Home ဆောင်းပါးသတင်းဆောင်းပါး အားနည်းသူကို ကူညီစောင့်ရှောက်တဲ့အလေ့အကျင့် လိုနေတယ်ဆိုတဲ့ ကရာတေးပညာ နည်းပြဆရာ (ဦး) သီဟမောင်မောင်

အားနည်းသူကို ကူညီစောင့်ရှောက်တဲ့အလေ့အကျင့် လိုနေတယ်ဆိုတဲ့ ကရာတေးပညာ နည်းပြဆရာ (ဦး) သီဟမောင်မောင်

Photo: Thiha Maung Maung

မယ်လွန်း။         ။

ရှပ်အင်္ကျီလက်ရှည်ဝတ်ထားပေမယ့် ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းနဲ့ လက်မောင်းကြွက်သားတွေ ကလည်း တကယ့်ကာယဗလမောင်တယောက်လို ထုထည်ကြီးမားနေတာကိုတော့ အထင်းသားမြင်နေရပါ တယ်။ အသားညိုလတ်လတ်၊ မျက်နှာထားက တည်တည်မို့ အပြင်ပန်းကြည့်ရင်တော့ သူဟာ တကယ့် ဖိုက်တာ(တိုက်ခိုက်ရေးသမား)တယောက်လို တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့စိတ်နဲ့ အမြဲနိုးကြားနေသူလို့ ယူဆ နိုင်ပါတယ်။

ဒါပေမယ့် သူနဲ့စကားစပြောလိုက်ရင်တော့ သာမန်အမြင်နဲ့ကြည့်မိတဲ့ သူ့ရဲ့ပုံစံနဲ့ သူ့ရဲ့စိတ်ထားက တခြားစီ ဆိုတာ ချက်ချင်းသိရှိနိုင်ပါတယ်။

“ကျွန်တော်က ငယ်ငယ်ကတည်းက အနုပညာသမားတယောက်ဖြစ်ချင်တယ်။ ကရာတေးကလည်း အနုပ ညာပဲ။ ဘောလုံးကန်တာလည်း အနုပညာပဲ။ ကျွန်တော်က အဲဒီလိုတွေးတာကိုး…”

သူကတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အဓိကထားပြီး ကရာတေးပညာသင်ပေးနေတဲ့ လက် ထောက် Kyokushi ကရာတေးဆရာ (ဦး) သီဟမောင်မောင်ပဲဖြစ်ပါတယ်။

ကရာတေးမကစားခင်ကတော့ သူ့ရဲ့အတွေးက တမျိုးပါ။ ခန္ဓာကိုယ် ပိန်ပိန်သေးသေးနဲ့ ကလေးအရွယ်မှာ သူများတွေရဲ့ အနိုင်ကျင့်ခံရတာကို ပြန်တုံ့ပြန်ဖို့ ကရာတေးကို သူစပြီးကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ် ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြင် စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့မှုကိုပါ သင်ကြားပေးတဲ့ ကရာတေးပညာကြောင့် သူ့ရဲ့ အတွေးတွေ ပြောင်းလဲခဲ့တာပါ။

“ကရာတေးကစားခြင်းဟာ ယဉ်ကျေးသိမ်မွေ့မှုနဲ့စပြီး ယဉ်ကျေးသိမ်မွေ့မှုနဲ့ဆုံးတယ်။ အဲဒါကြောင့် အဲဒီလို တိုက်ခိုက်သတ်ပုတ်တဲ့ အတတ်ပညာတွေ တတ်ရမယ့်သူရဲ့ စိတ်ကူးစိတ်ထားက နူးညံ့သိမ်မွေ့ဖို့ လိုပါ တယ်တဲ့” လို့ သူသင်ယူခဲ့တဲ့ Kyokushi ကရာတေးပညာရဲ့ အနှစ်သာရကို ပြောပြပါတယ်။ ဒီပညာကို တတ်ပြီး ကိုယ့်ရဲ့ညစ်နွမ်းတဲ့စိတ်ကို မဖယ်ထုတ်နိုင်ခဲ့ရင်တော့ သူတပါးကို အနိုင်ကျင့်တာမျိုး ဖြစ်လာနိုင် တယ်လို့ ကရာတေးပညာရဲ့ အယူအဆကို ပြောပြပါတယ်။

“ထိုးနေ၊ ကန်နေ၊ သေနတ်တွေ ပစ်နေမှ တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်တွင်းမှာ ကိုယ့်စိတ် တွေ ညစ်နွမ်းနေတာကို ပြန်အနိုင်ယူရတာလည်း ကိုယ်တွင်းတိုက်ပွဲပါပဲ”

Photo: Thiha Maung Maung

ရွှေရောင်အရစ်(၂)ခုနဲ့ ခါးပတ်နက်ရရှိထားတဲ့ (ဦး)သီဟမောင်မောင်ဟာ International Karate Organi-zation (IKO) (Myanmar Branch) ခေါင်းစဉ်အောက်မှာ Kyokushi ကိုယ်ပိုင်ကရာတေးသင်တန်း ကျောင်းကို သူ့ဇာတိမန္တလေးမြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဒီသင်တန်းကျောင်းရဲ့ ထူးခြားတဲ့ရည်ရွယ်ချက် ကတော့ ကရာတေးကို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ပိုမိုပြီးပါဝင်ကစားလာဖို့ဖြစ်ပါတယ်။

“အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကြောက်တတ်ပါတယ်။ အဲဒီလိုမျိုး သူများအနိုင်ကျင့်မှုတွေ၊ သူ များစော်ကားမှုတွေဟာ ကြောက်ခြင်းက ဖြစ်ပေါ်လာတဲ့ တုန်လှုပ်မှုကြောင့် ဆုံးရှုံးရတာ ပိုများတယ်”

ဒါကြောင့် ကရာတေးပညာဟာ သတိတရားနဲ့ ဖြတ်လတ်သွက်လက်မှုတွေကို ပေးတဲ့အတွက် ဒီနေ့လို အ ကြမ်းဖက်မှုတွေ ပေါများတဲ့ခေတ်မှာ အမျိုးသမီးသမီးတွေအနေနဲ့ အန္တရာယ်ကိုရှောင်ဖို့၊ ခုခံနိုင်ဖို့နဲ့ ချက်ချင်း တုံ့ပြန်နိုင်ဖို့ ပိုပြီး သင်စေချင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးမှာ ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ဓာတ်ပုံရိုက် သူတွေကို လိုက်လံဖမ်းဆီးခဲ့ချိန်မှာ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ကို ခေတ္တတိမ်းရှောင်ခဲ့တဲ့သူဟာ  အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်တဲ့ Social Action For Women (SAW) ဆိုတဲ့အဖွဲ့မှာ ကျောင်းဆရာအဖြစ် အကူအညီပေးရင်း ရွှေ့ပြောင်းမြန်မာကလေးငယ်တွေနဲ့ ကလေးအမေတွေကို ကရာ တေးပညာသင်ကြားပေးခဲ့ပါသေးတယ်။

Photo: Thiha Maung Maung

၂၀၁၆ ခုနှစ်နောက်ပိုင်း မြန်မာပြည်ပြန်လာပြီး မွေးရပ်မြေ မန္တလေးမြို့မှာ Graphic Design အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့(ဦး)သီဟမောင်မောင်ဟာ သူဝါသနာပါပြီး ကျွမ်းကျင်တဲ့ ကရာတေးပညာ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့တာပါ။

၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သူကရာတေးပညာသင်ကြားပေးခဲ့တဲ့ သင်တန်းကျောင်းသူ မိန်းကလေးငယ်တဦးရဲ့မိခင်ဟာ အိမ်နီးချင်းတဦးရဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုကို ခံခဲ့ရတယ်ဆိုတဲ့ သတင်းဆိုး ကလည်း အမျိုးသမီးတွေအနေနဲ့ ကရာတေးပညာကို ပိုပြီးတတ်ထားသင့်တယ်ဆိုတဲ့ သူ့ခံယူချက်ကို ပိုမိုခိုင် မာစေခဲ့တယ်လို့ ပြောလို့ရပါတယ်။

အမျိုးသမီးတွေအနေနဲ့ ကရာတေးကိုယ်ခံပညာရဲ့ အနှစ်သာရကို ကောင်းကောင်းနားလည်သဘောပေါက် ပြီး နေထိုင်နိုင်မယ်ဆိုရင် အကြမ်းဖက်ခံရမှုတွေကနေ (၇၅)ရာခိုင်နှုန်းလျော့ကျနိုင်တယ်လို့ သူကပြောပါ တယ်။ ဒါပေမယ့်(၂၅)ရာခိုင်နှုန်းကတော့ လူမှုပတ်ဝန်းကျင်အနေအထားနဲ့ ဥပဒေစောင့်ရှောက်မှုပေးတဲ့ အပေါ်မှာလည်း မူတည်ပါတယ်လို့ ဆိုပါတယ်။

“မန္တလေးမှာ ဖြစ်သွားတာဆိုရင် မိခင်ရော၊ သမီးငယ်လေးကို သတ်တဲ့အမှု။ အဲဒီအကောင်က သေးသေး လေးရယ်။ ဒါပေမဲ့ သတ်တဲ့သူက ဘယ်အချိန်ကိုရွေးလည်းဆိုတော့ ရေချိုးပြီးတဲ့အချိန်ကိုရွေးတာ။ အဲဒီလို ဉာဏ်နီဉာဏ်နက်များပြီး ယုတ်မာတဲ့ကောင်တွေကို ရင်ဆိုင်ဖို့အတွက်ကျတော့ “သတိ”ဆိုတာကိုပါ ကျွန် တော်တို့က ထည့်စဉ်းစားရမယ်” ဆိုပြီး သူက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက အမျိုးသမီးအများစုဟာ “ပျော့ညံ့၊ နုနယ်၊ အားနွဲ့တယ်” ဆိုတဲ့ ခေါင်းစဉ်အောက် မှာ သက်သက်သာသာပဲ နေထိုင်နေကြပြီး ကြမ်းတမ်းတဲ့လှုပ်ရှားဆောင်ရွက်မှုတွေဟာ အမျိုးသမီးတွေနဲ့ မအပ်စပ်ဘူးဆိုတဲ့အမြင်တွေ ရှိနေဆဲဖြစ်လို့ အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေ ကရာတေးကစား တာ နည်းပါးနေပါသေးတယ်လို့ သူကဆိုပါတယ်။

“မြန်မာ့ရိုးရာအရ ကြားနေရတာတွေက ကျွန်တော်လည်း ဖီလင်မလာဘူး။ ဗိုင်းကောင်းကျောက်ဖိတို့၊ အရှက်နဲ့ အသက်လဲပစ်လိုက်မယ်တို့၊ အဲဒါတွေက မိန်းကလေးတွေရဲ့ အတွေးအခေါ်နဲ့စိတ်ဓာတ်ကို ကျ ဆင်းစေတယ်လို့ ကျွန်တော်ယူဆတယ်”

တဖက်မှာ အရိုးစွဲနေတဲ့ ဗိုင်းကောင်းကျောက်ဖိဆိုတဲ့ပုံစံမျိုးအောက်မှာ မိန်းကလေးပီပီသသနေရမယ်ဆိုတဲ့ အယူအဆတွေဟာ အမျိုးသမီးတွေကို ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ကြောက်စိတ်၊ အားငယ်စိတ်တွေ ဖြေဖျောက် နိုင်တဲ့စွမ်းရည်ကျဆင်းစေတယ်လို့ဆိုပါတယ်။ ဒီလိုအားနည်းချက်တွေဖြစ်ပေါ်စေမယ့် ကျားမခွဲခြားဆက် ဆံတဲ့ အမူအကျင့်တွေကို တတ်နိုင်သမျှပြောင်းလဲဖို့ လိုအပ်တယ်လို့ ယုံကြည်သူ လူနည်းစုအမျိုးသားတွေ ထဲကတဦးဟာ (ဦး) သီဟမောင်မောင်ပဲဖြစ်ပါတယ်။

“ကိုယ့်ဖြစ်တည်မှုအတိုင်းနေထိုင်ရမယ်၊ တတ်ကျွမ်းရမယ်။ လုပ်နိုင်ရမယ်၊ လောကကြီးမှာ ငါဟာမိန်းက လေးတယောက်၊ ငါဟာလုပ်နိုင်တယ်၊ ငါဟာစွမ်းရည်ရှိတယ်ဆိုတာမျိုးပဲ ကျွန်တော်ဖြစ်စေချင်တယ်” လို့ သူက ဆိုပါတယ်။

Photo: Thiha Maung Maung

အမျိုးသမီးတွေကို အားနည်းသူတွေအဖြစ် သတ်မှတ်မှုတွေကို လက်မခံသလို အမျိုးသားတွေကိုလည်း အမျိုးသမီးတွေကို အမြဲတမ်းနှိပ်ကွပ်အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆိုတဲ့ ခေါင်းစဉ်ဆိုးမျိုး မတပ်စေချင်ဘူးလို့ (ဦး) သီဟမောင်မောင်က သူ့ရဲ့ ကျားမတန်းတူရေးအမြင်ကို ပြောပြပါတယ်။

ကရာတေးပညာကို သင်ကြားခြင်းဟာ အမျိုးသမီးတွေအတွက် ကိုယ်ကာယကြံ့ခိုင်မှု၊ အကြမ်းဖက်မှုတွေ ကနေ ကာကွယ်နိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရရှိလာနိုင်သလို အမျိုးသားတွေအတွက်လည်း ကိုယ့်ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို အသုံးချပြီး ရန်လိုမှုတွေ၊ အကြမ်းဖက်မှုတွေကို မကျူးလွန်မိအောင် လျော့ ချပေးနိုင်တယ်လို့ (ဦး)သီဟမောင်မောင်က ဆိုပါတယ်။

“ကြံ့ခိုင်မှုပိုရှိတဲ့အတွက် သူ့ရဲ့တာဝန်က ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ကြံ့ခိုင်မှုကို အသုံးချပြီးတော့ သူတပါး ကို အနိုင်ကျင့်ဖို့ မဟုတ်ဘူးဆိုတာ သိဖို့လိုအပ်ပါတယ်”

ပြီးခဲ့တဲ့ စက်တင်ဘာလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ဖိတ်ခေါ်ကရာတေးပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ချန်ပီယံဆုရခဲ့တဲ့ ကချင်စစ်ဘေးရှောင် မိန်းကလေးငယ် “ဆိုင်းနူး” ကစားခဲ့တဲ့ ကရာတေးဟာလည်း Kyokushi ကရာတေးအမျိုးအစားပဲ ဖြစ်ပါတယ်။

Kyokushi ကရာတေးမှာ ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်က ရွှေရောင်အရစ် (၁၀)ရစ်အထိရှိပြီး နိုင်ငံ တကာ ကရာတေးအဖွဲ့ချုပ် – မြန်မာနိုင်ငံရဲ့ တာဝန်ခံချုပ် ဆရာကြီးဖြစ်သူ ဦးမင်းလွင်ကတော့(၅)ရစ်ရှိသူ ဖြစ်ပါတယ်။ အရစ်(၂)ရစ်အထိရှိသူက လက်ထောက်ဆရာအဆင့်ရှိပြီး (၃)ရစ်နဲ့ (၄)ရစ်ရှိသူတွေကတော့ ဆရာအဆင့်ရှိသူလို့ သတ်မှတ်ပါတယ်။ အခုချိန်မှာတော့ လက်ထောက်ကရာတေးဆရာဖြစ်သူ ဦးသီဟ မောင်မောင်က ခါးစည်းအနက်နဲ့ (၃)ရစ်တက်လှမ်းဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

ဒါပေမယ့်လည်း အဆင့်တက်ဖို့ထက် သူ့အသက်သေဆုံးတဲ့အထိ ကရာတေးကစားမှုကို မပြတ်တမ်း လေ့ ကျင့်ပြီး တခြားသူတွေကို ကရာတေးရဲ့အကျိုးကျေးဇူးနဲ့ ပြန်လည်အသုံးချတတ်ဖို့၊ အသိတရားနဲ့ ဗဟုသုတ တွေ ဖြန့်ဝေပေးနိုင်ဖို့ ပိုပြီးအားသန်ပါတယ်လို့ (ဦး) သီဟမောင်မောင်ကပြောပါတယ်။

အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်နဲ့ ပတ်သက်လာလို့ရှိရင် ကောင်းမွန်ရာကို ရှေ့ ရှုပြီးတော့ အားနည်းသူကို ကူညီတဲ့၊ စောင့်ရှောက်တတ်တဲ့ အလေ့အကျင့်တွေကို လုပ်စေချင်ပါတယ်

Related Articles