Home ဆောင်းပါး ကျမတို့ အရင်လိုဘဝမျိုးရောက်ချင်တယ်။

ကျမတို့ အရင်လိုဘဝမျိုးရောက်ချင်တယ်။

mmww

Photo: Hkun aung nlam (FB)

လုဆိုင်း။            ။

အခုအခါ အသက် (၅၂) နှစ်ရှိပြီဖြစ်တဲ့ဒေါ်နန်ကိုင်သည် ဗန်းမော် – မြစ်ကြီးနားကားလမ်းပေါ်ရှိ နမ့် ဆန်ယန်ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်သည်။

သား(၁)ဦးနှင့် သမီး(၃)ဦးတို့၏ မိခင်ဖြစ်ပြီး တည်းခိုခန်း(၁)ခု၊ ကုန်စုံဆိုင်(၁)ဆိုင်ရှိကာ သားသမီး များ အနာဂတ်အတွက် ကြိုးစားရင်း မျှော်လင့်ချက်ကြီးစွာ ရှိခဲ့သည်။

“အဲဒီမှာက တရုတ်နယ်စပ်လမ်းဆိုတော့ ကျမတို့မိသားစုက ကုန်ရောင်းဝယ်ရေးလုပ်တယ်။ ရွှေ တွေတူးလို့ရတယ်။ တိုက်ပွဲမဖြစ်ခင်က အရောင်းအဝယ်က ကောင်းနေတော့ တောင်ယာတွေ လည်း လုပ်ကိုင်စားသောက်နိုင်တယ်။ တည်းခိုခန်းလည်း ဖွင့်ထားတယ်”

စီးပွားရေးအဆင်ပြေပြီး ကလေးများနောင်ရေးအတွက် အလားအလာကောင်းတွေရှိနေတဲ့ မိသားစု ဘဝလေးဟာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ပျက်စီးသွားခဲ့ရသည်။

“အဲဒီအချိန် ဘဝပိုတိုးတက်အောင် ကြိုးစားနေတဲ့အချိန်ပေါ့။ စစ်ပွဲဖြစ်လာတော့ အကုန်လုံးတခုမှ မကျန်၊ အိမ်မီးလောင်တာကလောင်၊ အကုန်လုံးပစ်ထားလိုက်ရတယ်။ အခုတော့ တောတွေဖြစ် ကုန်ပြီ”

ဒေါ်နန်ကိုင်မှာ တည်းခိုခန်းပိုင်ရှင်၊ ကုန်စုံဆိုင်ပိုင်ရှင်ဘဝမှ စစ်ပြေးဒုက္ခသည်ဘဝကို ရောက်သွားခဲ့ ရတော့သည်။

စစ်ပြေးဒုက္ခသည်ဘဝတွင်မူ မိသားစုအတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။

ပထမဆုံးအနေဖြင့် ကလေးများပညာရေးရှေ့ဆက်ဖို့ အခက်ကြုံရသည်။ သားတစ်ယောက်နှင့် သမီးနှစ်ယောက်ကို ၂၀၁၂ ခုနှစ်က တက္ကသိုလ်ဝင်တန်း တက်ရောက်နေရာမှ ကျောင်းစရိတ် မထောက်ပံ့နိုင်တော့သဖြင့် ယခုအချိန်အထိ ကျောင်းဆက်လက်ထားနိုင်ခြင်း မရှိသေးပေ။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်စခန်း (၆) ခုတွင် စစ်ပြေးဒုက္ခသည် (၃၀၀၀)ကျော် ခိုလှုံနေကြရသည်။ အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ် (WFP) မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေရာမှ ၂၀၁၅ ခုနှစ်မှ စတင်၍ စားနပ်ရိက္ခာများ မထောက်ပံ့တော့ဘဲ ဟင်းဖိုးစရိတ်(၁)လစာအဖြစ် (၁)ဦးလျှင် ကျပ် (၉၀၀၀)သာ ထောက်ပံ့ပေး တော့သည်။

သို့ဖြစ်ရာ ဒေါ်နန်ကိုင်အပါအဝင် စစ်ပြေးမိသားစုများမှာ အခက်အခဲများစွာ ပိုမိုကြုံတွေ့လာကြရ သည်။

kachin-women

Photo: Hkun aung nlam (FB)

ထောက်ပံ့စရိတ်များ လုံလောက်မှု မရှိသဖြင့် ဒုက္ခသည်များသည် မိသားစုစားဝတ်နေရေးအတွက် အမျိုးသမီးများပါမကျန် ကျောက်ကောက်ခြင်းနှင့် အခြားအဆင်ပြေရာနေ့စားအလုပ်များ ရှာဖွေလုပ် ကိုင် စားသောက်နေကြရသည်ဟု ဒေါ်နန်ကိုင်က ပြောသည်။

“ထောက်ပံ့တာ မလောက်တဲ့အခါကျတော့ တောင်ကျချောင်းထဲမှာ ကျောက်သွားကောက်ပြီးမှ ဟင်းဖိုးတွေ ရှာရတယ်။ တခါတလေကျရင် စစ်သားတွေလာရင် သေနတ်သံတွေ ကြားရင်လည်း ထွက်ပြေး၊ အဲဒီလိုမျိုးဘဲနေကြရတာပေါ့။ အမျိုးသမီးအားလုံးလိုလို ဒီလိုဘဲလုပ်ကိုင်စားသောက် နေရတယ်။ အခုစပါးရိတ်ချိန်ဆိုရင် စပါးသွားရိတ်တယ်။ ဟင်းကောင်းတော့ မစားရဘူး၊ မိသားစု (၅)ယောက်ဆိုရင် တစ်ရက်တာ (၁) ထောင်ဖိုးလောက် အရွက်နဲ့ ပဲသီးတွေ ဝယ်ပြီး ငပိနဲ့ဘဲ ချွေ ချွေတာတာ စားတာပေါ့နော်”ဟု ဒေါ်နန်ကိုင်က ပြောသည်။

“စစ်ကြောင်းတွေ ဝင်လာပြီဆိုရင် ကျောက်ကောက်နေလို့ မရတော့ဘူး။ ထွက်ပြေးရတယ်၊ မျှစ်ချိုး တာ၊ နွားမောင်းတာလည်း တောထဲကိုဝင်လို့မရဘူး။ အမျိုးသမီးတွေ လုံခြုံမှုကတော့ တော်တော် လေးထိတ်လန့်နေကြတာပေါ့”

မိုးမောက်မြို့သည် မြန်မာ့တပ်မတော်စစ်ကြောင်းများ အမြဲတစေဖြတ်သန်းသွားလာသည့် နေရာ ဖြစ်၍ အမျိုးသမီးများဘဝလုံခြုံမှု မရှိသည့်ကြားက ကြောက်လန့်မှုများဖြင့် လုပ်ကိုင်စားသောက် နေရသည်ဟုဆိုသည်။

“စစ်ဘေးဒဏ်ကြောင့်မို့ ကျမတို့အမျိုးသမီးတွေက သွားရေးလာရေးကအစ လုံခြုံမှု မရှိဘူး။ တောင် ယာသွား၊ လယ်တောသွား၊ နောက်ပြီး ခရီးသွားတာတွေ လုံခြုံမှု မရှိတော့ဘူး။ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှု မရှိတော့ဘူး။ လမ်းမှာတခုခုဖြစ်မှာ စိုးရိမ်နေရတယ်” ဟု သူကပြောသည်။

စစ်ပြေးဒုက္ခသည်စခန်းများတွင်လည်း လက်ရှိစားနပ်ရိက္ခာအခက်အခဲရှိနေပြီး ဒုက္ခသည် အမျိုးသ မီးများကိုယ်တိုင် တစ်ရက်တာစားသောက်နိုင်ရေးအတွက် နေ့စားအလုပ်လုပ်ကိုင်၍ ရှာဖွေစား သောက်နေရသည်ဟု သူကပြောသည်။

“ဒီနေရာက စစ်ပွဲစတင်တဲ့နေရာ အနက်ရောင်နယ်မြေပေါ့။ အခုနောက်ပိုင်း တိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ IDP စခန်းတွေလည်း ပိုများလာတယ်။ IDP တွေစားဝတ်နေ ရေး တော်တော်ခက်ခဲနေတယ်။ တောင်ယာလည်း မလုပ်နိုင်ကြဘူး။ အမျိုးသမီးတွေက မိသားစု အတွက် နေ့စားကျပန်းအလုပ်ဘဲလုပ်တယ်။ ဒါပေမဲ့ မလောက်ဘူး” ဟုသူကပြောသည်။

စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များ စားသောက်ရန် အတွက် အထောက်အပံ့ပေးနေသော အဖွဲ့အစည်းများ ပေးပို့သောရိက္ခာပစ္စည်းများကို ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ မြန်မာ့တပ်မတော်က တားမြစ်ပိတ်ပင်ခဲ့သဖြင့် စားဝတ်နေရေးခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည့် ဒုက္ခသည်စခန်းအများအပြားရှိနေသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသော မန် ဝင်းကြီး၊ ဝေကြိုင်၊ ဖုန်လွမ်ယန် စခန်းများရှိ စစ်ပြေးဒုက္ခသည် (၁၂၀၀၀) ကျော်အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာဖြစ်နေပြီး အရေးပေါ်အခြေအနေဖြစ်နေကြောင်း ရိက္ခာ ထောက်ပံ့ပေးနေသော ဒေသတွင်း လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်း (၉)ဖွဲ့ဖြင့် ဖွဲ့ စည်းထားသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)က အောက်တိုဘာလ (၁၄) ရက်ကပြောဆိုထား သည်။

စစ်ဘေးရှောင်ဒုက္ခသည်များ၏ မျှော်လင့်ချက်များကတော့ နေရပ်ပြန်ပြီး အရင်လိုနေထိုင် စား သောက်ရတဲ့ ဘဝမျိုး ပြန်လည်ရရှိနိုင်ရန် ဖြစ်သည်။

ကချင်ပြည်နယ်သူ ပြည်နယ်သားများသာမကာ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုများက တပ် မတော်မှ ထိုးစစ်များ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရန် တောင်းဆိုနေကြသည်။

“ဒုက္ခသည်တွေ တော်တော်လေးခက်ခဲတယ်။ ကျမတို့ အရမ်းသနားတယ်။ ဖျားနာတဲ့အချိန်ဆို ဟင်းဖိုးလည်းမရှာနိုင်ဆိုတော့ အမျိုးသမီးတွေအတွက်က ကလေးတွေကျန်းမာရေးမကောင်းတဲ့ အချိန်တွေမှာ တော်တော်လေးခက်ခဲတယ်။ စခန်းမှာက အမျိုးသမီးတွေ တော်တော် အခြေအနေ ဆိုးတယ်။ စခန်းတာဝန်ရှိသူတွေကလည်း ချောင်းမှာကျောက်လည်းသွားမကောက်နဲ့၊ တခုခု ဖြစ်လို့ရှိရင် မလွယ်ဘူး။ ဖြစ်သွားရင် နောင်တဆိုတာ နောက်မှရတယ်ဆိုတာမျိုးတွေ ပြောတယ် ပေါ့နော်။ စိုးရိမ်စိတ်တွေ အမြဲတမ်းခံစားနေရတာပေါ့”ဟု ဒေါ်ကိုင်နန်ကပြောသည်။

ကချင်ပြည်နယ်အတွင်းတပ်မတော်၏ လတ်တလောထိုးစစ်များက ဒုက္ခသည်များ၏ အိမ်ပြန်အိပ် မက်များကို ပျက်စီးသွားစေခဲ့သည်။

အမျိုးသမီးများလုံခြုံမှု ရရှိရန်နှင့် စိုးရိမ်ထိတ်လန့်မှုမှ လွှတ်မြောက်ရန်အတွက် ကချင်ဒေသအတွင်း ထိုးစစ်များ ချက်ခြင်းရပ်တန့်ရန်၊ အမျိုးသမီးများလုံခြုံမှုရရေး၊ ငြိမ်းချမ်းရေးကို လိုချင်သည်၊ နိုင်ငံ ရေးကို စစ်ရေးဖြင့် ဖြေရှင်းမှု အလိုမရှိ စသည့်ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များကိုင်ဆောင်၍ မိုးမောက်မြို့မှ အရပ်ဘက် အခြေပြု လူထုအမျိုးသမီးအဖွဲ့များ ဦးဆောင်ကာ အောက်တိုဘာလ (၂၁)ရက်က ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဆန္ဒပြမှု တွင် ဦးဆောင်သူဒေါ်နန်ဘောက်ကပြောပြသည်။

ယင်းဆန္ဒပြပွဲတွင် ဒေါ်ကိုင်နန်တစ်ယောက် ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။

“အစစအရာရာအရမ်းခက်ခဲလာတယ်။ အစားအသောက်တွေ မလုံလောက်ဘူး။ သားသမီးများတဲ့ မိသားစုဆိုရင် အရမ်းခက်ခဲတယ်။ ဘယ်မှလည်းမသွားနိုင်ဆိုတော့ ကျမတို့အမျိုးသမီးတွေလည်း ဒီအတိုင်းနေလို့မဖြစ်တော့ဘူး။ ကျမတို့ခံစားနေရတာတွေကို ထုတ်ဖော်ပြောမှ ဖြစ်တော့မယ်ဆိုပြီး လမ်းပေါ်ထွက်လာတာပါ”

 

 

 

 

Related Articles