ကချင်မလေး(ရန်ကုန်)။ ။
လွန်ခဲ့တဲ့ (၆)လခန့်က လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် လက်နှစ်ဖက်မရှိသော ရေကူးအားကစားမယ် တစ်ဦး တောင်းရမ်းစားသောက်နေရတဲ့ သတင်းနှင့်ဓာတ်ပုံတွေအပေါ် လူတွေအထူးစိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်းအချိန်ကြာတာနဲ့အမျှ ပြန်လည်တိတ်ဆိတ်သွားခဲ့တယ်။
ဓါတ်ပုံရှင်ကတော့ မသန်စွမ်းအားကစားပြိုင်ပွဲက ရွှေတံဆိပ်ဆုရှင် မအေးအေးစန်းရဲ့ပုံတွေပဲ ဖြစ်ပါတယ်။
မအေးအေးစန်းနဲ့တွေ့ဖို့ ရန်ကုန်ကနေ ကားစီးပြီး သန်လျင်မြို့သို့ ထွက်လာခဲ့တယ်။ (၁)နာရီခွဲခန့်ကြာပြီး နောက် သန်လျင်မြို့မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကလေးကိုကျော်ပြီး မိနစ်အနည်းငယ်ခန့်မောင်းနှင်ခဲ့ရာမှ လမ်းကြားလေးတခုထဲသို့ချိုးကွေ့ဝင်လိုက်ပါတယ်။
ကားဆရာက “ကားဆက်သွားလို့ မရတော့ဘူး။ လမ်းလျှောက်ရမယ်” လ့ိုဆိုလိုက်တဲ့နောက် ကားပေါ်က ဆင်းပြီး ပတ်ဝန်းကျင်ကို တချက်အကဲခတ်ကြည့်မိလိုက်တယ်။ မြင်ကွင်းကတော့ အခြေခံလူတန်းစားများ နေထိုင်တဲ့ရပ်ကွက်လေးဖြစ်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ လူတွေရဲ့စကားပြောသံ၊ ဆူဆဲသံ၊ သီချင်း သံနှင့် ကလေးတွေရဲ့ ဆော့ကစားသံ၊ ရီသံငိုသံ၊ ဆူညံသံမျိုးစုံက ကြိုဆိုနေပါတယ်။ (၅)ပေခန့်သာကျယ်တဲ့ ဝါးတဲအိမ်ကလေးပေါ်မှာ ဆံပင်အဝါရောင်ဆိုးထားပြီး မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးကောင်းကောင်းနဲ့ အစိမ်းရောင် ဝမ်းဆက်လက်ပြတ်လေးဝတ်ထားခြင်းကြောင့် မအေးအေးစန်းကို ပေါ်ပေါ်လွင်လွင်တွေ့လိုက်ရပါတယ်။
ဒေါ်အေးယုနှင့် ဦးကျော်စိုးမိုးတို့ရဲ့ သားသမီး(၅)ဦးရှိတဲ့အနက် သမီးကြီးတဦးဖြစ်ပြီး မအေးအေးစန်းဟာ ယခု အသက် (၂၂)နှစ်ရှိပြီဖြစ်ပါတယ်။
သူကကျောင်းပညာကို ပထမတန်းအထိ ABC အ.မ.က(၂၁)တွင် တက်ရောက်ခဲ့ဖူးပြီး၊ သူငယ်ချင်းတွေရဲ့ သရော်လှောင်ပြောင်တာတွေ ခံခဲ့ရတယ်လို့ ပြောပြပါတယ်။ “ကျောင်းတက်တော့ သူငယ်ချင်းတွေက ထမင်းစား ရင် ခြေထောက်နဲ့စားတဲ့အတွက်ကြောင့် စကြတယ်၊ ကိုယ်ကလည်းမခံ ပြန်ပြန်ပြောတာပေါ့နော်”လို့ ရယ် ကျဲကျဲဖြင့် ပြောပြပါတယ်။
“(၁)တန်းထိပဲတက်ပြီး ကျောင်းထွက်လိုက်တယ်” ဟုပြောပြီး သူစာရေးတတ်ကြောင်းကို သူ့နာမည် “အေး အေးစန်း”ဆိုတဲ့စာလုံးကို ခြေထောက်ဖြင့် ရေးပြပါတော့တယ်။
မအေးအေးစန်းဘဝက ခက်ခဲလှပါတယ်။ ရေကူးမယ်ဘဝမရောက်ခင်မှာ တောင်းရမ်းစားသောက်ခဲ့ရပါတယ်။ “သမီးအရင်တုန်းက ပိုက်ဆံတောင်းတယ်လေ။ အဲဒီချိန်မှာ စည်ပင်က ဖမ်းသွားတယ်။ ပြီးတော့ အမျိုးသမီး သင်တန်းကျောင်းကိုပို့ခံရတယ်”
အမျိုးသမီးသင်တန်းကျောင်းမှတဆင့် မသန်စွမ်းကျောင်းသို့ ထပ်ဆင့်ရောက်ရှိခဲ့ပါတယ်။
“ကျောင်းမှာ (၇)နှစ်ကျော် (၈)နှစ်လောက်နေရတယ်၊ ကျောင်းမှာ ခြေထောက်မပါတဲ့ အစ်မတစ်ယောက်ကို လာခေါ်တဲ့အချိန် သမီးကိုတွေ့သွားတယ်။ နင်က လက်ပဲမရှိတာ ခြေထောက်ရှိတယ်။ ရေကူးလို့ရတယ်။ ရေ ကူးမှာလား သင်ပေးမယ်” ဟုဆိုကာ ရေကူးသင်တန်းကျောင်းကို ရောက်ခဲ့ရခြင်းဖြစ်သည်။
ရေကူးသင်ရာတွင် တစ်ပါတ်တည်းဖြင့် တတ်မြောက်ခဲ့ပြီး (၂)လခန့် ကောင်းမွန်စွာ သင်ယူလေ့ကျင့်ခဲ့ရတယ် လို့ ပြောပြပါတယ်။ “ဆရာက နားခိုင်းပြီး သူများတွေကို သင်ပေးနေတဲ့အချိန်ဆိုလည်း မနားဘဲနဲ့ ဖော့ပြားယူပြီး ကိုယ့်ဖာသာကူးကျင့်၊ ကိုယ်ဖော့ကျင့်၊ ဖားကန်ကန်တာတွေလုပ်၊ ပက်လက်လှဲပြီး ကျင့်တာတွေ လုပ်တယ်” လို့ ဂုဏ်ယူဝမ်းမြောက်စွာ ပြောပြပါတယ်။
သူမရေကူးစတင်ချိန်တွင် အသက်(၁၈)နှစ်သာရှိပြီး ရေကူးပြိုင်ပွဲများစွာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတယ်။ ရေ ကူးပြိုင်ပွဲဝင်ခဲ့တဲ့တလျှောက် ရွှေတံဆိပ် (၁)ခု၊ ငွေ(၂)ခုနဲ့ ကြေး(၁)ခုဆွတ်ခူးရရှိခဲ့တယ်။
သူမနဲ့ပတ်သက်ပြီး သူမ၏ရေကူးသင်ပေးတဲ့ဆရာဖြစ်တဲ့ ဦးမြတ်ခိုင်ကလည်း အခုလိုပြောပါတယ် “သူ့ကို ကျွန်တော်တို့ ရှာပြီး ရေကူးသင်ပေးပါတယ်။ အစတုန်းက သူဘာမှ မတတ်ပါဘူး။ သေချာစခန်းသွင်း လေ့ ကျင့်ပေးပါတယ်။ ကျွန်တော်တို့က သူ့ကို ကိုးရီးယားနိုင်ငံမှာ မြန်မာကိုယ်စားပြုသွားပြိုင်ဖို့အထိ မျှော် လင့်ထားခဲ့ပါတယ်”လို့ပြောပါတယ်။
“သမီးနေပြည်တော်မှာ အာဆီယံ(၁၀)နိုင်ငံပြိုင်ပွဲမှာလည်း ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ဆုမရလိုက်ဘူး”လို့ပြောပြပါတယ်။ သူမတို့ကို မသန်စွမ်းကျောင်းမှထုတ်ပြီး သီးသန့်စခန်း (camp) သွင်းလေ့ ကျင့်ပေးကြတယ်။ ဒီလိုနဲ့ (၃)နှစ်မှ (၄)နှစ်အထိ ရေကူးခဲ့ပါတယ်။
“အစပိုင်းတော့အရမ်းကြောက်တယ်၊ ကြာလာတော့ သမီးလို ဘဝတူ သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ရတော့ အားမငယ်တော့ဘူး၊ ပျော်လာတယ်”လို့ပြောပြပါတယ်။
စင်္ကာပူနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့်အချိန်တွင် သူမက စံချိန်မမှီခြင်းကြောင့် “ဆရာတွေကလည်း အိမ်ပြန် မလားမေးတော့ အမေတွေနဲ့မနေတာလည်းကြာပြီမို့ ပြန်မယ်ပေါ့”ပြောလိုက်တယ်။ အိမ်ပြန်ပြီး ရေဆက်ကူးမယ် လို့ ရည်ရွယ်ထားတဲ့အကြောင်းကို ပြောပြပါတယ်။
အိမ်ပြန်ရောက်တာနဲ့ မိသားစုအခက်အခဲတွေကြောင့် တောင်းရမ်းစားတဲ့ အလုပ်ကို ပြန်လုပ်ဖြစ်သွားပါတယ်။ မအေးအေးစန်း ရေကူးသင်တန်းမှ ထွက်သွားရခြင်းအကြောင်းမှာ သူမ၏စိတ်ဆန္ဒအရဖြစ်ပြီး၊ ထပ်မံတောင်း ရမ်းစားသောက်မှုများ ပြန်လည်လုပ်ကိုင်ခြင်းနဲ့ပါတ်သက်လို့ ဆရာများအနေဖြင့် သူမဘဝတိုးတက်စေရန်နှင့် နိုင်ငံကိုယ်စားပြုအားကစားသမားဖြစ်လာတော့မည့်သူလေးဖြစ်တဲ့အတွက် တောင်းရမ်းမစားသင့်ကြောင်း၊ မိဘ များအားလည်း သမီးဘဝတိုးတက်ရေးကို ယခုလို မနှစ်ထားသင့်ကြောင်းကို တွေ့ဆုံပြောပြခဲ့ဖူးကြောင်းကို ဆ ရာဦးမြတ်ခိုင်ကပြောပါတယ်။ “ကိုးရီးယားလူငယ်တွေနဲ့ကစားဖို့ သူ့ကိုစခန်းသွင်းလေ့ကျင့်ပေးတယ်။ ဒါပေမယ့် စနေ၊ တနင်္ဂနွေက သင်တန်းပိတ်တော့ ပြန်ခိုင်းတယ်။ အဲဒီအချိန်မှာ သူဒီအလုပ်ပြန်လုပ်တယ်ဆိုတာ ကြား ရတယ်”
သင်တန်းကျောင်းတွင် အားကစားသမားများ၏ နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ အားလုံးစီစဉ်ထားပေးကြောင်းလည်း ပြောပြပါတယ်။
“ဒီအလုပ်ပြန်မလုပ်ဖို့ တားပါတယ်၊ သမီးကို မနှစ်ပါနဲ့၊ သူကစားလို့ နေရာလေးတခုရလာတဲ့အချိန် ဒါမှမဟုတ် လစာလေး ရလာတဲ့အချိန်ဖြစ်အောင် ကျွန်တော်တို့ စီစဉ်နေတယ်လို့ သူ့အမေကိုခေါ်ပြောပါတယ်”
သူမရေပြန်ကူးဖို့ မိဘများနဲ့အတူ ဆရာတွေထံ (၃)ကြိမ်လောက် သွားရောက်တောင်းပန်ပြီးနောက် “ရေပြန် ကူးချင်လို့ငိုတယ်။ အမေတွေကလည်း သင်တန်းကို ပြန်လိုက်ပို့ပေးတယ်။ နောက်ဆုံးဆရာတွေလည်း ပြန် လက်ခံခဲ့ပါတယ်”
“(၂)လလောက်လေ့ကျင့်ပြီးတဲ့အချိန် ကိုးရီးယားသွားပြိုင်ဖို့ သမီးက ဝင်တာနောက်ကျတယ်လေ၊ ဆရာက သမီး ဝင်တာနောက်ကျတဲ့အတွက် နောက်နှစ်စင်္ကာပူသွားမှလိုက်တော့။ မမှီတော့ဘူးတဲ့။ အဲဒါကြောင့် အိမ်ပြန်ရပြန် တယ်”
မအေးအေးစန်းမှာ မသန်စွမ်းရေကူး လက်ရွေးစင်တစ်ဦးဖြစ်ပြီး ယခုလိုတောင်းစားနေရခြင်းမှာ မြန်မာနိုင်ငံ၏ အားကစားသမားတစ်ယောက်အပေါ် တန်ဖိုးမထားရာရောက်တယ်လို့ ဖေ့စ်ဘုတ်တွင် ဝေဖန်ပြောဆိုမှုများ ပြန့် နှံ့ခဲ့တယ်။
သူမကတော့ အိမ်ပြန်ရောက်ပြီး သူမမိသားစုဘဝအခြေမခိုင်တော့ မလုပ်ချင်တဲ့အလုပ်ကို ပြန်လုပ်ဖို့ရန် တွန်းပို့ ခံလိုက်ရပုံကို “ပြန်မတောင်းစားချင်တော့ပါဘူး။ ဒါပေမယ့် အဖိုးအဖွားကျန်းမာရေးအတွက် ဆေးစရိတ်ကြောင့် ပြန်တောင်းတယ်၊ တောင်းရမ်းပြီး အဖွားဆေးဖိုးအပြင် အမေတို့အကြွေးတွေပါ ပြန်ဆပ်ပေးနေရတယ်” လို့ မျက်ရည်စများကို ကြိုးစားထိန်းထားသည့်ကြားမှ မျက်လုံးအိမ်တခုလုံး နီမြန်းလာကာ မျက်ရည်များကျလာပါ တော့တယ်။
“သူ့ဘဝအာမခံချက်ရှိအောင်လို့ လုပ်ပေးဖို့လိုတယ်လို့ သူ့အမေကို သေချာပြောပြတယ်၊ အဆင်မပြေဘူး။ သူတို့က ရအောင်ပြန်ခေါ်ထုတ်တယ်၊ ပြန်ကိုမလာတော့ဘူး၊ သူ့လိပ်စာအတိုင်း လိုက်ပါသေးတယ်”
“သမီးမလာတော့ဘူးလို့ ပြောတယ်။ ကျွန်တော်လေ ဘယ်လိုလုပ်ရမှန်းကို မသိဘူး၊ ဝမ်းနည်းမိတယ်။ သူ့ကို သမီးတစ်ယောက်လိုပဲ သဘောထားတယ်၊ သူ့ဘဝအခြေအနေကလည်း ခက်ခဲတော့ သူ့မိဘအလိုအတိုင်းပေါ့၊ ကျွန်တော်တို့လည်း ထုတ်လိုက်ရတော့တာပေါ့”လို့ သူ့ဆရာတို့ဘက်က အခြေအနေကိုလည်း ပြောပြပါတယ်။
ဆရာတွေက ပြန်ခေါ်ပေမယ့် သူမဘဝအခြေအနေကြောင့် ပြန်မသွားနိုင်ပုံကို “ဆရာတို့ပြန်ရောက်ပြီ၊ ပြန်လာ တော့လို့ ဆရာတွေက ခေါ်တယ်၊ ဆရာသမီးမလာနိုင်တော့ဘူး။ ပိုက်ဆံအဆင်မပြေလို့ အရင်အလုပ်ပဲ ပြန် ထွက်လုပ်နေတယ်လို့ပြောတော့ ဆရာက စိတ်ဆိုးပြီး ထုတ်လိုက်တာ”လို့ ပြောရင်း အသံတိုးဝင်သွားခဲ့တယ်။
ထိုအချိန်တွင် သူမ၏အဖွားမှာ ကျန်းမာရေးအင်မတန်ဆိုးရွားနေပြီး အကြွေးတွေလည်း ပါတ်လည်ဝိုင်းနေခြင်း ကြောင့် တကိုယ်တည်းရုန်းထွက်မသွားဝံ့တဲ့အတွက် သူလုပ်ချင်တဲ့အရာကို စတေးလိုက်ရသူလေးပါ။
သူမမလုပ်ချင်တော့တဲ့ တောင်းရမ်းတဲ့ အလုပ်ကိုလုပ်ကိုင်ရာတွင်လည်း ပိုမိုခက်ခဲလာပုံကို “ဒီလိုနဲ့ ပြန်ထွက် တောင်းပေမယ့်လည်း ကိုယ်တောင်းနေတာဆရာတို့၊ သူငယ်ချင်းတွေ မြင်မှာသိမှာလည်း စိုးတယ်၊ တခါတလေ ပုန်းရင်းတောင်းခဲ့ရတယ်”လို့ ပြောပြရှာပါတယ်။
သူမက အမျိုးသမီးတဦးဖြစ်တဲ့အပြင် ယခုလိုမသန်စွမ်းလည်းဖြစ်မှုအပေါ် အခွင့်ကောင်းယူသော အဖြစ်တွေ လည်း ကြုံရကြောင်းကို “သမီးတခါက တောင်းလို့ရတဲ့ပိုက်ဆံတွေ ခြေထောက်နှစ်ဖက်နဲ့ သေချာဖြန့်ပြီး တရွက်ချင်း ရေနေတဲ့အချိန် ယောက်ျားတယောက်က တခါတည်းလုပြီး ပြေးသွားတယ်၊ (၂) သောင်းလောက် ရှိမယ်”
“ပြီးတော့လေ တခါတလေလိုင်းကား၊ တက္ကစီသမားတွေက သမီးကားငှားရင် ရပ်ခိုင်းတဲ့နေရာမှာ မရပ်ဘဲ တခြား နေရာမှာ ရပ်ပေးတာတို့၊ လူကိုလက်နဲ့ ပုတ်တာတို့ရှိတယ်။ အဲဒီလိုလူမှန်းသိရင် နောက်ပိုင်း ကိုယ်ကပဲ ရှောင် ရှောင်သွားလိုက်ရတာပေါ့” လို့ထိကပါးရိကပါးပြုမူခံရကြောင်းများကိုလည်း ပြောပြပါတယ်။
တနေ့ ကျောက်မြောင်းက သီတာလမ်းမှာတောင်းနေတဲ့အချိန် ဓါတ်ပုံဆရာတစ်ယောက်ရောက်လာပြီး သူမ ဘဝအခြေအနေကို မှတ်တမ်းတင်ပြီး ဓါတ်ပုံပြိုင်ပွဲဝင်ဖို့ လာရှင်းပြပါတယ်။ “သမီးတောင်းနေတဲ့အချိန် ဓါတ်ပုံ ဆရာကိုရဲဇော်ဖြိုးရောက်လာတယ်၊ ဓါတ်ပုံရိုက်ချင်တယ်လို့ ပြောတယ်”နောက်ပိုင်းသတင်းတွေမှာ သူမဓာတ်ပုံနဲ့ သူမအကြောင်းတွေပါလာတော့ “သမီးက ဒီလိုလုပ်လိုက်ပြီး အရမ်းကြောက်နေတယ်။ သမီးတို့သင်တန်းကျောင်း က ဆရာတို့သိရင်တော့ ဒုက္ခရောက်မှာ အဖမ်းခံရတော့မှာပေါ့နော်၊ သမီးကိုဖမ်းတာတော့ အကြောင်းမဟုတ် ဘူး။ အမေအဖေနဲ့ မဆိုင်တဲ့သူတွေပါ အဖမ်းခံရမှာ စိုးရိမ်လာတယ်”
“တောင်းတဲ့အချိန်မှာလည်း ပိုက်ဆံပေးတဲ့သူတွေက ဟေ့ နင်ရေကူးချန်ပီယံလားဆိုပြီး လာလာမေးတယ်၊ သ တင်းထောက်တွေလည်း လာလာမေးတော့ ပုန်းနေရတဲ့အချိန်လည်း ရှိခဲ့တယ်” ပုန်းရှောင်ပြီး တောင်းခဲ့ရတယ် လို့လည်းပြောပါတယ်။
ဓါတ်ပုံဆရာရဲဇော်ဖြိုးမှတဆင့် မိုးစေတနာ လူမှုကူညီရေးအသင်းနှင့်ချိတ်ဆက်ပြီး မအေးအေးစန်း မြန်မာ့လက် ရွေးစင် ရေကူးမယ်ဖြစ်လာစေရန် လူငယ်တချို့ဦးဆောင်ကာ ငွေကြေးအလှူခံမှုများကို ဇန်နဝါရီ(၂၈)ရက်တွင် ပြုလုပ်ကျင်းပခဲ့တယ်။ စင်္ကာပူရောက်မြန်မာပြည်သူများနှင့် ပြည်သူအချို့၏ ထောက်ပံ့ငွေများဖြင့် မအေးအေး စန်းတယောက် မြေကွက်တကွက် ဝယ်နိုင်ခဲ့ပြီး၊ ယခုအခါ ဈေးဆိုင်လေးနဲ့ ဆိုင်ကယ်နှစ်စီး (owner) အငှား ချစားထားပြီး အဆင်ပြေနေကြောင်းကို “သမီးကို ပြည်သူတွေက ပိုက်ဆံတွေထောက်ပံ့ပေးခဲ့တဲ့အတွက်ကြောင့် ဈေးဆိုင်လည်းဖွင့်ထားပြီ။ အခုတောင်းရမ်းစားစရာလည်းမလိုတော့ဘူး၊ ရေပြန်ကူးချင်ပါတယ်”လို့ ဝမ်းသာစွာ ဖြင့်ပြောပြပါတယ်။
သူမရဲ့ သင်တန်းကျောင်းနဲ့ ဘဝကျောင်းက သင်ယူခဲ့ရတဲ့ ပညာရပ်တွေကို ပြန်လည်အသုံးချကြောင်းလည်း ပြောပြပါတယ်။ အိမ်မှာလည်း ခြေထောက်မရှိတဲ့အတွက် ဒီအတိုင်း မနေပါဘူးလို့ ပြောပါတယ်။ “သန့်ရှင်းရေး လုပ်တယ်။ အဝတ်စနဲ့ ခြေထောက်နဲ့ လိုက်လှဲ၊ လိုက်သုတ်တယ်၊ ထင်မင်းချက်ရင်လည်း မတ်တပ်ရပ်ပြီး ခြေတဖက်နဲ့မေွှတယ်၊ ဟင်းတွေလည်း အဲဒီလိုပဲ ကောင်းကောင်းချက်တတ်တယ်၊ အိုးအတင်အချလောက်ပဲ ခက်တာ”
“အစပိုင်းလောက်သာ အပူလောင်တာတို့ မှောက်ကျတာတို့ ဖြစ်တယ်။ နောက်ပိုင်းအဆင်ပြေသွားတယ်” ဟု ခပ်ပြုံးပြုံးဖြင့်ပြောပြပါတယ်။
လက်နှစ်ဖက် မရှိခြင်းက သူ့အတွက်တော့ အခက်အခဲတွေ အများကြီးကြုံတွေ့ကျော်ဖြတ်ရပါတယ်။ “ဓမ္မတာလာရင် သမီးကိုယ့်ဖာသာအမျိုးသမီးသုံးတာကို ဘောင်းဘီမှာ ခြေထောက်နဲ့ကပ်ပြီး ဝတ်တယ်၊ လေျှာ်လည်း ကိုယ့်ဖာသာလျှော်တယ်။ ဒါပေမယ့် ဘောင်းဘီကြပ်ရင်တော့ ညီမတွေကို အကူအညီတောင်းပြီး ဝတ်ရတယ်” ရှက်ပြုံးလေးဖြင့် ပြောပြပါတယ်။
ဒါပေမယ့် မအေးအေးစိုးတစ်ယောက် အလှအပကိုတော့ ပစ်ပယ်မထားပါဘူး။ “သမီးကိုယ့်ဖာသာ ပြင်ယူပါ တယ်၊ နှုတ်ခမ်းနီလည်း ဆိုးတတ်တယ်၊ ဆံပင်ချည်၊ ကလစ်တပ်တာလောက်သာ ညီမတွေကို လုပ်ခိုင်းတာ” လို့ ပြောပြပါတယ်။
“သမီးရေပြန်ကူးချင်ပါတယ်၊ သင်တန်းကျောင်းကိုလည်း ခဏခဏရောက်ပါတယ်။ ဒါပေမယ့် ဆရာ့ကို မျက်နှာ ချင်းမဆိုင်ရဲတဲ့အတွက် ဆရာလာရင် ပုန်းပုန်းနေခဲ့တယ်” လို့ သူငယ်ချင်းများ ရေကူးလေ့ကျင့်တာတွေကို သွား ရောက်ခိုးကြည့်ပုံကိုလည်း ပြောပြပါတယ်။ “ကျမလာတဲ့အကြောင်း ဆရာ့မိန်းမလည်း သိတယ်၊ နင့်ဆရာလာပြီ။ လာလာပုန်းနေဆိုပြီး ခြင်ထောင်ထဲ ဝင်ပုန်းခဲ့ရတာလည်းရှိတယ်” လို့ ပြောပြပါတယ်။
“သမီးအခု တောင်းစားစရာလဲ မလိုတော့ဘူး၊ ဒီအရွယ်နဲ့လည်း မတောင်းစားချင်တော့ဘူး။ ဒါကြောင့် ရေဘဲ ပြန်ကူးချင်တယ်။ ဒါက ကိုယ့်ဘဝတက်လမ်းလည်း ရှိတယ်လေ။ ဘာမှမလုပ်ဘဲ ဒီအတိုင်းနေရင် ကိုယ်အ သက်ကြီးလာရင်လည်း ဘာမှတိုးတက်လာမှာ မဟုတ်ဘူး” လို့ပြောပါတယ်။
သူမအနေဖြင့် သူမဆရာဦးမြတ်ခိုင်အား တောင်းပန်လိုကြောင်း “ဆရာ့ကိုတွေ့ရင် တောင်းပန်ချင်တယ်၊ သမီး အရင်က မိဘတွေ၊ အဖိုးအဖွားတွေ ဇောနဲ့ မလုပ်သင့်တဲ့အလုပ်ကို လုပ်တယ်။ အခုတော့ မိဘတွေကိုလည်း တစုံတရာအထိ ထောက်ပံ့ပေးနိုင်ပြီဖြစ်တဲ့အတွက် သမီးပြန်ပြီးကြိုးစားချင်ပါသေးတယ်” လို့ သူ့ဆရာကို ပြော ချင်ကြောင်းလည်း ပြောပါတယ်။
သူမရေပြန်ကူးနိုင်ရေးနှင့်ပတ်သက်ပြီး ဆရာဦးမြတ်ခိုင်အားမေးမြန်းရာတွင် “သူဆက်ကစားချင်တယ်ဆိုရင် ကျွန်တော်က တားလို့မရပါဘူး၊ ကစားမယ်ဆိုရင်လည်း စိတ်ပါလက်ပါနဲ့ ကစားရမယ်၊ ပင်ပန်းမယ်ပေါ့နော်။ ဒါမှလည်း စံချိန်ကောင်းကောင်းရမှာ”
“ကစားသမားတွေက ပြန်ပြန်ပြီးတော့ ကမ်းလှမ်းလာပါတယ်၊ ကမ်းလှမ်းလာတာကို ပြန်ပြီး မြန်မာနိုင်ငံ မသန် စွမ်းသူများ အားကစားအဖွဲ့ချုပ်ကို တင်ပြပေးရပါတယ်၊ ကျွန်တော်တယောက်တည်း ဆုံးဖြတ်လို့မရပါဘူး”
ဆက်လက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးပီတာမှလည်း အခုလို ပြောပါတယ်။ “ကျွန်တော်တို့ကလည်း လက်ခံချင်ပါတယ်။ နောက်လ(၁)ရက်နေ့ကျရင် ဂျပန်က နည်းပြတစ် ယောက် ရောက်လာမယ်ဆိုတော့ ဒီမတိုင်ခင် ကျွန်တော်တို့ဥက္ကဌတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးမယ်။ (၃)ရက်၊ (၄)ရက်ဆို အကြောင်းပြန်ပါ့မယ်၊ တကယ်လို့ လက်ခံတယ်ဆိုရင်တော့ သူ့ကိုကတိခံဝန်ချက်တွေ ထိုးခိုင်းပြီး လက်ခံပါ့မယ်”
နောက်ဆုံးမှာတော့ မအေးအေးစန်းကို ရေကူးသင်တန်းကျောင်းက ပြန်လက်ခံခဲ့ပါတယ်။ စခန်းသွင်းတာမျိုး မဟုတ်ပဲ အိမ်ကနေ လာလေ့ကျင့်ရတာပါ။ လောလောဆယ်မှာတော့ သွားလာစားသောက်မှုတွေကို မိုးစေတ နာ လူမှုကူညီရေးအသင်းက တာဝန်ယူထားပေးပါတယ်။
လေ့ကျင့်မှု (၃)လပြည့်ချိန်မှာ ဆန်းစစ်ပြီး စခန်းသွင်းနေထိုင်ခွင့်နဲ့ နိုင်ငံရပ်ခြားပွဲတွေမှာကစားဖို့ စံချိန်မှီမမှီကို မအေးအေးစန်းတယောက် သိရမှာဖြစ်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021