မလိခ။ ။
“အိမ်မှာ အရမ်းခက်ခဲတယ်။ ကလေးတွေရဲ့ အဖေက သူ့တာဝန်နဲ့သူ သွားနေတာဆိုတော့ စားဖို့ကအစ ကျမ နှစ်တိုင်း လယ်ထွန်ပြီးတော့ ကလေးတွေရဲ့ ကျောင်းစရိတ်ရှာတယ်။ ကျမတယောက်ထဲ တတ်နိုင်သလောက် ရုန်းကန်ခဲ့ရတာ။”
အသက် (၅၇)နှစ်အရွယ် ဒေါ်လထော်ထုဆမ်ဟာ သားသမီး(၇)ဦးလုံး ပညာတတ်အောင် မိခင်တစ်ဦးထဲက ရုန်းကန်ရှာကျွေးခဲ့သူပါ။ သူမရဲ့အမျိုးသားဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှာဘဲ တာဝန်ထမ်းဆောင်နေ တာကြောင့် မိသားစုအရေးအကုန်လုံးကို သူမတစ်ဦးတည်း ကြိုးစားရုန်းကန်ခဲ့တာတွေကို ပြန်ပြောပြတာပါ။
ဒေါ်လထောင်ထုဆမ်ဟာ သားသမီး (၇)ယောက်ရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ တာ ဝန်ယူပြီး ရှာဖွေလုပ်ကျွေးနေတာပါ။ သူမရဲ့ အမျိုးသားက KIA မှာ တာဝန်ထမ်းဆောင်နေရင်း နှစ်ပေါင်း (၄၀) ပြည့်တဲ့နှစ် ၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ နားမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။
“ သူကရှေ့တန်းမှာဘဲနေရတယ်။ တနှစ်မှတခါလောက်ဘဲ အိမ်ပြန်လာတယ်။ ကျမက တောင်ယာတွေလုပ်၊ နွားတွေ၊ ဝက်တွေ၊ ကြက်တွေမွေးမြူတယ်။ လယ်ထွန်တဲ့အချိန်ဆို သူများကို ပိုက်ဆံပေးပြီးခိုင်းတယ်။ ဒီလိုနဲ့ သားသမီးတွေရဲ့ ပညာရေးကစ အကုန်လုံး ကျမဘဲလုပ်တာ”
တိုက်ပွဲစဖြစ်နေချိန်မှာ သူမရဲ့အမျိုးသားက ရှေ့တန်းမှာဘဲ ရှိနေခဲ့လို့ သားသမီးတွေနဲ့အတူ တရွာလုံး နေ့ ရော၊ ညပါ (၃)ရက်ကြာလမ်းလျှောက်ပြီး ဇိုင်းအောင်ဒုက္ခသည်စခန်းကို ရောက်လာပုံကို ဒေါ်လထောင်ထု ဆမ်က ပြန်ပြောပြပါတယ်။
“တိုက်ပွဲစဖြစ်တော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာတွေကို အရင်ပစ်ပြီးတော့ နောက်မှာ သူတို့ခြေကျင်နဲ့ ပြန်တက်လာတယ်။ ကျမက ပစ္စည်းတွေ အကုန်ထားခဲ့ရတယ်။ လမ်းမှာလဲဖို့ဆိုပြီး အင်္ကျီတထည်၊ နှစ်ထည် ဘဲ ထည့်လာတယ်။ ကလေးတွေအတွက်လည်း ဘယ်နေရာရောက်ရောက် ကျောင်းပြန်တက်နိုင်ဖို့ဆိုပြီး ကျောင်းအင်္ကျီတွေ၊ ဗလာစာအုပ်တွေ ထည့်ပြီး ထွက်လာတာ ခုထိဘဲ”
သားသမီးတွေကို ပြုစုစောင့်ရှောက်နေရပေမဲ့ ကိုယ့်အိမ်၊ ကိုယ့်မြေယာတွေမှာ လုပ်ကိုင်စားသောက်နေရတဲ့ ပျော်ရွှင်တဲ့ဘဝ ဖြတ်သန်းနေတဲ့ အချိန်မှာ မမျှော်လင့်ဘဲ ကံကြမ္မာဆိုးက ထပ်ဝင်လာတော့ သူမရဲ့ပျော်ရွှင် မှုတွေ အကုန်လုံးပျက်စီးခဲ့ရပါပြီ။
သူတို့မိသားစုဟာ လိုင်ဇာ မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်၊ ဆန်ပိုင်ကျေးရွာမှာ နေထိုင် နေရာကနေ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့မှာ တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်ပွားလာလို့ တရုတ်နယ်စပ်မှာ ရှိတဲ့ ဇိုင်းအောင်ဒုက္ခသည်စခန်းကို (၃)ရက်ကြာ လမ်းလျှောက်တိမ်းရှောင်ခဲ့ရတာပါ။ ထွက်ပြေးလာတဲ့ အချိန်မှာ သူမမွေးမြူထားတဲ့ နွားတကောင်ကိုသာ ဆွဲယူနိုင်ခဲ့ရပါတယ်။
ဒေါ်လထော်ထုဆမ်ဟာ အလှူရှင်တွေရဲ့ ထောက်ပံ့ပေးတဲ့ ဆန်၊ ဆီ၊ ပဲတွေ ရရှိပေမဲ့လည်း ဒုက္ခသည်စခန်း အနားမှာရှိတဲ့ တောတောင်တွေမှာ မုန်ညှင်း၊ ကြက်သွန် စတဲ့ သီးနှံတွေ စိုက်ပျိုးစားသောက်နေရတာမက နောက်တစ်ကြိမ် စစ်ဒဏ်ကို မရှောင်သိမ်းရတော့ဘဲ အတည်တကျ နေထိုင်ရမဲ့ အထင်နဲ့ စပါးစိုက်၊ နှစ်ရှည် သစ်ပင်တွေကိုလည်း စိုက်ပျိုးထားတာတွေလည်း ရှိပါတယ်။
၂၀၁၆ ခုနှစ်အထိ ဇိုင်းအောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေရင်း သားသမီးတွေရဲ့ ပညာရေး ထောက်ပံ့ပေးတဲ့ အားကိုးနေရတဲ့ နွားကောင်ရေ ၈ ကောင်ထိ ရှိလာချိန်မှာဘဲ တပ်မတော်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒုတိယအကြိမ် ထွက်ပြေးချိန်မှာ ပစ္စည်းတွေတင်မက တိရစ္ဆာန်တွေကိုလည်း စွန့်ပစ်ခဲ့ရ ရှာပါတယ်။
“ခုတော့ ကလေးတွေရဲ့ ပညာရေးစရိတ် ထောက်ပံ့နေရတဲ့ ဘာနွားတကောင်မှ မရှိတော့ဘူး။ ဆန်ပိုင်အိမ်က ခြံတွေလည်း ပစ်ထားလိုက်ရပြီဆိုတော့ ဇိုင်းအောင်စခန်းမှာက တိုက်ပွဲမရောက်လောက်တော့ဘူးဆိုပြီး တောင်ယာလုပ်ပြီးတော့ နှစ်ရှည်ပင်တွေစိုက်ထားတယ်။ သစ်ပင်တွေ စိုက်ထားတာကလည်း ကျမတို့ မိဘ နှစ်ယောက် မရှိတော့ရင် ကလေးတွေ လုပ်ကိုင်စားသောက်ကြပါစေဆိုပြီး ၅ ဧကလောက် အားစိုက်ပြီး စိုက် ထားတာ။ အခုတော့ အဲဒီနေရာမှာ စစ်တပ်က ပြန်နေလိုက်ပြီလို့ကြားတော့ စိတ်မကောင်းဖြစ်ရတယ်”လို့ သူက ပြောပြပါတယ်။
မိန်းမတယောက်ထဲ ရုန်းကန်ပြုစုရင်း သားသမီး(၇)ဦးထဲက (၄) ဦးက (၁၀) တန်းအထိ တက်ရောက်နိုင်ခဲ့ပြီး သမီးအလတ်တစ်ဦး ဘွဲ့ရရှိခဲ့ကာ အငယ်ဆုံးသားတစ်ယောက်က ယခုနှစ်(၁၀)တန်း တက်ရောက်နေပါ တယ်။ သားလေးရဲ့ကျောင်းစရိတ်ရှာပေးဖို့ ရောင်းမဲ့နွားတစ်ကောင်တောင် မရှိတော့လို့ အခက်အခဲရှိနေတာ ကိုလည်း ဒေါ်လထော်ထုဆမ်က ပြောပါတယ်။
ဒေါ်လထောင်ထုဆမ်လိုဘဲ ဆန်ပိုင်ကျေးရွာမှာ အတူနေထိုင်ခဲ့တဲ့ အသက်(၅၀)နှစ်ကျော်အရွယ် သင်း ထောက်ဆရာမဒေါ်မရိပ်ဘောက်မိုင်ကလည်း သားသမီး(၃)ယောက်နဲ့အတူ စစ်ဒဏ်ကို ကြံံ့ကြံ့ခံကြိုးစားရုန်း ကန်နေသူလည်း ရှိပါတယ်။
သူမရဲ့အမျိုးသားကလည်း ကေအိုင်အိုဝန်ထမ်းဖြစ်တဲ့အတွက် မိသားစုအရေး၊ သားသမီးတွေ ပညာတတ် မြောက်ဖို့အရေး စိတ်ဓါတ်မကျဘဲ ကြိုးစားရုန်းကန်နေရတယ်လို့ ဒေါ်မရိပ်ဘောက်မိုင်က ပြောပါတယ်။
“ဒုက္ခရောက်လို့ မျက်ရည်အကြိမ်ကြိမ်ကျခဲ့ပေမဲ့ ကလေးတွေ ပညာတတ်ရမယ်ဆိုပြီး တောင်ယာလုပ်၊ တရိစ္ဆာန်တွေ မွေးမြူပြီးတော့ ကလေးတွေကို စောင့်ရှောက်ခဲ့ရတာ” လို့ သူမက ပြောပြပါတယ်။
ဒေါ်မရိပ်ဘောက်မိုင်ရဲ့ခင်ပွန်းကလည်း ၂၀၁၂ ခုနှစ်က အသက် (၄၈) နှစ်အရွယ်မှာဘဲ ရှေ့တန်းတနေရာ မှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတာပါ။
သူမဟာ မိသားစုအရေးသာမက ဆန်ပိုင်ရွာထဲမှာ အကျိုးတော်ဆောင် အခမဲ့ ဘာသာရေးသင်းထောက် ဆရာမ လုပ်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ စစ်ပြေးဒုက္ခသည် စခန်းရောက်ချိန်မှာ တရားဝင် သင်းထောက်ဆရာမ တာဝန်ကို ဆက်လက်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းမှာ လက်နက်ကြီးကျရောက်နေချိန်၊ မကျန်းမာတဲ့ မိသားစုတွေ နေအိမ်တွေကို လုံခြုံမှု မရှိပေ မဲ့ ကြောက်ကြောက်လန့်လန့်နဲ့ သွားရောက်ပြီးတော့ ဆုတောင်းပေးရတဲ့အချိန်တွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဘာသာဝင်တွေကလည်း ဆုတောင်းရင်းနဲ့ ခွန်အားယူပြီးတော့ စိတ်ဓါတ်ကြံ့ခိုင် အောင် ကြိုးစားနေကြတယ်။ ကျမဆို စခန်းမှာ လက်နက်ကြီးတွေ ကျတဲ့အချိန်ဖြစ်ဖြစ်၊ လုံခြုံရေးမရှိပေမဲ့ ကြောက်ကြောက်နဲ့ သွားဆုတောင်းပေးရတယ်”
“ကျမက ငွေကြေးနဲ့ မကူညီနိုင်ပေမဲ့ ဆုတောင်းပေးခြင်းနဲ့ ခွန်အားပေးတာတွေ၊ နာမကျန်းဖြစ်တဲ့နေအိမ် အထိ သွားဆုတောင်းပေးတယ်”
သူမအနေနဲ့ ငြိမ်းချမ်းရေးအမြန်ရလိုပြီး ကိုယ့်ရပ်ကိုယ့်မြေမှာ အေးချမ်းစွာ နေထိုင်လိုပါပြီလို့ ဒေါ်မရိပ် ဘောက်မိုင်က ပြောပါတယ်။
“ခုက သူများတွေ ကူညီတာဘဲ သူတောင်းစားလို စောင့်စားနေရလို့ အရမ်းစိတ်အားငယ်တယ်။ စစ်ပွဲတွေ မဖြစ်အောင် နိုင်ငံရေး ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးရဖို့ သိပ်ကိုလိုချင်ပြီ။ အရင်လို ကိုယ့်ရွာကို ပြန်ပြီး လယ်ယာလုပ်ကိုင်ပြီးတော့ စိတ်အေးအေးချမ်းချမ်း ပြန်နေချင်ပြီ” သူက ပြောပါတယ်။
သူတို့တတွေဟာ အခုနောက်ဆုံး KIO နယ်မြေရှိ ရှအစ်ယန်ဒုက္ခသည်စခန်းမှာ ခိုလှုံနေရပြီး အဲဒီစခန်းမှာ အိမ်ထောင်စုပေါင်း (၄၀၀)ကျော် ခိုလှုံနေပါတယ်။ စခန်းထဲမှာ နေအိမ်တွေ ဆောက်လုပ်နိုင်ပြီ ဖြစ်ပေမဲ့ မီးဖို ချောင်ကိုတော့ မိုးကာတဲတွေနဲ့ ဆောက်လုပ်ထားတုန်းဘဲလို့ လိုအပ်မှုတွေ ရှိနေတာကို ပြောပြကြပါတယ်။
၁၉၉၄ ခုနှစ်က ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ထားခဲ့တဲ့ KIO က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့အတွက် မြန်မာ့တပ်မတော်နဲ့ KIA တို့အကြား ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တိုက်ပွဲတွေ တ ကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကြောင့် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် ထွက်ပြေးတိမ်းရှောင် နေဆဲပါ။
တိုက်ပွဲကြောင့် ခင်ပွန်းသည်တွေ ရှေ့တန်းမှာ ကျဆုံးသွားတဲ့ မုဆိုးမအမျိုးသမီးတွေလည်း အများအပြား ရှိ နေပြီး သူတို့တွေထဲက အမျိုးသမီးတွေဟာ မုဆိုးမဆိုပေမဲ့လည်း သူတို့သားသမီးတွေရဲ့ ပညာရေး၊ စားဝတ် နေရေးအတွက် နေ့စဉ် ကော်ဖီခူးတာတွေ၊ စပါးစိုက်တာတွေ၊ ကျွန်းသစ်စိုက်ဖို့ မြက်ခုတ်ပေးတာ စတဲ့ နေ့စားအလုပ်တွေလုပ်ရင်း ဝင်ငွေရရှိဖို့ ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေ အများပြားရှိနေတယ်လို့ ကချင်အမျိုး သမီး အစည်းအရုံး(KWA)က ဒုဥက္ကဌ ဒေါ်ခန်းဒါးရွယ်နန်က ပြောပါတယ်။
“တချို့အမျိုးသမီးတွေက နေ့စားအလုပ်တွေ လုပ်ပြီး ရတဲ့ငွေတွေနဲ့ ကိုယ့်သားသမီးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ဖို့ ကြိုးပမ်းနေကြတယ်။ ဒီလိုအမျိုးသမီးတွေက ကိုယ့်နေရပ်မှာလည်း ကြိုးစားနေတဲ့ အမျိုးသမီး တွေ အများကြီးဘဲ”လို့ ပြောပါတယ်။
ဒါ့အပြင် အမျိုးသမိးတွေ သိသင့်သိထိုက်တဲ့ မိခင်နဲ့ ကလေး ကျန်းမာရေးကဏ္ဍတွေမှာလည်း ပါဝင်လှုပ်ရှား နေသူတွေလည်း ရှိနေပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဟောပြောတဲ့ နေရာတွေမှာလည်း ပါဝင် လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေ အများအပြား ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ပေးနေတဲ့ဆန်နဲ့ဆီ လက်ခံရရှိနေပေမဲ့လည်း အာဟာရရှိမဲ့ အစားအသောက်တွေ အတွက်တော့ လိုအပ်ချက်တွေ ရှိနေတာမို့ ကြိုးစားရုန်းကန်နေသူတွေအတွက်တော့ အဆင်ပြေနေကြတာ တွေ့ရတဲ့အတွက် မုဆိုးမဖြစ်နေပေမဲ့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားနေတယ်လို့ ဒေါ်ခန်းဒါးရွယ်နန်က ပြော ပါတယ်။
“ကိုယ့်ဘဝကို အရှုံးမပေးစေချင်ဘူး။ ဘယ်လိုနေရာမှာဘဲ ဖြစ်ဖြစ်၊ ဘယ်သူကဘဲ အုပ်ချုပ်ပါစေ။ ကျမတို့ အမျိုးသမီးတွေ လုပ်ကိုလုပ်ရမယ်။ ကိုယ်မွေးထားတဲ့ သားသမီးတွေရဲ့ ရှေ့ရေး တိုးတက်ကောင်းမွန်ဖို့၊ အ များရှေ့မှာ မျက်နှာရဖို့ ကျမတို့မိခင်တွေ အများကြီး အားစိုက်ရမယ်။ ခက်ခဲတယ်ဆိုပြီး ငြိုငြင်နေမဲ့အစား ဒီလိုတိုက်ပွဲဖြစ်လို့ စစ်ပြေးဘဝရောက်နေပေမဲ့ ကောင်းတဲ့အလုပ် ဘာဘဲဖြစ်ဖြစ် လုပ်ရမယ်။ နေ့စားသွား တယ်ဆိုရင်လည်း ရှက်စရာမလိုပါဘူး။ သူများပစ္စည်းခိုးတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အင်အားနဲ့ လုပ်တဲ့အလုပ် ဖြစ်လို့ မုဆိုးမဖြစ်နေပေမဲ့လည်း လုပ်စရာရှိတာ၊ လုပ်ကိုလုပ်ရမဲ့ အလုပ်က ကိုယ့်သားသမီးတွေ မျက်နှာ မငယ်ရအောင်၊ ဘုရားသခင်ရှေ့မှာ မျက်နှာရတဲ့သားသမီးတွေဖြစ်ဖု့ိ သွန်သင်ပေးရမယ်လို့ အားပေးချင် တယ်” လို့ သူက အမျိုးသမီးတွေကို အားပေးစကား ပြောလိုက်ပါတယ်။
စစ်ပွဲစဖြစ်တုန်းကတော့ စစ်တပ်ကနေ လေယာဉ်နဲ့ တက်လာပြီး ၂ ရက် ၃ ရက်လောက်ဆို ပြန်ထွက် သွားမယ်လို့ ထင်ထားခဲ့ပေမဲ့လည်း အခုထိ နေရပ်မပြန်နိုင်သေးပါဘူး။ ဒါပေမဲ့ တနေ့နေ့တော့ နေရပ်ပြန်ရ လိမ့်မယ်လို့ သူတို့တွေ မျှော်လင့်နေကြပြီး ကိုယ့်နေရပ်မှာဘဲ လွတ်လွတ်လပ်လပ် စိုက်ပျိုးစားသောက် ချင်ပါတယ်လို့ ဒေါ်လထော်ထုဆမ်က ပြောပါတယ်။
ဒေါ်လထောက်ထုဆမ်တို့ မိသားစုဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရာတာ ဒီတကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက်ရှိသွားပြီလို ပြောပါတယ်။ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်၊ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့ အခုနောက်ဆုံးအကြိမ်မှာတော့ အရင်လို မိမိနေရပ်ပြန်နိုင်လိမ့်မယ် လို့ မျှော်လင့်နေပါတယ်လို့ သူမက ပြောပါတယ်။
“တိုက်ပွဲမဖြစ်တော့ဘဲ အမြန်ငြိမ်းချမ်းချင်ပါပြီ။ ကျမအတွက်တော့ နှစ်ပေါင်း (၄၀)ကျော် တိုက်ပွဲကြားမှာ ထွက်ပြေးနေရတာဆိုတော့ သေနတ်သံတွေ မကြားချင်တော့ဘူး။ မိသားစု စုံစုံလင်လင်မနေခဲ့ရဘူး။ အမျိုး သားလည်း ဆုံးသွားပြီဆိုတော့ သူမရှိတော့ရင်လည်း ကျမသားသမီးတွေနဲ့ အိမ်မှာ နွေးနွေးထွေးထွေးပြန်နေ ချင်ပါပြီ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021