Home ဆောင်းပါး “အခြေခံလူတန်းစားအမျိုးသမီးတွေ စားနေရတဲ့ အစားအသောက်တွေ စိတ်ချရသလား”

“အခြေခံလူတန်းစားအမျိုးသမီးတွေ စားနေရတဲ့ အစားအသောက်တွေ စိတ်ချရသလား”

Photo: YGN FDA’s Facebook Page 

သွေး (စစ်ကိုင်း)။            ။

“တစ်ရက်လုပ်မှ တစ်ရက်စားဆိုတော့ မငတ်အောင်ပဲ စားရတာလေ…၊ ကုန်ဈေးနှုန်းက တက်ပြီးရင်းတက်ဆိုတဲ့ အခြေအ နေမှာ ဒီအစားအစာတွေက ဆိုးဆေး ပါသလား၊ မပါဘူးလားဆိုတာလည်း မစဉ်းစားနိုင်ပါဘူး…၊ ငါးပိရည်နဲ့ တို့စရာ ၂၀၀ ဖိုး လောက် ဝယ်လို့ရတာပဲ ကျေးဇူးတင်နေရတာ”

“ဘေးဥပါဒ် မဖြစ်အောင် စားသင့်တယ်ဆိုတာ သိတာပေါ့၊ ဒါပေမယ့် ကျမတို့ဘဝက ရွေးချယ်စရာမရှိဘူးလေ…၊ တအိမ်ဝင် တအိမ်ထွက် အဝတ်လျှော်မှ တနေ့(၅)ထောင်လောက်ပဲ ရတာ…၊ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ လက်ဖက်ထုပ်ကလေးနဲ့ ထမင်းစားနေရတဲ့ နေ့တွေလည်း မနည်းဘူး”

“စားဝတ်နေ”ရေး ဆိုတဲ့ စကားအတိုင်း လူသားတို့ ရပ်တည်ရှင်သန်ရေးအတွက် အရေးအကြီးဆုံးက အာဟာရပြည့်၀ အောင် စားသောက်ဖို့ ဖြစ်ပါတယ်။ အထက်က ပြောခဲ့တာတွေက စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အခြေခံ လူ တန်းစား အမျိုးသမီးနှစ်ယောက်ရဲ့ ရင်ဖွင့်သံတွေပါ။

အစားအသောက် လုံခြုံစိတ်ချရမှုဟာ မြန်မာနိုင်ငံမှာ တော်တော်လေးဆိုးဝါးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဈေးထဲမှာ ရောင်းချနေတဲ့ အသီးအရွက်တွေကအစ စည်သွပ်ဘူးတွေအလယ်၊ အစားအသောက်ထည့်ပေးတဲ့ ကြွပ်ကြွပ်အိတ်တွေ အထိအဆုံး ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးအကြွင်းအကျန်တွေ၊ ခွင့်မပြုတဲ့ ဆိုးဆေးတွေ၊ အလွန်အကျွံသုံးနေတဲ့ အချိုမှုန့်တွေအထိ ပါဝင်နေပါတယ်။

“ဒေါ်ဥမ္မာသန်း”ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်နေတဲ့ အိမ်ရှင်မတဦးပါ။ သူမရဲ့ဇာတိက ဧရာ ဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ဖြစ်ပေမယ့် ရေကြည်ရာမြက်နုရာ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ၂၀၁၄ ခုနှစ် နှစ် ဦးပိုင်းကပါ။ ခင်ပွန်းသည်ရှိစဉ်က အတန်အသင့်အဆင်ပြေခဲ့ပေမယ့် ခင်ပွန်းသည်ဆုံးပါးသွားပြီးတဲ့နောက် သူမဟာ မိသား စုအတွက် တော်တော်ရုန်းကန်ခဲ့ရပါတယ်။

ရန်ကုန်ရောက်ပြီး အစောပိုင်းကာလတုန်းက ခင်ပွန်းဖြစ်သူ ဦးဆောင်မှုနဲ့ ကုန်စုံဆိုင်လေးတဆိုင်ဖွင့်ခဲ့ပြီး ဝင်ငွေထွက်ငွေ မျှ တသလိုလို ရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကုန်စုံဆိုင်လေးပိတ်လိုက်ရတဲ့အထိ အခြေအနေက ဆိုးဝါးသွားပါတယ်။ သို့ ပေမယ့် သားတယောက်၊ သမီးတယောက်ရှိနေတော့ ဘောက်(ကြုံရာကျပန်း) အလုပ်တွေကို မဖြစ်မနေလုပ်ရပါတော့ တယ်။

ပထမဆုံး ကုန်စုံဆိုင်လေးကိုပိတ်၊ လမ်းဘေးဈေးလေးတွေကို လှည့်လည်ပြီး တွယ်ချိတ်၊ ပရုတ်လုံး၊ အပ်ချည်လုံး အပါ အဝင် မီးဖိုချောင်သုံးပစ္စည်းလေးတွေကို ဗန်းထဲထည့်ရောင်းချရသလို၊ ရပ်ကွက်ထဲမှာ ကော်မရှင်စားနဲ့ ထီရောင်းရတဲ့ အလုပ်ကိုလည်း လုပ်ကိုင်ရပါတော့တယ်။

အခုလတ်တလောမှာ ကြားနေရတဲ့ အစားအစာတွေထဲမှာ ဆိုးဆေးတွေပါတယ်၊ ဘယ်အစားအစာတွေက ကင်ဆာဖြစ်စေ နိုင်တယ်ဆိုတဲ့သတင်းတွေ သူမကြားရပါတယ်။ သို့ပေမယ့် သူမအနေနဲ့ စိတ်ပူပန်မိရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါ။ စုံစီနဖာ ပစ္စည်းလေးတွေဟာ အမြတ်အစွန်း နည်းပါးလွန်းတာမို့ တနေ့ရောင်းရငွေက အများဆုံး (၃၀၀၀)ကျပ် လောက်ပဲရှိပါတယ်။

မိသားစုစားသောက်ဖို့အတွက် ဆန်ကြမ်းတစ်ပြည်တောင် ကျပ်(၂၀၀၀)ဝန်းကျင်ရှိနေတာမို့ ငါးပိရည်၊ တို့စရာလောက်ဝယ်၊ ဟင်း (၅၀၀)ကျပ်၊ (၁၀၀၀)ကျပ်ဖိုးလောက်ဝယ်ပြီး ဘဝရှင်သန်ဖို့ မနည်းအားထုတ်နေရတာပါ။

ငါးပိရည်ထဲမှာ ငရုတ်သီးမှုန့်တွေ အများကြီး ပါတာတွေ့ပေမယ့် အခြားရွေးချယ်ခွင့် မရှိဘဲ မလွှဲမရှောင်သာ စားသောက်နေ ရတာပါ။

“ကျမတို့ရပ်ကွက်ထဲက ထမင်းဆိုင်မှာရော၊ ရန်ကုန်မြို့ ဆင်ခြေဖုံးက တခြားထမင်းဆိုင်တွေမှရော ဟင်းချက်ရင် စားအုန်း ဆီနဲ့ပဲ ချက်ကြတာ အများစုလေ….၊ အရောင်တင်မှုန့်တွေလည်း သုံးကြတာပဲ။ ဒါပေမယ့် ကျမတို့မှာ ဒါမှမစားရင် ဘာကို သွားစားမလဲညီမရယ်။ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ဖို့ဆိုတာက အချိန်လည်းရမှ၊ ဈေးဖိုးလည်း နည်းမှ မနည်း တာ။ ရပ်ကွက်ထဲက ဆိုင်မှာဟင်း(၁)ထောင်ဖိုးလောက် ဝယ်လိုက်ရင်၊ သားအမိ (၃)ယောက် မျှစားရင် စားလောက်တယ် လေ။ ဟင်းက (၁၀၀၀)၊ ငါးပိရည်တို့စရာ (၃၀၀) ဖိုးလောက်နဲ့ မျှစားရတာပဲ”

ရန်ကုန်မြို့ဆင်ခြေဖုံးက ထမင်းဆိုင်တွေသာမက မြို့တွင်းလမ်းဘေး စားသောက်ဆိုင်တွေဟာ ဈေးသက်သာတာမို့ အခြေ ခံလူတန်းစားတွေ အားထားနေရတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီအစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ် သလား၊ စိတ်ချရသလားဆိုတာတွေကို ထမင်းနပ်မှန်ဖို့ ဦးစားပေးနေရသူတွေကတော့ အကျယ်တဝင့် မစဉ်းစားနိုင်ကြ ပါဘူး။

မနက်စာအဖြစ် ထမင်းကြမ်းနဲ့ မုန့်ဟင်းရည်လို့ခေါ်တဲ့မုန့်ဟင်းခါးဟင်းရည် (၂၀၀)ဖိုးလောက်ဝယ်ပြီး ဝမ်းမီးငြိမ်းအောင် နယ် ဖတ်စားသောက်ကြရတာပါ။

Photo: YGN FDA’s facebook Page

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ထုတ်ပြန်ကြေညာချက်အရ အစားအစာလုံခြုံစိတ်ချရမှုဟာ တော်တော်လေး ဆိုးဝါးနေပါတယ်။ မုန့်ဟင်းခါးဝယ်ရင်ပဲဖြစ်ဖြစ်၊ ဟင်းဝယ်ရင်ပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ကော်ဖီဝယ်ရင်ပဲဖြစ်ဖြစ် ကြွပ်ကြွပ် အိတ်နဲ့ ထည့်ပေးတာများပါတယ်။

အဲဒီလို ပလတ်စတစ်အိတ်ကို အသုံးပြုထည့်ပေးရာမှာ ပလတ်စတစ်ဆိုင် ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့ စတိုင်ရင်း (styrene) ဆို တဲ့ဓာတုပစ္စည်းတွေ ဓာတ်ပြုပျော်ဝင်သွားရင် စားသုံးသူများကျန်းမာရေးအတွက် အန္တရာယ်များလှပါတယ်။ ဒီဓာတုပစ္စည်း တွေနဲ့ ထိတွေ့ပါများရင် စားသုံးသူအတွက် ကင်ဆာရောဂါ အပါအဝင် အခြားသော ဆက်စပ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ဟင်းချက်ရာမှာ လူတော်တော်များများက အချိုမှုန့်ကို အရသာပိုမိုကောင်းဖို့ဆိုပြီး ထည့်တတ်ကြပါတယ်။ အသုတ် သုတ်ရာမှာဖြစ်ဖြစ်၊ ဟင်းချက်ရာမှာဖြစ်ဖြစ် နောက်ဆုံးလက်ဖက်သုတ်ရာမှာပဲဖြစ်ဖြစ် အချိုမှုန့်ဟာ ဇာတ်လိုက်လိုဖြစ်နေပါ တယ်။

အချိုမှုန့်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ လေးဖက်နာ၊ အရိုးပွ၊ အရိုးပါး၊ဆီးချို၊ သွေးချို၊ သွေးတိုးစတဲ့ရောဂါတွေ ဖြစ်စေနိုင် တယ်ဆိုတဲ့အကြောင်းကို အခြေခံလူတန်းစားအများစု မတွေးတောနိုင်ကြဘဲ မရှောင်မလွဲသာသုံးစွဲစားသောက် နေကြရပါ တယ်။

“ဒေါ်သီတာနွယ်”ဟာ သား(၂)ယောက်၊ သမီးလေး(၁)ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ခင်ပွန်းဖြစ်သူကွယ်လွန် သွားပြီးတဲ့နောက် သမီးလေးက နို့တောင်မပြတ်သေးတဲ့ (၂)နှစ်အရွယ်ပဲ ရှိသေးပါတယ်။ သူမဟာ မိသားစုဝင်ငွေရဖို့ တ အိမ်ဝင် တအိမ်ထွက် အဝတ်လျှော်တဲ့အလုပ်ကို လုပ်ကိုင်ပြီး ဖြေရှင်းရပါတော့တယ်။

သာကေတမြို့နယ်ထဲက အိမ်သေးသေးလေးတလုံးကို (၁)လကျပ်(၅)သောင်းပေးပြီး ငှားနေရတာပါ။ တနေ့လုံးအဝတ် လျှော်မှ (၅)ထောင်ကျပ်ဝန်းကျင်ပဲရပြီး မိသားစုအတွက် ထမင်းတအိုးချက်နဲ့ ဟင်းကိုဖြစ်သလိုဝယ်ပြီး စားသောက်ရပါ တယ်။ ၁ ဈေးကွေ့အနီးဝန်းကျင်မှာ ဈေးသက်သက်သာသာနဲ့ ဟင်းတချို့ဝယ်လို့ ရနေတာကိုပဲ ကျေးဇူးတင်နေရတာပါ။

“တခါတလေတော့ ကျမစဉ်းစားမိတယ်၊ ဒီအစားအသောက်တွေ စားနေရတာ စိတ်ချရပါ့မလားလို့၊ နှစ်ပတ်တခါလောက်ပဲ အိမ်မှာ ဟင်းကောင်းကောင်းချက်စားနိုင်တယ်။ နို့စို့သမီးလေးအတွက်ပါ ကျမစိတ်ပူမိတယ်၊ အချိုမှုန့်တို့၊ အရောင်တင်မှုန့်၊ စားအုန်းဆီတို့ ပါနေတာ သိနေပေမယ့် ကျမတို့လည်း မတတ်နိုင်ဘူးလေ”

အခြေခံလူတန်းစားတွေ အားထားနေရတဲ့ ဆိုင်တွေသာ မကပါဘူး၊ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာလည်း အစားအစာ လုံခြုံစိတ်ချရမှု ရှိ-မရှိ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသားကင်တွေနဲ့ တွဲဖက်စားသုံးတဲ့ အချဉ်ရည်အများစုဟာ ဆာလဖျူရစ်အက်ဆစ် ရောနှောပါဝင်နေတဲ့အချဉ်ရည်တွေ ဖြစ်နေလို့ပါ။ တားမြစ်ဆိုးဆေးသုံးစွဲထားတဲ့ မျှစ်၊ ငရုတ်သီးမှုန့်၊ ငါးပိ၊ ပဲနီလေး၊ ပုဇွန်ခြောက်၊ ငရုတ်သီးခြောက်တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။

ပြီးတော့ တချို့သော လက်ဖက်ရည်ဆိုင်တွေဟာ အီကြာကွေး၊ ပလာတာ၊ ထပ်တရာ၊ စမူဆာစတဲ့ ကြော်ပြီးသား ဆီတွေ ကို ထပ်ပြီးသုံးတာ၊ တနည်းအားဖြင့် ပြန်ကြော်ဆီတွေကို ထပ်ခါထပ်ခါ သုံးတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားအစားအသောက် ဥပဒေပြဋ္ဌာန်းထားတာ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့(FDA)ကနေ လိုက်လံစစ်ဆေးနေတာ၊ ဈေးတွေမှာ ပညာပေးစာတန်းတွေ ကပ်ထားပေးတာတွေရှိလာပေမယ့် လက်တွေ့အရေးယူမှုမှာ အလွန်အားနည်းနေပါသေးတယ်။ ဒါကြောင့် အများပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပြီး ဆိုးဝါးစွာ ထိခိုက်စေနိုင်တဲ့ အစားအစာတွေကို ငွေပေးစားသောက်နေရတဲ့ အနေအထားဖြစ်နေပါတယ်။

တားမြစ်ဆိုးဆေးတွေ၊ ပဲဆီဆိုပြီး တခြားအရောအနှောဆီတွေ၊ ကြော်ပြီးသားဆီတွေကို ဓာတုနည်းနဲ့ အနံ့ပြောင်းထားတဲ့ ပြည်တွင်းက စားဆီ၊ အုန်းဆီတွေ၊ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေက တင်သွင်းလာတဲ့ တံဆိပ်အမျိုးမျိုးနဲ့ မုန့် အမျိုးမျိုး၊ ဘီစကစ်၊ အချိုရည်တွေ၊ စည်သွပ်ဘူးတွေကိုလည်း အမျိုးသားအစားအသောက်ဥပဒေနဲ့ ပြည်သူတွေအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် အရေးယူပေးသင့်တယ်လို့ ပြောဆိုသူတွေ လည်း ရှိနေပါတယ်။

“ဒေါ်ဥမ္မာသန်း” က သူမရဲ့ဆန္ဒကို အခုလို တွေးတွေးဆဆ ပြောပါတယ်။

“ကျမတို့မှာ ဝင်ငွေအထိုက်အလျောက်များလာရင် ရွေးချယ်စရာလည်း ပိုများလာမှာပါ။ ကန်စွန်းရွက်ကြော်နဲ့ပဲ စားရ၊ စားရ ဘေးကင်းကင်းစားချင်ပါတယ်။ အဲဒီလောက်လေး အဆင်ပြေအောင် တာဝန်ရှိသူတွေက ကူညီပေးနိုင်ရင် ကောင်းတာပေါ့”

“ဒေါ်သီတာနွယ်” ကလည်း သူမရဲ့ ရင်ခွင်ထဲက သမီးလေးကို ငုံ့ကြည့်ရင်း အခုလို ပြောပြပါတယ်။

“ကျမသမီးကိုတော့ လူတန်းစေ့အောင် ထားချင်တယ်။ ရောဂါဖြစ်လာရင်လည်း ဆေးဝါးကုသဖို့ ကျမတို့မှာ ပိုက်ဆံမရှိပါ ဘူး။ အသက်ရှင်အောင်ပဲ စားနေရတဲ့ ကျမတို့တွေအတွက် အစားအစာတွေ ဘေးကင်းအောင် လုပ်ပေးစေချင်ပါတယ်”

Related Articles