Home ဆောင်းပါး ဥပဒေပင် ရှိငြားသော်လည်း

ဥပဒေပင် ရှိငြားသော်လည်း

ကောကော်။ ရန်ကုန်

“ကလေးတယောက်ရစဉ်ခါထိ ကျမအပေါ်မှာကောင်းသေးတယ်။ ဒုတိယ ကလေးမွေးပြီးတော့ တောက်လျှောက် ကျမအပေါ်မှာ မကောင်းတော့ဘူး။ အရက်သေစာလည်း သောက်လာတယ်။ မယားငယ်၊ ပြည့်တန်ဆာထားလာတယ်။ ခဏခဏ စိတ်ဖိစီးမှုတွေ များခဲ့တယ်”

အိမ်တွင်းအကြမ်းဖက်မှုတွင် စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုခံရတယ်လို့ သန်လျင်မြို့မှ မစန်းစန်းအေးက  ပြောပါတယ်။

သူမဟာ မိဘ၊တွေမျိုးများ မရှိတော့တွက်အတွက် အမျိုးသားရဲ့ မိသားစုတွေနဲ့ အတူ မှီခိုနေရပါတယ်။

“ကျမက ဘာမှမပြောဘူး။ အချိန်တန်ရင် ကိုယ့်ဆီပြန်ရောက်မှာပဲလို့ သဘောထားလိုက်တယ်။ သားသမီးတွေ အရွယ်ရောက်လာတော့လည်း ဒီတိုင်းပဲ။ ကျမကလုပ်ကျွေးရတာ များတယ်။ သူ့လုပ်စာစားရတာ နည်းတယ်”

စန်းစန်းအေးဟာ အိမ်တကာ အဝတ်လျှော်တဲ့အလုပ်၊ ပဲပြုတ်ရောင်းတဲ့အလုပ်တွေနဲ့အတူ အမျိုးသားနဲ့ ကလေးနှစ်ယောက်ကို လုပ်ကျွေးနေရပါတယ်။

စိတ်ပိုင်းဆိုင်ရာသာမက  ရုပ်ပိုင်းဆိုင်ရာအရလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။
“ပါးစပ်ထဲက သွေးတောင်ကျဖူးတယ်”

ပတ်ဝန်းကျင်ရဲ့ ဖိအားက သူမကို နောက်ကွယ်မှာသာ ဖေးမပေးပြီး၊ ကွယ်ရာမှာသာ ပြောပြကြကြောင်း၊ အိမ်ထောင်ရေးကို ရှေ့တွင် ဝင်ရောက်မစွက်ဖက်ကြကြောင်း စန်းစန်းအေးကပြောပါတယ်။ အချိန်တန်ရင် လင်မယားချင်းပြန်လည်သင့်မြတ်သွားမှာပဲ ဆိုသော အတွေးအခေါ်များရှိနေကြောင်း ပြောပါတယ်။

“သူ့အကြောင်းဆို အကုန်လုံးက သိနေပါတယ်။ သူညီအစ်ကိုမောင်နှမလည်း ရှိတယ်။ ပတ်ဝန်းကျင်က ကိုယ့်ကို သနားတဲ့ လူတွေပဲရှိတယ်။ တကယ့်တကယ် ဝင်စွက်ဖက်မယ်ဆိုရင် ယောက္ခမက ကျမကို  မုန်းမယ်လေ”

ကလေးများအတွက် ရှေ့ရေးကိုကြည့်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ အတူ ခုချိန်ထိ သည်းခံပြီး  ဆက်ပေါင်းနေရပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုကိုလည်း သူမက ခံနေရပြန်ပါတယ်။

“တခါတလေကျရင် အမျိုးသမီးတွေဟာ အိမ်ထောင်ရေး ကိစ္စမှာ စိတ်ကုန်လာတဲ့အခါ သူက မဟားတရားကျင့်တာတွေ ၊အဲလိုမျိုးတွေပေါ့၊ ကျမက မကြိုက်ဘူး။ ဒါပေမဲ့ မလွဲသာလို့ လင်မယားဆိုပြီး နေခဲ့ရတယ်”

ကွာရှင်းရန်အကြိမိကြိမ် ကြိုးစားခဲ့သော်လည်း သူမဟာ နေစရာ၊ နားခိုစရာ မရှိတဲ့အတွက် ဆက်ပေါင်းနေရကြောင်း၊ လက်ရှိအိမ်ပိုင်မရှိတဲ့အတွက် ကလေးရဲ့ မျက်နှာကြောင့်သာ ဆက်ပေါင်းနေရတယ်လို့ ငိုမဲ့မဲ့နဲ့ပြောပါတယ်။

မစန်းစန်းအေးနဲ့ ဘဝတူ ခံစားနေသူတယောက်ကတော့ မရွှေစင်ပါ။

“ကျမတို့နှစ်ယောက် ပိုင်တဲ့အိမ်ကို ကျမတခြားနိုင်ငံမှာ ငွေသွားရှာတုန်း ပေါင်ထားတယ်။ ကျမကတော့ အတိုးတွေနဲ့အတူ အိမ်ကိုပြန်ရွေးရတယ်။ ခုတော့ သူက အိမ်ကိုရောင်းပြီး တယောက်တဝက်ခွဲမယ်ပြောတယ်။ ကွာရှင်းဖို့အတွက် သူကိုပြောပေမဲ့ သူက အိမ်ရောင်းရမှ ကွာရှင်းပေးမယ်ပြောပြီး အိမ်ကိုလည်း လက်ရှိဈေးထက် အဆမတန်မြင့်ထားတယ်။ ဒါတမင်သက်သက်လုပ်တာ” လို့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုခံစားနေရ တဲ့ အင်းစိန်မြို့နယ်မှ မရွှေစင်က ပြောပါတယ်။

သူမမရှိတုန်း အမျိုးသားဟာ ကလေးကို ဂရုမစိုက်တဲ့အတွက် ရွှေစင်ရဲ့ ဆွေမျိုးများကသာ ကြည့်ရှုထားရကြောင်း၊ သူမခဏတဖြုတ် အိမ်ပြန်လာချိန်တွင် အိမ်မှ လက်မခံပဲ ရပ်ကွက် လူကြီးများနှင့် အိမ်နီးချင်းများကို ၎င်းဖက်ပါအောင် ပြောဆိုထားကြောင်း ရွှေစင်က ပြောပါတယ်။

“ရပ်ကွက်ထဲက အမျိုးသမီးရေးရာအဖွဲ့ကိုလည်း ကျမက တိုင်ပင်ဆွေးနွေးကြည့်တယ်။ ဒါပေမဲ့ သူတို့က ကျမကို ပြန်ပေါင်းပါ။ ညှိ့နှိုင်းကြည့်ပါ။ ကလေးမျက်နှာထောက်ပါလို့ပဲ ဖျောင်းဖျပါတယ်။ ဥပဒေလမ်းကြောင်းအရ ကျမက သွားချင်တာ”

အကြောင်းမရှိ အမျိုးမျိုးရန်ရှာကာ စိတ်ပိုင်းဆိုင်ရာကို နှိပ်စက်နေတဲ့ ခင်ပွန်းကို တအိမ်ထဲမှာပဲ နေရကာ အိပ်ခန်းမှာတော့ သူမအမျိုးသားကအိပ်ပြီး သူမကတော့ အပြင်ဧည့်ခန်းမှာပင် အိပ်ရပါတယ်။ ပြည်ပသို့ ငွေရှာရန်အတွက် ကွာရှင်းရန်နှင့် အိမ်ရောင်းထွက်ဖို့ရန် စောင့်ဆိုင်းနေရင်းနဲ့ပင် သူမရဲ့ စိတ်မချမ်းသာမှုက နှိပ်စက်နေလျက်ရှိပါတယ်။

လင်မယားအကြား နာကျင်စေမှုအတွက် ဥပဒေက ကာကွယ်ပေးထားကြောင်း ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်မှ တရားသူကြီး ဦးဇော်လင်းကပြောပါတယ်။

“ပုဒ်မ ၃၂၃၊ ၃၂၄၊ ၃၂၅ တို့မှာ နာကျင်စေမှုအတွက် တိုင်ကြားလို့ရပါတယ်။ ဥပဒေအရ အမျိုးသမီးကို အခွင့်အရေးပါထားတယ်။ မကျေနပ်ရင် တိုင်ကြားလို့ရတယ်။ တရားရုံးကတော့ ပေါ်ပေါက်လာတဲ့ အမှုပေါ်မှာ ဆင်ခြင်တုံတရားအရ ချပေးတာပဲ။ ”

သို့သော် မြန်မာလူမျိုးတွင် လူမှုရေး၊ ယဉ်ကျေးမှုတွေကို ငဲ့ညှာထောက်ထားကြပြီး ဘာသာရေးတွင်လည်း ကွာရှင်းမှုတွေကို လက်မခံကြသေးကြောင်း တရားသူကြီးက ပြောပါတယ်။

“ဓလေ့ထုံးတမ်းဥပဒေမှာ မယားက ကွာရှင်းခွင့်တောင်းလို့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုပေမဲ့လည်း နှိပ်စက်မှုမြောက်တယ်။ ”

Related Articles