လုဆိုင်း။ ။
မြန်မာနိုင်ငံမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာတွေ ပိုများလာနေသလိုဘဲ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင် နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမတွေကြားမှာလည်း အဓမ္မပြုကျင့်ခံရမှုတွေ ရှိနေတာ မကြာခဏ ကြားသိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးတဝိုက် မြန်မာနိုင်ငံသားတွေ နေထိုင်ကြတဲ့နေရာမှာ တလကို (၁)ကြိမ်ကနေ (၃)ကြိမ် အထိ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံမှုတွေနဲ့ မတရားပြုကျင့်ခံနေရမှုတွေ ရှိနေတယ်လို့ ဘန် ကောက်မြို့က အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရွေ့ပြောင်းအလုပ်သမားမဟာမိတ်အဖွဲ့(AAC)မှ ကိုရဲမင်းက ပြောပါ တယ်။
“မြန်မာမိန်းကလေးတွေကို မြန်မာအချင်းချင်း မုဒိမ်းကျင့်စော်ကားတာရှိတယ်။ ပြီးတော့ ထိုင်းတွေလည်း ကားပေါ်အတင်း ခေါ်တင်သွားတာတွေ၊ အတင်းအဓမ္မအခန်းထဲဝင်လာပြီး မုဒိမ်းကျင့်တာတွေလည်း ဖြစ်ပွားတတ်တယ်လို့ ကိုရဲမင်းက ပြော ဆိုပါတယ်။ “(၇)နှစ်အရွယ် မြန်မာမိန်းကလေးကို မိဘတွေ မရှိတဲ့အချိန် အသက်(၄၀)ကျော် မြန်မာအလုပ်သမား တယောက်က မုဒိမ်းကျင့်သွားတယ်။ အဲဒီအမှုက အခုထိ ဆက်လက်ရင်ဆိုင်နေတုန်းဘဲ” လို့ ကိုရဲမင်းက လွန်ခဲ့(၂)လက အဖြစ်အပျက်တခုကို ပြောပြပါတယ်။
ပြီးခဲ့မတ်လ (၂၈)ရက်၊ ညသန်းခေါင်ယံချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမတချို့ကို နိုင်ငံကူးလက်မှတ်၊ စီအိုင်(CI)လို့ ခေါ်တဲ့ မိမိမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သက်တမ်းတိုးပေးမယ်လို့ လိမ်ညာပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခဲ့သူ မြန်မာပွဲစား သန်းဇော်(ခ)အောင်မျိုးမင်း(ခ)ရှမ်းလေးကို ဘန်ကောက်မြို့ မဟာချိုင်နယ်မြေ၊ နိုင်ငံကူးလက် မှတ်၊ စီအိုင်(CI)လုပ်ပေးတဲ့ စင်တာ(၁)ဘေးက တည်းခိုခန်းမှာ AAC အကူအညီနဲ့ ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ပါတယ်။
နိုင်ငံကူးလက်မှတ် (CI) စာအုပ်ယူဖို့ စင်တာ(၁)ကို လာခဲ့ပါလို့ ချိန်းဆိုပြီး စာအုပ်လိုချင်ရင် တည်းခိုခန်းမှာ သူနဲ့အတူ အိပ် ရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ တနသာၤရီတိုင်း၊ ထားဝယ်သူ အသက်(၁၉)နှစ်အရွယ် နန်းစံအေးနဲ့ လွန်ခဲ့တဲ့ (၃)ရက်က သူ ဒီလိုအကြပ်ကိုင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အသက် (၂၂) နှစ်အရွယ် မြန်မာမိန်းကလေးတဦးတို့ရဲ့ သက်သေထွက်ဆိုချက်တွေ နဲ့ အောင်မျိုးမင်းကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
“သမီးမှာ စာအုပ်သက်တမ်းကုန်တော့မှာမို့လို့ သက်တမ်းတိုးရမယ်။ သူ့ကို စာအုပ်သက်တမ်းတိုးပေးဖို့ သမီးက သွားပေး တယ်။ ကျန်တဲ့ရက်တွေကလည်း သူခေါ်နေတယ်။ ဒါပေမဲ့ သမီးက မသွားခဲ့ဘူး။ အဲဒီညတော့ ကြာနေပြီဆိုတော့ စာအုပ် ရမယ်ထင်လို့ သွားခဲ့တယ်။ အဲဒါကို သူက သူ့အခန်းကို မသွားတော့ဘူး။ သမီးကို ယူမလားလို့ မေးတယ်။ သမီးက မယူ ဘူးလို့ ပြောတယ်။ သမီးက မအိပ်ဘူး။ ဘာမှမဖြစ်ဘူး။ ဟိုတယောက်က ရှောင်မရဘဲ မိသွားတယ်။ သူနဲ့ဖြစ်သွား တယ်” လို့ နန်းစံအေးက ပြောပါတယ်။
နန်းစံအေးကို ထိုင်းရဲတွေက စစ်ဆေးမေးမြန်းခဲ့တဲ့နောက် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ဆေးစစ်မှုအောင်ခဲ့ပေမဲ့ အဓမ္မပြုကျင့်ခံခဲ့ရ မိန်းကလေးကိုတော့ ဆေးစစ်ချက်တွေ ယူနေတုန်းဘဲလို့ ပြောပါတယ်။
“ပုလိပ်က ပြောတယ်။ သူနဲ့အိပ်ထားသည်ဖြစ်စေ၊ မအိပ်ထားသည်ဖြစ်စေ။ ဆေးသွားစစ်ပါလို့ပြောလို့ ဆေးသွားစစ်တာ။ အဲဒါ သမီးက ဘာမှမဖြစ်လို့ ဘာမှမပေါ်ဘူး။ ဒီကောင်နဲ့ ဖြစ်ထားလား၊ မဖြစ်ထားဘူးလားပေါ့နော်။ အပျိုလား၊ အအိုလား လို့ စစ်တာ” လို့နန်းစံအေးက ပြောပါတယ်။
အောင်မျိုးမင်းဆိုသူကို လတ်တလော မဟာချိုင် ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားကာ အမျိုးသမီးများကို မဖွယ်မရာ လုပ်မှု၊ မုဒိမ်းမှုတို့နဲ့ အမှုဖွင့်တိုင်ကြားထားတယ်လို့ဆိုပါတယ်။
အောင်မျိုးမင်းဟာ မဟာချိုင်ရဲစခန်းမှာ စကားပြန်လုပ်နေသူဖြစ်ပြီး ထိုင်းရဲတွေက ကျောထောက်နောက်ခံပြုထားတဲ့ အတွက် အမှုတည်ဆောက်ဖို့ ခက်ခဲနေပြီး ခြိမ်းခြောက်ခံရမှုတွေလည်း ရှိနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။
“ဒီရက်ပိုင်းမှာ ဖမ်းလိုက်တဲ့အမှုဆိုရင် တရားခံက ထိုင်းရဲရဲ့ တပည့်ဖြစ်နေတယ်။ အဲဒါကြောင့် ရဲတွေက ဝိုင်းကာကွယ်ပေး နေလို့ အမှုတည်ဆောက်ဖို့ အရမ်းခက်ခဲနေတယ်။ ကျနော်တို့အတွက် ဖိအားတွေဖြစ်ပြီးတော့ အခုနောက်ဆုံး ဒီကောင် တွေက ရဲတပည့်တွေ ဖြစ်တဲ့အတွက် ပုလိပ်စကားပြန်တွေ၊ ပုလိပ်တပည့်တွေပေါ့။ ရှင်းရှင်းပြောရရင် သစ္စာဖောက်ကောင် တွေဆိုတော့ ကျနော်တို့ကို ဝိုင်းဖိအားပေး ခြိမ်းခြောက်တာတွေ ရှိတယ်ပေါ့နော်” လို့သူက ပြောပါတယ်။
ဒီလိုအမှုတွေကို အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဘက်က တိုင်ချက်ဖွင့်ပါကလည်း ထိုင်းရဲများအနေနဲ့ ချက်ချင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးတာတွေ အားနည်းနေသေးပြီး မြန်မာသံရုံးဘက်မှလည်း ထိထိရောက်ရောက် ကူညီဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ကိုရဲမင်းက ဆိုပါတယ်။
အလုပ်သမားအရေးနဲ့ ပတ်သက်လို့ မြန်မာသံရုံးအနေနဲ့ အကူအညီပေးမှုတွေရှိပေမဲ့ လတ်တလော မြန်မာပွဲစားတဦးက အမျိုးသမီးတွေကို အဓမ္မပြုကျင့်လို့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားသံရုံးမှ ဝင်ရောက် ကူညီပေးတာတော့ မရှိသေးဘူးလို့ အလုပ်သမားသံအရာရှိ ဦးမင်းနိုင်သူကလည်း ပြောပါတယ်။
“အမျိုးသမီးအရေးရယ်လို့မဟုတ်ဘူးပေါ့နော်။ ကျနော်တို့က အလုပ်ကိစ္စအကုန်လုံး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ချဉ်း ကပ်ပြီး ကူညီပေးတာတွေရှိပါတယ်။ ဒီလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခံရလို့ အမှုဖွင့်တာ၊ တရားခံကို စစ်ဆေး အရေး ယူတာတို့ လုပ်နေတာတွေလည်း ရှိပါတယ်။ အခုကိစ္စကိုတော့ ကျနော်တို့အနေနဲ့ လောလောဆယ်ပါဝင်ပြီးတော့ လုပ် ပေးနေတာမရှိပါဘူး”လို့ သူက ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာလည်း အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ပွဲစားတွေရဲ့ အမြတ်ထုတ်တာတွေ၊ ခုတုံးလုပ်တာတွေ၊ မတရားမှုတွေက နေရာအနှံ့ဖြစ်ပွားနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MW RN) မှ ဒုဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်တာနဲ့ ဗီဇာသက်တမ်းတိုးတာတွေကို ဖေဖော်ဝါရီလ(၅)ရက်နေ့က စတင်လုပ် ဆောင်ပေးခဲ့ပြီး မတ်လ(၃၁)ရက်နေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတာကြောင့် အလုပ်သမားများ မှတ်ပုံတင်စာ ရင်းပေးသွင်းမယ့်ရက် ကုန်ဆုံးခါနီးမှာ သက်တမ်းတိုးပေးတဲ့ စင်တာတွေနဘေးက လမ်းဘေးတွေမှာ နှစ်ညအိပ်၊ သုံးည အိပ်အထိ ညပါအိပ်စောင့်ခဲ့ရတဲ့အခက်အခဲတွေကြောင့် အခုလိုပြဿနာတွေ ပိုဖြစ်လာတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“သူတို့ဗီဇာတိုးလို့မရရင် ထိုင်းနိုင်ငံကနေ ထွက်ခွာရမယ်ဆိုပြီး ကြောက်လန့်နေကြတာပေါ့။ အကယ်၍ ဗီဇာသက်တမ်း ထပ်မတိုးပေးဘူးဆိုရင် သူ့နိုင်ငံရဲ့ ဥပဒေအရ ဖမ်းတာဆီးတာ ခံရမှာက အလုပ်သမားတွေပါဘဲ။ နှစ်နိုင်ငံအစိုးရက ဘယ်လိုထိန်းချုပ်မလဲ။ လုပ်ငန်းရှင်တွေ ဘယ်လိုပူးပေါင်းတောင်းဆိုမလဲဆိုတာဘဲ ကျနော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်” လို့ ဦးအောင်ကျော်က ဆက်ပြောပါတယ်။
ဒီနှစ်အတွင်း မဟာချိုင် Big C ကုန်တိုက်အနောက်ဘက်မှာ ပွဲစားတဦးက မုဒိမ်းကျင့်သွားမှု အပါအဝင် မုဒိမ်းမှု(၁၀)မှုခန့် ရှိပြီး ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနဲ့ လောလောဆယ်လည်း (၃)မှုခန့်ရှိနေတယ်လို့ AAC မှတာဝန်ခံတဦးဖြစ်သူ ကိုနေ လင်းသူကလည်း ဖြည့်စွက်ပြောဆိုပါတယ်။
ထိုင်းနိုင်ငံရောက် အလုပ်သမတွေကို အဓမ္မပြုကျင့်နေသူတွေကို ထိထိရောက်ရောက် အပြစ်ပေးစေလိုပြီး သက်ငယ်မုဒိမ်း မှုကို သေဒဏ်ပေးတာလည်း ထောက်ခံတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။
“သက်ငယ်မုဒိမ်းကတော့ တအားရုပ်ပျက်တယ်။ ကျနော်တို့လည်းကန့်ကွက်ပါတယ်။ မြန်မာပြည်မှာတော့ သေဒဏ်ချမယ် လို့ပြောတာဘဲ။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်မလားတော့ မသိဘူး။ သက်ငယ်မုဒိမ်းမှုကိုတော့ သေဒဏ် ပေးစေချင်တယ်။ ဘာလို့လည်းဆိုတော့ အဲဒါမှ နောက်နောင် ဒီလိုမျိုးတွေ ဆင်ခြင်သွားမယ်” လို့ ကိုနေလင်းသူက ပြောပါ တယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ထိုင်းကျန်းမာရေးဝန်ကြီးဌာနအဆိုအရ အမျိုးသမီးတွေဟာ (၁၅) မိနစ်မှာ (၁)ကြိမ်နှုန်း မုဒိမ်း ကျင့်ခံနေရပြီး မုဒိမ်းမှုကျူးလွန်ခံရသူ အမျိုးသမီး(၃)သောင်းကျော်ရှိခဲ့ကာ (၆၀)ရာခိုင်နှုန်းဟာ တက္ကသိုလ်နဲ့ အခြေခံ ပညာ သင်ကျောင်းသူတွေ ဖြစ်ကြတယ်လို့သိရပါတယ်။ မုဒိမ်းမှုကျူးလွန်သူတွေဟာ အရက်သောက်သုံးမှုကြောင့် အဓိက ဖြစ် တယ်လို့ အမျိုးသမီး၊ အမျိုးသား တိုးတက်ရေး လှုပ်ရှားမှုဖောင်ဒေးရှင်း(the Women and Men Progressive Movement Foundation (WMP) တည်ထောင်သူတဦးဖြစ်တဲ့ Supansri Puengkhokesoong က ထိုင်းနိုင်ငံအတွင်း လိင်မှုရေးရာ အကြမ်း ဖက်ခြင်းဖိုရမ်တခုမှာပြောဆိုထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
AAC ကို လာတိုင်တဲ့ မုဒိမ်းမှုအများအပြားရှိပေမဲ့ တချို့မိန်းကလေးငယ်တွေကတော့ ရှက်ကြောက်လို့ အမှုတိုင်ကြားတာ မလုပ်တဲ့အတွက် ပျောက်သွားတဲ့အမှုတွေလည်း ရှိပါတယ်။ ဒီလိုအမှုတွေကို ထိထိရောက်ရောက်ကူညီပေးတဲ့ အဖွဲ့အစည်း တွေလည်း အားနည်းနေသေးတယ်လို့ ကိုနေလင်းက ဆိုပါတယ်။ “ဒီလိုအကျင့်ပျက်တဲ့ ပွဲစားတွေရှိနေတော့ ကျနော်တို့ မြန်မာအမျိုးသမီးတွေ တအားဒုက္ခရောက်တယ်။ သူတို့က မိန်းကလေးအများကြီးကို အစီအစဉ်နဲ့ဖျက်ဆီးနေမယ်ဆိုရင် ကျနော်တို့ကလည်း လက်ပိုက်ကြည့်မနေနိုင်ဘူးလေ” လို့ ကိုနေလင်းသူက ပြတ်ပြတ်သားသားပြောဆိုပါတယ်။
ရဲစကားပြန်၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတဲ့ ပွဲစားအောင်မျိုးမင်းဟာ မိန်းကလေးအတော်များများကို မုဒိမ်းကျင့်ခဲ့ သူလို့သိရပြီး သူမုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးများဟာ AIDS အပါအဝင် လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေ ရရှိမှာကို စိုးရိမ်နေကြတယ်လို့ နန်းစံအေးက ဆိုပါတယ်။
“ ဗိုက်ကြီးတာက ကလေးမွေးလိုက်လို့ရတယ်။ ဒါပေမဲ့ အဓိကကြောက်တာက သူ့မှာ ပိုးရှိမှာ ကြောက်လို့၊ ရောဂါဝင်သွား ရင် ဘာမှလုပ်လို့ မရတော့ဘူးလေ။ ဒီမိန်းကလေးဘဝက အရှုံးဘဲ။ အဲဒါကို သနားတယ်။ မိန်းကလေးတွေ ဘဝမပျက်စီး စေချင်ဘူး။ အဲဒါကြောင့် ခံရသူတွေကို ကိုယ်ချင်းစာတယ်။ ဒီလူကို သမီးတို့နေရာမှာ သူ့ညီမသာ ဖြစ်တယ်ဆိုရင် သူဘယ် လို ခံစားရမလဲ။ ခံစားကြည့်စေချင်တယ်” ဆိုတဲ့ နန်းစံအေးရဲ့ စကားသံဟာ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ် သမား အမျိုးသမီးများရဲ့ ဘဝကို တစိတ်တပိုင်းထင်ဟပ်လို့နေပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021