မယ်လွန်း။ ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ရှမ်းကယားနယ်စပ်က ကားလမ်းဘေး အတွင်းဘက်ကို နည်းနည်းလေးဝင် လိုက်ရင် ဘိန်းခင်းတွေကို တွေ့နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဈေးကွက် ကျတာရော၊ စိုက်ခင်းတွေအပေါ် တင်းကြပ်မှုတွေ များလာတာရောကြောင့် တောင်ထိပ်တွေလောက်မှာပဲ အခင်းတွေကို တွေ့မြင်ရပါတယ်။
ကျောက်စိုင်ကျောက်ခဲပေါများတဲ့ တောင်တွေမို့လို့ တခြားသီးနှံတွေ မဖြစ်ထွန်းတာကြောင့် ဘိုးဘွားအစဉ် အဆက်ကနေ အခုချိန်ထိ ဘိန်းခင်းတွေကိုသာ အဓိကစိုက်ခဲ့ကြတာလို့ ဘိန်းစိုက်တောင်သူ အမျိုးသမီး တွေက ဆိုပါတယ်။
တခြားသီးနှံ ဖြစ်ထွန်းမှုအားနည်းတာရယ်၊ ဈေးနှုန်းပိုကောင်းတာကြောင့် ဘိန်းစိုက်ခင်းဟာ သူမတို့အဖို့ မိသားစုစားဝတ်နေရေးအတွက် အထောက်အကူအဖြစ်ဆုံး တခုတည်းသော အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်ပါတယ်။
ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလွန်အားနည်းတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဘိန်းစိုက် အမျိုးသမီးမိသားစုတွေဟာ အခင်းတွေစိုက်နေပေမယ့် ဘိန်းရဲ့ဈေးကွက်ကို သေချာနားလည်သူတွေတော့ မဟုတ်ကြပါဘူး။ သူတို့ရတဲ့ဝင်ငွေက စားဖို့ဖူလုံရုံနဲ့ ဈေးကောင်းလို့ ဝင်ငွေကောင်းတဲ့အခါ မိသားစုအတွက် အသင့်အတင့် အသုံးဝင်ရုံသာရှိပါတယ်။
ဘိန်းစိုက်တာ တရားမဝင်ဘူး၊ မကောင်းဘူးဆိုတာ နားလည်ထားပေမယ့် ဘိန်းမစိုက်ရင် ဘာအသက်မွေး ဝမ်းကျောင်းလုပ်ရမလဲဆိုတာ သူတို့တွေမှာ အခုချိန်ထိ အဖြေမရှိကြသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း ဘိန်းခင်းတွေကို သတ်မှတ်ချိန်အတိုင်း ဖျက်ဆီးမှုကြပေမယ့် အစားထိုးသီးနှံအတွက် ဖြေရှင်းမှု တော့ မရှိသေးဘူးလို့သိရပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021