ကချင်မလေး။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ရိုးတလျှောက် ရွှေတူးသည့်ကုမ္ပဏီများ ဝင်ရောက်လာခြင်း ကြောင့် ဒေသခံအမျိုးသမီးများ၏ ဘဝရပ်တည်ရေးသာမက အမျိုးသမီးများ၏ ဘဝလုံခြုံရေးကိုပါ ခြိမ်း ခြောက်လာနေသည်ဟု ကျေးရွာပေါင်း (၁၂)ရွာမှ ရှမ်းနီနှင့် ကူကီးတိုင်းသားများက သတင်းစာ ရှင်း လင်းပွဲတွင် ပြောသည်။
ရွှေတူးလုပ်သားများက ဒေသခံအမျိုးသမီးတွေကို အဓမ္မပြုကျင့်လိုက်တဲ့ အမှုပေါင်း(၁၀)မှုကျော်ခန့် ရှိနေပြီး၊ ထိုအမှုများကို ယဉ်ကျေးမှုထုံးတမ်းဓလေ့များဖြင့်သာ လျော်ကြေးပေး ဖြေရှင်းလေ့ရှိရာ ကာ ယကံရှင်အမျိုးသမီးမှာ တစုံတရာပြောပိုင်ခွင့် မရှိကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေး အဖွဲ့ဝင်ဖြစ်သူ ရေကာတာနှင့် ရွှေတူးဖော်မှု စောင့်ကြည့်ရေး တာဝန်ခံ ဒေါ်ဘွိုင်နူးက ပြောသည်။
“ယဉ်ကျေးမှုခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေက ပေါင်းပြီးဖြေရှင်းကြတယ်။ တကယ့်တကယ် ဒီ အမျိုးသမီးက သူတို့ဖြေရှင်းပေးတဲ့အပေါ် ကျေနပ်လား မမေးဘူး၊ ဘယ်လိုဖြေရှင်းနေလဲဆိုတာတောင် မသိလိုက်ဘူး”
“အခုရွာမှာ ဗိုက်ထွက်လာမှသိပြီး စုံစမ်းကြည့်တော့ အဲဒီကောင်က မရှိတော့ဘူး”လို့ ရွှေလုပ်သားများ ဝင်ရောက်လာပြီး ဒေသခံအမျိုးသမီးငယ်များနှင့် ချစ်ကြိုက်ကာ ကိုယ်ဝန်ဖြင့်ထားရှိခဲ့သလို၊ အလိုမတူ ပဲ ဒေသခံအမျိုးသမီးများအား အဓမ္မပြုကျင့်ခဲ့ပြီး ဖခင်မရှိပဲ မွေးဖွားလာသောကလေးများလည်း ရှိ သည်ဟုပြောသည်။
“ကူကီးထုံစံမှာ အဖေမပေါ်ပဲ မွေးလာတဲ့ကလေးဆို လက်မခံနိုင်ဘူး၊ မျိုးရိုးမရှိတဲ့အတွက်ကြောင့် တခြားနေရာ၊ မွေးစားချင်တဲ့သူတွေနဲ့ မိဘမဲ့ကျောင်းတွေကို ပို့လိုက်တယ်” စတဲ့ ရွှေတူးဖော် ကုမ္ပဏီများ ဝင်ရောက်လာခြင်းရဲ့ ဆိုးကျိုးများကို အမျိုးသမီးများက နှစ်ထပ်ကွမ်းခံစားနေရတယ်လို့ သူမကဆက်ဆိုပါတယ်။
ရွှေတူးဖော်ခြင်းများနှင့်အတူ မူးယစ်ဆေးဝါးများ နံပါတ်ဖိုး၊ ရာမ၊ ဆေးခြောက်ရောင်းဝယ် ဖောက်ကား မှုတွေဟာ တရားဝင်ပုံစံအထိ ဒေသအတွင်း ဝင်ရောက်လာပြီး၊ ဒေသခံလူငယ်များ၊ အမျိုးသားများပင် မူးယစ်ဆေးဝါသားကောင်ဘဝသို့ ရောက်ရှိသွားကာ အိမ်ထောင်စုအတွင်းတွင်လည်း အိမ်တွင်းအ ကြမ်းဖက်မှုများ ပိုများလာခြင်းနှင့် အမျိုးသမီးဝင်ငွေရသော အလုပ်အကိုင်ဖြစ်သည့် ဟင်းသီးဟင်းရွက် ရှာရန်၊ ဆေးမြစ်၊ ဆေးဥများရှာရန် နေရာမရှိဖြစ်လာခြင်း၊ ပိုပြီးအလှမ်းဝေးသွားခြင်းတို့ကြောင့် သွား လာရေးတွင်လည်း လုံခြုံမှုမရှိခြင်းတို့ ခံစားနေရသည်ဟု ပြောသည်။
“အရင်ကဆိုရင် အမျိုးသမီးတွေက သူတို့အားတဲ့အချိန် ခဏလေးမှာ လ္ဘက်ခူးပြီး လက်ဖက်ကို နှပ်မ လား၊ ဒီအတိုင်းအခြောက်ခံပြီး ရောင်းမလား၊ ပြီးတော့ ဆေးမြစ်၊ သစ်ဖုတွေရှာပြီးတော့လဲ ဝင်ငွေရကြ တယ်” ထိုဝင်ငွေများဖြင့် တဖက်တလမ်းမှ အိမ်ရဲ့အသုံးစရိတ်များကို ကူညီဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း ယခုမှာတော့ “ဆေးမြစ်တွေရှာဖို့၊ ဟင်းသီးဟင်းရွက်ရှာဖို့၊ လက်ဖက်ခူးဖို့ နေရာတွေ မရှိတော့ ဝင်ငွေလည်း မရှိတော့တဲ့အတွက် အမျိုးသားတွေရဲ့ ငြိုငြင်မှုတွေကို ခံရတဲ့အပြင် အမျိုးသားတွေရဲ့ ရိုက်နှက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုက အိမ်ထောင်ရှင်မတိုင်းလိုလို ပိုပြီးခံလာရတယ်”လို့ သူမက ဆက်ပြောပါတယ်။
ဟုမ္မလင်းမြို့နယ် စင်နှိုင်းရွာရှိ ဒေသခံဒေါ်ဇင်မာဝင်းကလည်း အရင်က သူမတို့မိသားစုက ဝါးထရံ လုပ်ငန်းမှာလည်း ရွှေတွင်းများကြောင့် ဝင်ငွေလျော့လာခဲ့သည်ဟု ပြောပါသည်။
“အရင်က ဝါးခင်တွေ အလုံး(၁၀၀၀)ထွက်ပေမယ့် အခုတော့ (၅၀၀)တောင် မထွက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေတွေတူးလို့၊ သစ်တွေ၊ ဝါးတွေလည်း သိပ်မရှိတော့ဘူး၊ ဘက်ဖိုးတွေ၊ စက်န္တယားတွေနဲ့ ဝင်နှောက်လိုက်တော့ အမြစ်တွေလှန်လိုက်သလိုဖြစ်သွားတယ်။ ဒါကြောင့် အရင်သောင်းဂဏန်းဝင်ပေမယ့် အခု (၅၀၀၀)တောင် မဝင်တော့ဘူး”
ရွှေတွင်းများဝင်ရောက်လာခြင်းကြောင့် ဒေသခံအမျိုးသမီးအချို့မှာ ရွှေမျောများသို့ ထမင်းချက်သည့် အလုပ်အကိုင်ဖြင့် တလလျှင် တစ်သိန်းခွဲနှင့် စွန့်ပစ်မြေဇာတွင် ထပ်မံရွေးကျင်ယူခွင့်သာ ရရှိကြပြီး “သူတို့လုပ်နေတဲ့အချိန်ပဲ အလုပ်ရတယ်လေ။ သူတို့ထွက်သွားရင် ရွာက ဆုံးရှုံးနစ်မှုတွေ အများကြီး နဲ့ကျန်ခဲ့ပါတယ်” ဟုပြောပါတယ်။
ရွှေတူးဖော်ခြင်းကြောင့် ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်နေသော စိုက်ပျိုးမြေများပျက်ခြင်း၊ ကျွဲ၊ နွားများအတွက် စားကျက်မြေများ ပျက်စီးပျောက်ဆုံးခြင်း၊ ရွှေးတူးပြီး သွားသော နေရာချိုင့်၊ တွင်းများအတွင်းသို့ ကျွဲ၊ နွား ပြုတ်ကျသေဆုံးခြင်းများ၊ ယာမြေ၊ ခြံမြေများကို လည်း မရောင်းချင်ပေမယ့် အတင်းရောင်းစေခြင်းများကြောင့် အိမ်တွင်းစီးပွားရေးများ ကျဆင်းလာ နေရသည်ဟု ဒေါ်ဘွိုင်နူးက ပြောသည်။
“အမျိုးသမီးငယ်တွေဟာဆိုရင် ရွာမှာရှိတဲ့ အလယ်တန်းနဲ့ပဲ ပြီးဆုံးသွားကြတယ်၊ အထက်တန်းထိ ဆက်ထားဖို့ မတတ်နိုင်ကြဘူး၊ အမျိုးသားတွေကိုပဲ ဦးစားပေးလိုက်တယ်”
လက်ရှိလုပ်ကိုင်နေသော ရွှေတူးဖော်နေသော မြင့်မြင့်ကြူကုမ္ပဏီ၊ အောင်မြသန်းကုမ္ပဏီ၊ အောင်ချမ်း ပြည့်ကုမ္ပဏီနှင့် အခြားသောကုမ္ပဏီပေါင်း (၁၀၀)ကျော်ရှိပြီး လက်ရှိရွာပေါင်း(၁၂)ရွာတွင် ရွှေတူး သည့် မြေဧကပေါင်း(၃၀၀၀)ကျော်ရှိနေပြီလို့ ဦးလွန်ပွန်လှိုင်က ပြောပါတယ်။
လယ်ယာမြေများ၊ ဥယာဉ်ခြံမြေများကို မရောင်းချင်သော်လည်း ငွေအနည်းငယ်ဖြင့်သာ ရောင်းခဲ့ရကြ ပုံကို “ကျွန်တော်တို့တိုင်းရင်းသားဒေသခံတွေက အရမ်းရိုးသားတော့ ကုမ္ပဏီကနေပြီး ဒီလောက် နဲ့ရောင်း၊ မရောင်းရင်တော့ နင်တို့မှာဂရမ်လည်းမရှိ၊ ရုံးရောက်ရင် ဘာမှရမှာမဟုတ်ဘူးဆိုတော့ ရတဲ့ဈေးနဲ့ပဲရောင်းလိုက်ကြရတယ်လို့”ဆက်ပြောပါတယ်။
ယခုရွှေတူးနေကြသောရွာများမှာ နန်းဥတိ၊ အော်တော်၊ မန်လီ၊ စင်နှိုင်း၊ ကူကီးမိုင်တောင်၊ မိုလွန်၊ ဆောပက၊ အုန်းဘက်၊ နောင်ပင်နှင့် နောင်ရင်တို့တွင် လုပ်ကိုင်နေကြတယ်လို့ ရှမ်းနီတိုင်းရင်းသား ဦးစိုင်းဆမ်းတွိုင်ကလည်း ပြောပြခဲ့ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021