ပစ်တိုင်းထောင်မ (ရန်ကုန်)။ ။
“အမျိုးသမီးခေါင်းဆောင် အဆက်ဆက်ဟာ ရာစုနှစ်ပေါင်းများစွာကတည်းက အမျိုးသားတွေနဲ့ တန်းတူ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။ ဒါပေမယ့် အခုအချိန်အထိ အသိအမှတ်ပြုမှု မရှိသေးဘူး။ အဖြေက ကျား-မ တန်းတူရေးမရှိလို့ပဲ။ ဒီမိုကရေစီနည်းအရကြည့်မယ်ဆိုရင် လူသားဖြစ်တဲ့အတွက် လူသားဆိုတာ ကျား-မ အကုန်လုံးပါတယ်။ အားလုံးမှာ အခွင့်အရေးဆိုတာရှိတယ်။ အမျိုးသမီးလူဦးရေ ထက်ဝက်ကျော်ရှိနေတဲ့ နိုင်ငံမှာ အမျိုးသမီးတွေအတွက် ကိုယ်စားပြုမယ့် အမျိုးသမီးတွေကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့နေရာတွေ မှာ ရှိနေဖို့လိုအပ်တယ်”
ပညာတတ်အမျိုးသမီးတွေ မရှိလို့ အမျိုးသမီးတွေအတွက် အကာအကွယ်မဲ့နေတာလား၊ အမျိုးသမီးတွေ အတွက် ကိုယ်စားပြုမှု မရှိတာလား၊ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ ပါဝင်ခွင့်မရှိနေတာလား၊ ဘာ ကြောင့်လဲဆိုတာကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိူဝ်းက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ရဲ့ စစ်တမ်း အချက်အလက်အရ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေရဲ့ (၃၄.၂) ရာခိုင်နှုန်းနဲ့ အမျိုးသားဦးရေရဲ့ (၂၅.၇) ရာခိုင်နှုန်းဟာ အထက်တန်းပညာရေးကို ပြီးမြောက်ကြပြီး ဘွဲ့ကြိုသင်တန်းအဆင့် ပညာရှိသူဦးရေ စုစု ပေါင်းရဲ့ (၆၅.၂)ရာခိုင်နှုန်း၊ မဟာဘွဲ့ရအဆင့် စုစုပေါင်းရဲ့ (၈၀.၅)ရာခိုင်နှုန်းနဲ့ ပါရဂူဘွဲ့ရအဆင့် စုစုပေါင်းရဲ့ (၈၀.၈)ရာခိုင်နှုန်းတို့ဟာ အမျိုးသမီးများဖြစ်ကြတဲ့အတွက် ကိန်းဂဏန်းရလာဒ်များကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီး ပညာတတ်ဦးရေဟာ အမျိုးသားများထက် ပိုမိုများပြားနေတယ်လို့ သံလွင်ပြည် သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့ (Salween Institute for Public Policy)နဲ့ အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေတဲ့ ကျားမတန်းတူရေးမြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေး ရာစာတမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
စစ်တမ်းတွေကိုကြည့်ရင် အမျိုးသမီးပညာတတ်ဦးရေ နည်းပါးတယ်လို့ ဘယ်သူငြင်းချက်ထုတ်မလဲ။ ဒါ ပေမယ့် နိုင်ငံရဲ့အဓိကဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်မရနေတာက ဘာ ကြောင့်လဲ၊ ဘယ်လိုအဟန့်အတားတွေဖြစ်နေသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ သံလွင်ပြည်သူ့ရေးရာ မူဝါဒ လေ့လာရေးအဖွဲ့ (Salween Institute for Public Policy) ရဲ့လုပ်ငန်းစဉ်တွဲဖက်တာဝန်ခံလည်းဖြစ်၊ သုတေသနပြုသူ၊ သုတေသနစာတမ်းရေးသားသူလည်းဖြစ်တဲ့ ကိုရှိုင်းကိုကိုလွင်က မူဝါဒရေးရာ စာတမ်း ထုတ်ဝေတဲ့ အခမ်းအနားမှာ အပိုင်းသုံးပိုင်းခွဲပြီး အခုလိုပြောပါတယ်။
“အပိုင်း(၁)က ဥပဒေအရ အကန့်အသတ်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက ယောကျ်ားတွေနဲ့သာ သင့်တော်တဲ့အလုပ်မျိုးဆိုတာပါတယ်။ ပြောချင်တာက အမျိုးသားတွေက အလုပ်တိုင်းနဲ့ သင့်တော်ပြီး အမျိုးသမီးတွေက နေရာတိုင်းနဲ့ မသင့်တော်ဘူးဆိုတာမျိုး သတ်မှတ်တယ်။ ဒါတွေက အမျိုးသားတွေ၊ အမျိုးသမီးတွေကိုယ်တိုင် ရွေးချယ်ရမယ့်ကိစ္စ၊ အဲဒါကို ဖွဲ့စည်းပုံမှာသွားပြီး ကန့်သတ်ထားတာက အမျိုး သမီးတွေကို ခွဲခြားဆက်ဆံရာရောက်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ဦးဆောင်မှုအပိုင်းကို မရောက်လာ အောင် ဥပဒေအရတားထားတဲ့ အဟန့်အတား၊ အကန့်အသတ်တွေဖြစ်တယ်”
“အပိုင်း (၂) ကတော့ လူမှုအစဉ်အလာအရ အကန့်အသတ်များဖြစ်တယ်။ ရွေးကောက်ပွဲတွေမှာ အမျိုး သမီးတွေ ပိုမိုပါဝင်လာအောင် လုပ်ထားပေးတဲ့စနစ်မျိုး ရှိမနေဘူး။ အမျိုးသမီးတွေကိုယ်တိုင်က လွှတ် တော်ကိုယ်စားလှယ် ရွေးချယ်တဲ့အခါမှာ အမျိုးသမီးအချင်းချင်း ယုံကြည်မှုရှိမနေဘူး။ အမျိုးသားမှပဲ တကယ့် ကိုယ့်မဲဆန္ဒနယ်ကို အကျိုးပြုနိုင်မယ်လို့ မြင်တဲ့အမြင်တွေ၊ အတွေးတွေရှိတယ်။ အဲဒါက ယဉ် ကျေးမှုအစဉ်အလာရ အဟန့်အတားတခုဖြစ်နေတယ်။”
“ အပိုင်း(၃)ကတော့ အင်စတီကျူးရှင်ဆိုင်ရာ အကန့်အသတ်များဖြစ်တယ်။ အဖွဲ့အစည်းအတွင်းမှာထားတဲ့ အဟန့်အတားတွေပေါ့။ ဥပမာ ကြည့်မယ်ဆို နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးအဖွဲ့အစည်းတိုင်းရဲ့ ဗဟို ကော်မတီ၊ ဦးဆောင်ကော်မတီ တွေပေါ့နော်။ ဆုံးဖြတ်ချက်ချတဲ့ ရာခိုင်နှုန်းအရ (၉၀) ရာခိုင်နှုန်းက အမျိုး သားတွေပဲ။ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ရာခိုင်နှုန်းနည်းနည်းလေးပဲ ပါခွင့်ရတယ်။ ဒါကိုကြည့်ရင် အဖွဲ့အစည်းတွေထဲမှာ အမျိုးသမီးတွေကို တွဲမခေါ်ထားဘူး၊ အမျိုးသမီးတွေကို နေရာ မပေးဘူးဆိုတာ မြင်ရတယ်။ အဲဒီတော့ ကျနော်တို့ ကြည့်မယ်ဆိုရင် အဖွဲ့အစည်းအရရော၊ လူမှုအစဉ် အလာအရရော၊ ဥပဒေအရရော၊ အကန့်အသတ်တွေ အများကြီးရှိနေတယ်ဆိုတာ တွေ့ရပါတယ်” လို့ ကိုရှိုင်းကိုကိုလွင်မှ ရှင်းပြခဲ့ပါတယ်။
အခုလို အဟန့်အတားတွေကြားကနေ လွှတ်တော်အမတ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးအချို့ ပါဝင်လာတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် အခုလို အမျိုးသမီးတွေ ပါလာတဲ့အပေါ် ထားဝယ်အမျိုးသမီး သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးမယ်စိုးစိုးနွယ်က အခုလို ပြောပါတယ်။
“ဒီမိုကရေစီရေးအရ ကြည့်မယ်ဆိုရင် ကျမတို့အမျိုးသမီးတွေက နိုင်ငံရေးမှာရော၊ ငြိမ်းချမ်းရေးမှာရော ဖယ်ကျဉ်ခံထားရတယ်။ ငြိမ်းချမ်းရေးမှာလည်း ရုပ်ပြအဖြစ်ပဲ မြင်တွေ့ရတယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ် စဉ်တွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ်၊ အစိုးရဘက်ကပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ် ခေါင်းဆောင်တွေကြည့်လိုက်ရင် အမျိုးသားတွေပဲများနေတယ်။ အမျိုးသမီးတွေကို ရှားရှားပါးပါး အနည်း ငယ်သာ တွေ့ရတယ်။ ရှားရှားပါးပါးပါဝင်ခွင့်ရတဲ့ အမျိုးသမီးတွေကလည်း အမျိုးသမီးတွေရဲ့ အခက်အခဲကို ပြောပြဖို့ အကန့်အသတ်တွေကလည်း အများကြီးရှိတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း ဆုံးဖြတ်ပိုင် ခွင့်မရရင် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ ရမှာမဟုတ်ဘူး”။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတချို့ ပါဝင်ခွင့်ရခဲ့တဲ့အပေါ် ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ အတွင်း ရေးမှူး မယ်စိုးစိုးနွယ်က ရုပ်ပြသက်သက်သာ ထားရှိတယ်လို့ သုံးသပ်ထားသလို ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်းထုတ်ဝေပွဲကို တက်ရောက်လာခဲ့တဲ့ Equality Myanmar (ညီမျှခြင်းမြန်မာ) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ အမျိုးသမီး Hero တွေအစား ကျား/မ ရေးရာအမြင်တွေကို နားလည်ကျင့်သုံးသော အမျိုးသမီး Shero များလိုအပ်ပါတယ်လို့ ရေးသားသုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။
“အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာမှာ ပါဝင်ခွင့်ရအောင် စွမ်းရည်မြှင့်ပေးရမယ်ဆိုတာကို လက်ခံပါ တယ်၊ လိုအပ်ပါတယ်၊ ဒါပေမဲ့ ခေါင်းဆောင်မှုနေရာကို အမျိုးသမီးတွေ ရောက်တာနဲ့ ကျားမတန်းတူပြီ လို့တော့ မသတ်မှတ်နိုင်ပါဘူး။ (တချို့) စွမ်းရည်မြှင့်ပြီးသား အမျိုးသမီးခေါင်းဆောင်တွေဟာ ခန္ဓာကိုယ်က အမျိုးသမီးဖြစ်ပေမဲ့ စိတ်သဘောထားက အမျိုးသားစိတ်နေသဘောထားတွေရှိပြီး အမျိုးသမီးအရေးကို အမျိုးသားအမြင်နဲ့ဘဲ ရှုမြင်သုံးသပ်တတ်ကြလို့ပါ။ “အမျိုးသမီးတွေလဲ အရည်အချင်းရှိရင် တက်လာမှာဘဲ၊ အထူးဘာမှလုပ်ပေးစရာမလိုဘူး၊ ကျမလဲ ဒီလိုကြိုးစားခဲ့ရတာဘဲလေ” ဆိုပြီးပြောတဲ့ စွမ်းရည်မြှင့် အမျိုး သမီး(တချို့)ကို တွေ့ဖူးလို့ပါ။ တော်တော်များများဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ဘဝနဲ့ ကျန်တဲ့အမျိုးသမီးတွေ အများစုကြုံတွေ့ရတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ တရားဥပဒေရေး၊ အခက်အခဲတွေ၊ စိမ်ခေါ်မှုတွေ ကို နားမလည်တတ်ကြပါဘူး။ မတရားတာတွေကိုပြောရင် “ဒါမျိုး ကျမကိုသာ လာလုပ်ကြည့်ပါလား၊ သေ တောင်သွားမယ်” လို့ ပြောတတ်ကြတဲ့သူတွေဟာ မတရားမှုခံနေရတဲ့ အမျိုးသမီးတွေမှာ သူနဲ့မတူတဲ့ အခက်အခဲတွေ၊ ဘဝအခြေအနေတွေ၊ ရှိနေတတ်တယ်ဆိုတာကို သိမြင်ခံစားနိုင်မှု မရှိတာတွေ့ရပါတယ်။
ဒါကြောင့် ခေါင်းဆောင်မှုမှာ အမျိုးသမီးပါဝင်မှုလို့ပြောရင် အမျိုးသမီးအရေအတွက်ထက် ပါဝင်တဲ့ အမျိုး သမီးတွေရဲ့ အမျိုးသမီးအချင်းချင်းဘဝတွေကို သိမြင်နားလည်စာနာ၊ ကိုယ်ချင်းစာတတ်သော အမျိုးသမီး များဖြစ်ဖို့ စဉ်းစားစေချင်ပါတယ်။ အမျိုးသမီး Hero အစား ကျားမရေးရာအမြင်တွေကို နားလည်ကျင့်သုံး သော အမျိုးသမီး Shero များ လိုအပ်ပါတယ်”
ဦးအောင်မျိုးမင်းအနေနဲ့ ဒီလိုရေးသားထားသလို အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မြန်မာ့အမျိုးသမီး သမဂ္ဂက အထွေထွေအတွင်းရေးမှူး(၁) နော်ကပေါ်ထူးကတော့ အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာမှာ ပါဝင်မှု နည်းပါးနေတာနဲ့ပါတ်သက်ပြီး အခုလိုသုံးသပ်ပြောကြားလိုက်ပါတယ်။
“ အစဉ်အလာ ဓလေ့ထုံးတမ်းတွေကြောင့် နိုင်ငံရေးမှာ ဦးဆောင်ဖို့အခွင့်အလမ်းနည်းပါးရာကနေ လူမှု တရားမျှတမှုအခြေအနေတွေ ဆုံးရှုံးလာတယ်။ ဒါကို ပကတိအတိုင်း မရှုမြင်မသုံးသပ်နိုင်ဘူးဆိုရင် အနာ နဲ့ဆေးက တခြားစီဖြစ်နေဦးမှာပါ။ ကျမတို့ကတော့ လူငယ်တွေ၊ မျိုးဆက်သစ်တွေလက်ထက်မှာ ပုံစံ ခွက်တွေက ရုန်းထွက်နိုင်အောင် အခုချိန်မှာ ရုန်းကန်တိုက်ပွဲဝင်နေရတယ်လို့ မှတ်ယူထားပါတယ်။”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021