Home ဆောင်းပါး ရှေးထုံးတိုင်းမယူပါနှင့်

ရှေးထုံးတိုင်းမယူပါနှင့်

နန်းဆိုင်နွမ်။          ။

“ ဈေးသုံးလည်း မလွယ်နဲ့၊ ရှေ့ထုံးလည်း မပယ်နဲ့ဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ၊ ကျွန်တော်တို့ ထုံးတွေကိုလည်း မပယ် သင့်ပါဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စိုးလင်းကဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်သဖြင့် ဓလေ့ရိုးရာယဉ်ကျေးမှုများကလည်း ကွဲပြား သလို ဓလေ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းဆိုင်ရာ ဥပဒေများလည်း ကွဲပြားသည်။

ထိုကွဲပြားမှုများနှင့်အတူ ဓလေ့ရိုးရာယဉ်ကျေးမှု ဥပဒေများတွင် အမျိုးသမီးများကို  ထိခိုက်နစ်နာစေသည့် ဥပဒေ များအား ပယ်ဖျက်ပေးရန် အမျိုးသမီးအရေး ဆောင်ရွက်သူများ၊ တိုင်းရင်းသူများက စဉ်ဆက်မပြတ် တောင်းဆို ခဲ့ကြသည်။

သို့သော်လည်း အမျိုးသမီးအဖွဲ့အစည်းများနှင့်  ဌာနေတိုင်းရင်းသူများ၏အသံကို လစ်လျူရှုကာ နိုဝင်ဘာ (၂၈) ရက်နေ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင်ပါသည့် အခန်း (၇) ပုဒ်မ (၂၃)   လက်ထပ် ထိမ်းမြားခြင်းအသက်အရွယ်ကန့်သတ်ချက်နှင့်ပတ်သက်ပြီး လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်းများ၏ သတ်မှတ်ချက် ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း  မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မဲဆန္ဒနယ်က ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့သည်။

တည်ဆဲဥပဒေများ၊ ဓလေ့ထုံးတမ်းများဆိုသည်မှာ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွင် “ ပုဆိုးတန်း တင်ရုံနဲ့ ကျွန်တော်တို့ အကြင်လင်မယား၊  အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် အသိပေးရုံနဲ့ အကြင်လင်မယား ဆိုတဲ့ဓလေ့ရှိပါတယ်” ဟုလည်း ဦးကျော်စိုးလင်းက ပြောဆိုခဲ့သည်။

ချင်းပြည်နယ်တွင် အသက်(၁၃)နှစ်ပြည့်လျှင် စေ့စပ်မင်္ဂလာပွဲများ ပြုလုပ်ရကြောင်း၊ ရှမ်းပြည်နယ်တွင် လက်ဖက် တရိုး၊ ကွမ်းတရိုးကျွေးရုံနှင့် အကြင်လင်မယားဖြစ်သည့်ဓလေ့များရှိကြောင်း ဦးကျော်စိုးလင်းက ထပ်လောင်းပြော သည်။

ဗုဒ္ဓဘာသာဝင် (၁၄)နှစ်ထက် မငယ်သည့်မိန်းမသည် ထိမ်းမြားလို့ရကြောင်း၊  ထို့ကြောင့် ယခင်ပြဌာန်းထားသည့် ဥပဒေတွင် အသက်(၁၈)နှစ်ပြည့်မှ အိမ်ထောင်ပြုနိုင်မည်ဆိုသည့် သတ်မှတ်ချက်သည် ရှေ့နောက်ညီညွတ်မှု မရှိ သဖြင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ  အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်ရမည်ဆိုသည့်အချက်ကို ပယ်ဖျက် လိုက်ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် ဦးကျော်စိုးလင်းက မှတ်ချက်ပြုသည်။

“တည်ဆဲဥပဒေတွေ၊ ဓလေ့ထုံးတမ်းဥပဒေတွေ ရှိပါရက်နဲ့ နောက်က အသက်(၁၈)နှစ်ပြည့်မှ ပဋိဉာဉ်ပြုနိုင်မယ် ဆိုတဲ့အချက်က သက်ဆိုင်ရာဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ကွဲလွဲလျက်ရှိနေပါတယ်” ဟုလည်း သူက ထပ်မံပြောသည်။

ထိုတင်သွင်းမှုနှင့်ပါတ်သက်ပြီး လက်ထပ်ထိမ်းမြားနိုင်သည့်အသက်အရွယ်ကို အသက်(၁၈)နှစ်အဖြစ် တိကျသေ ချာအောင် ပြဌာန်းပေးဖို့ ပြည်သူ့လွှတ်တော်အမတ်တချို့နှင့် အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူများက တောင်း ဆိုလိုက်သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ်များအခွင့်အရေးထဲမှ လက်ထပ်ထိမ်းမြားနိုင်သည့် အသက် ကို (၁၈)နှစ်အဖြစ် သတ်မှတ်ချက်အား ပယ်ဖျက်ခဲ့သည့်အပေါ် ကန့်ကွက်ခဲ့သည့် ကျောက်တန်းမဲဆန္ဒနယ် ဒေါ်အေးမြမြချိုက “ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်နိုင်တဲ့ အသက်က (၁၈)နှစ် ဖြစ်ရမယ်လို့ တကြောင်း တည်း ကျမက ရေးစေချင်တယ်။ ပြဌာန်းစေချင်တယ်” ဟု  ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုသည့်ပုဒ်မတွင် ကလေးသူငယ်များကို လက်ထပ်စေခြင်းဆိုသည့်အချက်နှင့် ဆက်စပ်နေသည်ကို တွေ့ရှိရကြောင်း၊ ပြဌာန်းမည့် ဥပဒေသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေဖြစ်သည် ကို သတိပြုသင့်ကြောင်း ဒေါ်အေးမြမြချိုက ထည့်သွင်းပြောခဲ့သည်။

“ ဥပဒေမူကြမ်းကိုယ်တိုင်က ရှင်းရှင်းလင်းလင်းရေးထားတာ မရှိဘူး” ဟု ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)မှ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကလည်း ပြောဆိုသည်။

ဓလေ့ရိုးရာ ယဉ်ကျေးမှုအရ လက်ထပ်နိုင်ခြင်းသည် ကလေးသူငယ်များကို အဆင်သင့်လက်ထပ်ခွင့်ပြုလိုက်ခြင်း နှင့်တူကြောင်း၊ ထိုကဲ့သို့ခွင့်ပြုခြင်းသည် ကလေးသူငယ်အခွင့်ရေးကို ကာကွယ်ပေးရာ မရောက်ကြောင်း ဒေါ်လှ လှရီက ထပ်လောင်းပြောသည်။

“ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမှာ ဘယ်အသက်အရွယ်ပိုင်းဆို လက်ထပ်လို့မရဘူးဆိုတဲ့ တားမြစ် ပြဌာန်းမှုလိုတယ်” ဟုလည်း သူမက ထောက်ပြလိုက်သည်။

မြန်မာနိုင်ငံတွင် ဘာသာရေးနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှု ရှိကြောင်း၊ မတူညီကြသည့် ဓလေ့ရိုးရာ ယဉ်ကျေးမှု ဥပဒေများကို တူညီသည့်  ဥပဒေတရပ်ဖြစ်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်းပြောဆိုခဲ့ကြကြောင်း Triangle Women’s Support အဖွဲ့ တည်ထောင်သူ ဒေါ်ခင်လေးက ပြောသည်။

“  ကျမတို့မှာ  ရိုးရာတွေ ဘယ်လောက်ပဲရှိရှိ ကျမတို့ကို အုပ်ချုပ်တဲ့အစိုးရက  အားလုံးအပေါ် ထိခိုက်မှုမဖြစ် အောင် ထည့်သွင်းစဉ်းစားမှုတွေ မလုပ်နိုင်တာ ဝမ်းနည်းစရာပါ” ဟု ဒေါ်ခင်လေးက ဆိုသည်။

ယခုကဲ့သို့သတ်မှတ်လိုက်ခြင်းအားဖြင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေကြောင်း၊ တိုင်းရင်းသူများ၏အသံကို ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ တိကျပြီး တန်းတူသည့် ဥပဒေတရပ်ဖြစ်ရန် လိုအပ်ကြောင်း ဒေါ်ခင်လေးက ပြောသည်။

လက်ရှိပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာမှ လက်ထပ်ထိမ်းမြား ခြင်းနှင့် ပတ်သက်ပြီး ဒေါ်ခင်လေးက “ ဥပဒေပြဌာန်းတဲ့အခါ တိတိကျကျ ပြဌာန်းသင့်တယ်။ ဥပဒေကိုယ်တိုင်က ဝေဝါးနေရင် လိုက်နာတဲ့သူအတွက်လည်း ပြဿနာဖြစ်တယ်။ သေသေချာချာ ပြဌာန်းတာတောင် အားနည်းချက် ကို အခွင့်ကောင်းယူပြီး လုပ်တာတွေရှိတဲ့အခါ သေသေချာချာ လုပ်ထားဖို့လိုမယ်လို့ ကျမထင်ပါတယ်” ဟုလည်း ဝေဖန်ထောက်ပြသည်။

အမျိုးသမီးများနှင့် ကလေးငယ်များဆိုင်ရာ ဥပဒေနှင့်ပါတ်သက်ပြီး တဖက်သတ်စဉ်းစားပြီးပြုလုပ်သည်ဟု ကျား/ မ ရေးရာတန်းတူညီမျှရေးကွန်ရက် (GEN) မှ ဒါရိုက်တာဒေါ်မေစံပယ်ဖြူကလည်း ပြောသည်။

“ ဓလေ့ထုံးတမ်းတွေက တကယ်တမ်းမှာ ခေတ်နဲ့မညီတော့ဘူးဆိုရင် ပြင်ဆင်ကြရတာပါပဲ။ အမျိုးသမီးနဲ့ ကလေး ဆိုရင် သူတို့စိတ်တိုင်းကျ စီမံလို့ရတယ်၊ သူတို့စိတ်တိုင်းကျဆုံးဖြတ်လို့ရတယ်ဆိုတဲ့သဘောပါနေတယ်” ဟု ကျား/ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN)မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ဆိုသည်။

ဥပဒေတရပ်ကို ပြုသည့်အခါ ပြည်သူများ၏ ကောင်းကျိုးကို ရည်ရွယ်ပြီး အကာအကွယ်ပေးရန်ဖြစ်ကြောင်း၊ ဥပဒေ တရပ်သည် ပြည်သူများအတွက် ဆိုးကျိုးဖြစ်နေပါက ပြန်လည်စဉ်းစားပြင်ဆင်သင့်ကြောင်းလည်း ဒေါ်မေစံပယ် ဖြူက တိုက်တွန်းပြောဆိုလိုက်သည်။

ဓလေ့ထုံးတမ်းဥပဒေများသည် အမျိုးသမီးများကို ခွဲခြားနိမ့်ချထားသည့်အတွက် တိုင်းရင်းသူအမျိုးသမီးများ၊ အမျိုး သမီးအခွင့်အရေး ဆောင်ရွက်သူများက နိုင်ငံတော်ဥပဒေဖြင့် အကာအကွယ်ပေးရန် လိုလားနေချိန်တွင် ပြည်သူ့ လွှတ်တော်မှ ယခုလို ခွင့်ပြုလိုက်ခြင်းသည် အလွန်အကျည်းတန်သည်ဟု ထားဝယ်အမျိုးသမီးသမဂ္ဂမှ  မယ်စုစု ဆွေကလည်း ဝေဖန်လိုက်သည်။

“ အမျိုးသမီးတွေကို အကာအကွယ်မပေးတဲ့ ဓလေ့ထုံးတမ်းတွေကို ကျမတို့က မရှိစေချင်တာ၊ မကြားချင်တာဖြစ် တယ်။ ဓလေ့ထုံးတမ်းတွေ ဘယ်လောက်ပဲရှိနေပါစေ နိုင်ငံတကာဥပဒေက သွားလို့ရတယ်။ တိုင်းရင်းသူ အမျိုး သမီးတွေကလည်း တောင်းဆိုနေချိန် ဒီလိုဓလေ့ထုံးတမ်းဥပဒေကို လုပ်လိုက်တာ အင်မတန်စိတ်ဓာတ်ကျတယ်၊ လွှတ်တော်ကိုလည်း ရှုတ်ချတယ်” ဟု မယ်စုစုဆွေက ပြောသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘော တူစာချုပ် (CEDAW) နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (CRC) ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံတခုဖြစ်သည်။

ပြည်သူ့လွှတ်တော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေထဲမှ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး ဓလေ့ရိုးရာယဉ်ကျေးမှုတွင် အသက်ကန့်သတ်ချက် မပါဝင်မှုအဆိုကို ထောက်ခံခဲ့ခြင်းသည် CEDAW နှင့် CRC ကို ချိုးဖောက်သည်ဟု အမျိုးသမီးရေး တက်ကြွဆောင်ရွက်သူများက ဆိုနေကြခြင်းဖြစ်သည်။

“ စီဒေါအရရော ကလေးသူငယ် အခွင့်အရေးအရရော ကိုက်ညီမှု မရှိဘူး။ အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ ဓလေ့ထုံးတမ်း ဥပဒေကို ပယ်ဖျက်ပေးရမယ်” ဟု ဒေါ်မေစံပယ်ဖြူ က ဆိုသည်။

နိုင်ငံတကာစာချုပ်များကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံတခုအနေဖြင့် အမျိုးသမီးများကို ထိခိုက်စေမည့် ဓလေ့ ထုံးတမ်းများကို ပယ်ဖျက်ပေးရန် တာဝန်ရှိကြောင်းလည်း ဒေါ်မေစံပယ်ဖြူက တိုက်တွန်းသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက အရွယ်မတိုင်မီ (၁၈) နှစ်အောက် အိမ်ထောင်ပြုခြင်းသည် အန္တ ရာယ်ရှိသည်ဟု သတ်မှတ်ခဲ့သည်။

ကမ္ဘာတဝှမ်းတွင် အသက်(၁၈)နှစ်အောက် အိမ်ထောင်ပြုသည့် ယောက်ျားလေးအရေအတွက်မှာ (၅)ရာခိုင်နှုန်း သာရှိသည်။ ခန့်မှန်းချက်အရဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိန်းကလေး (၃)ဦးတွင် (၁)ဦးမှာ အသက်(၁၈)နှစ် မတိုင်မီ အိမ်ထောင်ကျကြသည်ဟု Segri Socio-Economic & Gender Resource Institute ၏ ဒါရိုက်တာ ဒေါ်စန္ဒာသန့်က သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အခြားခန့်မှန်းချက်တခုမှာလည်း နှစ်စဉ်မိန်းကလေး(၁၀)သန်းသည် အရွယ်မတိုင်မီ အိမ်ထောင်ကျကြသည်။ ကမ္ဘာ တဝှမ်းတွင် ကလေးသူငယ် သတို့သမီးပေါင်း (၆၇)သန်းကျော်ရှိသည်။ အချို့နိုင်ငံများတွင် မိန်းကလေးထက် ဝက်ကျော်သည် (၁၈)နှစ်မတိုင်မီ အိမ်ထောင်ကျကြသည်ဟုဆိုသည်။

အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးထိခိုက်မှုသည် အ သက်ဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ အရွယ်မတိုင်မီ လိင်ဆက်ဆံခြင်းကြောင့် လိင်မှတဆင့် ရော ဂါကူးစက်ခြင်း အပါအဝင် ကျန်းမာရေးအန္တရာယ်များစွာကိုလည်း ဖြစ်ပေါ်စေကြောင်း အမျိုးသမီးအခွင့်အရေးနှင့် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူများက ဆိုကြသည်။

အရွယ်မတိုင်မီကိုယ်ဝန်ဆောင်ခြင်းကြောင့် မိခင်နှင့်ကလေး သေနှုန်းကိုလည်း မြင့်မားစေသည်ဟု ဒေါ်စန္ဒာသန့်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကလေးမီးဖွားသည့်မိခင်သေနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်သည်။

အရွယ်မရောက်မီ (၁၈)နှစ်မပြည့်သေးသည့် အမျိုးသမီးငယ်များ အိမ်ထောင်ပြုခြင်းသည် ကျန်းမာရေးရှုထောင့်၊ စီး ပွားရေးရှုထောင့်နှင့် လူမှုရေးရှုထောင့်တွင် ဆုံးရှုံးမှုများသာ ဖြစ်ပေါ်စေကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှား သူများက ပြောဆိုကြသည်။

ဥပဒေတရပ်ကို ပြုသည့်အခါ အများပြည်သူ၏ ကောင်းကျိုးကိုသာ ရည်ရွယ်ပြီး အကာအကွယ်ပေးရမည် ဖြစ်သ ဖြင့် ဥပဒေတရပ်သည် ပြည်သူအများအတွက် ဆိုးကျိုးဖြစ်နေပါက ပြန်လည်စဉ်းစားပြင်ဆင်သင့်ကြောင်း  ဒေါ်မေ စံပယ်ဖြူက တိုက်တွန်းပြောဆိုလိုက်သည်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် ပြင်ဆင်ချက် (၁၂၉) ချက်ပါဝင်သည့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာဥပဒေမှ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနှင့်ပတ်သက်ပြီး  ပြန်လည်စိစစ်ကာ၊ ပြင်ဆင်ပေးရန် အမျိုးသမီး အခွင့်အရေး ဆောင်ရွက်သူများက တောင်းဆိုလိုက်သည်။

Related Articles