Home ဆောင်းပါး ဇလွန်က ထောင်ဒဏ်နှစ် (၂၀)နောက်ကွယ်

ဇလွန်က ထောင်ဒဏ်နှစ် (၂၀)နောက်ကွယ်

အပြီးသတ်အမိန့်ချမည့်နေ့တွင် ဦးသုန္ဒရအား အချုပ်ခန်းမှ တရားခွင်သို့ ခေါ်ဆောင်လာသည်ကို တရားရုံးပြင်ပမှ တွေ့ရစဉ် (ဓါတ်ပုံ- မယ်လွန်း)

မယ်လွန်း။             ။

“အမျိုးဘာသာသာသနာဖျက်မ၊ ဝိုင်းပြီး share ပေးကြပါ”ဆိုပြီး မိန်းကလေးငယ်တဦးရဲ့ ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဖြန့်မှုတွေ တွေ့ရပါတယ်။

ဒါကတော့ အသက်(၁၂)နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်မှုကြောင့် ဧရာဝတီတိုင်း ဒေသ ကြီး ဇလွန်မြို့နယ်၊ ညောင်အိုင်ရွာက စိတ္တသုက္ခကျောင်း ကျောင်းထိုင်ဘုန်းကြီးတပါးဖြစ်ခဲ့သူ ဦးသုန္ဒရ (ခ) ဦးဟန်စိုးကို ထောင်ဒဏ်အနှစ်(၂၀) တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် မကျေနပ်တဲ့ ရွာခံတဦးက ရေး တင်ခဲ့တာဖြစ်ပါတယ်။ အမိန့်ချပြီး နောက်တရက်ဖြစ်တဲ့ သြဂုတ်လ(၂၅)ရက်နေ့မှာပဲ ဒီလိုသတင်းဖြန့်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

မူရင်းစာတင်သူရဲ့ စာ (post) အောက်မှာတော့ “သူ့လိုလူမျိုး ရွာမှာရှိတာ ရွာနာတယ်” ဆိုတဲ့ ထင်မြင်ချက် တွေကိုလည်း တွေ့ရပါတယ်။ အလားတူပဲ “ကျောင်းထိုင်တပါး ထောင်ကျသွားတော့ အေးချမ်းသွားကြပြီ လော” ဆိုတဲ့စာ (post) ကိုလည်း ညောင်အိုင်ကျေးရွာနဲ့ ဆက်စပ်သူလို့ထင်ရတဲ့ အမျိုးသမီးတဦးက လူမှု ကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။

ဒီလိုဘုန်းကြီးကို ထောက်ခံတဲ့ ရွာသူရွာသားတွေရဲ့ မကျေနပ်မှုတွေက အခုလိုထောင်ဒဏ်အမိန့်ချလိုက်ပြီးမှ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။

မိန်းကလေးငယ်မွေးလာခဲ့တဲ့ကလေး အသက်(၁)နှစ်ခွဲကျော်အကြာမှာ ဒီကလေးဟာ ဘုန်းကြီးနဲ့ဖြစ်ပြီး ရခဲ့ တယ်လို့ ရပ်သိရွာသိဖြစ်ချိန်ကစပြီး ညောင်အိုင်ကျေးရွာမှာ ကျူးလွန်ခံရသူ မိန်းကလေးငယ်ကို ကူညီသူ အချို့နဲ့ ဘုန်းကြီးဖက်က ရပ်သူဆိုပြီး ဘက်နှစ်ဖက် ကွဲသွားခဲ့ကြတာပါ။ အဲဒီထဲမှာ အမျိုးသမီးငယ်ရဲ့ ဆွေ မျိုးအရင်းအချာတွေပါ ဘုန်းကြီးဘက်ကို ရပ်တည်ပြီး အမှုလိုက်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ ကျေးရွာသူရွာသားအများစုကတော့ ဒီအဖြစ်အပျက်ဟာ ကျောင်းထိုင်ဘုန်းကြီးကို ပုဂ္ဂိုလ်ရေးမကျေနပ်မှုနဲ့ အသရေဖျက်လိုတဲ့အတွက် လိမ်လည်စွပ်စွဲခြင်းသာဖြစ်ပြီး ဒါဟာ မမှန်ကန်ဘူးလို့ ယုံကြည်နေကြတာဖြစ် ပါတယ်။

“စွပ်စွဲတဲ့လူနည်းစုရယ်၊ အနောက်က မြှောက်ပေးတဲ့လူတွေရယ်ပဲရှိတယ်၊ ကျန်တဲ့ဟာတွေကတော့ ဘုန်း ကြီးကို ယုံယုံကြည်ကြည်နဲ့ပဲ ခုချိန်ထိ ကိုးကွယ်ကြတယ်” လို့ အမျိုးသမီးငယ်ရဲ့ ဦးလေးအရင်းတော်တဲ့ ဘုန်းကြီးရဲ့အမှုကို လိုက်ပါဆောင်ရွက်သူ လယ်သမား ကိုအောင်ဝင်းက ဆိုပါတယ်။

ရွာအပြင်ဘက်တွင်ရှိသည့် ဦးသုန္ဒရကျောင်းထိုင်ခဲ့သည့် စိတ္တသုက္ခကျောင်းတိုက် (ဓါတ်ပုံ – မယ်လွန်း)

ဒီအမှုကို တိုင်းသံဃာ့နာယက ဆရာတော်ဘုရားကြီးကိုယ်တိုင်ရဲ့ ခွင့်ပြုညွှန်ကြားချက်ရ အရပ်ဘက် တရား ရုံးမှာ ၂၀၁၆ ခုနှစ်က တရားစွဲဆိုခဲ့တာလို့ တရားလိုရှေ့နေက ပြောပါတယ်။ တရားစွဲပြီး လပိုင်းအတွင်းမှာ တရားလို၊ တရားခံတွေရဲ့ သဘောတူညီချက်တွေနဲ့ အင်းစိန် CID မှာ DNA စစ်ချက်ရယူခဲ့ပါတယ်။ DNA တူညီမှုကြောင့် ရဲအင်အား (၅၀)ကျော်နဲ့ ဦးသုန္ဒရကို ဖမ်းဆီးခဲ့ပြီး (၂)နှစ်အတွင်း အခုလို အပြီးသတ် အမိန့် ချမှတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေက ညောင်အိုင်ကျေးရွာသူရွာသားအများစုရဲ့ ဘုန်းကြီး အပေါ် ယုံကြည်ကိုးကွယ်မှုကို မချေဖျက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် တရားရုံးအမှု ပြီးဆုံးခဲ့ပေမယ့်လည်း ညောင်အိုင်ကျေးရွာအတွင်း အုပ်စုနှစ်စုကြား ဆက်ဆံရေးကတော့ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။

DNA စစ်ချက်ကို မယုံကြည်ကြတဲ့ ကိုးကွယ်သူများ

DNA ရလာဒ်ကိုလည်း လက်မခံနိုင်တဲ့အတွက် အခုချိန်ထိ ဘုန်းကြီးဟာ မတရားဖမ်းဆီးထောင်ချခံရတယ် လို့ ရွာသူရွာသားအများစုက ယုံကြည်နေကြပါတယ်။

“ဒီအာပါးစောင်လေးယူရုံနဲ့တော့ ဒီ DNA ကို မှန်မယ်လို့ မယူဆဘူး” လို့ ကျောင်းဂေါပကလူကြီးတဦးဖြစ်သူ ဦးလှအောင်က ပြောပါတယ်။

သူ့ရဲ့ အသိတယောက်ဖြစ်တဲ့ ဆေးကျောင်းပထမနှစ်တက်နေသူ အမျိုးသမီးတဦးရဲ့ ပြောပြချက်ကို အခြေခံ ပြီး DNA ဆိုတာဟာ သုတ်ရည်သုတ်ပိုး၊ အာပါးစောင်၊ အဝတ်အစား၊ ဆံပင်၊ သွေး စတဲ့ စစ်ချက်တွေ အားလုံးတူမှ မှန်ကန်နိုင်တယ်လို့ သိထားကြောင်း ဦးလှအောင်က ဆိုပါတယ်။

အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ် Tufts University ဆေးတက္ကသိုလ်ရဲ့ အဝေးရောက်ပါမောက္ခ တစ်ဦးဖြစ်တဲ့ ဒေါက်တာမြင့်ဦးကတော့ DNA ကို မိခင်(သို့မဟုတ်)ဖခင်ရဲ့ ပါးစောင်ထဲက ကလပ်စည်း တွေကို ပလပ်စတစ်ဂွမ်းတံနဲ့ခြစ်ယူပြီး စစ်ယူရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် DNA စမ်းသပ်မှုဟာ မိခင်ကိုယ်ဝန်ရှိနေစဉ်မှာတောင် မိခင်ရဲ့သွေးကို ဖောက်ယူစမ်းသပ်ပြီး ဖခင်အရင်းကို ရှာဖွေသိရှိနိုင်တယ် လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာစစ်တဲ့ DNA Testing တွေဟာ ၉၉.၉၉ ရာနှုန်း စိတ်ချရမှုရှိပါတယ်။ လူတသောင်းစစ်ရင် တယောက် လွဲမှားခဲလှပါတယ်” လို့ ဒေါက်တာမြင့်ဦးကဆိုပါတယ်။

ရွာသူရွာသားတွေ DNA ရလာဒ်ကိုမယုံကြည်ရတဲ့ နောက်ထပ်အကြောင်းအရင်းတခုကတော့ တရားရုံးကို တင်သွင်းတဲ့ DNA အဖြေစာရွက်မှာ အသေးစိတ်ဆေးစစ်ချက်တွေမပါပဲ “ထင်မြင်ချက်ပေးပို့ခြင်း” ဆိုတဲ့ ပုံစံ စာရွက်တခုတည်း ဖြစ်နေတာကြောင့်ပါပဲ။

တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်မိုးကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ တရားရုံးတွေမှာ ပြဌာန်း ထားတဲ့ ဥပဒေတွေအရ တရားရုံးကို တင်သွင်းတဲ့အခါ ကျွမ်းကျင်ပညာရှင်တွေရဲ့ စစ်ဆေးချက်တွေရဲ့ ပုံစံ တွေ ရှိတယ်လို့ ပြောပါတယ်။

“ဆရာဝန်ဆေးစာပုံစံ၊ ဓာတုဗေဒဝန်ရုံးရဲ့ အကြောင်းပြန်ကြားစာပုံစံ၊ DNA စစ်တဲ့အရာရှိတွေရဲ့ အကြောင်း ပြန်ကြားစာပုံစံဆိုပြီး သူတို့မှာ ပုံစံတွေ ရှိပြီးသား” လို့ သူကပြောပါတယ်။

ဒါပေမဲ့လည်း ဘုန်းကြီးကို ကိုးကွယ်သူ ကျေးရွာသူရွာသားတွေကတော့ ဘုန်းကြီးဟာ ပြစ်မှုကျူးလွန်သူ မဖြစ်နိုင်ဘူးဆိုတဲ့ တထစ်ချယုံကြည်မှုတွေ ပြင်းထန်လွန်းနေဆဲပါ။ ထောင်ဒဏ်ချမှတ်လိုက်ပေမယ့်လည်း ဘုန်းကြီးရဲ့ တရားမျှတမှုအတွက် ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ အမှုလိုက်ပါဆောင်ရွက်သူ ရွာခံတွေက ဆိုပါတယ်။

“မမှန်ကန်ပဲနဲ့ ထောင်ကျရင်လည်း ဦးတို့ကတော့ ရပ်နေလို့တော့မရဘူး။ အမှန်တရားကို ဖော်ထုတ်ရမယ်” လို့ ဘုန်းကြီးဘက်ကနေ အမှုလိုက်ပါကူညီသူ ညောင်အိုင်ကျေးရွာ ဂေါပကလူကြီးတဦးဖြစ်သူ ဦးလှအောင် က အမိန့်မချခင် ရက်ပိုင်းအတွင်း ပြောခဲ့ပါတယ်။

အချို့ရွာခံတွေကတော့ ဘုန်းကြီးဟာ အတိတ်ဘ၀၀ဋ်ကြွေးကြောင့် အခုလို မတရား စွတ်စွဲခံရတာလို့လည်း ထင်မှတ်နေကြပါတယ်။

“သူ့ရဲ့ရေစက်ပေါ့။ ခံရတဲ့ကံပါလာတော့ခံပေါ့။ ဒါပဲရှိတာပဲ” လို့ စိတ္တသုက္ခကျောင်းတိုက်က ဘုန်းကြီးဦး သိရီန္ဒက မိန့်ပါတယ်။

ပုံစံခွက်အတွေးအခေါ်ကပေးတဲ့ သံသယ

DNA စစ်ချက်ကို လက်မခံနိုင်တဲ့အပြင် ဘုန်းကြီးဘက်ကို ထောက်ခံသူများရတဲ့ အခြားအကြောင်းအရင်း တွေလည်း ရှိပါသေးတယ်။

ကောင်မလေးဟာ ကလေးမွေးတဲ့အချိန်အထိ သိသာတဲ့ဗိုက်မပေါ်ခဲ့သလို ကလေးမွေးထားပြီးသား အမျိုး သမီးပုံစံလည်း မပေါက်တာကြောင့် ရွာသူရွာသားအများစုကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။

“သူမွေးတယ်ဆိုတာ နားရှိလို့သာ ကြားရတယ်။ သူဗိုက်ကြီးတာ မတွေ့တော့လည်း မယုံဘူးပေါ့၊ ကောင်မ လေးရဲ့ပုံကလည်း ကလေးတယောက်မွေးထားတဲ့ပုံ မတွေ့ရဘူး” အမျိုးသမီးငယ်ရဲ့ အစ်မဝမ်းကွဲတော်စပ် သူက ဆိုပါတယ်။

တရားရုံးအမိန့်ချနေစဉ်အတွင်း တရားခွင်အခန်းအပြင်ရှိ ညောင်အိုင်ကျေးရွာသူရွာသားများကို တရားရုံးပြင်ပမှ တွေ့ရစဉ် (ဓါတ်ပုံ – မယ်လွန်း)

နောက်ထပ် အကြောင်းအရင်းတခုက သူမရဲ့ ဝတ်စားဆင်ယူမှုပါပဲ။

“ဒီမိန်းကလေးက ရိုးရိုးသားသားတောသူလား၊ ဘယ်လိုဝတ်စားထားလဲဆိုတာ ဒီမှာကြည့်” ဆိုပြီး ဝမ်းကွဲ ညီမတော်စပ်သူတဦးက မိန်းကလေးငယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတဲ့ အလှဓာတ်ပုံတွေကို ပြပြီး ဆိုပါတယ်။

အမှုကို အမိန့်ချတဲ့အချိန် သူမဟာ အနီရောင်ဝမ်းဆက်အင်္ကျီ ဝတ်ဆင်လာတာကြောင့်လည်း ဘုန်းကြီး ထောက်ခံသူ ရွာခံအချို့က ပိုမိုဝေဖန်ခဲ့ကြပါတယ်။

ဒီလို အယူအဆအစွဲတွေကြောင့်ပဲ မိန်းကလေးငယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတဲ့ အလှ ဓာတ်ပုံတွေထဲက ဘောင်းဘီတို၊ စကဒ်၊ ဂါဝန်တွေနဲ့ ရိုက်ထားတဲ့ပုံတွေကိုစုပြီး “အမျိုးဘာသာ သာသနာ ဖျက်မ” ဆိုတဲ့ရွာခံတွေရဲ့ သတင်းဖြန့်ချိမှုတွေဟာ အမိန့်ချပြီး နောက်တရက်မှာပဲ ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဦးသုန္ဒရဟာ ပရဟိတစိတ်ရှိသူလည်းဖြစ်ပြီး ဘုန်းကြီးကျောင်းတိုးတက်အောင်လုပ်တဲ့ ရိုးရိုးအေးအေးဘုန်း ကြီးဖြစ်တယ်လို့သာ ရှုမြင်လက်ခံထားကြတဲ့အတွက် ဒီလိုအမှုစွဲတာဟာ သာသနာကို ထိခိုက်အောင်လုပ် တာလို့ ရွာခံတွေက မှတ်ချက်ချနေကြပါတယ်။

“ဘုန်းကြီးထောင်ကျသွားလို့လည်း သူတို့အတွက် အကျိုးမရှိဘူး။ အကျိုးမရှိတဲ့အလုပ်တွေကိုတော့ ညီမ အားမပေးဘူး” လို့ ရွာခံ အမျိုးသမီးငယ်တဦးက ဆိုပါတယ်။

တရွာလုံးနဲ့ တစု ဘယ်လိုနေကြလဲ

ပြစ်မှုထင်ရှားတဲ့အတွက် တရားခံကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပေမယ့်လည်း ခုချိန်အထိ အဖြေမရှာနိုင်သေးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ရွာခံတွေကြား ရှိနေတဲ့ အမုန်းတရားနဲ့ ဖယ်ကျဉ်ရန်လိုမှုတွေပဲဖြစ်ပါ တယ်။

ဘုန်းကြီးကျောင်းအပါအဝင် တရွာလုံးနီးပါးက ဘုန်းကြီးကို ထောက်ခံသူတွေဖြစ်တဲ့အတွက် မိန်းကလေး ငယ်နဲ့ သူမကို ဝိုင်းဝန်းကူညီသူ ရွာခံတစုကတော့ အမှုစတင်ချိန်ကနေ အခုချိန်ထိ ဘုန်းကြီးကျောင်းလည်း မတက်ရဲကြတော့ပဲ အသိအိမ်မှာသာ ဘာသာရေးလုပ်ဆောင်ကြတယ်လို့ သိရပါတယ်။

“မိန်းကလေးဘက်ကို ပါတဲ့သူတွေကတော့ သူတို့ဘက်ကိုပါတဲ့ ဦးထွန်းကြည်ဆိုတဲ့အိမ်မှာ ဇရပ်သဘော ပေါ့၊ ဥပုဒ်သီလပေးတယ်ပေါ့၊ အခုထိ” လို့ ဘုန်းကြီးကို ထောက်ခံသူ ရွာခံအမျိုးသမီးတဦးက ဆိုပါတယ်။

ခင်ပွန်းဖြစ်သူမှာ အလုပ်အကိုင်မရှိတဲ့အတွက် သူမရဲ့ နေ့စားလုပ်ခနဲ့ စက်ချုပ်အပ်ထည်တွေကနေရတဲ့ ဝင် ငွေနဲ့သာ ရပ်တည်နေရတဲ့ မိန်းကလေးငယ်ရဲ့ မိခင်ကတော့ အမှုစတင်စွဲဆိုပြီးနောက်ပိုင်းမှာ စားဝတ်နေရေး လည်း ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

“မိသားစုတွေကလည်း တယောက်တခြား ပြိုကွဲကုန်ပြီး ပတ်ဝန်းကျင်ကအစ အကုန်လုံး ကိုယ့်ဘက်မှာ လူ အင်အားက နည်းနေတဲ့အခါကျတော့ အလုပ်အကိုင်လည်း ခက်ခဲသွားတယ်။ အရင်လို အပ်ထည်တွေ မရ တော့ဘူး”လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

ဒါတွေအပြင် ရွာသူရွာသားအချင်းချင်း ပြောဆိုဆက်ဆံမှုမရှိကြတော့တဲ့အတွက် စားရေးသောက်ရေး အတွက် ဝယ်ယူစားသောက်ဖို့တောင် ခက်ခဲသွားတယ်လို့ သိရပါတယ်။

 “ရောင်းတဲ့သူတွေရှိပေမယ့် ပိုက်ဆံရှိလည်း မစားရတဲ့အဖြစ်မျိုးပေါ့။ အစ်မတို့ကို တွေ့ရင်လည်း မခေါ်တော့ အစ်မတို့ကလည်း မဝယ်ရဲတော့ဘူးပေါ့” လို့ အမျိုးသမီးငယ်မိခင်က ပြောပြပါတယ်။

သူမတို့အိမ်က ဘုန်းကြီးဘက်ကို ထောက်ခံတဲ့ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ အလယ်မှာရှိနေပြီး နေရခက်ပေ မယ့် သွားစရာနေရာမရှိတဲ့တွက် ကျိတ်မှိတ်နေရတယ်လို့ ဆိုပါတယ်။

အမှုစတင်ချိန်ကနေ အမိန့်ချပြီးတဲ့အချိန်ထိ အချို့ရွာသူရွာသားတွေရဲ့ စောင်းမြောင်းပြောဆိုမှု၊ ဆဲဆိုမှုတွေ လည်း ရှိတယ်လို့ သိရပါတယ်။

“ရွာထဲမှာ တခုခုစီးပွားရေးပျက်တာကအစ၊ သမီးက ဂြိုလ်မွှေလို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောကြတယ်။ သမီးကို လည်း ဆဲကြတယ်”လို့ အမျိုးသမီးငယ်ရဲ့မိခင်ကဆိုပါတယ်။

ဒီလိုဆဲဆိုနေမှုတွေနဲ့ပတ်သက်ပြီး ကျေးရွာဥက္ကကိုတော့ အသိပေးထားတယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီး ငယ်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။

မျှော်လင့်ချက်မဲ့ဆဲ လူမှုရေးဆိုင်ရာ တရားမျှတမှု

တရားခံကို အမိန့်ချမှတ်ပြီးပေမယ့်လည်း ကျူးလွန်ခံရသူ မိန်းကလေးငယ်မိသားစုရဲ့ လက်ရှိကြုံတွေ့နေရ တဲ့ လူမှုရေးဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးတဲ့အခြေအနေမျိုး မြန်မာနိုင်ငံမှာ မရှိသေး ပါဘူး။

“သူတို့ကို စောင့်ရှောက်ဖို့၊ သူတို့ရဲ့ တက်လမ်းအတွက် ဒါမျိုးတွေ ကူညီစောင့်ရှောက်တာကို မတွေ့ရဘူး”လို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်မိုးက ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဥပဒေအရ နစ်နာတယ်ထင်ရင် တရားမကြောင်းအရ နစ်နာကြေးရယူစွဲဆိုနိုင်ပေ မယ့် အတော်များများက မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ တရားခံတွေ ထောင်ကျသွားရင် နစ်နာကြေးအနေနဲ့ တရားလိုတွေဘက်က စွဲဆိုတာမျိုးတွေ သိပ်မတွေ့ရဘူးလို့ သူက ဆက်ပြောပါတယ်။

ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာနဲ့သက်ဆိုင်တဲ့ ကျင့်သုံးမှုတွေနဲ့ ပတ်သက်ဆက်စပ်တဲ့ အကြမ်း ဖက်မှုတွေမှာ ကျားမရေးရာ တန်းတူညီမျှမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရရှိဖို့ ခက်နေဆဲပဲလို့ လူမှုစီးပွားနှင့် ကျားမရေးရာအရင်းအမြစ်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်စန္ဒာသန့်က ဆိုပါတယ်။

“ကျုးလွန်သူကို ကျုးလွန်သူအဖြစ် အစွဲကင်းကင်းနဲ့မြင်ကြဖို့ အရေးယူကြဖို့ပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ယဉ် ကျေးတဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရမှာပဲ”လို့ သူမကပြောပါတယ်။

ဥပဒေကြောင်းဆိုင်ရာ တရားမျှတမှုရရှိဖို့အပြင် လူမှုရေးဆိုင်ရာ တရားမျှတမှုရရှိဖို့အတွက် ရေတိုရေရှည် စီမံကိန်းအနေနဲ့ အစိုးရရော လူမှုအသိုင်းအဝိုင်းကပါ လုပ်ဆောင်ဖို့လိုတယ်လို့ ဒေါ်စန္ဒာသန့်က ထောက်ပြ ပြောဆိုပါတယ်။

“အမျိုးသမီးတယောက်ကို အကြမ်းဖက်တာဟာ သူမတဦးထဲကို ထိခိုက်စေတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်း ကို တိုက်ရိုက်ထိပါးတာပဲ။ နိုင်ငံရဲ့အရေး တမျိုးသားလုံးအရေးအနေနဲ့ ရှုမြင်ရမယ်၊ ကာကွယ်ရမယ်၊ တား ဆီးရမယ်၊ ဖြစ်လာရင် တုံ့ပြန်ဆောင်ရွက်ရမယ်” လို့ ဒေါ်စန္ဒာသန့်က ပြောပါတယ်။

အသက် (၁၂)နှစ်ကျော်အရွယ်မှာ ကျူးလွန်ခံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတွက် သူမအသက် (၁၇)နှစ်ကျော်ချိန်မှာတော့ တရားဥပဒေရဲ့ ကာကွယ်ပေးမှု ရရှိခဲ့ပါပြီ။ အကြမ်းဖက်ခံရမှုကြောင့် ကလေး တယောက်မိခင်ဖြစ်ခဲ့ရတဲ့ သူမကတော့ အမှုပြီးဆုံးသွားပြီဖြစ်လို့ စိတ်ပေါ့ပါးသွားကြောင်းနဲ့ အမိန့်ချပြီး နောက်ပိုင်း သူမရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူမှုကွန်ယက်မှာ သတင်းဖြန့်နေမှုတွေအတွက်လည်း ဆက်ပြီး တရားစွဲဆိုသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

စီးပွားရေးအဆင်မပြေလို့ အဒေါ်အိမ်မှာ အပ်ထားရတဲ့ သူမရဲ့သားလေးကို ပြန်ခေါ်ထားနိုင်ဖို့နဲ့ ကလေးရဲ့ အနာဂတ်အတွက် အလုပ်ကြိုးစားသွားမယ်လို့လည်း မိန်းကလေးငယ်က ပြောပါတယ်။

“ပညာတတ်ကြီးဖြစ်အောင်လို့လည်း စာသင်ပေးမယ်။ သူ့အဖေဘုန်းကြီးလို လူမျိုးမဖြစ်အောင်လို့ပေါ့”

 

Related Articles