Home ဆောင်းပါး “ရေကာတာစီမံကိန်းတွေနဲ့ သူတို့သောက”

“ရေကာတာစီမံကိန်းတွေနဲ့ သူတို့သောက”

Photo: Karen Rivers Watch

သွေး (စစ်ကိုင်း)။          ။

“နှစ်ပေါင်းသောင်းချီသိန်းချီပြီး စီးဆင်းလာခဲ့တဲ့ မြစ်ကြီးသံလွင်ကို လွတ်လွတ်လပ်လပ် စီးစေချင်ပါတယ်။ ကျမတို့အတွက် တော့ အသက်သွေးကြောပါပဲ”

“စီမံကိန်းတွေရှိလာရင် ကျမတို့ဒေသခံတွေ ပထမဆုံးခံစားရတာက ကောင်းကျိုးထက် ဆိုးကျိုးပဲလေ။ ကိုယ့်ဒေသမှာ ငြိမ်း ချမ်းတာကိုပဲ လိုလားပါတယ်”

အခု ဖော်ပြခဲ့တာတွေက ရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတဲ့ ဒေသခံအမျိုးသမီး(၂)ဦးရဲ့အသံပါ။

မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ချင်းတွင်းမြစ်ဆိုပြီး အဓိက မြစ်ကြီး(၄)သွယ် စီးဆင်းနေရာမှာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်နေတဲ့ ရေကာတာစီမံကိန်းတွေက ဒေသခံတွေကို စိုးရိမ်မှုတွေ ပိုစေခဲ့ပါတယ်။

တဖက်က ဧရာဝတီမြစ် စုဆုံရာစတင်တဲ့နေရာ၊ တနည်းအားဖြင့် ကချင်ပြည်နယ်ရှိ မြစ်ဆုံနေရာမှာ တည်ဆောက်ဖို့ စီစဉ် နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို သဘောမတူကြောင်း ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်တာနဲ့ တွေ့ကြုံ နေရဆဲပါ။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို သူ့သက်တမ်းအတွင်း ရပ်နားထား ခဲ့ပါတယ်။ လက်ရှိ ပြည်သူက ရွေးချယ်ခဲ့တဲ့ NLD အစိုးရ လက်ထက်မှာတော့ တရုတ်ဘက်က ဒီစီမံကိန်းကို ပြန်စချင်တဲ့ အရိပ်အယောင်တွေ ပြသလာသလို စာချုပ်မှာ ဘယ်လို အချက်အလက်တွေ ပါဝင်တယ်၊ ဘယ်လို သဘောတူညီချက်တွေ ပါဝင်တယ်ဆိုတာ မြန်မာပြည်သူတွေ သိခွင့်မရသေးပါဘူး။

ဧရာဝတီမြစ်လိုပဲ ပြည်သူတွေအတွက် ရေကြောင်းသွားလာရေး၊ စိုက်ပျိုးရေးတို့အတွက် သံလွင်မြစ်ဟာလည်း အသုံးဝင်တဲ့ မြစ်ကြီးတစင်း ဖြစ်ပါတယ်။ သံလွင်မြစ်ကို အမှီသဟဲပြုပြီး နေထိုင်လုပ်ကိုင် စားသောက်နေရတဲ့ မြို့တွေ၊ ကျေးရွာတွေ အများအပြား ရှိပါတယ်။ ဒါကြောင့် သံလွင်မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်မယ်ဆိုရင် ဒေသခံ ပြည်သူတွေရဲ့ လူမှုဘဝကို ထိခိုက်လာစေမှာ အသေအချာပါ။

တကယ်တော့ သံလွင်မြစ်ဟာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့ကို ဖြတ်သန်း စီးဆင်းနေ တဲ့ မြစ်ကြီးတစင်းဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံဒေသခံ “မနန်းမိုးသောက်ပန်း”ဟာ “သံလွင်မြစ် ထိန်းသိမ်းကာ ကွယ်ရေးကွန်ရက်” (Save the Salween Network) ကို ထူထောင်သူတွေထဲမှာ တဦးအပါအဝင်ပါ။ ဒီကွန်ရက်ကို ၂၀၁၅ ခုနှစ်၊ ဇွန် ၁၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသမှာ ဆည်တွေတည်ဆောက်ခြင်း မခံရသေးတဲ့မြစ်တစင်းဖြစ်တဲ့ သံလွင်မြစ်ဟာ မဲခေါင်မြစ်ပြီးရင် ဒုတိယအရှည်ဆုံးမြစ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက သံလွင်မြစ်ရဲ့ ရေဝေရေလဲ ဒေသဟာ ၄၂ ရာခိုင်နှုန်းအထိ ရှိပြီး မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုတ္တမပင်လယ်ကွေ့မှာ ဘင်္ဂလားပင်လယ်အော်ထဲကို စီးဝင်တာပါ။ တရုတ်နိုင်ငံအ တွင်း ဟိမဝန္တာတောင်တန်းတွေကနေ မုတ္တမပင်လယ်ကွေ့အထိ သံလွင်မြစ်ဝှမ်းတလျှောက် မှီတင်းနေထိုင်ကြသူ တိုင်းရင်း သား လူမျိုးစုများစွာအတွက် အရေးပါတဲ့မြစ်ကြီးတစင်းပါပဲ။

အကြီးစားရေကာတာစီမံကိန်းတွေရဲ့ သဘောတူစာချုပ်တွေမှာ ဘယ်လိုအချက်တွေ ပါဝင်သလဲဆိုတာ ပြည်သူတွေကို ချပြရမယ်၊ ပြည်သူတွေမှာ သိခွင့်ရှိတယ်လို့ မနန်းမိုးသောက်ပန်းက ပြောပါတယ်။

Photo: Save the Salween River Network

“ရှမ်းပြည်နယ် အရှေ့ပိုင်းက ဒေသခံတွေက မိုင်းတုံရေကာတာ အကောင်အထည်ဖော်မှာကို စိတ်ပူနေကြတယ်လေ။ အထူးသဖြင့် ကွန်ဟိန်းက ဒေသခံတွေပေါ့။ နယ်မြေအနေအထားအရဆိုရင်လည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်လာမလားပေါ့လေ” လို့ ဆက်ပြောပါ တယ်။

ရှမ်းပြည်နယ်ထဲက ဌာနေတိုင်းရင်းသားတွေဟာ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ တဖက်တလမ်းကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ဆောင်နေကြပါတယ်။ အရင် အစိုးရလက်ထက်မှာ တရုတ်၊ ထိုင်းနဲ့ မြန်မာကုမ္ပဏီတွေ ဖြစ်ကြတဲ့ China’s Three Gorges Corporation ၊ ထိုင်းနိုင်ငံက The Electricity Generating Authority of Thailand နဲ့ မြန်မာနိုင်ငံက International Group of Entrepreneurs တို့နဲ့ အစိုးရရဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကြား သဘော တူညီခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ မိုင်းတုံရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ဖြစ်ခဲ့ရင် ရရှိလာတဲ့ လျှပ်စစ်စွမ်းအား ၉၀ ရာခိုင်နှုန်း ကျော်ကို ထိုင်းနဲ့ တရုတ်နိုင်ငံကိုပဲ ရောင်းချသွားမှာလို့ သိရပါတယ်။

ကွန်ဟိန်းဒေသခံ “မနန်းမြလေး” ကတော့ အရင်အစိုးရ လက်ထက် ကတည်းက အကောင်အထည်ဖော်လည်ပတ်နေတဲ့ “ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း” နဲ့ ပတ်သက်ပြီး စိတ်ပူနေတာပါ။ ဒီစီမံကိန်းဟာ ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ် အတွင်းမှာ တည်ရှိပါတယ်။ ၁ နှစ်မှာ လျှပ်စစ်ဓာတ်အား ၆၅ မဂ္ဂါဝပ် ထုပ်လုပ်နေပြီး စိုးရိမ်မိတဲ့အချက်ကို မနန်းမြလေးက အခုလို ပြောပါတယ်။

“တကယ်လို့များ အကြောင်းတခုခုကြောင့် ဆည်ကျိုးသွားခဲ့ရင် ဆည်ဆောက်က ဆက်စပ်နေတဲ့ မြို့နယ်(၁၆)မြို့နယ်မှာ ရေလွှမ်းသွားနိုင်ပါတယ်။ ရေလွှမ်းနိုင်တဲ့ ဧရိယာကလည်း နည်းနည်းနောနော် မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံရဲ့ ဧရိယာ နီးပါး လောက် ရှိတယ်။ လင်းခေးခရိုင်ထဲက မြို့နယ်တွေမှာ ရေကြီးနိုင်တယ်။ တိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နိုင်တယ်”

ဒါအပြင် ကမ္ဘာပေါ်မှာ ရှားရှားပါးပါး လှပတဲ့ရေတံခွန်တခု ဖြစ်တဲ့ “တာထီရေတံခွန်” ရဲ့ အလှအပ ထိခိုက်နေတာကို သူမက ထောက်ပြပါတယ်။ တာထီရေတံခွန်ဟာ သံလွင်မြစ်နဲ့ နန့်ပန်ချောင်း ဆုံရာနေရာမှာ တည်ရှိပါတယ်။

တချိန်တည်းမှာပဲ ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ ဖာပွန်မြို့နယ်ကြား သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်ဖို့ ထိုင်းနဲ့ မြန်မာ အစိုးရချင်း သဘောတူထားတာ ရှိနေပြန်ပါတယ်။ “ဟတ်ကြီးရေကာတာ” တည်ဆောက်မှာကို ဒေသခံ ကရင် လူမျိုးတွေက သဘောမတူကြပါဘူး။ သံလွင်မြစ်ကြောင်း တလျှောက် ဟတ်ကြီး၊ ရွာသစ်၊ နောင်ဖား၊ တာဆန်း(သို့) မိုင်းတုံ၊ ကွန်းလုံ ရေကာတာတွေ တည်ဆောက်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက ရှမ်း၊ လီဆူး၊ လားဟူ၊ ပလောင်၊ ကရင်ပြည်နယ်ထဲက ကရင်လူမျိုးတွေရဲ့ အသက်မွေး ဝမ်းကျောင်း မှုတွေကို ဒီစီမံကိန်းတွေက ထိခိုက်လာနိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးသရွေ့၊ စစ်မှန်တဲ့ မူူဝါဒတွေ မရှိသေး သရွေ့ ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ အကြီးစားရေကာတာ စီမံကိန်းတွေ မဆောက် လုပ်ဖို့လည်း “ကရင် မြစ်ချောင်းများ ကွန်ရက်” က တောင်းဆိုထားပါတယ်။ ဟတ်ကြီးရေကာတာ တည်ဆောက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောဆန္ဒ မရယူတာ၊ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်နေခဲ့တဲ့ မြေယာတွေ လျော် ကြေး မရဘဲ ဆုံးရှုံးခံရတာတွေ ရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

မိသားစုတခုမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစုအတွင်း ရေစီမံခန့်ခွဲမှုတွေ ပြုလုပ်ရသူတွေဖြစ်လို့ ဒေသတွင်းမှာ ရေ ကာတာ စီမံကိန်းကြီးတွေ တည်ဆောက်လာရင် အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝတွေကို သက်ရောက်မှုရှိလာနိုင်တယ်လို့ မနန်းမိုးသောက်ပန်းက ပြောပါတယ်။

Salween River Thai-Burma Border (Photo: Save the Salween River Network)

“ငါးဖမ်းတဲ့ လုပ်ငန်းမှာ ငါးအရနည်းသွားရင် ငါးရွေးတဲ့ အမျိုးသမီးတွေကိုလည်း ထိခိုက်စေမှာပေါ့။ ပြီးတော့ – ကိုင်းသီးနှံ စိုက်ပျိုးတဲ့သူတွေလည်း ရှိတယ်၊ မြေပဲ၊ ရုံးပတီ၊ ခရမ်းချဉ်သီး စတာတွေ စိုက်ကြတာပေါ့…၊ ကိုင်းစိုက်တာက ရတဲ့ ငွေ ကြေးလေးနဲ့ သားသမီးတွေကို ကျောင်းထားပေးကြတာတွေ ရှိတယ်လေ။ တကယ်လို့ စီမံကိန်းတွေ လုပ်လာခဲ့ရင် ကိုင်း သီးနှံစိုက်ပျိုးတဲ့ လုပ်ငန်းတွေကို ထိခိုက်လာစေနိုင်သလို သူတို့ရဲ့ လူမှုဘဝရပ်တည်မှုအပေါ်လည်း ထိခိုက်မှုတွေ ရှိလာမှာ ပဲ” လို့ ဆက်ပြောပါတယ်။

“မနန်းမြလေး” က သူမရဲ့ ဆန္ဒကို အခုလို ပြောပြလာပါတယ်။

“ကျမကတော့ လူထုကို ထိခိုက်မှု မရှိတဲ့ စီမံကိန်းတွေပဲ လုပ်စေချင်တယ်။ လူထုနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှု များပြားအောင် မလုပ်ဖို့လည်း ကျမတို့က တိုက်တွန်း တောင်းဆိုချင်တယ်။ အဲဒီအစား ရှိနေပြီးဖြစ်တဲ့ သဘာ၀ အရင်း အမြစ် မကုန်ဆုံးဘဲ ဝင်ငွေရစေနိုင်တဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေပဲ လုပ်စေချင်ပါတယ်”

“မနန်းမိုးသောက်ပန်း” ကလည်း သူမရဲ့ ဆန္ဒကို အခုလို တွေးတွေးဆဆ ပြောပြပါတယ်။

“ရေကာတာ စီမံကိန်းတွေက ကျမတို့ အမျိုးသမီးတွေ အတွက် ဘ၀ မလုံခြုံမှုတွေ၊ အသက် အိုးအိမ်၊ အသက်မွေး ဝမ်း ကျောင်းတွေကို ထိခိုက်မှုတွေပဲ သေချာပေါက် ကြုံတွေ့ခံစားရစေမှာပါ။ ဒါကြောင့်မို့ ကောင်းမွန်ခိုင်မာတဲ့…၊ လူထုအတွက် ရပ်တည်တဲ့…၊ ဗဟိုချုပ်ကိုင်မှု ကင်းတဲ့ မူဝါကောင်းတွေ ပေါ်ထွက်လာပါစေ လို့ပဲ ကျမ ဆန္ဒပြုပါတယ်”

တကယ်တော့ သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မယ့် ရေကာတာစီမံကိန်းများဟာ တိုင်းရင်းသား ပြည်သူလူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်၊ မိမိတို့ တိုင်းပြည်ရဲ့ အကျိုး အလွန်နည်းပါးလွန်းတယ်၊ ပြီးတော့ သဘာ၀ ဝန်းကျင်နဲ့ လူမှုအသိုက်အဝန်း အတွက်လည်း ထိခိုက်စေမယ့် သက်ရောက်မှုတွေ ရှိလာနေတယ်ဆိုတဲ့အကြောင်း ဒေသခံ အမျိုးသမီးတွေရဲ့ ပင့်သက်မော ရင်ဖွင့်စကားတွေကို ပြည်သူက ရွေးချယ်ခဲ့တဲ့ ပြည်သူ့အစိုးရ သိမြင်ခံစား လုပ်ဆောင် ပေးနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

Related Articles