Home ဆောင်းပါး လုပ်ငန်းခွင်ကိုကျောခိုင်းရသူများအတွက်

လုပ်ငန်းခွင်ကိုကျောခိုင်းရသူများအတွက်

နန်းဆိုင်နွမ်။         ။

“ကျွန်တော်တို့ အိမ်ထောင်ကျ၊ သားလေးကိုမွေးပြီးတော့ ကျွန်တော့်အမျိုးသမီးက တခါတည်း အလုပ်ထွက်လိုက် ရပါတယ်” ဟု သီပေါမြို့၊ ပြည်သူဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက ပြောသည်။

ဒေါက်တာနန္ဒဝင်း၏ ဇနီးဖြစ်သူသည် အိမ်ထောင်ကျ၊ သားလေးမွေးဖွားလာပြီးနောက်ပိုင်းတွင် အလုပ်ကို ကျော ခိုင်းလိုက်ရပြီး သားဖြစ်သူကို စောင့်ရှောက်ထိန်းသိမ်းသောမိခင်တဦးအဖြစ်သာ နေထိုင်ခဲ့သည်။

“ ကျွန်တော့်အမျိုးသမီးကို နှမျောမိတယ်။ ကိုယ့်မိန်းမကို အလုပ်မခိုင်းရက်ဘူးလို့ ပြောကြပေမယ့် သူတို့လုပ်နိုင် ကိုင်နိုင်တဲ့ စွမ်းရည်တွေ၊ စိတ်ဓာတ်တွေကို တခါတလေ ကျွန်တော့်အနေနဲ့နှမြောပါတယ်” ဟု ဒေါက်တာနန္ဒ ဝင်းကဆိုသည်။

ထို့ကြောင့် ဒေါက်တာနန္ဒဝင်းအနေဖြင့် သီပေါမြို့၊ ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် နေ့ကလေးထိန်းစောင့် ရှောက်ရေးအစီအစဉ်ကို ပြုလုပ်ပေးခဲ့ရခြင်းဖြစ်သည်။

“ ကျွန်တော်တတ်နိုင်သလောက် မိခင်တွေ အလုပ်ကနေ ကျောခိုင်းမသွားရအောင်  ဝိုင်းပြီးလုပ်ပေးတဲ့သဘောပါ။ ကိုယ့်အလှည့်တုန်းက ကိုယ်ခံစားရတဲ့ဘဝကို ပြန်နှိုင်းဆပြီး ကိုယ့်အောက်က ဝန်ထမ်းတွေကို သူတို့မိသားစုဘဝ အေးချမ်းပါစေဆိုပြီး ကိုယ့်ဘက်က တတ်နိုင်သလောက် ကလေးတွေကို စောင့်ရှောက်ပေးတဲ့သဘောပါ”  ဟု လည်း ဒေါက်တာနန္ဒဝင်းက နေ့ကလေးထိန်းအစီအစဉ်ပြုလုပ်ရသည့်အကြောင်းကို ပြောပြသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အိမ်ထောင်ပြု၊ ကလေးမွေးဖွားပြီးပါက လုပ်ငန်းခွင်များကို အလိုလိုကျောခိုင်း သွားကြရသည်။ ကလေးကို ကူညီစောင့်ရှောက်ပေးမည့်သူ မရှိခြင်း၊ ကလေးထိန်းငှားရမ်းရန် အခက်အခဲများရှိခြင်း စသည်တို့ကြောင့် အလုပ်ထွက်ရန် ဆုံးဖြတ်ကြရခြင်းဖြစ်သည်။

သီပေါပြည်သူ့ဆေးရုံတွင် အလုပ်သမားများ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများထဲတွင် ကလေးမွေးဖွားပြီးသည့် မိခင်များသည် ကလေးငယ်များကို အိမ်တွင်ချန်ထားခဲ့ကာ အလုပ်သို့လာရန် အဆင်မပြေကြပေ။

ကလေးထိန်းခေါ်ယူလျှင်လည်း တဦးလျှင် အနည်းဆုံးကျပ်ငွေ(၅)သောင်းမှ (၁)သိန်းခွဲအထိ အပိုကုန်ကျမည်ဖြစ် သဖြင့် စရိတ်သက်သာရန် ဝန်ထမ်းမိသားစု နေ့ကလေးထိန်းကျောင်းလေးကို သီပေါမြို့ ဆေးရုံဝန်ထမ်းများ အတွက် အခမဲ့ ဖွင့်ပေးရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

“ ဆေးရုံက လူနာပေါင်းစုံရှိတဲ့အတွက် ကလေးကို ဆေးရုံခေါ်ထားလို့ကလည်း အဆင်မပြေဘူးလေ။ အိမ်မှာထား တော့ လူခွဲကမရှိ၊ အိမ်အကူငှားတော့လည်း အဆမတန်ဈေးကြီး၊ မငှားနိုင်၊ ကလေးကို စိတ်မချရ” ဟု ဒေါက်တာ နန္ဒဝင်းက ရှင်းပြသည်။

လက်ရှိတွင် ရန်ပုံငွေနှင့် စုဆောင်းငွေများဖြင့် အိမ်ခန်းတခန်းကို ပြုပြင်ပြီး ဝန်ထမ်းတယောက်ကို တာဝန်ပေးပြီး လုပ်ဆောင်သွားမည်ဖြစ်သည်။ ကလေးများထားရှိရန်အတွက် ကွတ်ပျစ်ပြုလုပ်ပေးပြီး ခြင်ထောင်များ၊ စောင်များ လည်း ထားရှိပေးမည်ဟုဆိုသည်။

တီဗွီနှင့် အောက်စက်တစုံထားရှိကာ ကလေးများကို အချိန်သတ်မှတ်ပြီး ကာတွန်းကားများပြပေးရန်လည်း စီစဉ် ထားသည်။

“ အဲဒီထဲမှာတော့ ကစားကွင်း အသေးလေးပါမယ်။ မွှေးပွအရုပ်ကလေးတွေထားပေးမယ်။ နေ့စဉ် အဟာရကျွေးနိုင် အောင်လည်း ကြိုးစားမယ်” ဟု ဒေါက်တာ နန္ဒဝင်းက ဆိုပြန်သည်။

မိခင်များအနေဖြင့် အလုပ်နားချိန်အတွင်း ကိုယ့်ကလေးကို ခေတ္တခဏသွားကြည့်လို့ရအောင် လုပ်ပေးသည့် သဘော ဟုလည်း သူက ရှင်းပြသည်။

၂၀၁၄ ခုနှစ်တွင် အစိုးရဝန်ထမ်းမိခင်များအနေဖြင့် တရားဝင် မီးဖွားခွင့် (၆)လနှင့် ဖခင်ဖြစ်သူသည် လစာပြည့် ခွင့် (၂)ပတ်ရရှိသည်။

သို့သော်  ပုဂ္ဂလိကဝန်ထမ်းများသည် မွေးဖွားခွင့်ကို (၃)လသာရရှိပြီး၊ တချို့ကုမ္ပဏီဝန်ထမ်းအမျိုးသမီးများမှာ မီး ဖွားခွင့် မရရှိသေးပေ။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ  (ILO) ၏ သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှ အမျိုးသမီးများသည် တရား ဝင် မီးဖွားခွင့် အနည်းဆုံး (၁၂)ပတ်နှင့် လစာ၏ (၃) ပုံ (၂)ပုံ ခံစားခွင့်ရှိသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် မွေးဖွားခွင့်ရရှိကြသော်လည်း ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ အများစုက အလုပ်ကို ကျောခိုင်းကြရသည်ဟု ကလေးမိခင်တဦးဖြစ်တဲ့ မချိုရီဦးက ပြောသည်။

“ ကျမကလေးမွေးပြီး (၁၀)လလောက်မှာ အလုပ်ထွက်ခဲ့တာ။ ကျမက မွေးဖွားခွင့် (၃)လပဲရခဲ့တယ်။ မမွေးခင် (၁) လယူတယ်။ မွေးပြီး(၂)လယူတယ်။  နောက်ထပ်(၁)လ လစာမဲ့နဲ့ယူတယ်။ ကလေး(၄)လမှာ ကျမရုံး ပြန်တက်ပြီး ကလေးကို အိမ်ပြန်ရောက်မှ နို့ပြန်တိုက်ရတယ်” ဟု မချိုရီဦးက ဆိုသည်။

မချိုရီဦးသည် ကလေးမွေးပြီး (၄)လအကြာတွင် သားလေးကို သူ့အဖွားနှင့်ထားခဲ့ကြောင်း၊ နောက်ပိုင်းတွင် အဖွား ဖြစ်သူမှာ ခါးဒဏ်ရာရလာသဖြင့် မချိုရီဦးတယောက် အလုပ်ကိုကျောခိုင်းကာ သားငယ်လေးကို ပြန်စောင့်ရှောက် ရကြောင်း ပြောပြသည်။

“ ဒီမှာက အမျိုးသမီးအခွင့်အရေး မိခင်အခွင့်အရေး ဆုံးရှုံးပါတယ်။ ကျမတို့ဆိုရင် သင်ခဲ့ရတဲ့ပညာနဲ့ လုပ်အားတွေ ကလေးမွေးပြီးတာနဲ့ လက်လွှတ်လိုက်ရတယ်။ အခုကျတော့ အပြင်ထွက် အလုပ်မလုပ်နိုင်တော့ဘူး။ လုပ်အားတွေ ဆုံးရှုံးတယ်။ ဝင်ငွေပါဆုံးရှုံးတယ်” ဟု မချိုရီဦးက ဝမ်းနည်းစွာ ပြောသည်။

ရုံးတွင် ကလေးများအတွက် သီးသန့်ထားရန် နေရာမရှိသဖြင့် ကလေးတွေကို ရုံးခေါ်ဆောင်သွားရန် ခက်ခဲ ကြောင်း၊ ကလေးငိုသံကြောင့် တခြားလုပ်ဖော်ကိုင်ဖက်တွေ စိတ်နှောက်ယှက်ဖြစ်မှာလည်း စိုးရိမ်ရကြောင်း သူမ က ဆိုသည်။

“ နိုင်ငံခြားမှာ ရုံးတွေမှာ ကလေးတွေခေါ်လို့ရပြီး ကလေးအတွက် မူကြိုခန်းတွေ လုပ်ပေးတယ်။ ဒီမှာက လုပ်ပေး တာတွေ မရှိဘူး” ဟု သူမက ပြောသည်။

အိမ်ထောင်ရှိဝန်ထမ်းအမျိုးသမီးများ၊ ဝင်ငွေအတွက် အလုပ်လုပ်ရသည့် အမျိုးသမီးများသည် ကလေးယူရန် ဝန် လေးကြပြီး ကလေးရပြီးနောက် မိမိတို့၏တက်လမ်းများ ဆုံးရှုံးမည်ကို စိတ်ပူကြရသည်ဟု လခစားဝန်ထမ်း အမျိုး သမီးများက ပြောဆိုကြသည်။

ကလေးရှိသော မိခင်များအတွက် အနည်းဆုံးခွင့်(၃)လနှင့်(၆)လ ခံစားခွင့်ရှိသော်လည်း လသားအရွယ် ကလေး ငယ်များကို မိခင်များအနေဖြင့် အလုပ်သို့ခေါ်ဆောင်လာရန် အခက်အခဲများစွာရှိနေသေးကြောင်းလည်း အမျိုး သမီးအရေးဆောင်ရွက်နေသူများက ဆိုသည်။

“ ကျမတုန်းက ခွင့်(၃)လပဲရတယ်။ (၃)လပြီးတော့ ကျမအလုပ်ပြန်ဝင်ခဲ့တယ်။ ကလေးကိုတော့ အမေ (သူ့အဖွား) နဲ့ ထားခဲ့တယ်။ ညနေအိမ်ပြန်ရောက်မှ မိခင်နို့တိုက်ရတယ်” ဟု ပုဂ္ဂလိက ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသည့်  မနွယ်နွယ်က ပြောသည်။

သမီးလေး(၃)လအရွယ်တွင် အိမ်မှာထားခဲ့ရပြီး အလုပ်ပြန်ဝင်ရသည့်အပေါ် သူမအနေဖြင့် ကမ္ဘာပျက်မတတ် ခံစား ခဲ့ရသော်လည်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရမည်ဆိုသည့်စိတ်ဖြင့် ဖြေသိမ့်ခဲ့ရကြောင်း မနွယ်နွယ်က ပြောပြသည်။

“ ကျမကို ကလေးကူကြည့်ပေးတဲ့ အမေရှိလို့ပေါ့။ အမေသာမရှိရင် ကျမအလုပ်ထွက်ပြီး ကလေးကြည့်ရမှာ။ ရုံး ခေါ်လို့မရဘူး။ ခွင့်လည်းထပ်ယူလို့ မရဘူး။ ခွင့်ယူရင် အလုပ်နားရမှာ” ဟု မနွယ်နွယ်က ရင်ဖွင့်သည်။

နေ့ကလေးထိန်းဌာနများကို အလုပ်ခွင်အားလုံးတွင် စီစဉ်ပေးရန်လိုအပ်ကြောင်း အမျိုးသမီးအခွင့်အရေး တက်ကြွ သူများနှင့် လခစားဝန်ထမ်းအမျိုးသမီးများက တောင်းဆိုလိုက်သည်။

“ ကျမတို့နိုင်ငံမှာ နေရာတိုင်း ရပ်ကွက်တိုင်းမှာ ကလေးတွေအတွက် နေ့ကလေးထိန်းပေးတဲ့နေရာထားသင့်ပါ တယ်။ ဒါမှ အလုပ်လုပ်တဲ့မိခင်တွေအတွက် အဆင်ပြေမှာပါ” လို့ အသက်(၂၈)နှစ်အရွယ် မကလျာက ပြောသည်။

မြန်မာနိုင်ငံတွင် အရည်အချင်းရှိသည့် အမျိုးသမီးများသည် သူ့နေရာနှင့်သူ အလုပ်လုပ်နေကြသော်လည်း၊ အလုပ် လုပ်သည့်မိခင်များသည် ကလေးရှိလာပြီးနောက်ပိုင်းတွင် ရာထူးအခွင့်အလမ်းများ လျော့ကျသွားသည်ဟုလည်း မိခင်များက ဆိုကြသည်။

လုပ်ငန်းခွင်အမျိုးမျိုးရှိကြပြီး မတူညီသည့်နေရာများတွင် အလုပ်လုပ်ကြသည့်အမျိုးသမီးများအတွက် ခံစားမှုများ လည်း ကွဲပြားသည်။

လုပ်ငန်းခွင်အများစုသည် ကျား၊ မတန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားခြင်းမပြုကြဘဲ လုပ်ငန်းလိုအပ်ချက် စဉ်းစား လာပါက အလွယ်တကူ ခရီးသွားလာနိုင်သည့် အမျိုးသားများကိုသာ ပိုပြီးစဉ်းစားကြကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ၏ ဥက္ကဌဒေါ်တင်တင်ညိုက ပြောသည်။

“ အမျိုးသမီးအဖွဲ့အစည်း၊  ကျားမတန်းတူရေး၊ လူမှုတရားမျှတရေးလုပ်တဲ့ သူတွေကတော့ ကိုယ်ဝန်သည်မို့လို့ မိခင်ဖြစ်လို့ဆိုပြီး ခွဲခြားတာ မရှိဘူး။ ကလေးမိခင်တွေအတွက် ဦးစားပေးစဉ်းစားတာတွေ ရှိပါတယ်။ တခြားအဖွဲ့ တွေကတော့ ပြုပြင်ပြောင်းလဲတာတွေ မတွေ့ရဘူး” ဟု ဒေါ်တင်တင်ညိုက ဆိုသည်။

မြန်မာနိုင်ငံရှိ အထည်စက်ရုံတွင် အလုပ်လုပ်သည့် အိမ်ထောင်သည် အမျိုးသမီးများသည် ကိုယ်ဝန်ရင့်မာသည် အထိ အလုပ်လုပ်ကိုင်ကြရပြီး တချို့မှာ ကလေးမွေးပြီးနောက် လုပ်ငန်းခွင်သို့ ပြန်မလာနိုင်ကြသလို တချို့မှာ ပြန် လာသော်လည်း သူတို့အတွက် အလုပ်နေရာ မရှိတော့သည်ကို ရင်ဆိုင်ကြုံတွေ့ရနေရသည်။

“ စက်ရုံမှာလုပ်တဲ့ အမျိုးသမီးတွေ ကလေးမွေးပြီး၊ ခွင့်ယူလိုက်ရင်  ကြားမှာသူ့အတွက် အခွင့်အလမ်းတွေ အများ ကြီး ဆုံးရှုံးရတဲ့ အနေအထားတွေရှိပါတယ်” လို့ ဒေါ်တင်တင်ညိုက ထည့်သွင်းပြောသည်။

အမျိုးသမီးတွေ ကိုယ်ဝန်ရှိ၊ ကလေးတွေရှိလာရင် တက်လမ်းတွေ အပိတ်ခံရကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ တက် လမ်း မရှိတာတွေကလည်း အမျိုးသားတွေ ယှဉ်လိုက်ရင်  အခက်အခဲ၊ အဟန့်အတားများ ကြုံတွေ့ရကြောင်း ဒေါ် တင်တင်ညိုက ပြောပါသည်။

“ ဝန်ထမ်းတွေ အားလုံးကလည်း အလုပ်ကို ချစ်ပေမယ့် အလုပ်ကနေ ထွက်သွားရတယ်။ အလုပ်ကို ကျောခိုင်း သွားရတယ်။ အလုပ်မှာလည်း မသာယာ၊ အိမ်ထောင်ရေးမှာလည်း မသာယာ၊ ပူပန်သောကတွေဖြစ်တော့ ကျွန် တော်တို့ဘက်က နိုင်တဲ့ဘက်ကနေ ကူထမ်းပေးတဲ့သဘောပါပဲ” လို့ ဒေါက်တာနန္ဒဝင်း က ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးအနေဖြင့် အစိုးရထောက်ပံ့မှုဖြင့် နေ့ကလေးထိန်းဌာနကို နေရာတိုင်း၊ ရပ်ကွက်တိုင်း ထားရှိ ပေးသင့်ကြောင်း အမျိုးသမီးအခွင့်အရေးဆောင်ရွက်သူများက တောင်းဆိုကြသော်လည်း လက်ရှိမှာ မဖြစ်လာ သေးပေ။

အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွင် အမျိုးသမီးများကို အစည်းအဝေးများခေါ်သည့်အခါ ကလေးရှိသည့် မိခင် များအတွက် ကလေးခေါ်ဆောင်ခွင့်နှင့် ကလေးစောင့်ရှောက်ရေးအတွက် လူအကူခေါ်ခွင့်ပြုထားပြီး ကလေး အတွက် စရိတ်ကိုပါ အခမဲ့စီစဉ်ပေးကြောင်းသိရသည်။

တချို့ကလေးမွေးဖွားသည့်မိခင်များ၊ ကလေးငယ်ရှိသည့် မိခင်များအတွက် အလုပ်လုပ်သည့်အခါ နေရာဖန်တီးပေး ကြသလို ကလေးထိန်းရန် အကူခေါ်လာခြင်းကိုလည်း စီစဉ်ပေးသည်။

နိုင်ငံတော်အနေဖြင့် နေ့ကလေးထိန်းနေရာတခု ဖန်တီးပေးနိုင်ရန် စိန်ခေါ်မှုများစွာရှိသော်လည်း တနိုင်ငံလုံးအ ဆင့်အထိ ဖြစ်စေချင်တဲ့ဆန္ဒများကို သီပေါမြို့မှ တဆင့်ချင်းသက်သေပြခွင့်၊  တည်ဆောက်ခွင့်ရသည်မှာလည်း ကံကောင်းခြင်းတခုပါဟု ဒေါက်တာ နန္ဒဝင်းက ပြောပါသည်။

“အမှန် ဒီလိုကိစ္စက တနိုင်ငံလုံး လိုအပ်နေတဲ့ကိစ္စပါ။ ကျွန်တော်တို့လုပ်တာထက် တခြားလူတွေ ပိုကောင်းအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ နန္ဒဝင်းက ပြောဆိုလိုက်သည်။

Related Articles