Home ဆောင်းပါး ဇွန် (၉) တကျော့ပြန် ကချင်စစ်ပွဲ (၇)နှစ်ပြည့်အထိမ်းအမှတ် ကချင်အမျိုးသမီးခေါင်းဆောင်များ၊ စစ်ဘေးရှောင်များရဲ့ “စစ်ပွဲရပ်” သဘောထားအမြင်များ

ဇွန် (၉) တကျော့ပြန် ကချင်စစ်ပွဲ (၇)နှစ်ပြည့်အထိမ်းအမှတ် ကချင်အမျိုးသမီးခေါင်းဆောင်များ၊ စစ်ဘေးရှောင်များရဲ့ “စစ်ပွဲရပ်” သဘောထားအမြင်များ

Photo: Daw Nang Phyu Phyu Lin’s Facebook

မလိခ။               ။

၂၀၁၁ ခုနှစ်က ဇွန်လ(၉)ရက်နေ့မှ စတင်ပြီး တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တကျော့ ပြန်စစ်ပွဲတွေ ဖြစ်ပွားခဲ့တာ ဒီလမှာဆိုရင် (၇)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ စစ်ပွဲကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် (၁၂၀၀၀၀) ကျော်ရှိနေခဲ့ရာမှ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒေသခံစစ်ဘေးရှောင် နောက်ထပ် (၅၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြန်ပါတယ်။ ဇွန်လ (၉) ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရန်ကုန်မြို့တွေ အပြင် တခြားမြို့တွေမှာလည်း ဆုတောင်းပွဲ အခမ်းအနားတွေ ပြုလုပ်ဖို့စီစဉ်ထားရာမှာ အချို့နေရာတွေမှာ ပြုလုပ်ခွင့်မရရှိခဲ့ဘူး လို့ လည်းသိရပါတယ်။

စစ်ပွဲကြောင့် အမျိုးသမီးနဲ့ကလေးတွေ ပိုမိုဒုက္ခရောက်နေကြရတဲ့အပေါ် စစ်ပွဲများရပ်တန့်ရေးအတွက် ကချင်အမျိုးသမီး ခေါင်းဆောင်တွေ၊ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေ၊ ကချင်တရားလွတ်တော်ရှေ့နေတွေနဲ့ ကချင်လူငယ်အမျိုးသမီး ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားများကို တင်ပြလိုက်ပါတယ်။

ဒေါ်ဒွဲဘူ

ဒေါ်ဒွဲဘူတရားလွတ်တော်ရှေ့နေ (အင်ဂျန်းယန်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

တိုက်ပွဲတွေဖြစ်နေတာက လုံးဝ မကောင်းဘူး။ ဖြေရှင်းလို့မရတဲ့ ပြဿနာလည်း မဟုတ်ဘူး။ တိုက်ပွဲတွေရပ်ဖို့ လက်နက် ကိုင်အဖွဲ့တွေ အကုန်ပါဝင်ချုပ်ငြိမ်းမှဖြစ်မယ်။ တပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်ရောပေါ့။ တိုင်းပြည် တပြည် မှာ တပ်မတော်ဆိုတာ ရှိသင့်တာဘဲ။ ဒါပေမဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းအောင်လုပ်နိုင်ဖို့ လိုတာပေါ့။ အဲဒီတော့ ပြည်တွင်း စစ်ကို လိုလားနေတဲ့သူတွေအားလုံးက ဒါကို အမြန်ဆုံးချုပ်ငြိမ်းအောင်လုပ်ဖို့လိုတယ်။ စစ်ကို  ဘယ်သူမှမလိုလားဘူး။ တိုက်နေရတဲ့သူတွေက ပိုပြီးမလိုလားဘူးလို့တော့ ပြောတာဘဲ။ ဒါပေမဲ့ ပြောတာနဲ့ လက်တွေ့က အရမ်းကွာခြားနေတဲ့ အခါကျတော့ ဒီနေရာမှာ ခေါင်းဆောင်တွေက ပိုအရေးကြီးပါတယ်။ အောက်မှာတိုက်နေတဲ့သူတွေက တပ်မတော်ရော၊ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး အပေါ်က အထက်အမိန့်အရ တိုက်ရတာဘဲလေ။

ဒီတော့ ပြည်တွင်းစစ်မှာ နှစ်ဖက်ခေါင်းဆောင်တွေကို အဓိက ပြောချင်ပါတယ်။ ဒီပြည်တွင်းစစ်ကို အမြန်ဆုံးချုပ်ငြိမ်း အောင်လုပ်ဖို့ တာဝန်အရှိဆုံးက လက်နက်ကိုင်တွေ၊ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ခေါင်းဆောင် တွေသာ အဓိကဖြစ်ပါတယ်။ နောက်တခုကတော့ လက်နက်ကိုင်မှာ အင်အားကြီးသူနဲ့ အင်အားငယ်သူပေါ့နော်။ အင်အား ကြီးသူက ဘယ်သူလဲ၊ အင်အားငယ်သူက ဘယ်သူလဲ အားလုံးသိပါတယ်။ လက်ရှိ တပ်မတော်က မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးပေါ့။ ပြီးလို့ရှိရင် သူတို့က အစိုးရရဲ့ တပ်မတော်ဖြစ်တယ်။ အစိုးရတပ်မတော်ဖြစ်တယ်ဆိုတဲ့အခါကျ တော့ တပ်မတော်အနေနဲ့ ဒါသူတို့ကို တိုက်ပွဲမဖြစ်အောင် ရပ်စဲဖို့ ပြောရမယ်။ အဲတော့ အစိုးရ တရပ်အောက် မှာဘဲ အခု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း အစိုးရရပ်ဆိုရင် ရပ်မယ်ဆိုပြီး ပြောတယ်ဆိုတော့ အာဏာရ အစိုးရမှာလည်း မူတည်တယ်။ နံပါတ်(၁)က ပြည်တွင်းစစ်ကို အမှန်တကယ် ရပ်စဲချင်တဲ့ ခေါင်းဆောင်တွေ ဖြစ်ဖို့လိုတယ်။ နံပါတ်(၂) က တိုင်းပြည်ရဲ့ အစိုးရ လုပ်နေတဲ့ နိုင်ငံတော် အကြီးအကဲပေါ့။ ဘာကြောင့်မလို့ နိုင်ငံတော် အကြီးအကဲကို နံပါတ်(၁)မှာ မထားသလဲဆိုလို့ရှိရင် ဘာဘဲပြောပြော နိုင်ငံတော်အကြီးအကဲက ဘယ်လောက်ပြောပြော လက်နက်ကိုင်တဲ့ ခေါင်း ဆောင်တွေ နားမထောင်ရင် ဘာမှ ဖြစ်မလာဘူး။ ခေတ်အဆက်ဆက်မှာ အကုန်လုံးက တိုက်ပွဲရပ်ဖို့ ပြောတာဘဲ။ ဒါပေမဲ့ လက်နက်ကိုင်တဲ့ ခေါင်းဆောင်တွေ နားမထောင်တဲ့အတွက် အခုလိုမျိုး ဖြစ်နေတာပေါ့နော်။ အဲဒီတော့ နံပါတ်(၁)က လက်နက်ကိုင်ခေါင်းဆောင်တွေ အရေးကြီးပါတယ်။ နံပါတ်(၂)က နိုင်ငံတော် သမ္မတကလည်း တိုက်ပွဲရပ်စဲဖို့အတွက် ပြော ရမှာဖြစ်တယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း နိုင်ငံတော်အစိုးရမှာ ပါပြီဘဲလေ။ နိုင်ငံတော် အစိုးရတိုင်းက ဒီဟာကို လုပ်ခဲ့ တယ်။ ဒါပေမဲ့ မဖြစ်ဘူး။ အဲဒါ အဓိကက လက်နက်ကိုင်နေတဲ့ခေါင်းဆောင်တွေ သူတို့က အရေးကြီးဆုံးပါဘဲ။

Daw Zနန်ရော်

ဒေါ်Zနန်ရော် – (ငြိမ်းဖောင်ဒေးရှင်းမူဝါဒနှင့် မဟာဗျူဟာ ဒါရိုက်တာ)

စစ်က လူ့အသက်တွေကိုသာမက မသေဘဲ ကျန်နေသူတွေရဲ့ “ဘဝ” တွေကိုပါ သတ်တယ်။ စစ်က လူမှုစီးပွားဘဝတွေကို နောက်ပြန်ဆုတ်စေတယ်။ ဖျက်ဆီးပစ်တယ်။ စစ်က လူတွေရဲ့ လူသားဆန်မှုတွေကို ပျက်သုန်းစေတယ်။ မိမိကိုယ်ကိုရော တခြားလူတွေအပေါ်ကိုပါ ယုံကြည်မှုကင်းမဲ့စေတယ်။ စစ်က လူသားဂုဏ်သိက္ခာကို အောက်ဆုံးထိရောက်အောင် ဆွဲချ ပစ်လိုက်တယ်။ စစ်ကြောင့် ဒုက္ခိတဖြစ်ကြသူတွေ၊ စစ်ကြောင့် စစ်ဘေးရှောင်ဘဝကို ရောက်ကြရတဲ့လူတွေ ဒီလိုဘဝမျိုုးမှာ ဘယ်နေချင်ကြမှာလဲ။ ကိုယ့်အိမ်မှာ မိမိကျွမ်းကျင်ရာ လုပ်ကိုင်စားသောက်ပြီး သိက္ခာရှိရှိနေထိုင်ခဲ့ရတဲ့ လူတွေရဲ့ ပုံမှန် ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေတယ်။ လူ့သိက္ခာတွေကို တဝမ်းတခါးအတွက် မိသားစုအတွက် “ရင်း” လိုက်ဖို့တွန်းပို့ ခံကြရတယ်။ စစ်က အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပိုပြီး ရက်စက်တယ်။ ပိုပြီးချိနဲ့သွားစေတယ်။ စစ်က မတူတဲ့ လူမျိုး၊ ဘာသာအုပ်စုတွေအကြား အားပြိုင်မှု၊ အာဃာတ၊ သံသယ၊ အသာစီးလိုမှု၊ ပြီးတော့ အမုန်းတရားတွေ တိုးလာစေပြီး သည်းခံခြင်း၊ လက်ခံခြင်း၊ အနစ်နာခံခြင်း၊ နားလည်စာနာမှု၊ ကြင်နာမှု၊ မေတ္တာတရား အစရှိတဲ့လူတို့ရဲ့ ထူးခြားကောင်းဖြတ်မှုတို့ကို ခေါင်းပါးသွားစေတယ်။ စစ်က တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေကောင်းတွေကို ဖျက်ဆီးပစ် လိုက်သလို၊ အနာဂတ်လမ်းခရီးကိုလဲ ယိမ်းယိုင်ဖင့်နွဲ့စေသည်သာမက ပျောက်သွားစေနိုင်တယ်။ စစ်က ဒီမိုကရေစီ နည်း ကျ အုပ်ချုပ်ရေး ရှေ့မတိုးနိုင်အောင် ဆွဲထားတယ်။ စစ်ဖြစ်နေချိန်မှာ လက်နက်ကိုင်ထားသူတွေရဲ့ အသံပိုကျယ်စမြဲ၊ အထက်မှာ ဖော်ပြထားသလို စစ်ကြောင့် အလဟဿဖြစ် ပျက်စီးသွားရတဲ့ စိတ်ဓါတ်တွေ၊ အခြေအနေကနေ နလံပြန်ထူ နိုင်ဖို့ ဆယ်စုနှစ်ချီပြီး ပြန်တည်ဆောက်ယူဖို့လိုတယ်။ ငွေ၊ အချိန်၊ ဘဝတွေကို တိုးတက်ဖို့ မဟုတ်ပဲ ပြန်လည်တည် ဆောက်ဖို့အကုန်ခံရတယ်။

တပ်မတော်က တနိုင်ငံလုံး အပစ်ရပ်ကြေငြာပါ။ တပ်မတော်က တကယ်ပဲ အစိုးရကို နာခံတယ်ဆိုရင် ဝမ်းသာရမှာပါ။ ဒါ ပေမဲ့ လက်တွေ့ပြပါ။ “ဥပဒေနဲ့အညီ ညွန်ကြားချက်” ဆိုတာကို အစိုးရကတော့ သိရင်သိပါလိမ့်မယ်။ ပြည်သူကိုလည်း ချပြ ပါ။ တပ်မတော်အနေနဲ့ ပြည်ပရန်ကို တွန်းလှန်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတယ်လို့ နားလည်ထားတဲ့တပ်တွေကို မူလနေရာကို အမြန်ဆုံး ပြန်ရုတ်သိမ်းပေးသင့်ပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်များအနေနဲ့ မိမိတို့ရဲ့ ရှေ့တန်းမှ စစ်သည်များကို စစ် ကာလမှာ ပြည်သူတွေနဲ့ပတ်သက်ပြီး စောင့်ထိန်းရမယ့် ကျင့်ဝတ်များကို လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ တပ်မတော်နဲ့ အစိုးရ နှစ်ရပ်လုံးက ရပ်တံ့နေသယောင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဘယ်လို ကြိုတင်ကန့်သတ်ထားချက် မျိုးမှ မရှိဘဲ NCA မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ပါ။

ပြည်နယ်အစိုးရများအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒရှင်ပြည်သူများဖက်ကနေ မားမားမတ်မတ် ရပ်တည်ပေးကြပါ။ ဘယ်သူ့ရဲ့ ဖိ အားကိုမှ လက်မခံကြပါနဲ့။ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားအပေါ်မှာ ရပ်တည်ဆုံးဖြတ်ကြပါ။ မိမိတဦးချင်း၊ တဖွဲ့ချင်းရဲ့ အကျိုးစီးပွားနဲ့ ပြည်သူ့အကျိုးစီးပွားကို အလဲအထပ်မလုပ်ကြပါနဲ့။ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အပြောနဲ့ အလုပ် ညီပါစေ၊ ပြည်သူက အပြောနဲ့တင် မယုံတော့ပါ။ လုပ်ပြကြပါ။ ပြည်တွင်းမှာ စစ်တိုက်ရင်းဖြုန်းနေရတဲ့ စစ်စရိတ်တွေကို ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးစရိတ် အစရှိတဲ့ ပြည်သူအများရဲ့ လက်ရှိဘဝအတွက်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် လှပဖို့အတွက် ရင်းနှီးမြှပ်နှံစေချင်ပါတယ်။

ဒေါ်ခေါန်ဂျာ

ဒေါ်ခေါန်ဂျာ -(စည်းရုံးရေးမှူးကချင်ငြိမ်းချမ်းရေးကွန်ယက်)

ကချင်စစ်ပွဲက (၇)နှစ်ပြည့်ပြီဖြစ်တယ်။ အသက်ပေါင်းများစွာ ဆုံးရှုံးပြီး ဖြစ်တယ်။ အိုးအိမ်၊ လယ်ယာ၊ ကျွဲနွား၊ များစွာ ဆုံးရှုံးပြီးဖြစ်တယ်။ အသက်(၅)နှစ်မှာ IDP Camp ကိုရောက်တဲ့ ကလေးဟာ ဒီနှစ်မှာ(၆)တန်းအောင်ပြီး ဖြစ်ရပါမယ်။ ဒါပေ မဲ့ ဘယ်လိုအရည်အသွေးနဲ့ ပညာရေးမျိုးကို ရနေကြသလဲ။ စုစုပေါင်း ကလေး (၆)သောင်းကျော်ဟာ ဘယ်နည်းနဲ့မှ ကော် လာဖြူ ပညာတတ်လုပ်သား မဖြစ်နိုင်တော့ဘူး။ ဒါဟာ ကချင်လူမျိုးရဲ့ (၁၅)ရာခိုင်နှုန်းသော ကလေးများရဲ့ အနာဂတ် ဆုံး ရှုံးခြင်းဖြစ်တယ်။

ဒီစစ်ပွဲ(၇)နှစ်မြောက်နေ့ဟာ မကျင်းပသင့်တဲ့ နှစ်ပတ်လည်နေ့တခုဖြစ်တယ်။ အမျိုးသမီးတိုင်း ကိုယ့်လင်၊ သား၊ မောင်၊ အစ်ကို အဖေ၊ ဦးလေးတွေကို မိသားစုနဲ့အတူ နွေးထွေးစွာ ရှိနေစေချင်မှာဖြစ်ပေမဲ့ စစ်ပွဲ(၇)နှစ်ပြည့်နေ့မှာ စစ်ဖြစ်ရာဒေသက အမျိုးသမီးများဟာ မျှော်လင့်ချက်ကင်းမဲ့နေပါတယ်။

လက်ရှိ အခြေအနေမှာ NCA ဟာ ကစားစရာစက္ကူတရွက်လိုဖြစ်နေတာမို့ အမှန်တကယ် ငြိမ်းချမ်းရေးဆိုရင် နိုင်ငံတော် သမ္မတ ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်ဟာ စစ်ပွဲရပ်စဲဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ပေးရမှာဖြစ်သလို တပ်တော်ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေငြာဖို့ လိုပါတယ်။ အဲဒီလို ကြေငြာလိုက်ရင် ဘယ်တိုင်းရင်းသား တော်လှန်ရေး တပ်များကမှ တပ်မတော်ကို လာတိုက်ကြမှာ မဟုတ်ပါဘူး။ တပ်မတော်အပါအဝင် တပ်ဖွဲ့အားလုံး ဂုဏ်သိက္ခာရှိရှိ စစ် ရပ်စဲဖို့က ဒီတနည်းဘဲ ရှိပါတော့တယ်။ စစ်ပွဲများ ရပ်စဲလိုက်တာနဲ့ တပြိုင်နက်ထဲမှာ ပြည်သူ့စစ်များ အပါအဝင် လက်နက် ကိုင် တပ်ရင်းတပ်ဖွဲ့များအားလုံး နိုင်ငံရေးဆွေးနွေးမှုမှာ နိုင်ငံရေးပါတီများနဲ့ တန်းတူပါဝင်ပြီး အဖြေရှာသင့်ပါတယ်။

ဒေါ်မေစံပယ်ဖြူ

ဒေါ်မေစံပယ်ဖြူ– (ညှိနှိုင်းရေးမှူးကချင်ငြိမ်းချမ်းရေးကွန်ရက်၊ အမျိုးသမီးတန်းတူညီမျှမှုအခွင့်အရေး ဆောင်ရွက်နေသူ)

တိုက်ပွဲတွေ ရပ်ဖို့အတွက် မြန်မာ့တပ်မတော်က လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲကြောင်း တရားဝင် ထုတ် ပြန်ကြေငြာပြီး စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကန့်သတ်ထိန်းချုပ် မထားပဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက် ပံ့ပိုးစေချင်ပါတယ်။ ဘာကြောင့် စစ်ပွဲတွေရပ်စေချင်ရတာလဲဆိုတာကလည်း ရှင်းရှင်းလေးပါ။ စစ်ပွဲတွေ မရှိမှ ပြည်သူတွေ အားလုံးစိတ်အေးချမ်းသာစွာ နေ နိုင်မယ်။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မယ်။ စစ်ပွဲတွေရပ်ဖို့ တဖက်သတ်လက်နက်နဲ့ ဖိအားပေးခြိမ်းခြောက်နေလို့ မရ ဘူး။ စစ်မှန်တဲ့တရားမျှတမှုကို လက်နက်ကိုင်ထားသူတွေအားလုံးက လေးစားလိုက်နာမှရမှာ၊ တိုင်းပြည်လည်း စစ်ပွဲတွေ ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ။ ဒီထက်စစ်သက်ကို ရှည်အောင်ပဲ စဉ်းစားဖန်တီးနေကြဦးမယ်ဆိုရင် ကျမတို့နိုင်ငံ ဘယ်လိုမှ နလန်ထူနိုင်မှာ မဟုတ်တော့ဘူး။ အိမ်ထောင်စုပေါင်း အထောင်အသောင်းနဲ့ ကလေးတွေအတွက် အနာဂတ် မရှိပဲ စစ်လက်နက်စရိတ်ထောင်းပြီး ပြည်သူတွေက ရေမီးမစုံမလင်နဲ့ နေနေရတဲ့ ဘဝကို ကျမတို့ရဲ့မျိုးဆက်မှာ ရပ်တန်းက ရပ်ကြရင်ကောင်းမယ်လို့ ပြောချင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကျီးလန့်စာစား လုံခြုံမှုမရှိတဲ့ ဘဝအခြေအနေ တွေကနေ လွတ်မြောက်ချင်လှပါပြီ။ ကိုယ့်သားသမီးတွေအတွက် စိတ်ပူပန်သောကနဲ့ ငိုကြွေးမနေချင်တော့ဘူး။

စစ်ပွဲတွေကို ရပ်ကြပါတော့။ စစ်ပွဲတွေကို ရပ်ဖို့ဆိုတာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ့ရော၊ အစိုးရကပါ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုတယ်။ ပါးစပ်နဲ့ပဲ ငြိမ်းချမ်းရေးကို လိုလားနေလို့မရပါဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေး ဆွေးနွေးမှုနဲ့ အဖြေရှာကြဖို့ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ်မိုင်းမိုင်

ဒေါ်မိုင်းမိုင်ကချင်လူမှုကူညီရေးအဖွဲ့-NeT တာဝန်ခံ၊လူမှုတရားမျှတရေးအတွက် လုပ်ဆောင်နေသူ၊ (Women of Change Award ဆုရရှိသူ)

အခုဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်စေချင်တဲ့အကြောင်းရင်းကတော့ ကျမတို့ငြိမ်းချမ်းရေးကို လိုချင်တယ်။ တိုက်ပွဲဖြစ်ရင် အဓိက ခံစားရတာက အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်။ ကျမတို့ အနာဂတ်မှာ ဒီကလေးတွေကို အနာဂတ်ရဲ့ သား ကောင်းရတနာတွေဖြစ်တယ်။ မိခင်တွေဆိုတာကလည်း ဒီသားကောင်းရတနာတွေကို ပြုစုပျိုးထောင်တဲ့ လူတွေဖြစ်တယ်။ နောက်တခုက စစ်ပွဲဖြစ်ပြီဆိုတာနဲ့ ကျမတို့မှာ နေရပ်ဒေသကို စွန့်ခွာပြီး အခုလိုမျိုး နှာခေါင်းပေါက်လောက်ရှိတဲ့ အခန်း ကျဉ်းထဲမှာ နေရတယ်။ ပြီးရင် ဒီဘဝတွေက သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို တသက်စာဖြစ်သွားစေပြီ။ အဲဒီအပေါ်မှာ ဘာဆက်ဖြစ်လာသလဲဆိုတော့ လူမျိုးရေးပဋိပက္ခ၊ ပြီးရင် လူမှုရေးပဋိပက္ခတွေက တနေ့တခြား ပိုပိုပြီးမှ ဆိုးဝါးလာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးမရရင် ဒီနိုင်ငံတော်တည်ဆောက်မှုအပိုင်းမှာလည်း အများကြီး ထိခိုက်နိုင်တယ်။ အဲဒီအတွက် ကြောင့် ဒီအကျိုးမရှိတဲ့ စစ်ပွဲကို ရပ်ဖို့ ကျမတို့တောင်းဆိုနေရတာ ဖြစ်တယ်။

အဓိက စစ်ပွဲကိုလုပ်နေတဲ့လူတွေက စစ်ပွဲကို ရပ်နိုင်အောင် တားဆီးဖို့လိုတယ်။ တကယ့် တာဝန်ရှိတဲ့လူတွေ စစ်ပွဲကို ရပ်ဖို့အတွက် တားဆီးဖို့လိုတယ်။ ပြီးရင် စစ်ပွဲရပ်တာနဲ့ဘဲ ကျမတို့ ငြိမ်းချမ်းသွားမှာ မဟုတ်ဘူး။ နောက်ဆက်တွဲ ပြဿနာ တွေ အစိုးရရော၊ လက်နက်ကိုင်တွေရော၊ သက်ဆိုင်တဲ့ နေရာဒေသအသီးသီးက လူတွေက ကိုယ့်တာဝန်အသိစိတ်နဲ့ ထိန်းသိမ်းဖို့၊ ငြိမ်းချမ်းရေးကို စောင့်ရှောက်ဖို့၊ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒါ ကြောင့်မို့ လူတိုင်း လူတိုင်းက ဒါနဲ့ဆိုင်တယ်။ ဒီစစ်ပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ စစ်တပ်၊ အစိုးရ၊ လက်နက်ကိုင်တွေ အကုန်လုံးကို ကျမပြောချင်တယ်။ အဲဒီအပြင် ကျမတို့ ပြည်သူပြည်သားတွေ လူသားတွေအကုန်လုံးက ဒီအရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့အတွက် လူတိုင်းက ကိုယ့်အသိစိတ်နဲ့ကိုယ် တိုက်ပွဲကိုရပ်ဖို့ လုပ်ဆောင်ဖို့လိုတယ်။ အခုက လက်နက်ကိုင်တွေကိုဘဲ ပြောလို့မရတော့ဘူး။ ပြည်သူတွေကလည်း စစ်ထောက်ခံရေးတွေ လုပ်ဆောင်လာတာ ဖြစ်တဲ့ အတွက် ပြည်သူတွေကလည်း တိုက်ပွဲရပ်အောင်လုပ်ဖို့ လိုနေပြီဆိုတာ ပြောချင်တယ်။

ဒေါ်မွန်းနေလီ

ဒေါ်မွန်းနေလီ (အထွေထွေအတွင်းရေးမှူးကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)

၇ နှစ်ပြည့်မှာ စစ်ပွဲတွေရပ်ဆိုတာထက် ကျမတို့ ကချင်ဒေသမှာ မြန်မာစစ်တပ်ကနေ ထိုးစစ်ကြီးကြီးမားမား ဆိုးဆိုးဝါးဝါး လုပ်လာခြင်းကြောင့် ပြည်သူတွေထွက်ပြေးတိမ်းရှောင်ရတဲ့ အိုင်ဒီပီတွေ ပိုများလာတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ပိုခံစားရတယ်။ အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေ၊ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ တော်တော် ဒုက္ခရောက်ရတယ်။ အဲဒါကြောင့် ဒီထိုးစစ်တွေ မရှိဘူးဆိုရင် စစ်ပွဲတွေ ရပ်တန့်ဖို့ အများကြီး အလားအလာတွေ့တယ်။ တချိန်ထဲမှာ စစ်ပွဲတွေမရပ်ရင် ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားဖို့အတွက်လည်း အင်မတန်ခက်ခဲတယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ တိုင်းရင်းသားအားလုံးလိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ဖို့အတွက် စစ်ရမက်သာ ကြီးပွားနေမယ်ဆိုရင် ဆင်းရဲတွင်းထဲကနေ ကျော်လွှားနိုင်မှာ မဟုတ်ဘူး။ နိုင်ငံတကာနဲ့ယှဉ်မယ် ဆိုရင်လည်း မြန်မာနိုင်ငံ က အနိမ့်ဆုံးအဆင့်မှာ ရောက်နေတယ်။ ပြီးရင် မူးယစ်ဆေးဝါးကိစ္စတွေကလည်း ပိုပြီးတော့ ဆိုးဆိုးဝါးဝါးဖြစ်လာတယ်။ ဘာဖြစ်လု့ိလဲဆိုတော့ စစ်ပဋိပက္ခကို အကြောင်းပြုပြီးတော့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကလည်း အရှိန်ပိုများလာတဲ့ အခြေအနေရှိတယ်။ စစ်ဆိုတဲ့ကိစ္စက လူနေမှုအဆင့်အတန်းကျဆုံးတာတင်မက အနာဂတ် မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုမှာ လည်း အများကြီးအဟန့်အတားဖြစ်စေတယ်။

ဒါကြောင့် ကျမတို့အမျိုးသမီးတွေ လိုချင်တာကတော့ စစ်ပွဲတွေက ဆိုးဝါးစေတဲ့အရာတွေ ဖြစ်တယ်။ ထိုးစစ်တွေ ရပ်တန်း ကရပ်ဖို့၊ တပ်မတော်ရဲ့ စစ်အင်အားတိုးချဲ့မှုကိုလည်း ရပ်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ စစ်အင်အားတိုးချဲ့နေတဲ့ စစ် တပ်ရင်းတွေကို နောက်ဆုတ်ပေးဖို့၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ဖို့အတွက် တကယ်ဘဲ ရိုးသားဖြူစင်တဲ့ နိုင်ငံရေးဆွေးနွေးမဲ့ လမ်းကြောင်းပေါ် အားလုံးပါဝင်ဖို့အရေးကြီးတယ်။ ပြီးရင် အမျိုးသမီးပါဝင်မှုအတွက်လည်း အများကြီး လမ်းဖွင့်ပေးဖို့၊ တံခါးဖွင့်ပေးဖို့၊ လိုအပ်တယ်။ ပြီးရင် တခြားနိုင်ငံနဲ့ တိုက်ပွဲဖြစ်နေတဲ့ပုံစံအလား ဆက်ပြီးတော့ မလုပ်ဖို့ လည်း တပ်မတော်ကို ပြောချင်တယ်။ ပြီးရင် ကျမတို့ ပြည်သူလူထုကို Target ထားပြီးတော့ လုပ်ဆောင်နေတဲ့ကိစ္စတွေ ကိုလည်း ရပ်တန်းကရပ်ဖို့လိုအပ်တယ်။

တပ်မတော်ကနေ ထိုးစစ်တွေ၊ စစ်အင်အားတိုးချဲ့မှုတွေ ရပ်တန်းက ရပ်လိုက်ပြီဆိုရင် စစ်ဖြစ်နိုင်စရာလည်း အကြောင်း မရှိဘူး။ အခု ကချင်ပြည်နယ်ဒေသမှာ ဖြစ်နေတဲ့စစ်ပွဲတွေ များသောအားဖြင့် စစ်ကြောင်းတွေ ဝင်လာတဲ့အပေါ်မှာ အခြေခံပြီးတော့ ဒီဖက်ကနေ ပြန်လည် ခုခံတိုက်ခိုက်ရတဲ့ အခြေအနေတွေလည်း အများကြီးရှိနေတယ်။ ဒါကတပိုင်း အစိုး ရ သမ္မတအနေနဲ့လည်း အများကြီး ပါဝင်ပတ်သက်ဖို့ လိုတယ်။ စစ်ပွဲတွေရပ်ဖို့ တာဝန်ရှိတဲ့ အစိုးရခေါင်းဆောင်တွေ၊ စစ် တပ်အပါအဝင် တာဝန်ရှိသူပြည်သူတွေအားလုံး အများကြီး လိုအပ်တယ်ဆိုတာ ပြောချင်တယ်။ တိုင်းရင်းသား လက်နက် ကိုင်တွေအနေနဲ့လည်း ပြည်သူလူထုရဲ့အသံနဲ့ ပြည်သူတွေအတွက် ပိုပြီးတော့ အကျိုးရှိစေမဲ့ နည်းလမ်းတွေ ခွဲခြားပြီးတော့ အမြန်ဆုံးငြိမ်းချမ်းရေးရနိုင်ဖို့အတွက် စဉ်းစားပြီးလုပ်ဆောင်ဖို့ အများကြီးလိုအပ်တယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက် ကိုင်တွေအနေနဲ့လည်း ပါဝင်ဖို့အရေးကြီးတယ်။ စစ်ပွဲရပ်ဖို့ တပ်မတော်က တရားခံဖြစ်တယ်။ သူတို့ကို ပြောဖို့လိုတယ်။

မဆွတ်ဆိုင်းထွယ်

မဆွတ်ဆိုင်းထွယ်စီမံကိန်းမန်နေဂျာ ကချင်အမျိုးသမီးသမဂ္ဂ(KWU) စစ်ဘေးရှောင်များကို ကယ်ထုတ်ရန် သပိတ်စခန်း လူငယ်ခေါင်းဆောင်တစ်ဦး)

စစ်ပွဲတွေရှိနေတာဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အဓိက ထိခိုက်စေပါတယ်။ နိုင်ငံကို ထိခိုက်ခြင်းဟာ ထိုနိုင်ငံ မှာ နေထိုင်တဲ့ နိုင်ငံသားပြည်သူလူထုတွေကို ထိခိုက်ခြင်းဖြစ်စေပါတယ်။ ဒါကြောင့်ဘဲ ဘယ်သူတဦးတယောက်ကိုမဆို စစ်ရဲ့ဆိုးကျိုးတွေကို မခံစားစေချင်ပါဘူး။ တိုင်းရင်းသားပြည်သူလူထုအားလုံး စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းစွာနဲ့ ယုံကြည် မှုရှိရှိ အတူနေထိုင်နိုင်ဖို့ လိုလားတဲ့အတွက် စစ်ပွဲကို ရပ်စေချင်ပါတယ်ရှင့်။

နိုင်ငံတနိုင်ငံစစ်ဖြစ်ရခြင်းက ၁။ အိမ်နီးချင်းနိုင်ငံတွေ မကောင်းလို့၊ ၂။ နိုင်ငံအစိုးရညံ့ဖျင်းလို့ဆိုတဲ့ အချက်တွေကို သုံးသပ် မိတယ်။ အဲဒါကြောင့် ကျမတို့မှာက ဘယ်သူတွေကြောင့် စစ်ဖြစ်ရတာလဲဆိုတဲ့အချက်အပေါ်မှာလည်း အများကြီး မူတည် ပါတယ်။ မည်သို့ပင်ဆိုစေကာမူ စစ်ပွဲတွေရပ်ဖို့ကတော့ အခုလက်ရှိ ပြည်သူရွေးကောက်ခံအာဏာရအစိုးရမှာလည်း အဓိက တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတလော မြန်မာ့တပ်မတော်ဘက်မှလည်း သမ္မတသာ စစ်ရပ်ခိုင်းရင် ရပ်မှာပဲလို့ အင်တာဗျူးဖြေခဲ့တယ်။ အဲဒါကြောင့် အစိုးရနဲ့ စစ်တပ် အမြန်ဆုံး ညှိနှိုင်းစေချင်တယ်။ ပြီးတော့ လက်နက်ကိုင် ထားတဲ့ မည်သည့် တပ်ဖွဲ့မှာမဆို တာဝန်ရှိပါတယ်။

ဒေါ်နောင်ခရိုင်ဂျာခမ်

ဒေါ်နောင်ခရိုင်ဂျာခမ် (တနိုင်းမြို့ စစ်ဘေးရှောင်စခန်းရောက် အောင်လောဒ်ကျေးရွာ)

စစ်ပွဲကြောင့် အခက်အခဲဆိုတာ ပြောတောင် မပြောတတ်အောင်ပါဘဲ။ အခုတလော အောင်လောဒ်ကလာတာ ကလေးပိုး တဲ့သူကပိုး၊ လက်တွဲတဲ့သူကတွဲ၊ ကိုယ်ဝန်သည်တွေနဲ့ ပစ္စည်းတွေက သယ်ရ၊ တောင်တက်တောင်ဆင်း၊ ရေထဲလည်း ဖြတ်တာ ကလေးငယ်တွေတောင် မြှုပ်တယ်။ ကျမတို့မဖြတ်နိုင်တဲ့လူတွေကိုတော့ သူများတွေ လာဆယ်ယူပေးတယ်။ တဖက်ကမ်းရောက်ဖို့ အရမ်းခက်တယ်။ ဖိနပ်ကမရှိ ဆူးဆိုတာကလည်း ခြေဖဝါးအပြည့်ဘဲ။ ဒီလို အရမ်းဒုက္ခရောက်ခဲ့လို့ ကျမတို့ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ချင်တယ်။ နေအိမ်တွေကို ပစ်ထားပြီး အခုလို ပလပ်စတစ် မိုးကာအောက်မှာ ကြပ်သိပ်နေတာဘဲ။ တယောက်ဖျားရင် နောက်တယောက်ပြန်ကူး၊ အိမ်သာက မလောက်၊ ချက်ပြုတ် စားသောက်ဖို့အထိ အရမ်းခက်ခဲတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ကိုယ့်ရပ်မြေမှာ လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ချင်တယ်။ အိမ်ထောင်စု၊ မှတ်ပုံတင် မရှိတဲ့လူတွေကိုလည်း ပြန်လုပ်ပေးတဲ့အခွင့်အရေးတောင်းဆိုချင်ပါတယ်။ တိုက်ပွဲတွေရပ်ဖို့ ကေအိုင်အေနဲ့ စစ်တပ်နှစ်ဖက်စလုံး ကျမတို့ပြည်သူတွေကို ကာကွယ်ပေးစေချင်တယ်။ အခုက ကျမတို့ အောင်လောဒ်ရွာကနေ တနိုင်းကို သွားဖို့ မလွယ်ဘူး။ တနိုင်းသွားတဲ့လမ်း (၅)မိုင်ဆိုတဲ့နေရာ (စစ်ဆေးရေးဂိတ်) စစ်ဆေးမေးမြန်းပြီး မဖြတ်ခိုင်း ဘူး။ ဘယ်သွားသွား ကြောက်ကြောက်လန့်လန့်နဲ့ သွားလာနေရတယ်။ အဲဒီလို တားမြစ်ခံရပြီဆိုရင် ၂ နာရီလောက်ဘဲ သွားရမဲ့လမ်းကို အဝေးကြီးကပါတ်သွားရတယ်။ ဖြတ်မယ်ဆိုရင်လည်း ငွေ ၄၊ ၅ သောင်းပေးရတယ်။ ကျမတို့ အောင် လောဒ်ရွာသားတွေက သွားချင်ရင်လည်း ပိုက်ဆံမရှိတော့ မဖြတ်ရဘူး။ ဒါကြောင့် ကျမတို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဆေးရုံက အစ နှစ်ဖက်စလုံးကနေ မျှမျှတတ လုပ်ပေးဖို့ တောင်းဆိုချင်တယ်။ အစိုးရကိုလည်း အဲဒါဘဲ ပြောချင်တယ်။

စစ်ပွဲတွေ ရပ်ပြီး ကေအိုင်အေ ထိန်းချုပ်ဒေသဖြစ်ဖြစ်၊ အစိုးရ ထိန်းချုပ်နေရာဘဲဖြစ်ဖြစ်၊ ကျမတို့ တောင်ပေါ်မှာနေတာမို့ မဟုတ်ဘဲ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တွေ လုပ်ပေးပြီးတော့ ကျမတို့ကို မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့သဘောထားရင် နွေးနွေးထွေးထွေး လွတ်လွတ်လပ်လပ် သွားလာနိုင်အောင်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ စစ်ပွဲကို ရပ်စေချင်တယ်။ ကျမတို့က ရှိသမျှ၊ နေအိမ်ကအစ အကုန်လုံးထားခဲ့ရတာ။ ဒီမှာက အားပေးစကားတော့ ပြောတာပဲ။ ဒါပေမဲ့ ကျမတို့က လယ်ယာ၊ စပါးကအစ အကုန်ထားခဲ့လိုက်ရတယ်။

ဒေါ်လမွန်ဘောက်နန်

ဒေါ်လမွန်ဘောက်နန် ( ဒုတိယ တာဝန်ခံအနောက်ပိုင်းဒေသ ကချင်အမျိုးသမီးဌာနချုပ် အောင်လောဒ်ကျေးရွာ)

ကျမတို့ ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ချင်တယ်။ အခုဆို ကလေးတွေ ရဲ့ ပညာရေး၊ ကျန်းမာရေး တကယ်ကို အခက်အခဲတွေ တွေ့နေရတယ်။ စစ်ပွဲတွေ ရပ်လိုက်ပြီဆိုရင် ကျမတို့ပြည်သူတွေ လည်း လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ပြီး ကလေးတွေရဲ့ ပညာရေးလည်း အဆင့်အတန်းမြင့်မြင့်သင်ယူနိုင်မယ်။ ကျန်းမာရေးမှာဆိုရင်လည်း အခုလို စစ်ပွဲတွေဖြစ်တော့ သွားရေးလာရေးကအစ ခက်ခဲတယ်။ တောတောင်တွေမှာ နေထိုင် နေရတယ်။ စစ်ပွဲတွေရပ်ရင် ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာနားလည်လို့ စစ်ပွဲတွေရပ်စေချင်တယ်။

စစ်ပွဲရပ်ဖို့နဲ့ပတ်သက်လို့ အစိုးရနဲ့  တပ်မတော်ခေါင်းဆောင်တွေကို တိုက်ပွဲတွေ ရပ်စေချင်တယ်။ တပ်မတော်က စစ်ပွဲ ရပ်လိုက်ရင် ဒီဘက်ကအဖွဲ့ (ကေအိုင်အို) ကလည်း စစ်တိုက်မှာ မဟုတ်ပါဘူး။ အစိုးရကလည်း ဥပမာ ကျောက်စိမ်းမှော်၊ ပယင်းမှော်တွေမှာလည်း သူတို့အခွန်အကောက် ကောက်စားမယ်ဆိုရင်  ပြည်သူတွေကို ငဲ့ညာပြီး အတူလုပ်ကိုင်စေ ချင်တယ်။ အဓိကတော့ ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်တို့ သူတို့လုပ်လိုက်မယ်ဆိုရင် အားလုံး ဖြစ်နိုင်တယ်လို့ မြင်တယ်။ ကေအိုင်အိုဆိုရင်လည်း စိတ်သဘောထားကောင်းတယ်။ ဥပမာ တပ်မတော်ရဲ့သုံ့ပန်းဖမ်းမိရင် တောင်မှ ကေအိုင်အိုက နှိပ်စက်တာတွေ ရိုက်နက်တာတွေ မရှိဘဲ ချစ်ခြင်းမေတ္တာပြနိုင်တဲ့အတွက် အစိုးရ ခေါင်းဆောင် တွေကလည်း စစ်ပွဲတွေရပ်လိုက်မယ်ဆိုရင် ကျမတို့ပြည်သူတွေလည်း ပျော်ရွှင်စွာနဲ့ လုပ်ကိုင်စားသောက်နိုင်မယ်။ ကလေး တွေရဲ့ ပညာရေးကအစ ဖွံ့ဖြိုးတိုးတက်လာမယ်။ ကေအိုင်အိုဆိုတာက သူတို့ကို လာပြီး ထိုးစစ်မဆင်ရင်တော့ ဘာမှလုပ် မှာ မဟုတ်ပါဘူး။

 

Related Articles