ခက်ဆစ်။ ။
“မိန်းမတစ်ယောက်ကို ချစ်ဖို့ဆိုတာက နောက်မှပါ။ အရင်ဆုံး အဲဒီမိန်းမကို လေးစားဖို့ သင်ယူလိုက်ပါဦး”
ဒါကတော့ “သူမကိုလေးစားပါ” ဆိုတဲ့ အမျိုးသမီး(၃)ဦးက ပြောလိုက်တဲ့ တသံတည်းသော စကားပါ။ ဒီအသံတွေကို ကြားခဲ့ရတာကတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ပါဝင်မှုစတဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပါတ်သက်တာတွေကို အနုပညာကတဆင့် အသိပညာပေးလိုက်တဲ့ သူမတို့(၃)ဦးရဲ့ ပါဖောင်းမင့်(တင်ဆက်ခြင်းအနုပညာ) အစီအစဉ်လေးတခုမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပုံဖော်ဖန်တီးလေ့ရှိတဲ့ အနုပညာရှင်(၃)ယောက်ဖြစ်တဲ့မအိ၊ ဇွန်စီနဲ့ ရတနာတို့ ပူးပေါင်းပြီး “သူမကိုလေးစားပါ” ဆိုတဲ့ လှုပ်ရှားမှုတခုကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတေွ မှာ ပထမဆုံးအကြိမ် Performance ပါဖောင်းမင့်တင်ဆက်မှု ပြုလုပ်သွားခဲ့တာပါ။
ပါဖောင်းမင့်ဆိုတာကတော့ တကယ့်လက်တွေ့ဘဝတွေနဲ့ သူတို့ကိုခြားနားထားတဲ့ အကန့်အသတ်တွေကို ဖော်ထုတ်ဖန်တီးရတဲ့ တင်ဆက်ခြင်းအနုပညာတရပ်ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရာဖန်တီးသူဟာ နေရာ၊ အရာဝတ္ထု၊ အချိန်တို့ကိုဖန်တီးသူရဲ့ စိတ်ခံစားမှုနဲ့ ကစားပါတယ်။ တခါတရံမှာ သရုပ်ဖော်မှုကို ဖန်တီးပြုလုပ်သူဟာ လူမှုဝန်းကျင်နဲ့ နိုင်ငံရေးဝါဒတခုခုကိုလည်း လက်ရာနဲ့ပေါင်းစပ်ဖော်ပြလေ့ရှိတယ်လို့ဆိုကြပါတယ်။
Respect Her “သူမကိုလေးစားပါ”ကို စတင်ပုံဖော်သူ“ရတနာ”
“ရတနာ”ကတော့ အမျိုးသမီးပါဖောင်းမင့်အနုပညာရှင်တဦးဖြစ်ပါတယ်။ သူမက New Zero Art Space ရဲ့ ကနဦးအဖွဲ့ ဝင်တဦးလည်းဖြစ်သလို သရုပ်ဖော်ပြပွဲတွေမှာ လုပ်အားပေးအဖြစ် အားတက်သရော ပါဝင်တင်ဆက်နေသူတဦးဆိုရင် လည်း မမှားပါဘူး။ အခမ်းအနားတွေမှာလည်း စီစဉ်ကြီးကြပ်သူအနေနဲ့ ပါဝင်ခဲ့ရသလို “သူမကိုလေးစားပါ”ဆိုတဲ့ လူထုအသိပညာပေးတဲ့ အနုပညာအစီအစဉ်ကို စတင်တွေးမြင်ပုံဖော်လုပ်ဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
လူငယ်အမျိုးသမီးအနုပညာရှင်တယောက်ဖြစ်သလို အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အနုပညာနဲ့ ပုံဖော် တင်ဆက်ပြသနေသူဖြစ်ပါတယ်။ ရတနာဟာ ၂၀၁၁ ခုနှစ်မှာ ပါဖောင်းမင့်အနုပညာရှင်တယောက်အနေနဲ့ စတင်ရပ်တည်လာသူဖြစ်ပြီး ပန်းချီဆရာမတဦးလည်းဖြစ်ပါတယ်။
သူမဟာ အမျိုးသမီးတယောက်ရဲ့ ကွယ်ဝှက်ထားရတဲ့ခံစားချက်တွေ၊ မြန်မာ့လူမှုဝန်းကျင်က အမျိုးသမီးတွေအပေါ် လွှမ်းမိုးထားတဲ့ စံသတ်မှတ်ချက်တွေကနေ ဖောက်ထွက်ချင်သူတယောက်ပါ။ မဟာဗန္ဓုလပန်းခြံမှာ ၂၀၁၈ ခုနှစ်၊ မတ်လ(၈)ရက်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က ပြုလုပ်ခဲ့တဲ့ “သူမကိုလေးစားပါ”ဆိုတဲ့ လှုပ်ရှားမှုနဲ့ပါတ်သက်လို့ ရတနာက အခု လိုပြောပါတယ်။
“အဓိကက ပညာရေးရယ် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍရယ်ပေါ့။ ဘွဲ့ဝတ်စုံနဲ့ အမျိုးသမီးတယောက်က ပန်ကန်ဆေးရတဲ့ဘဝက မတက်ဘူးပေါ့။ အမျိုးသမီးတယောက်ကို မြင်လိုက်တာနဲ့ အိုးခွက်ပန်းကန်တွေနဲ့ တွဲမြင်ကြတယ်။ အမျိုးသားတယောက်ဆိုရင်တော့ မိဘအနေနဲ့ပဲ စဉ်းစားဦး၊ ပိုပြီးတော့ ရည်မှန်းချက်မြင့်မြင့်ထားကြတယ်။ အမျိုးသမီးတယောက်ဆိုရင် အရင်က ပြောနေကျစကားတောင် ရှိသေးတယ်လေ။ မိန်းကလေးပဲ စာတွေသိပ်လုပ်မနေပါနဲ့၊ အချိန်တန်ရင် ယောက်ျားယူပြီး မီးဖိုချောင်ဝင်ရမှာပဲဆိုတဲ့အစွဲတွေက မပျောက်သေးပါဘူး။ အခုထိ ထင်သာမြင်သာနဲ့ ကြုံနေရတုန်းဆို တာကိုပြချင်တာပါ”
အရင်ကတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ဂီတအနုပညာနဲ့တင်ဆက်တဲ့ပွဲတွေ စီစဉ်ပြီး ဂုဏ်ပြုလှုံ့ဆော်ကြပေမယ့် အခု ၂၀၁၈ ခုနှစ်မှာတော့ ထူးထူးခြားခြား ပါဖောင်းမင့်အနုပညာတင်ဆက်မှုကို ထည့်သွင်းလာကြတာဖြစ်ပါတယ်။
ပါဖောင်းမင့်အနုပညာတင်ဆက်မှုဟာ သရုပ်ပြတင်ဆက်ရတာမျိုးဖြစ်တာကြောင့် ကြည့်ရတဲ့သူတွေအနေနဲ့ ဇာတ်လမ်း တခုကို ကြည့်ရှုရသလို အမြင်ကနေတဆင့် အသိစိတ်ထဲ၊ အတွေးထဲကို ပိုမိုရောက်ရှိသွားနိုင်သလို ပြည်သူလူထုပါ ပူးပေါင်းပါဝင်ရတဲ့အတွက် ဒီလိုအသိပညာပေးမှုဟာ ပိုမိုထိရောက်တယ်လို့လည်း ဆိုနိုင်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက ရပ်တန့်မသွားပဲ ပိုလို့တောင် ဖြစ်ပွားနေတာကြောင့် “သူမကိုလေးစားပါ” ဆိုတဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့အခက်အခဲတွေ၊ ပြဿနာတွေနဲ့ပတ်သက်ပြီး လူထုကို အသိပညာပေးတဲ့ အစီအစဉ်တွေနဲ့အတူ ပါဖောင်းမင့်အနုပညာတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်လို့ “ရတနာ”ကဆိုပါတယ်။
လူငယ်အမျိုးသမီးတွေနဲ့ပါတ်သက်ပြီးတော့လည်း “ရတနာ”က သူမရဲ့အမြင်နဲ့ သူမဆန္ဒကို အခုလိုပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက အမျိုးသမီးတွေက အရမ်းရိုးသားတယ်။ ဘာသာရေးတို့ လူမှုအသိုင်းအဝန်းတို့က သူတို့ကို ထိန်းချုပ်ထားတယ်။ အရမ်းယဉ်ကျေးသိမ်မွေ့ကြတယ်။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်။ အရမ်းတော်တဲ့ ထက်တဲ့အမျိုးသမီးတွေလည်း အများကြီးပါ။ ဒါပေမယ့် တခါတလေကျရင် အဲဒီလို ရိုးသားတဲ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေလည်း ြဖစ်စေချင်တယ်”
“အမျိုးသားတွေ ကိုယ့်တာဝန်ကိုယ်ကျေပါ” ဆိုတဲ့ “ဇွန်စီ”
ဇွန်စီဟာ ခေတ်ပြိုင်အနုပညာရှင်တဦးဖြစ်ပြီး အမျိုးသမီး ပါဖောင်းမင့်အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျုိး(၇)ဦးပါဝင်တဲ့ စုံလင်ကွဲပြားသော လူငယ်အနုပညာရှင်များပလက်ဖောင်းကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလုပ်ရင်း တချိန်က သတင်းထောက်အလုပ်ကိုလည်း လုပ်ကိုင်ခဲ့တာကြောင့် လူအများနဲ့ ထိတွေ့မှုတွေ ရရှိခဲ့ပြီး မတူညီတဲ့ဘဝဇာတ်လမ်းများစွာကို သိရှိခံစားမိသူလည်း ဖြစ်ပါတယ်။
ဇွန်စီခံစားဖန်တီးခဲ့တဲ့ လက်ရာတွေကတော့ စစ်ပွဲတွေကြားထဲက အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနဲ့ အမျိုးသားတို့အကြား ခွဲခြားဖိနှိပ်ထားမှု စတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။
“၂၀၁၅ မှာ ကျမကို တုန်လှုပ်သွားစေတာက ကချင်ဆရာမလေးနှစ်ယောက် အသတ်ခံခဲ့ရတာပေါ့။ စစ်ပွဲအတွင်းမှာ မိန်းကလေးတွေအပေါ် အကြမ်းဖက်တယ်ဆိုတာကို အဲဒီမှာ စပြီးတော့ အရမ်းစိတ်ဝင်စားသွားတယ်။ အမျိုးသမီး အခွင့်အရေးဆိုတာတွေကတော့ ပြောနေကြတဲ့သူတွေလည်း အများကြီးရှိနေတော့ ကိုယ်က မတူတဲ့အမြင်တေွနဲ့ လုပ်ပြချင်တာ ပေါ့။ တရားခံဘယ်သူလဲဆိုတဲ့မေးခွန်းနဲ့ စစ်ခါးပတ်တွေရယ်၊ အတွင်းခံဘောင်းဘီတွေရယ်၊ အဲဒါတွေ တခုချင်းစီ ထုတ်ပြီး တော့……. အဲဒီတုန်းက စိတ်ခံစားမှုကလည်း အရမ်းများတော့ ငိုလည်းငိုမိတယ်”
ဇွန်စီဟာ လွန်ခဲ့တဲ့(၂)နှစ်လောက်မှာ အိမ်ထောင်ကျပြီး အခုဆိုရင် သမီးလေးတယောက်လည်းရှိနေတာကြောင့်အိမ်ရှင်မတပိုင်း အနုပညာရှင်တပိုင်းဘဝနဲ့ ရပ်တည်နေပါတယ်။ သူမရဲ့ခံယူချက်ကတော့ လူတယောက်ဖြစ်လာရင် ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတာပါပဲ။
“မင်းတာဝန် မင်းဘယ်လောက်ယူသလဲဆိုတာ ဒီမိုကရေစီပဲ။ အဓိကပြောချင်တာက ယောကျ်ားတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေပါ။ အဲဒီမှာ ဘာလိုလဲဆိုတော့ လေးစားမှုလိုတယ်။ ငါသူ့ကိုလေးစားတယ်။ ငါဝတ်ထားတဲ့ အဝတ် ကိုသူလျှော်ပေးရင်တောင်မှ အဝတ်ခြင်းထဲကို ဒီအဝတ်ရောက်အောင် ငါထားမယ်။ တချို့ဆို လူလည်ကျတယ်။ နင်ချစ်တဲ့ သူကိုတောင် နင်မလုပ်ပေးချင်ဘူးလားဆိုပြီးတော့..။ လူတွေက စီဒေါတို့ဘာတို့အဝေးကြီးတွေ လျှောက်ပြောနေကြတယ်။ဒါပေမယ့် အဲဒါတွေက မိန်းမတယောက်ရဲ့ ရင်ထဲကို ဘယ်လောက်ရောက်သလဲပေါ့။ လက်တွေ့မှာက ဒီလိုဖြစ်နေတယ်”
ဒါတွေဟာ မြန်မာ့အသိုင်းအဝိုင်းနဲ့ အာရှမှာသာမက တိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာပါ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေပါ။ အမျိုးသမီးတွေ နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ကြဖို့၊ ကိုတာစနစ်တွေ သတ်မှတ်ပေးဖို့၊ ပြောဆို ဆောင်ရွက်လာကြပေမယ့် ထက်မြက်လှပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင်မှ အိမ်ထောင်ကျပြီးရင် ကိုယ့်အရည်အချင်းတွေကို မီးဖိုချောင်ထဲမှာသာ ပိတ်လှောင်ထားရတာပါလို့ သူမက ဆိုပါတယ်။
ဒါ့အပြင် အိမ်ထောင်တခုမှာ ခင်ပွန်းဖြစ်သူကို ထိန်းကျောင်းပေးဖို့ကလည်း အမျိုးသမီးတွေရဲ့တာဝန်ဖြစ်နေတာကြောင့် အမျိုးသားတွေဟာ ဒီမိုကရေစီမဆန်ဘူးလို့ သူမက သုံးသပ်ပါတယ်။
“ခင်ပွန်းတွေအများစုက ဒီမိုကရေစီမကျဘူး။ ကိုယ့်တာဝန်ကိုယ် မယူဘူးဆိုတာ အရမ်းသိသာနေတယ်။ ဒါပေမယ့် သူတို့က ကိုယ့်တာဝန်ကိုယ် မယူထားမှန်းလည်း မသိဘူး။ ယောကျာ်းဆိုတာ ပိုက်ဆံရှာမယ်။ အရက်သောက်မယ်။ အပြင်သွားမယ်။ အပမ်းဖြေမယ်။ အဲဒီယောကျာ်းကို ကောင်းအောင်လုပ်ဖို့က မိန်းမတွေရဲ့တာဝန်ဖြစ်နေတယ်။ ယောကျာ်းက သူ့ကိုယ်သူ မတည်ဆောက်ပဲနဲ့ မိန်းမတွေက ဘာလို့သူ့ကို တစစီလိုက်ကောက်ပြီးမှ တည်ဆောက်ပေးရမှာလဲ။ ပြောချင်တာက သူ့ဘဝကိုယ့်ဘဝ၊ သူ့လမ်းကြောင်း၊ ကိုယ့်လမ်းကြောင်း၊ လေးစားပြီးတော့မှ သူ့တာဝန်ကိုယ့်တာဝန်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုးဖြစ်သင့်တာ မဟုတ်လား”
အမျိုးသမီးတွေဟာ မိမိကိုယ်ကို တာဝန်ယူရသလို အိမ်ထောင်မှုတာဝန်၊ သားသမီးတာဝန်တွေကိုလည်း ထမ်းဆောင်နေရတဲ့အပြင် ခင်ပွန်းသည်အမျိုးသားရဲ့ တာဝန်ကိုပါ ခွဲဝေယူနေရတာကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကိုလေး စားတန်ဖိုးထားစေလိုတယ်လို့ ဇွန်စီက တိုက်တွန်းပြောဆိုလိုက်တာြဖစ်ပါတယ်။
အမျိုးသမီးတွေကို အိမ်ရဲ့ကျေးကျွန်မဖြစ်စေလိုတဲ့ “မအိ”
“မိန်းကလေးတွေက ဘယ်လောက်ပဲ ပညာတတ်တတ်၊ နောက်ဆုံးတော့ အိမ်ရဲ့ကျေးကျွန်ပဲ ဖြစ်သွားကြတယ်”
ဒါကတော့ မအိရဲ့ရင်ဖွင့်သံပါ။
မအိကတော့ ၂၀၀၈ ခုနှစ်ကတည်းက ပါဖောင်းမင့်အနုပညာရှင်တယောက်အေနနဲ့ ရပ်တည်ခဲ့သူတယောက်ပါ။ သူမ လည်း New Zero Art Space ရဲ့ကနဦးအဖွဲ့ဝင်တဦးဖြစ်ပါတယ်။ နိုင်ငံတကာ performance art ပွဲအများစုမှာလည်း တင်ဆက်ပြသခဲ့သလို ၂၀၁၅ ခုနှစ်မှာ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ ‘Period’ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဖော်ပြပွဲမှာသူမရဲ့ပါဖောင်းမင့်အနုပညာပြသမှုတွေဟာ ပရိသတ်ရဲ့အားပေးမှု ရရှိခဲ့သလို ရှေးရိုးစွဲလူမှုပတ်ဝန်းကျင်ကြား ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။
မအိဟာ ထားဝယ်မြို့ကနေ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ၊ ပါဖောင်းမင့်အနုပညာ တင် ဆက်တာ၊ စတဲ့အနုပညာနယ်ပယ်မှာ ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်မိသားစုတွေမှာ အမျိုးသမီးတွေကို ရိုက်နှက်နှိပ်စက်တာ၊ အိမ်ထောင်စုတခုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မီးဖိုချောင်ထဲမှာပဲ အဆုံးသတ်စေတာ၊ ဒါတွေကို တွန်းလှန်ချင်တဲ့ဆန္ဒက သူမရဲ့ မသိစိတ်မှာ ကိန်း အောင်းနေခဲ့ပါတယ်။
သူမခံယူထားတဲ့အနုပညာကတော့ အမျိုးသမီးရေးလုပ်တယ်ဆိုတာထက် ကိုယ်ပိုင်ခံစားချက်ကို ဖော်ထုတ်ရာကနေ အမျိုးသမီးတွေရဲ့ခံစားချက်ကို အနုပညာနဲ့ကိုယ်စားပြုသူဖြစ်လာခဲ့တာပါလို့ဆိုပါတယ်။
“တမင်ရည်ရွယ်ပြီးတော့ လုပ်ခဲ့တာမဟုတ်ဘူး။ အနုပညာလက်ရာဆိုတာက ကျမအတွက် ပထမအရေးကြီးဆုံးက ကိုယ့်ရင်ထဲက ထွက်လာတဲ့ အစစ်အမှန်ဖြစ်ဖို့။ ကိုယ်ဘာပြောချင်လဲဆိုတာကို ပြဖို့ပေါ့နော်။ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိလာတာက ကိုယ်ဘာပြောချင်သလဲဆိုတာ သေချာတွေးပြီး အဲဒါကို ပြောရင်းပြောရင်းနဲ့ ဒီဘက်ကို ရောက်လာတာပေါ့နော်”
မအိဟာ နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ပါဖောင်းမင့်(၂)ခုကို ပြုလုပ်ခဲ့ပြီး ပထမတခုဖြစ်တဲ့ မြေနီကုန်းတံတားအောက်က ရတနာနဲ့တွဲပြီး ပြုလုပ်ခဲ့တာကတော့ အိမ်တွင်းအကြမ်းဖက်ကို အခြေခံပြီး အမျိုးသမီးတယောက်ကို အမျိုးသားတယောက်က ရိုက်နှက်နှိပ်စက်တာကို ပြသခဲ့ပါတယ်။ လာရောက်ကြည့်ရှုကြသူတွေကိုလည်း နှိပ်စက်တဲ့ အမျိုးသားကို ဘယ်လိုမြင်သလဲ၊ အမျိုးသမီးကို ဘယ်လိုမြင်သလဲ စတဲ့ အသိအမြင်တွေကို ဖလှယ်ခွင့်ရရှိခဲ့ပါတယ်။
နောက်ထပ်ပါဖောင်းမင့်တခုကတော့ ဘွဲ့ဝတ်စုံတွေကြားက မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသမီး တ ယောက်ရဲ့ပုံရိပ်နဲ့ အမျိုးသမီးတွေရဲ့လက်တွေ့ဘဝကို ထင်ဟပ်ပြခဲ့တာဖြစ်ပါတယ်။
“မိန်းမတွေက ပညာတတ်လည်း အိမ်မှာဆိုရင် အိမ်ရှင်မပဲပေါ့နော်။ ပညာတွေဘယ်လောက်တတ်တတ်၊ ဘယ်လောက်နားလည်ပေးတဲ့ယောကျာ်းပဲဖြစ်ဖြစ်၊ သူတို့က မီးဖိုချောင်ထဲကိုပဲ အမျိုးသမီးတွေကို တွန်းပို့ကြတယ်။ ဒါဘာလို့ဖြစ်တာလဲဆိုတော့ သူတို့ကို တသက်လုံးသူတို့မိဘတွေက ယောကျာ်းလေးတွေဟာ အိမ်မှုကိစ္စ လုပ်စရာမလိုဘူးဆို ပြီးတော့ အမေတွေ၊ အစ်မတွေ၊ ကိုယ်တိုင်ကလည်း မခိုင်းခဲ့လို့ သူတို့မလုပ်တတ်တာပေါ့နော်။ နောက်ဆုံးတော့ ကိုယ်ပဲ ဇနီးသည်တွေပဲ ခံရတယ်။ ဆိုတော့ ပညာတွေဘယ်လောက်ပဲတတ်တတ် မိန်းမဆိုတာ နောက်ဆုံးတော့ အဲဒီလို အိမ်ရဲ့ကျေးကျွန်ပဲဖြစ် သွားရတယ် ဆိုတာလေးပေါ့။ လူတွေတော့ မြင်မယ်ထင်တာပဲ”
အခုလို အမျိုးသမီးတွေဟာ မီးဖိုချောင်အလုပ်နဲ့ပဲ သက်ဆိုင်တာလားဆိုတဲ့ ပါဖောင်းမင့်ကိုတော့ လာရောက်ကြည့်ရှုသူ တွေက ထူးထူးခြားခြားတုန့်ပြန်တာမျိုး မရှိခဲ့ပါဘူး။
“မဟာဗန္ဓုလပန်းခြံမှာလုပ်တာကျတော့ ဘာမှတော့မတုန့်ပြန်ကြဘူး။ ဒါပေမယ့် သူတို့အမြင်ကပ်မှာ သိတယ်။ ဒါနင်တို့လုပ်ရမယ့်အလုပ်ပဲ။ အဲဒါမလုပ်ချင်လို့ ဘာလုပ်ရမှာလဲဆိုပြီး အဲဒီလိုပြောကြမှာလေ။ တကယ်တော့ အဲဒီနေ့က ထူးဆန်းလို့သာ ရပ်ကြည့်နေကြတာ။ တကယ်တမ်းပြောပါဆိုရင် ယောကျာ်းလေးတွေကတော့ သဘောတူမှာမဟုတ်ဘူးလို့ ထင်နေတယ်။ နှိပ်စက်တာကျတော့ မကောင်းဘူးဆိုတာ သူတို့သိကြတယ်။ အားပေးကြတယ်။ လက်ခံတယ်။ ပါဝင်တယ်။ကိုယ့်အခွင့်အရေးကို တိုက်ယူတဲ့ ဒီလိုသရုပ်ဖော်မှုကိုကြည့်ပြီးတော့ သူတို့ငြိမ်နေကြတယ်”
သူမတို့(၃)ယောက်ရဲ့ ဖွင့်ဟပြောဆိုတာတွေကိုကြည့်ရင် ရှေးယခင်က အပြင်ထွက်စီးပွားရှာတဲ့ အလုပ်ဟာ အမျိုးသားတွေရဲ့ တာဝန်ဝတရားသာဖြစ်ပြီး အမျိုးသမီးတွေကတော့ အိမ်ထောင်တာဝန်တွေဖြစ်တဲ့ မီးဖိုချောင်ကိစနဲ့ သားသမီးတွေကို ထိန်းကျောင်းပေးရမယ့်တာဝန်သာရှိပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ဇနီးသည်တွေဟာ ခင်ပွန်းသည်တွေနဲ့တန်းတူ အပြင်ထွက်စီးပွားရှာရင်း မိသားစုရဲ့လိုအပ်ချက်ကို တထောင့်တနေရာကနေ ဖြည့်ဆည်းပေးနေရပြီး တဖက်မှာလည်း အိမ်မှုတာဝန်တွေကို မဖြစ်မနေ ထမ်း ဆောင်နေရပါသေးတယ်။
တာဝန်တွေ၊ ဝတ္တရားတွေ၊ ပိုမိုများပြားလာတဲ့ အမျိုးသမီးတွေကို ပံ့ပိုးပေးဖို့ အဓိကကျတဲ့ အချက်ကတော့ အ မျိုးသားတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ လိုအပ်နေခြင်းဖြစ်ြပီး မိသားစုထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့စနစ်ကို စတင်ကျင့်သုံးဖို့ပဲဖြစ်ပါတယ်။
မတူညီတဲ့နေရာဒေသတွေကနေ လာရောက်ကြတဲ့ ပါဖောင်းမင့်အနုပညာရှင် သူမတို့(၃)ယောက်ရဲ့ တူညီတဲ့ ခံစားချက်ဖြစ်တဲ့ “သူမကိုလေးစားပါ” ဆိုတဲ့ အမျိုးသမီးတွေကို တန်ဖိုးထားလေးစားဖို့ သင်းပျံ့လာတဲ့ သတင်းစကား လေးကတော့ အမျိုးသမီးတိုင်းရဲ့ ခံစားချက်နဲ့ ထပ်တူကျနေမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021