“အကြွေးက မယူချင်လည်း ယူနေရတယ်။ ဒီအကြွေးဟာ မကျေနိုင်တဲ့ ဇာတ်လမ်းဖြစ်နေတယ်”
ကချင်မလေး၊ ရန်ကုန်။
“ကြည့်ပါအုံး ပိုက်ဆံငါးထောင်နဲ့ ဝယ်လာတဲ့ပစ္စည်းတွေ” ဆိုပြီး လက်ထဲက ဈေးခြင်းလေးကို ကျမရှေ့မှာ ချလိုက်ပါတယ်။
သူကတော့ ကလေး(၃)ယောက်အမေ အသက် (၃၅)နှစ်အရွယ် မနုနုပါ။
ခြင်းထဲမှာက ဆန်တစ်ပြည်၊ ဆီရေသန့်ဘူးတစ်ပိုင်း မပြည့်တပြည့်လေး၊ ကြက်သွန်နီ အစိတ်သားတစ်ထုတ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ဘူးသီးစိတ်တစ်စိတ်၊ ကြက်သား (CP ကြက်) ရင်အုံတစ်တုံးနဲ့ ပေါင်တစ်တုံး ပါ တာ တွေ့လိုက်ရတယ်။
မနုနုဟာ မျက်နှာပေါ်က တင်းတိတ်တွေကို သနပ်ခါးရည်ကျဲလေးနဲ့ ဖုံးထားနိုင်ပေမယ့်လည်း သူဖြတ်သန်းနေရ တဲ့ ဘဝအပူကိုတောာ့ ဖုံးထားလို့ မရရှာပါဘူး။
သူမနက်က ဝယ်ခဲ့တဲ့ ဈေးဖိုးကို တွက်ကြည့်မယ်ဆိုရင် ဆန်တစ်ပြည် (၁၆၀၀)ကျပ်၊ ဆီ(၁၀)သား (၃၅၀)ကျပ်၊ ကြက်သွန်နီ(၂၀)သား ၆၀၀၊ ကြက်သား(CP)ကြက်(၃၀)သား(၁၅၀၀)ကျပ်၊ ဘူးသီးတစ်စိတ်(၃၀၀)၊ ကန်စွန်း ရွက်(၂၀၀)ဖိုးနဲ့ ချဉ်ပေါင်ရွက်(၂၀၀)ဖိုးသုံးစည်း စုစုပေါင်း(၄၈၅၀)ကျပ်ပါ။
ခင်ပွန်းသည်က သောက်တတ်တော့ တစ်ရက်ကို (၁၀၀၀)ကျပ် အနည်းဆုံးရှိပြီး တခါတရံ အပေါင်းအသင်းများ နဲ့သွားရင် (၂၀၀၀) မှ (၃၀၀၀) အထိ ကုန်တတ်တယ်လို့ ပြောပြပါတယ်။ နေ့စဉ်အသုံးစရိတ်ထဲမှာ ပါလေ့ရှိတာ ကတော့ facebook လို့ခေါ်တဲ့ လူမှုကွန်ယက်အသုံးပြုတတ်တာကြောင့် တစ်ခါထည့် တစ်ထောင်ကျပ်ဖြင့် အနည်းဆုံး (၃၀၀၀) မှ (၅၀၀၀) အထိ ကုန်တယ်လို့ ဆိုပါတယ်။
ယောက်ျားဖြစ်သူက နေ့စားပန်းရံသမားပါ။
“သူက ပန်းရံလိုက်တယ်။ တစ်ရက်ကို (၇)ထောင်ရတယ်။ ဒါပေမယ့် အခုကုန်ဈေးနှုန်းနဲ့ဆို ဘယ်လိုမှ မလောက်ငှ ဘူးအစ်မရယ်”
သူတို့မိသားစုဟာ မီးခွက်ဈေးအနောက်ဘက်က (၁၅)ပေပတ်လည်ရှိ အိမ်တန်းလျားမှာ ရေမီးအပါအဝင် တစ် လ(၅)သောင်းကျပ်ပေးပြီး နေပါတယ်လို့ ပြောပါတယ်။ ခက်ခဲတဲ့အချိန်တွေထဲမှာ အိမ်လခပေးတဲ့အချိန်လည်း ပါတယ်လို့ မနုနုက ပြောပါတယ်။ မနုနုတို့လို ဆင်းရဲသားတွေအတွက်တော့ အခက်အခဲဖြစ်ချိန်မှာ ကယ်တင်ရှင် က ငွေတိုးချေးသူတွေပါ။
ငွေ(၁)သိန်းကျပ်ကို တစ်ရက်(၅)ထောင်ကျပ်ဖြင့် ရက်ပေါင်း(၂၄)ရက်အတွင်း အပြီးပြန်ဆပ်ကြရတာမို့ “(၂၀) နှုန်းထားအတိုး” နဲ့ အခက်အခဲများကို ဖြေရှင်းနေပုံကို “ဒီလိုပဲဖြေရှင်းနေရတာပေါ့။ အခုဆို အကြွေး(၇)သိန်း လောက် ရှိနေပြီ” လို့ သက်ပြင်းရှည်တစ်ချက်ချရင်း ပြောပြခဲ့တယ်။
မနုနုတို့က သားသမီး(၃)ယောက်ရှိပြီး မိသားစုပေါင်း(၅)ဦးရှိတဲ့ မိသားစုလေးပါ။ သူကလည်း တဖက်တလမ်းက အိမ်အကူအလုပ်လုပ်ပါတယ်။
“သူများအိမ်မှာ သန့်ရှင်းရေး၊ ကလေးထိန်းတာ (၁)လ (၈)သောင်းကျပ်ရပါတယ်”
ဒါပေမယ့်လည်း လမကုန်ခင်၊ လလယ်လောက်မှာဘဲ အိမ်ရှင်ထံ (၄)သောင်းတောင်းယူကာ အတိုးပေးဖို့ အ တွက် ဖြေရှင်းရကြောင်း ပြောပြခဲ့ပါတယ်။
ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ သာမန်အောက်ခြေမိသားစုအကြား ပိုပြီးအိမ်အသုံးစရိတ်မြှင့်တက်လာလို့ စီမံ ခန့်ခွဲမှုအပိုင်း ပိုပြီးခက်ခဲလာကြတယ်။ အကြွေးတွေ ပိုများပြီး တနေ့တနေ့ ရရှိတဲ့ဝင်ငွေများဟာ အတိုးတွေ ပေး ချေရကာ အကြွေးသံသရာထဲ တဝဲ၀ဲလည်ဖြစ်နေကြရတာတွေ၊ အသေးစားငွေချေးမှုစနစ်တွေကလည်း အဆင် မပြေမှုများ ရှိနေတာတွေကြောင့် ရပ်ကွက်ထဲက ငွေချေးနည်းမျိုးစုံအကြားမှာ ရုန်းကန်နေကြရတဲ့ အိမ်ထောင် ရှင်မအချို့နဲ့ ဈေးသည်အချို့ရဲ့ စီမံခန့်ခွဲမှုအပိုင်း ပိုပြီးအခက်တွေ့လာနေပါတယ်။
အသက်(၆၀)ဝန်းကျင်ခန့်ရှိပြီဖြစ်တဲ့ ကြက်သားသည်ဒေါ်ပေါက်မှာလည်း သားအမိ(၂)ယောက်ထဲဆိုပေမယ့် အကြွေးနွံထဲ နစ်နေတာပါပဲလို့ ဒေါ်ပေါက်က ပြောပြပါတယ်။
“သမီးကျန်းမာရေးက မကောင်းတော့ အဒေါ့်လုပ်စာပဲစားရတာပေါ့” အိမ်လေးရှိတော့ စားသောက်ဖို့ အဓိကရှာ ကြရပြီး နာမကျန်းဖြစ်တဲ့အချိန်ဆို ငွေဆွဲရလေ့ရှိတယ်လို့ပြောပါတယ်။
“ကျန်းမာရေးကောင်းတဲ့ အချိန်ဆို ပိုက်ဆံဆွဲစရာမလိုဘူးပေါ့။ ဒါပေမယ့် ရရစားစားဆိုတော့လည်း အကြွေး ကင်းတဲ့အချိန် မရှိသလောက်ပါပဲ” လို့ ဒေါ်ပေါက်က မျက်လွှာလေးချကာ အသံဖျော့ဖျော့လေးနဲ့ပြောခဲ့တယ်။
“ကြက်က ဒိုင်မှာ သွားတိုက်(သယ်)ယူရင်ယူ ဒါမှမဟုတ် ဒီမှာက ခေါက်ပြန်ကြေးရှိတယ်” ခေါက်ပြန်ကြေး ဆိုတာက တဆင့်ဒိုင်တွေမှ မနက်ဈေးခင်းကာနီး ကြက်လာချပေးပြီး ညနေဘက်တွင် ငွေပြန်ချေပေးရတာ ဖြစ် ပါတယ်။ ကြက်ဒိုင်တွေဆီ ကိုယ်တိုင်သွားနိုင်ရင်တော့ ကြက်(၁)ပိသာကို (၂၈၅၀) – (၂၉၀၀) ကျပ်နဲ့ အချိန် ပြည့်ပြည့်ရပြီး ကိုယ်ကြိုက်တဲ့ကြက်ကို ညွန်ပြီးဝယ်လို့ရကြောင်း၊ ကြက်ခြေထောက်ကျိုး၊ တောင်ပံကျိုးတဲ့ ကြက် တွေဆိုရင် ဈေးတမျိုးနဲ့ဝယ်လို့ရတာမို့ ပိုအဆင်ပြေတယ်လို့ပြောပါတယ်။
“ကြက်သေ ကျိုးပဲ့တဲ့အကောင်ဆိုပေမယ့် လတ်တယ်၊ သတ်ပြီးရောင်းတာပဲလေ”
ကိုယ်တိုင်မသွားနိုင်တဲ့ ဒေါ်ပေါက်ကတော့ ခေါက်ပြန်သမားတွေဆီက (၃၃၀၀)ကျပ်ဈေးဖြင့် ကောင်းတာရော၊ မကောင်းတာရော ပေးသမျှကို ယူရပြီး၊ မနက်ယူထားတဲ့ကြက် ကျန်ကျန်၊ မကျန်ကျန် ခေါက်ပြန်ကြေးသမားကို ငွေအပြည့်ပေးရတယ်လို့ ပြောပြပါတယ်။
“မနက်ယူထားတဲ့ ကြက်ဖိုးကို ညနေဖက် အကုန်ပြန်ချေရတာပေါ့၊ မြတ်တဲ့နေ့ဆို (၈၀၀၀) လောက်ကျန်ပေမယ့် ကြက်ပေါင် (၁၀)ပေါင်လောက်ကျန်ရင် ၃-၄ထောင်ဖိုးက ပါပြန်ရော” ဒါပေမယ့် ဒိုင်ကို အပြည့်မချေနိုင်ရင် ကြက်သားချပေးမှာ မဟုတ်တဲ့အတွက် “သူတို့ချေးတာက ရက်ရှည်နေတော့ ကြားထဲမှာ အဆင်မပြေတော့ နေ့ တိုး၊ နေ့ပြန်တိုးဆိုတာ ယူရပြန်ရော” လို့ ပြောပြပါတယ်။
မိသားစုငါးယောက်ရှိတဲ့ ငါးစိမ်းသည်လင်မယားကလည်း “အရင်နှစ်တွေက ဒီလောက်မခက်ဘူး။ ဒီနှစ်ကျမှ ဘာဖြစ်လဲမသိ၊ အရောင်းလည်းထိုင်း၊ ရလာပြန်တဲ့အမြတ်လေး အတိုးနဲ့ ခွဲစားနေရတယ်” လို့ ပြောပါတယ်။
ကုန်ဈေးနှုန်းတွေ တက်လာတဲ့နောက်ပိုင်း ဈေးဝယ်တွေက (၂၅)ကျပ်သား၊ (၃၀)သားစသဖြင့် အချိန်နည်းနည်း သာ ဝယ်ယူလေ့ရှိတာကြောင့် အမြတ်နည်းရတယ်လို့ ပြောပါတယ်။
“ကိုယ်တွေက အချိန်အတိ လုပ်ပေးပြန်တော့ ဝယ်သူက ရွှေချိန်ချိန်ပြန်ပြီလို့ပြော၊ ဒီတော့(၁)ကျပ်သားလောက် ပို ထည့်ပေးရတယ်။ အဲဒီလို နှစ်ယောက်သုံးယောက်လောက် ထည့်လိုက်ရင် ကိုယ့်ဆီလည်း မကျန်တော့ဘူး”
ကုန်ဈေးနှုန်းတက်လာလို့ ရောင်းအားကျလို့ ငွေပိုချေးရလာကြောင်းကို လှိုင်ဈေးမှာ ခရမ်းချဉ်သီးရောင်းတဲ့ မနှင်းနှင်းလှိုင်က ပြောပါတယ်။
“ကုန်ဈေးတွေ တက်တဲ့အချိန်ဆို (၅)သောင်း၊ (၆)သောင်းရင်းရတယ်။ ပြန်မြတ်ရင်တော့ (၆)ထောင်လောက်ပဲ မြတ်တယ်။ ဒါပေမယ့် ကုန်ဈေးကျတဲ့အချိန်ဆို (၁)သောင်းနဲ့ (၁)သောင်း(၅)ထောင်လောက်အထိ မြတ်တယ်”
အရင်နေ့ (၁၂)နာရီအချိန်လောက်က ယူထားတဲ့ခရမ်းချဉ်သီးသေတ္တာ ၂ သေတ္တာ – ၃ သေတ္တာကို နောက်နေ့ နေ့ခင်းပိုင်းအထိ ရောင်းရတတ်ပြီး၊ သေတ္တာတစ်လုံးတွင် (၁၀)ပိဿာရှိပေမယ့် အနာပါတဲ့အလုံးတွေကို ဖယ် ထုတ်လိုက်ရသလို၊ တချို့ကို ဈေးလျော့ပြီး နောက်ဈေးတမျိုးဖြင့် ရောင်းရတယ်လို့ သူ့အလုပ်အကြောင်း ပြော ပြပါတယ်။ အခုနှစ်မှာတော့ ခရမ်းချဉ်သီး တစ်ပိဿာကို (၃)ထောင်အထိ ထိုးတက်သွားတဲ့အချိန်တွေတောင် ရှိတယ်လို့ဆိုပါတယ်။
“ဈေးတွေတက်တော့ အရင် (၁) ပိဿာဝယ်နေကျသူတွေတောင် (၃၀)သား၊ (၅၀)သားပဲဝယ်တော့တယ်၊ ခရမ်း ချဉ်သီး မထည့်မဖြစ်တဲ့ ရှမ်းခေါက်ဆွဲရောင်းတဲ့သူလောက်ပဲ ဝယ်တော့တယ်”
ဒါပေမယ့် အခုဈေး (၁) ပိဿာ (၁၅၀၀)ကျပ်ဆိုရင်တော့ အရောင်းသွက်တယ်လို့ ပြောပါတယ်။
“အစ်မရယ် မိသားစုက ၃ယောက်ထဲဆိုပေမယ့် ကလေးရှိတော့ ဘယ်လောက်ပဲ ချွေတာစားသောက်ပါတယ် ဆိုပေမယ့် တနေ့ရလာတဲ့အမြတ်ကုန်ပြီး အရင်းထဲက မပါအောင် လုပ်နေရတာပဲ”
ချွေတာတဲ့ကြားမှပင် ကလေးဖျားနာလာခဲ့ပါက အရင်းပါပြီး အတိုးချပေးနေတဲ့ သူတွေဆီ အပူကပ်ရတော့ တယ်လို့ ပြောပါတယ်။
“အရင်းထိသွားတော့ သွားရပြန်တာပေါ့၊ နေ့တိုးလို့ခေါ်မလား ပိုက်ဆံတစ်သိန်းချေးရင် တရက် (၅၀၀၀)ကျပ်နဲ့ (၂၄)ရက်သွင်းရတာရှိသလို၊ နေ့ပြန်တိုးလို့ခေါ်တဲ့ ပိုက်ဆံတစ်သိန်းကို ယူပြီးသွားရင် တနေ့ ၂၀၀၀ (သို့) ၁၅၀၀ ကျပ်ကို ပေးရတယ်၊ တစ်သိန်းမပေးနိုင်မချင်း အတိုးပေးရတယ်”
သမဝါယမနဲ့ ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်းများရှိပေမယ့်လည်း သူတို့တွေအတွက် အဆင်မပြေလှဘူးလို့ မနှင်းနှင်းလှိုင်က ပြောပါတယ်။
“သူတို့ဆီမှာ ပထမဦးဆုံးချေးတဲ့လူက (၆)သောင်းကျပ်ပဲ ချေးခွင့်ရှိတယ်။ အဲဒါကို တခါထည့် (၁၁၀၀)နဲ့ (၂) လ အတွင်း ပြန်ဆပ်ရတယ်။ အဲဒါကို (၂)ကြိမ်ချေးပြီးရင် (၉)သောင်းကျပ် (၂)ကြိမ်ချေးခွင့်ရှိတယ်။ နောက်တဆင့် (၁)သိန်း၊ ပြီးရင် (၁)သိန်း(၂)သောင်း…”
အပေါ်က ချေးခွင့်သတ်မှတ်ထားတဲ့အဆင့်တွေ ကျော်ခဲ့ပြီးမှ အထူးဆုကြေးငွေဆိုပြီး (၃)သိန်းချေးနိုင်မှာဖြစ် တယ်လို့ သမဝါယမ ငွေစုငွေချေးလုပ်ငန်းက ချမှတ်ထားကြောင်း ပြောပြသွားတာဖြစ်ပါတယ်။ ထို(၃)သိန်းကို တစ်လလျှင် (၁)သိန်း(၁)သောင်း(၅)ထောင်နှုန်းဖြင့် ပြန်သွင်းရတယ်။ ဒါပေမယ့် အတိုးနှုန်းက အပြင်လို မဟုတ် ပဲ အနည်းငယ်သာဖြစ်ကြောင်း ထိုအကြွေးအားလုံး ကျေပြီဆိုလျင် အသေးစားငွေချေးလုပ်ငန်းမှ ထိုအတိုးဖြင့် ကောက်ယူထားတဲ့ အစွန်းထွက်ငွေထဲမှ ချေးသူအတွက် စုကြေးငွေအဖြစ် စုပေးထားတယ်လို့ မနှင်းနှင်းလှိုင်က ရှင်းပြခဲ့တယ်။
ဒါပေမယ့်လည်း ထိုသို့ချေးငွေထုတ်ယူရာတွင် အဆင့်ဆင့်လုပ်ရမယ့် အရာတွေများလွန်းခြင်း၊ အကြွေးကိုပြန် ဆပ်လိုလျှင်လည်း သတ်မှတ်ထားတဲ့အချိန်၊ သတ်မှတ်ထားတဲ့ ငွေပမာဏကိုသာ ဆပ်ရခြင်း၊ တကယ်တမ်း လို အပ်တဲ့အချိန်မှာ သူတို့သတ်မှတ်ထားတဲ့ ချေးငွေနှုန်းထားနဲ့ အဆင်မပြေမှုတွေရှိခြင်းတို့ကြောင့် အစိုးရရဲ့ အသေးစား ငွေစုငွေချေးလုပ်ငန်းမှ မယူဖြစ်ပဲ ဈေးထဲရှိ အတိုးချစားတဲ့သူတွေထံ ချေးကြတာများကြောင်း ဈေး သည်အများစုက ပြောပြကြတယ်။
“အကြွေးက မယူချင်လည်း ယူနေရတယ်။ ဒီအကြွေးဟာ မကျေနိုင်တဲ့ ဇာတ်လမ်းဖြစ်နေတယ်”လို့ မနှင်းနှင်း လှိုင်က ပြောပါတယ်။
လက်ရှိအစိုးရဲ့ သမဝါယမက လုပ်ဆောင်နေတဲ့ အသေးစားငွေစုငွေချေးလုပ်ငန်းများဟာ အမှန်တကယ် ငွေစု ငွေချေးလုပ်ငန်းရဲ့ သဘောသဘာဝနဲ့ လွဲမှားနေတယ်လို့ မင်္ဂလာမြန်မာ (Microfinance Institute) အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
“(Microfinance) ဆိုတာ ငွေချေးတဲ့ လုပ်ငန်းမဟုတ်ဘူး၊ အဲဒါကို အစိုးရကိုယ်တိုင်က သဘောမပေါက်တော့ အများကြီးပြဿနာရှိတယ်”၊ “အတိုးနှုန်းတွေကြောင့် အကြွေးသံသရာလည်နေတယ်ဆိုတာ မိုက်ခရိုဖိုင်းနာ့(စ်) နဲ့မဆိုင်ဘူး၊ အစိုးရစီးပွားရေး ပညာရှင်တွေ ကိုယ်တိုင်ကလည်း အဲဒီလိုထင်နေကြတာ တော်တော်ဆိုးတယ်”
အသေးစားငွေစုငွေချေး (Microfinance) လုပ်ငန်းဆိုတာ အပေါင်ဆိုင်၊ ငွေတိုးချေးစားသူများနှင့်မတူပဲ စီးပွား ရေးလုပ်ငန်း တခုဖြစ်လာအောင်လုပ်ပေးတဲ့ ငွေကြေးဆိုင်ရာအဖွဲ့ (Financial institution) တခုဖြစ်ကြောင်း၊ မင်္ဂလာမြန်မာမှ လက်တွေ့လုပ်နေမှုတွေကတော့ “အခြေခံလူတန်းစားတွေကို ငွေပေးရုံတခုတည်း မဟုတ်ဘူး။ စီးပွားရေးလုပ်တဲ့အခါမှာ တွက်တတ်ချက်တတ်အောင် လုပ်ပေးရမယ်။ စာရင်းဇယားနဲ့ လုပ်တတ်အောင် လုပ် ပေးရမယ်၊ ငွေကိုဘယ်အချိန်ယူ၊ ဘယ်အချိန်ပြန်ပေးရမယ်၊ အမြတ်ဘယ်လောက်ရမယ်၊ ရင်းနှီးမြှပ်နှံသင့်တယ် မသင့်ဘူးဆိုတာ ဆွေးနွေးပေးပြီးမှ ဖြစ်နိုင်တယ်ဆိုလို့ရှိရင် ငွေထုတ်ချေးပေးရတာ”
သို့သော် အချို့သော အသေးစားငွေးချေးလုပ်ငန်းတွေကတော့ ငွေမချေးခင် ငွေချေးရတဲ့အကြောင်းအရင်း၊ လုပ်ငန်းရင်းဖို့ဆိုလျှင်လည်း ဘယ်လိုလုပ်ငန်းလဲဆိုတာ မမေးပဲ ဒီအတိုင်းငွေထုတ်ချေးခြင်း၊ ရပ်ကွက်ကို အခြေ ခံပြီး အိမ်ခြေတစ်ခုကို (၆)သောင်းကျပ်ငွေထုတ်ချေးရာတွင်လည်း အချို့သောသူများက ခွဲတမ်းကျမို့လို့ ဘုရား ဖူးသွားဖို့၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့ဆိုပြီး ချေးကြသလို၊ အချို့သောသူက အရင်းအနှီးအတွက် ငွေ ထုတ်ချေးသော်လည်း ချေးငွေတဝက်လောက်ကိုသာ ရင်းပြီးလုပ်တာမျိုးဟာ အကြွေးသံသရာလည်စေတယ်လို့ ဆိုပါတယ်။
ဒီလိုပုံစံတွေကို ပြောင်းလဲပြီး လူထုကို ငွေထုတ်ချေးရုံမက ငွေစုငွေချေး (microfinance) အကြောင်း သိရှိ အောင် လုပ်ပေးသင့်ပြီး၊ အောက်ခြေလူတန်းစားတွေရဲ့ စီးပွားရေး မတည်နိုင်တာဟာ အစိုးရရဲ့ စည်းမျဉ်းစည်း ကမ်းတွေ တည်ငြိမ်မှု မရှိခြင်းနှင့် အကြီးစားလုပ်ငန်းများ ကြပ်တည်းလာခြင်းကြောင့်လည်း တိုက်ရိုက်ဆက်စပ် ပြီး အစိုးရမှာ တာဝန်ရှိတယ်လို့ ဒေါက်တာဖုန်းဝင်း ပြောပါတယ်။
“စီးပွားရေးလုပ်ဖို့က အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေ ခွင့်ပြုပေးထားရမယ်၊ ခွင့်ပြုထားသလိုမဖြစ်ပဲ ချည် နှောင်သလိုဖြစ်နေရင် အသေးစား၊ အလတ်စားလုပ်ငန်းတွေက ဘယ်လိုမှ အန်မတုနိုင်ဘူး” အစိုးရ၏ စည်း မျဉ်းစည်းကမ်းတွေကလည်း ဖြေလျော့ပေးပြီး၊ “လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးဖို့” အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်းနဲ့ အကြီးစားလုပ်ငန်းတွေ အောင်မြင်အောင်လည်း လုပ်ပေးဖို့လိုအပ်တယ်လို့ ဆို ပါတယ်။
လောလောဆယ်မှာတော့ ဆင်းရဲသားမိသားစုတွေအတွက် ငွေချေးစရာနေရာက ပြင်ပငွေတိုးချေးသူတွေပဲ ဖြစ် နေပါသေးတယ်။ ပန်းရံသည်ရဲ့ဇနီးဖြစ်တဲ့ မနုနုကတော့ –
“ရှာသမျှက စားလို့ကုန်တာပဲ အိမ်လခပေးရတော့မယ်ဆိုရင် ငွေတိုးချေးတဲ့အစ်မကြီးဆီ ပြေးအပူကပ်ရတာပေါ့” လို့ ပြောပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021