သူမသည် နခံတောရွာ၏ ကန့်ကွက်သူမရှိ “နှစ်ထပ်ကွမ်းသူကြီးမ” အဖြစ်သမိုင်းသစ် တွင်လာလေတော့သည်။
“ကျမမိန်းကလေးဆိုပြီး ဘယ်တုန်းကမှ အားမငယ်ခဲ့ဖူးဘူး..၊ ကျမတို့ ရွာကတော့ ရဲရဲတောက် အမျိုးသမီးသူရဲကောင်း တစ်ယောက်ကို မွေးထုတ်ပြဖူးတာ သမိုင်းသက်သေရှိတယ်”
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအဝှမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးသောအခါ တနင်္သာရီတိုင်းတွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး အရွေးခံရသည့် ကျေးရွာအုပ်စု(၃) စုပေါ်ထွက်ခဲ့၏။ ပုလောမြို့နယ်တွင် (၁)စုနှင့် လောင်းလုံမြို့နယ်တွင် (၂)စု။
အသက် (၃၀) အရွယ် “မမို့မို့ဆွေ” အား အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ပြီး အသက်အငယ်ဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူး စတင်ပေါ်ထွန်းလာစေခြင်းဖြင့် သမိုင်းသစ်ရေးခဲ့သည့်ရွာက လောင်းလုံမြို့နယ်အပိုင် နခံတောရွာ..။
အိမ်ခြေ (၂၀၀) ဝန်းကျင်သာရှိသော်လည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်ခန့်အပ်ခွင့်ရသဖြင့် နခံတော ရွာသားများက ဂုဏ်ယူတတ်ကြ၏။
လောင်းလုံးမြို့နယ်ပိုင် ဆိုသော်ငြား ထားဝယ်မြို့နှင့် ပိုနီး၏။ ထားဝယ်နှင့် မြစ်တစ်ခုသာခြားပြီး ကားလမ်းမှဆိုလျှင် (၃) မိုင်ခန့်သာဝေး၏။ ထားဝယ်မှ ယခင်(ထားဝယ်မြို့မတိုင်မီ)မြို့ဟောင်းသာဂရရွာသို့ သွားရာလမ်းပေါ်တွင် တည်ရှိပြီး ယင်းမြို့ ဟောင်းနှင့်လည်း (၃) မိုင်ခန့်သာ ဝေးသဖြင့် ခေတ်အဆက်ဆက် မြို့ပြနှင့် အလှမ်းမဝေးခဲ့သော ရှေ့မှီနောက်မှီ ရွာငယ်တစ်ရွာ ဟု ဆိုရပါမည်။
ယင်းသို့သော မြို့ဆင်ခြေဖုံးဟု ဆိုနိုင်သည့် ရွာ..၊ တနည်းအားဖြင့် ကျားမအဆင့်အတန်းခွဲခြားမှု မပပျောက်သေးသော ကျေးလက်ရပ်ဝန်းမျိုးတွင် အမျိုးသမီးငယ်တစ်ဦး အများသဘောတူ အုပ်ချုပ်ခွင့်ရရန်မှာမလွယ်..။
သို့သော် ၂၀၁၅ ခုနှစ် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင်လည်း အိမ်ထောင်စုကိုယ်စားလှယ် (၂၀) စလုံးက ဒေါ်မို့မို့ ဆွေ တစ်ဦးတည်းကို တခဲနက် မဲပေးရွေးချယ်ခဲ့ပြန်လေသည်။
ထိုအခါ သူမသည် နခံတောရွာ၏ ကန့်ကွက်သူမရှိ“နှစ်ထပ်ကွမ်းသူကြီးမ”အဖြစ် သမိုင်းသစ်တွင်လာလေတော့သည်။ “အရင် သက်တမ်းက တာဝန်ထမ်းတုန်းက အပြစ်ပြောစရာမရှိခဲ့တော့ ရွာသားအများစုက သူ့ကိုပဲ နှစ်သက်နေကြတာလေ..၊ သူထပ်ဖြစ် တာ မဆန်းပါဘူး”ဟု နခံတောကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ် တင်မြှောက်ရေးကော်မရှင် ဥက္ကဌဦးအောင်သိန်းက မှတ်ချက် ပြုပါသည်။
ဒေါ်မို့မို့ဆွေ ၂၀၁၆ နှစ်ဆန်းပိုင်းမှစ ကျေးရွာအုပ်ချုပ်ရေးမှူး ဒုတိယသက်တန်း (၅) နှစ်တာကို စတင်တာဝန်ထမ်းရမည့် ထိုနခံတောရွာလေးသည် တမျှော်တခေါ်သော လယ်ကွင်းပြင်ကြီးများ ပတ်လည်ဝိုင်းနေသည့် စိုက်ပျိုးရေးရွာကလေး ဖြစ်ပါ သည်။
ရွာတစ်ဖက်တစ်ချက်ရှိ မြစ်လက်တက် ၂ ခုနှင့် ရွာအရှေ့ဘက်တွင် ဒီရေအတက်အကျ သွယ်ဆင်းနေသည့် ထားဝယ် မြစ်ကြီးက ရေခံမြေခံကောင်းသည့် ရွာဖြစ်ကြောင်း သက်သေခံနေသည်။ ကိုယ့်ခြံကိုယ့်ဝင်းလေးကိုယ်စီနှင့် ဘဝကို ရိုးစင်းစွာ ဖြတ်သန်းနေသည့် ရွာသူရွာသားအများစု လိုလားသည်က တည်ငြိမ်အေးချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်ရေး..။
“တခြားရွာမှာတော့ မသိဘူး၊ ကျုပ်တို့ရွာမှာတော့ ‘ကြက်မတွန်လို့ မိုးလင်းခဲ့သဗျ..” ဟု ကျေးရွာအထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းက ရယ်ရယ်မောမောပြောပါသည်။ ဒေါ်မို့မို့ဆွေသည် ကျေးရွာအတွင်း ပေါ်ပေါက်လာသည့် ကိစ္စကြီး ငယ်များကို သူတစ်ဦးတည်း၏ သဘောထားဖြင့် တဇွတ်ထိုးဆုံးဖြတ်လေ့မရှိဘဲ..၊ သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ယူ ဆောင်ရွက်နေသည့် ရပ်မိရပ်ဖများနှင့် ခေါင်းချင်းဆိုင် နှီးနှောတိုင်ပင်ပြီးမှသာ ဆုံးဖြတ်လုပ်ဆောင်လေ့ရှိသည်ဟု ယင်းရွာ ရပ်မိ ရပ်ဖတို့ကဆို၏။
“ကျမမိန်းကလေးဆိုပြီး ဘယ်တုန်းကမှ အားမငယ်ခဲ့ဖူးဘူး..၊ ကျမတို့ ရွာကတော့ ရဲရဲတောက် အမျိုးသမီးသူရဲကောင်း တစ် ယောက်ကို မွေးထုတ်ပြဖူးတာ သမိုင်းသက်သေရှိတယ်” ဟု စူးရှတည်ကြည်သောမျက်ဝန်းပိုင်ရှင် နှစ်ထပ်ကွမ်းသူကြီးမလေး ကဆိုလေသည်။
သူမရည်ညွှန်းသော အမျိုးသမီးသူရဲကောင်းကား မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အမျိုးသမီး သူရဘွဲ့ရ နခံတောရွာသူ “သူရ မချစ်ပို”..။ လွတ်လပ်ရေးရပြီးကာစ ရောင်စုံသူပုန်ထစဉ် ပြင်ဦးလွင်မြို့တိုက်ပွဲအတွင်း နေ့ဘက်တွင် ရန်သူ့သတင်းထောက် လှန်းပြီး ညဘက်တွင် ကိုယ်တိုင်ဦးဆောင် ရွံ့ရွံ့ချွန်ချွန်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲတွင်ကျဆုံးခဲ့သူ။ သူရမချစ်ပိုသည် ထိုရွာလေး၏ သတ္တိဂုဏ် ပြယုဝ်တစ်ခု။
“ကျနော်ကတော့ မိန်းမယောက်ျား ခွဲခြားမကြည့်ပါဘူး၊ ရွာကို ဘယ်သူဦးဆောင်ဦးဆောင် တိုးတက်အေးချမ်းရင် တော်ပြီ” ဟု အသက် ၃၂ အရွယ် လူငယ်ရွာသားတစ်ဦးကဆိုသည်။
သို့သော် အမျိုးသမီးငယ် ဖြစ်နေသောကြောင့် ညရေးညတာ ဆောလျင်စွာ ဆုံးဖြတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက်မူ အားနာအခက်တွေ့ရကြောင်း အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦးကဆိုသည်။
“အပျိုလေးဆိုတော့ တချို့ကိစ္စတွေ တိုင်ပင်ရတာ ကသိကအောက်ဖြစ်တယ်၊ ညဖက်ကြီးသွားနှိုးရမယ့်ကိစ္စမျိုးဆို အားနာနေရ တာပေါ့” ဟု ယင်းအဘွားအိုကပြောပါသည်။
ထိုအဘွားအိုက သူ့သားဖြစ်သူကို ကျေးရွာအုပ်ချုပ်ရေးမှူးအရွေးခံရန် အကြံပြုလာသူများရှိသော်လည်း သူ့သားက လက်မခံခဲ့ ကြောင်း ဖွင့်ဟပါသည်။
“ကျမတို့အတွက်တော့ ဆက်ဆံပြောဆိုရတာ အရမ်းအဆင်ပြေတယ်ပေါ့ရှင်..၊ သူကသူငယ်ချင်းလိုပေါင်းလည်းရတော့ ကျမ တို့က အုပ်ချုပ်ရေးမှူးလို့တောင် စိတ်ထဲမထားဘဲ တိုင်ပင်လို့ရတယ်လေ..” ဟု ရွာတောင်ဖျားစွန်းရှိ ‘ထိုက်စံ’ လက်ဖက်ရည် ဆိုင်ပိုင်ရှင် မသူဇာကဆိုပါသည်။
ထိုလက်ဖက်ရည်ဆိုင်လေး၏ တောင်ဘက် တခေါ်လောက်ရှိ ရပ်ခံတောင်ခြေရင်းတွင် နခံတောရွာလည် ဘုန်းတော်ကြီးကျောင်း ရှိပါသည်။ ကျောင်းထိုင်ဆရာတော် ဦးဝါယမ၏ ဗေဒင်အင်းအိုင် နှံ့စပ်တတ်ကျွမ်းမှုကား ရွာနီးစပ်သာမက ထားဝယ်ဒေသတဝှမ်း ကပင် အားကိုးအားပြုကြရလေသည်။
နှစ်ထပ်ကွမ်းသူကြီးမလေးသည် ဆရာတော်ထံတွင် ဗေဒင်ပညာရပ်ကို ဟောခွင့်ရသည်အထိ (၆) နှစ်တိတိသင်ယူခဲ့ကာ ယခု တိုင် “မို့မို့ဟန်” အမည်ဖြင့် ဗေဒင်ဟောပါနေ၏။
“ငါ့တပည့်မို့ ပြောတာမဟုတ်ဘူး၊ သူ့မှာ ဘာသာရေးမက သာရေးနာရေးတွေမှာပါ ဦးဆောင်နိုင်သူစွမ်းရှိတယ်၊ အားကိုးရတယ်၊ သူက နဂိုကတည်းက ပရဟိတမှာ အားသန်တဲ့ လူငယ်လေ” ဟုဆရာတော်ကမိန့်ပါသည်။
သူမအုပ်ချုပ်ဦးဆောင်ခဲ့သည့် သက်တမ်းအတွင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသာမက ရွာတွင်းတွင်လည်း လက်ညှိုး ထိုးပြနိုင်သည့် ရုပ်ဝတ္ထုတိုးတက်မှု များစွာရှိခဲ့သည့်အပြင် “အမေနေ့”အထိမ်းအမှတ် ဟောပြောပွဲများ ခမ်းနားစွာ နှစ်စဉ် ကျင်းပ နိုင်ကြောင်းဆရာတော်က မိန့်ကြားပါသည်။
“ကျမလက်ထက်မှာ ကျမတို့ရွာရဲ့တိုးတက်မှုနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ တခြားရွာတွေထက် မနိမ့်ကျစေရဘူး”ဟု နှစ်ထပ်ကွမ်းသူကြီးမလေးကရဲရဲရင့်ရင့် ပြောပါသည်။
ရွာတွင်းလမ်းသွယ်များကို ကတ္တရာခင်းထားနိုင်ရန် သူမနှင့် ရွာအုပ်ချုပ်ရေးအဖွဲ့က လာမည့်နှစ်သစ်မှစ ကြိုးစားသွားမည် ဟုဆိုပါသည်။ သို့သော် နှစ်ထပ်ကွမ်းသူကြီးမလေးက မာမာကျစ်ကျစ် ကျောက်စရစ်ရောလမ်းသွယ်၏အလှ ပျက်စီးသွား မည်တော့ စိုးမိကြောင်းဆိုပါသည်။
“မြေနီလမ်းသွယ်လေးတွေရဲ့ ရှိပြီးသားသဘာဝအလှလေးကိုနှမြောမိတယ်..”ဟုသူမဆို၏။
နှစ်ထပ်ကွမ်းသူကြီးမလေးဒေါ်မို့မို့ဆွေနှင့်တကွ သူတို့ နခံတောရွာလေးတစ်ရွာလုံးရှိ ရွာသူရွာသားအားလုံး၏ ရင်ထဲတွင်တော့ ဖြစ်ချင်လှသည့် အာသီသတစ်ခု ပြိုင်တူရှိနှင့်ကြပါသည်။ အခြားမဟုတ်ပါ။
“သူရမချစ်ပိုရဲ့ ရုပ်ထုတစ်ခု ရွာထိပ်မှာထားခွင့် ရချင်တယ်..”ဟုဆိုကြခြင်းပင်…။
နခံတောရွာတွင် ကြက်မတွန်သံ ၅ နှစ်မက ထပ်ကြားရရန် ရှိနေပေသည်။
မင်းခန့်
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021