Home ဆောင်းပါး ခရီးမပေါက်တဲ့ ရှမ်းပြည်နယ် အမျိုးသမီးရေး

ခရီးမပေါက်တဲ့ ရှမ်းပြည်နယ် အမျိုးသမီးရေး

https://yourstory.com/2016/09/women-barrier-are-real/

Photo Credit: https://yourstory.com/

နန်းဆိုင်နွမ်။           ။

“အိမ်ကယောက္ခမတောင် မိန်းမဆိုတာ အိမ်ထဲမှာနေ၊ အိမ်အလုပ်လုပ်ရမယ်လို့ ပြောနေသေးတာဘဲ” လို့ နန်း မြဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံရောပြွန်းနေထိုင်ကြပါတယ်။ လူမျိုးအသီးသီးရဲ့ ဓလေ့ထုံးတမ်းတွေအရ မိဘတွေကိုယ် တိုင်က သားသမီးတွေကို ခွဲခြားဆက်ဆံနေသရွေ့၊ အမျိုးသမီးတွေကိုယ်တိုင်ကလည်း မပြောင်းလဲနိုင်သရွေ့၊ အမျိုးသမီးအခွင့်အရေးက အလှမ်းဝေးနေဦးမှာပါ။

အမျိုးသမီးအခွင့်အရေးအတွက် အသိပညာပေးမှုတွေ၊ သင်တန်းပေးမှုတွေ၊ အမြင်ဖွင့်မှုတွေ၊ နယ်ပယ်တိုင်းမှာ ပြု လုပ်နေပေမယ့် လက်တွေ့မှာတော့ ကျင့်သုံးဖို့ ခက်ခဲနေသေးတယ်လို့ ရှမ်းပြည်နယ်အတွင်းက အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။

“ လက်တွေ့မှာ  ကိုယ့်အိမ်က မိန်းကလေးတွေကိုတောင် ကိုယ့်အိမ်ကလူတွေ ခွဲခြားနေကြသေးတာဘဲလေ။ အဲဒီ လို ခွဲခြားနေသရွေ့၊ အမျိုးသမီးဖြစ်တဲ့ ကိုယ်တိုင်ကလည်း မပြောင်းလဲနိုင်သရွေ့၊ တခြားလူတွေလည်း ပြောင်းလဲ မှာ မဟုတ်ဘူး” လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လူငယ်အဖွဲ့အစည်းက မိုင်းမိုင်က ဆိုပါတယ်။

မြန်မာပြည်မှာ မိရိုးဖလာယုံကြည်မှုဖြစ်တဲ့ “သားကိုသခင်၊ လင်ကိုဘုရား” ဆိုတဲ့ အစွဲအလန်းတွေ ခုချိန်ထိ ရှိနေပါ သေးတယ်။

အိမ်ထဲမှာလည်း ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မိန်းကလေးတွေဟာ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံ ခံနေကြရပါတယ်။

“ ငယ်ငယ်တုန်းက ဆော့ကစားရင်တောင် အစ်ကိုတွေ မောင်လေးတွေလို ကိုယ်ကြိုက်သလို မဆော့ရ၊ မကစား ရဘူး။ မိဘတွေကို ကူရတယ်။ အမေဟင်းချက်ရင်လည်း ဘေးကနေ အမြဲကူရတယ်” လို့ အခုအခါမှာ အသက် (၂၅)နှစ်ကျော်လာပြီဖြစ်တဲ့ ရှမ်းအမျိုးသမီးနန်းမွေက ပြောပါတယ်။

နယ်တွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေဟာ ငယ်ရွယ်ချိန်၊ အိမ်ထောင်ပြုချိန် မတန်သေးချိန်မှာပင် မိဘတွေက အိမ်ထောင်ပြုဖို့ တွန်းအားပေးကြသလို အရွယ်လွန်ပြီးမှ အိမ်ထောင်မကျသေးရင်လည်း အမျိုးသမီးအချင်းချင်း ခွဲခြားဆက်ဆံကြတာတွေ ရှိနေသေးကြောင်း မိုင်းမိုင်က ပြောပါတယ်။

ငယ်စဉ်ဘဝကတည်းက မိန်းကလေးတွေဟာ အိမ်တွင်းမှုအလုပ်ကိုသာ အဓိကလုပ်ဆောင်ကြရပြီး တခြားပြင်ပ ဗဟုသုတ၊ အသိပညာတွေကို ရှာဖွေဖို့လည်း မိဘတွေကိုယ်တိုင်က အားမပေးကြပါဘူး။

ဒါကြောင့် နယ်တွေ၊ ကျေးရွာတွေမှာ အမျိုးသမီးအခွင့်အရေးတွေ၊ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ဥပဒေတွေ၊ အသိ ပညာပေးပြောကြားတဲ့အခါမှာ အမျိုးသမီးတွေ တက်တက်ကြွကြွပါဝင်လာဖို့ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေက အဓိကအတားအဆီးဖြစ်နေတယ်လို့  ဆိုကြပါတယ်

အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အသိပညာဆွေးနွေးမှုတွေ ပြုလုပ်ပေမယ့် အမျိုးသမီးတွေက လာရောက်ဆွေးနွေးဖို့ အချိန်မပေးနိုင်ကြတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒါတွေကြောင့် အမျိုးသမီးတွေဟာ ဒီဓလေ့ထုံးတမ်း၊ ပုံစံခွက်အစွဲအလမ်းတွေကို တွန်းလှန်နိုင်မယ်လို့ မထင် ကြောင်းလည်း  တောင်ကြီးမြို့၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ နန်းမြဦးက ပြောပါတယ်။

“ မိန်းမမှန်ရင် ယောကျ်ားလုပ်သမျှ သည်းခံရမယ်ဆိုတာမျိုးလည်း  အခုချိန်ထိ ရှိနေသေးတယ်” လို့လည်း နန်းမြဦး က ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး နယ်တွေမှာ အသိပညာပေးနိုင်ဖို့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးပါတယ်။ ဒီနေရာမှာ ဘာသာစကားခက်ခဲမှုကလည်း အချက်တစ်ခုအဖြစ် ပါဝင်နေတယ်လို့ အမျိုးသမီး အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ပညာပေးမှုကတော့ ၉၀ ရာခိုင်နှုန်းလိုအပ်တယ်။ ဒါပေမယ့် တိုင်းရင်းသား တွေ နားလည်တဲ့ဘာသာစကားနဲ့ ပြောဆိုနိုင်ဖို့ စိမ်ခေါ်မှုလည်း ရှိနေပါတယ်” လို့ တောင်ကြီး ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ နန်းမြဦးက ပြောပါတယ်။

မြန်မာစာ၊ မြန်မာစကားကို တိုင်းရင်းသားနယ်မြေတွေမှာ သိပ်နားမလည်ကြလို့ အမျိုးသမီးအခွင့်အရေးအတွက် အ သိပညာပေးမယ်ဆိုရင် ဘာသာစကားကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတဲ့အကြောင်းနဲ့ တိုင်းရင်းသားဘာသာစ ကားနဲ့ ထုတ်ဝေတဲ့စာစောင်တွေလည်း ဖြန့်ဝေသင့်တဲ့အကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။

“ လူ့အခွင့်အရေးတို့၊ အမျိုးသမီးအခွင့်အရေးတို့ဆိုတာ မကြားဖူးတဲ့စကားလုံးတွေ ဖြစ်နေတဲ့အတွက် သွားပေး မယ့်သူတွေအပေါ် မူတည်တယ်။ မြန်မာလိုပြောရင် တချို့ဘာသာပြန် လွဲမှားတာတွေလည်း ရှိတယ်။ ဒါကြောင့် လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး တကယ်နားလည်ဖို့ဆိုရင် ဘာသာစကားကလည်း အရေးကြီးပါတယ်” လို့ တောင်ကြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ နန်းမြဦးက ဆိုပါတယ်။

အမျိုးသမီးတွေကို တော်ရုံနေရာမပေးလိုကြကြောင်းနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသူတွေကိုလည်း ထူး ဆန်းတဲ့ သတ္တဝါတွေလို ရှုမြင်တတ်ကြကြောင်း နန်းမြဦးက ပြောပါတယ်။

”ကျေးရွာတွေမှာ အများစုက ပညာမတတ်ကြဘူး။ ကျမတို့သွားတဲ့နေရာတွေဆိုရင် ရှမ်းစာ၊ ရှမ်းစကားပဲ တတ်ကြ တယ်။ ရှမ်းလိုပဲ ပြောရတယ်။ သူတို့အတွက် တိကျတဲ့ ဘာသာစကားလိုတယ်။ သူတို့နားလည်နိုင်မယ့်ဥပမာ၊ ရွာနဲ့ ကိုက်ညီတာတွေနဲ့ ရှင်းရတယ်”လို့ အခွင့်အရေး ဥပဒေရေးတွေကို ပညာပေးနေတဲ့ ကျွန်းတထောင်မြေဖောင် ဒေးရှင်းတည်ထောင်သူ နန်းဝါနုက ပြောပါတယ်။

တိုင်းရင်းသားနယ်မြေတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေအတွက် အမျိုးသမီးအခွင့်အရေး အသိပညာပေးတဲ့အခါ မှာ လူစုဖို့ကအစ ခက်ခဲကြောင်း နန်းဝါနုက ဆိုပါတယ်။

ရှမ်းပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတွေကို အဖွဲ့ပေါင်းစုံက သင်တန်းလာပေးနေပေမယ့် ဘာသာစကား အခက် အခဲတွေရှိသလို၊ တကယ်နားလည်သဘောပေါက်လာအောင် လက်တွေ့တွန်းအားပေးမှုတွေလည်း လိုအပ်တယ် လို့ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ရက် (ရှမ်းပြည်) တည်ထောင်သူ ဒေါ်သန္တာဦးက ပြောပါတယ်။

ကျေးလက်တောရွာတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေကို အခွင့်အရေးအကြောင်းပညာပေးတဲ့အခါမှာ “ဘာပဲဖြစ် ဖြစ် အမျိုးသားတွေ ဦးဆောင်မှာဘဲ၊ သူတို့နောက်ကလိုက်ရုံပဲဆိုတဲ့ သူတို့ရဲ့စိတ်ထားတွေကို ပြောင်းဖို့ အရမ်းခက် ပါတယ်။ စီးပွားရေးကလည်း အခက်အခဲဖြစ်ကြတဲ့အတွက် ဒီလိုပညာပေးမှုတွေကို သူတို့စိတ်ဝင်စားမှုက သိပ်နည်း တယ်” လို့ ဒေါ်သန္တာဦးက ဆိုပါတယ်။

အခြေခံအမျိုးသမီးတွေကို ကိုယ်တိုင်ရုန်းထွက်ဖို့နဲ့ ကိုယ်တိုင်ယုံကြည်ချက်ရှိလာအောင် တွန်းအားပေး၊ မြှင့်တင်ပေး ဖို့ လိုအပ်ကြောင်း အမျိုးသမီးအရေး လုပ်ဆောင်နေသူတွေက ပြောကြပါတယ်။

“နယ်တွေမှာ သင်တန်းသွားပေးတဲ့အခါ ဒါက အနောက်နိုင်ငံက သယ်လာတဲ့အရာတွေဆိုပြီး လက်မခံတာတွေ ရှိ တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ရှည်ရှည်ရှင်းပြတော့ လက်ခံလာတာတွေလည်း ရှိပါတယ်။ တော်တော်တော့ ရှင်းပြရတယ်” လို့လည်း ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ပညာပေးနေတဲ့ နန်းခမ်း မို့က ပြောပါတယ်။

အမျိုးသမီးအခွင့်အရေး၊ ရပိုင်ခွင့်တွေလို့ ပြောလိုက်ရင် ကျေးလက်ဒေသမှာ ပညာပေးဖို့ ခက်ခဲသလို တချို့အမျိုး သားတွေကလည်း လက်မခံကြတဲ့အတွက် အမျိုးသမီးရေးပညာပေးအဖွဲ့တွေကို ချဉ်းကပ်ဝင်ရောက်ဖို့ ခက်ခဲတဲ့အ ဆင့်အထိ ရှိကြောင်းလည်း နန်းခမ်းမို့က သူကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို ပြောပြပါတယ်။

“ အမျိုးသမီးအဖွဲ့တွေလာရင် ဒါက ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို ပျက်အောင်လုပ်တဲ့သူတွေလို့ သတ်မှတ်ကြပါ တယ်။ နောက်ပြီး အမျိုးသမီးတွေကို အသိပညာပေးချင်ပေမယ့် အမျိုးသမီးတွေ ကိုယ်တိုင်က အိမ်မှုကိစ္စတွေ လုပ် နေရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလာကြတာ များပါတယ်” လို့ နန်းခမ်းမို့ က  ဆိုပြန်ပါတယ်။

အမျိုးသမီးအခွင့်အရေးတွေကို အမျိုးသမီးတွေကိုယ်တိုင် သိရှိထားသင့်သလို အမျိုးသမီးတွေ ကိုယ်တိုင်လည်း တကယ်ကျင့်သုံးပြီး  ပတ်ဝန်းကျင်ကို ပြန်လည်မျှဝေနိုင်ဖို့က အရေးကြီးပါတယ်လို့ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

ဒါတွေအပြင် အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ်နဲ့ကိုယ့်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အကြမ်းဖက်မှုတွေ ရှိလာရင် နှုတ်ဆိတ်နေစရာမလိုဘဲ ရဲဝံ့စွာ ဖော်ထုတ်ဖို့ လိုအပ်လှပါတယ်။

ဒါ့ကြောင့် အမျိုးသမီးအရေးလို့ဆိုရာမှာ မိဘတွေကိုယ်တိုင်က ဦးဆောင်ပါဝင်ရမှာဖြစ်သလို ကိုယ့်သားနဲ့သမီးကြား မှာ ငယ်ငယ်ကလေးဘဝက စတင်ပြီး တန်းတူညီမျှ ဆက်ဆံပေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုနေကြတာဖြစ်ပါတယ်။

 

 

Related Articles