဝင်ရောက်ဖမ်းဆီးစဉ် (ဓါတ်ပုံ-မဝါဝါ)

ခဏအကြာတွင် ဦးဝရဉာဏနှင့်အတူ လူစိမ်းအမျိုးသမီးတဦး၊ အမျိုးသားနှစ်ဦးတို့  ကားတစီးနှင့် ရောက်ချ လာကာ သူမကို ခေါ်ဆောင်သွားပြန်သည်။ သူမကို မည်သည့်နေရာသို့ခေါ်သွားသည်ကိုမသိ၊ ခေါင်းအလွန် မူးနေပြီး မျှော့မျှော့လေးသာကျန်သည့်အချိန် ကားထိုးရပ်လိုက်သည့်နေရာက သရက်ခြံတခုဆိုတာကို သိ လိုက်သည်။ ရောက်သွားသည့်အချိန်က မနက်(၄)နာရီ၊ မိုင်းခွဲသည့်အသံကိုလည်းကြားရသည်။

မအိစန္ဒာကို တဲကလေးတလုံးထဲတွင် သော့ခတ်ကာ ပိတ်လှောင်ထားသည်။ ခဏအကြာတွင် ဦးဝရဉာဏ ရောက်လာပြီး သူမကို ခြိမ်းခြောက်ပါတော့သည်။ သူမအမေဆီကိုလည်း လင်နောက်လိုက်သွားပြီဟု ဖုန်း ဆက်အကြောင်းကြားစေခဲ့သည်။

῝နင့်ကိုခေါ်လာတာ ဘယ်သူမှမသိဘူး၊ ဒီနေရာမှာတင် သတ်လိုက်လို့ရတယ်။ တရုတ်ပြည်ကို ရောင်းစား လိုက်လို့ရတယ်။ ဟိုမှာတွေ့လား၊ မီးသွေးဖိုထဲကို ထည့်ဖုတ်လိုက်မယ်῎ စသည့်ခြိမ်းခြောက်သံများက သူမ အတွက် မိုးခြိမ်းသံလိုဖြစ်နေသည်။

သုံးရက်မြောက်နေ့တွင် သူစိမ်းအမျိုးသားတဦး ထပ်ရောက်လာပြီး ရွာထဲက အုပ်ချုပ်ရေးမှူးအိမ်သို့ ထွက် သွားကြပါသည်။ မအိစန္ဒာစိတ်ထဲ လွှတ်မြောက်လိုလွှတ်မြောက်ငြား သူမအဖြစ်အဖြစ်အပျက်တွေ တိုင်ကြား ရန် စိတ်ကူးခဲ့သည်။ သို့သော် သူမအကြံအစည်ကို ရိပ်မိနေသော ဦးဝရဉာဏ၏ညီမဆိုသူက သူမကို ထပ်မံ ခြိမ်းခြောက်ပြန်သည်။

῝မင်းတိုင်ရဲရင်တိုင်ကြည့်၊ ဒီရွာအုပ်ချုပ်ရေးမှူးကို ငါတို့က ငွေပေးထားပြီးသား။ ဘယ်သူကမှ မင်းကို ကူညီ နိုင်မှာ မဟုတ်ဘူး။ ယုံကြည်ကြမှာလည်း မဟုတ်ဘူး။ မင်ကိုသတ်ပြီး ချောင်းထဲ မျောပစ်လိုက်မယ်῎

သူမ မသိမမြင်ဖူးတဲ့ သူစိမ်းအမျိုးသားနှစ်ယောက်နဲ့အတူ ခြံအကျယ်ကြီးထဲမှာ (၄)ရက်ကြာ ပိတ်လှောင် ထားခြင်းကို ခံခဲ့ရပြီး လက်ထပ်စာချုပ်ကို သူစိမ်းအမျိုးသားတဦးနှင့် လက်မှတ်ရေးထိုးခဲ့ရသလို သူမမိဘ တွေထံကိုတော့ ယောကျ်ားနောက်လိုက်သွားပြီဟူသည့် သတင်းကို လွှင့်စေခဲ့သည်။

သူမသည် အောင်ဖြိုးဝေဆိုသူနှင့် လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့ရသည်။

သရက်ခြံရှိတဲလေးထဲ (၄)ရက်အကြာ ပိတ်လှောင်ထားပြီး နောက်နေ့တွင် သူမကို ရွာသို့ပြန်ပို့ခဲ့သည်။ အမေ ကို ကန်တော့နေတုန်းမှာပင် ဟန်ဆောင်ခင်ပွန်းဖြစ်သူအောင်ဖြိုးဝေမှ အချိန်မရှိဘူးဆိုပြီး သူမကို ပြန်ဆွဲ ထုတ်လာခဲ့ပြန်သည်။

သူမကိုယ်ဝန်မှာ လရင့်လာတာနှင့်အမျှ မွေးဖွားမည့်အချိန်လည်း နီးကပ်လာသဖြင့် မိတ္ထီလာ၊ ညောင်ပင် သာရွာတွင်  ကလေးမွေးပြီး (၂)လအကြာမှ သူမ၏နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။

 

ဇန်နဝါရီလ ၈ ရက်နေ့က နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအား ရဲများက အင်အားသုံး ဝင်ရောက်ဖမ်းဆီးစဉ် (ဓါတ်ပုံ-မဝါဝါ)

မိခင်၏ နေအိမ်ကိုပြန်ရောက်လာသော်လည်း မအိစန္ဒာ မပျော်နိုင်ပေ။ နေ့စဉ်နေ့တိုင်း မျက်ရည်နှင့်မျက်ခွက် ဖြစ်နေသဖြင့် မိခင်က ချော့မေးတော့မှ သူမက အကြောင်းစုံကို ဖွင့်ပြောပါတော့သည်။ မအိစန္ဒာ၏မိခင်မှာ အလွန်အံ့အားသင့်သွားပြီး သူမ၏အစ်ကို မအိစန္ဒာ၏ဦးလေးတော်သူကို အကူအညီတောင်းကာ ဦးလေးဖြစ် သူ၏ ကားနှင့် ရွာမှဇီးကုန်းမြို့ ရဲစခန်းသို့ အမှုတိုင်ကြားရန် ထွက်ခွာလာခဲ့သည်။

ကလေးတယောက်တောင် ရနေပြီဖြစ်သည့်အတွက် ရဲစခန်းမှ တရားရုံးသို့ ဆက်လွှတ်လိုက်သည်။ တရားရုံး မှာ စာနှင့်ရေးတင်ရသည့်အတွက် တခြားသူတယောက်ကို စာစီခိုင်းပြီး တင်ရသည်။ တရားသူကြီးမှ စိစစ်ပြီး ရဲအရေးပိုင်အမှုဖြစ်သည်ဆိုကာ ရဲကို ပြန်လွဲပြောင်းခဲ့ပြန်သဖြင့် အချိန်အတန်ကြာသည်အထိ ကာမလိမ် လည်မှုနှင့်ပင် ရုံးချိန်းသွားနေခဲ့ရသည်။

မအိစန္ဒာအတွက် အပူတွေက မပြီးသေးပါ။ ဟန်ဆောင်ခင်ပွန်း အောင်ဖြိုးဝေမှာ သူမနှင့် သူမဦးလေးအရင်း ကို တလင်တမယားအမှုနှင့် ကန့်ဘလူရဲစခန်းတွင် အမှုဖွင့်ပါတော့သည်။ လက်ရှိတွင်လည်း မအိစန္ဒာမှာ ကလေး၏ မွေးဖခင်အမည်ကို ဟန်ဆောင်ခင်ပွန်း အောင်ဖြိုးဝေနာမည်နှင့်သာ ရေးထည့်ထားရသည်။

မအိစန္ဒာသည် ကလေးတယောက်နှင့် နေပူမရှောင်၊ မိုးရွာမရှောင် ရုံးချိန်းရှိတိုင်း သွားနေခဲ့ရသည်။

တရားရုံးမှ ဦးဝရဉာဏကို ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ထိုဝရမ်းမှာ ကာမလိမ်လည်မှု ဝရမ်းဖြစ်နေသည်။ ကာမလိမ်လည်မှုနှင့်သာ ရုံးချိန်းသွားနေရသည့် မအိစန္ဒာအတွက် လိုက်ပါကူညီဆောင်ရွက်ပေးသူတွေက မုဒိန်းမှုနှင့် အမှုပြန်လည်ဖွင့်ပေးနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ဦးဝရဉာဏကမူ မအိစန္ဒာ အပေါ် ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များက Myanmar Now နှင့် ဧရာဝတီသတင်းဌာနတို့တွင် ငြင်း ဆိုထားသည်။

῝ကျမက ရဲအရေးပိုင်တဲ့အမှုဆိုပြီး ပြန်ဖွင့်ပေးတယ်၊ ကလေးမလေးက အဓမ္မပြုကျင့်ခံရတယ်။ အလိုမတူပဲ ခြိမ်းခြောက်ကျူးလွန်တာ ခံရပြီး လက်ထပ်စာချုပ်မှာ အခြားလူနဲ့အတင်းလက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ လည်း (၄)ရက်ပိတ်လှောင်ထားတယ်။ အဲဒီအထဲမှာပါတဲ့လူတွေကိုလည်း အမှုဖွင့်လိုက်တယ်῎ ဟု အမှုကို ကူညီနေသူမဝါဝါက အမှုပြန်လည်တည်ဆောက်ပုံကို ရှင်းပြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် နတ်တလူသာသနာပြုစခန်းအတွင်း ရဲများက အင်အားသုံးပြီး ဦးဝရဉာဏကို ဝင်ရောက်ဖမ်းဆီးလိုက်ပြီဖြစ်သည်။ မအိစန္ဒာအတွက် အမှန်တရားနှင့် သူမလိုချင်သော တရားမျှတမှု ရလာမည်လားဆိုတာကို ဦးဝရဉာဏ၏ထွက်ဆိုချက်၊ သက်သေများ၏ထွက်ဆိုချက်၊ တရားရုံး ၏ ဆုံးဖြတ်ချက်များနှင့်အတူ အမျိုးသမီးထုတရပ်လုံးကတော့ စောင့်မျှော်ကြည့်ရှုနေကြရမည့်အမှုကြီးတခု ဖြစ်ပေသည်။

Related Articles