Home ဆောင်းပါး ပဟေဋိဆန်သော ကျောက်စိမ်းမြေမှ ဘဝများ

ပဟေဋိဆန်သော ကျောက်စိမ်းမြေမှ ဘဝများ

demonstrating to Companies trucks arenot going to use the public road by local people

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှာရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဟာ အင်မတန်မှ တန်ဖိုးကြီးပြီး ရေပန်းစားနေတဲ့ ကျောက်စိမ်းထွက်ရှိရာ ရတနာမြေဖြစ်ပါ တယ်။ ထိုနေရာသို့သွားမည်ဆိုပါက ကချင်ပြည်နယ် မြစ်ကြီးနားမှ မိုင်(၁၀၀)ခန့်တွင်ရှိကာ ကွေ့ကောက်ပြီး တောင်တွေ၊ ချိုင့်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းခရီးကို စပြီးခရီးနှင်ရမည်ဖြစ်ပါတယ်။

အဖိုးတန် ကျောက်မျက်ရတနာထွက်ရှိရာ မြို့ကလေးအဖြစ် စိတ်ကူးယဉ်ကြည့်မည်ဆိုလျှင် အင်မတန် ပျော်ရွှင်၊ သာယာ၊ ဖွံ့ဖြိုးနေမည်ဟု ထင်ရသော်လည်း အမှန်တကယ် လက်တွေ့တွင် စိတ်ကူးနှင့် အလွန်ကွဲလွဲနေတာကို တွေ့မြင်ရပါမယ်။ ဒီနေရာဟာ အင်မတန်မှ ပွေလီရှုပ်ထွေး၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး လူတစုကောင်းစားရေးအတွက်သာ ရည်မှန်းချက်ထားရှိသော တကိုယ်ကောင်းဆန်မှုကို ဖော်ညွှန်းရာ နေရာလေးတခုဖြစ်နေပါတယ်။

ဒီအရပ်က မိခင်များမှာ တနေ့တာအမြန်ဆုံးကုန်ဆုံးပြီး နောက်တနေ့ကို မြန်မြန်ရောက်ဖို့သာ ဆုတောင်းရင်း ဖြတ်သန်းနေကြရတာကြောင့် ပဟေဋိဆန်သော ရတနာ ကျောက်စိမ်းမြေရဲ့ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အခြေအနေတွေကို တစေ့တစောင်း ဖော်ပြလိုက်ရပါတယ်။

မိုးအမြန်လင်းပြီး၊ နေအမြန်ဝင်ပါစေလို့ ဆုတောင်းပြီး နေကြရပါတယ်နေ့ရော၊ ညပါ မြို့လယ်ခေါင်လမ်းတွေကနေ ရာနဲ့ချီတဲ့ ကုမ္ပဏီမြေသယ်ယာဉ်တွေ ဖြတ် သန်းသွားလာနေတဲ့အတွက် မိခင်များမှာ မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို ဖုန်တွေနဲ့ ဝါညစ်နေတဲ့ ထမင်းကို စားနေရတယ်” “အိပ်ယာထဲမှာလည်း ဖုန်ပဲ၊ အိမ်ထဲဝင်လိုက်တာနဲ့ ဖုန်တွေပဲ၊ ထမင်းအိုးဖွင့်လိုက်တာနဲ့ ဖုန်တွေပဲလို့ ဆရာမကိုင်ရာ (ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အမျိုးသမီးတာဝန်ခံ) ပြောပါတယ်။

ကုမ္ပဏီယာဉ်တန်းကြီးများသည် အများပြည်သူ အသုံးပြုရာ လမ်းမများတွင်သာ သွားလာနေကြသောကြောင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး၊ သေ ဆုံးသွားသူများအတွက် လျော်ကြေးပေးခြင်း ပြုလုပ်သော်လည်း အပြစ်ပေးအရေးယူမှု တစုံတရာမှ မရှိသည့်အပေါ် ဒေသခံများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်မှုများရှိနေ ကြပါတယ်။

နေ့စဉ်နှင့်အမျှ ကလေးတွေ ကျောင်းသွားကျောင်းပြန်ချိန်တွေမှာ ကုမ္ပဏီကားတွေ လမ်းမပေါ်မှာ အချိန်ပြည့် သွားလာနေတဲ့အတွက် ပညာရေးကိုပင် ထိခိုက် လာနိုင်ကြောင်းကို ကလေးတွေ ကျောင်းက ပြန်မရောက်မချင်း မိဘတွေက ဘယ်တော့ စိတ်မအေးရဘူးလို့ပြောပြခဲ့သလို မိခင်များ ဈေးသွားရာက ပြန်မရောက်မ ချင်း အိမ်သူအိမ်သားများက စိတ်မအေးရဘူး” လို့ ဒေါ်ကိုင်ရာက ပြောပြပါတယ်။

၂၀၁၅ ခုနှစ်၊ မတ်လ၊ (၁၆)ရက် ညနေ ၅နာရီခန့်တွင် မဂျစ်တူး(ခ) မဌေးဌေးဝင်း ဆိုသူမှာ ကျောက်သွေးတောင် ကျေးရွာရှိ ဝှေခါချောင်း၊ အများပြည်သူသုံး ရေဆိပ်တွင် အဝတ်လျှော်ရေခပ်နေစဉ် “မြန်မာသူရ” ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှ ပိုင်ဆိုင်သော မြေဇာသွန်ကား ဘရိတ်ပေါက်ကာ ရေတွင်းနှင့်တကွ မဌေး ဌေးဝင်း၊ ကိုငြိမ်းချမ်း၊ မောင်ဖိုးလပြည့်နှင့် အသက်(၈)နှစ် အရွယ် မောင်ဇော်မင်းထက်တို့အား ပြင်းထန်စွာ တိုက်ခဲ့မိပါတယ်။ မဌေးဌေးဝင်းသည် ထိုနေရာတွင်ပင် ပွဲ ချင်းပြီးသေဆုံးခဲ့ရတယ်။

နောက်တရက် မတ်လ(၁၇)ရက် ည ၁၁ နာရီခန့် ကျောက်သွေးတောင်နှင့် ဖားပြင်ရွာကြား လမ်းဆုံတွင် ဆိုင်ကယ်စီးသူ မအားနန်(၂၀နှစ်) နှင့် မခေါခေါ် (၁၃နှစ်)တို့အား “ယွန်းရွှေရီ”ကျောက်မျက်ကုမ္ပဏီမှ ပိုင်ဆိုင်သော မြေဇာသွန်ကား ဝင်တိုက်ခဲ့ရာ ကားဘီးဖြင့် ဦးခေါင်းကျိတ်မိပြီး ဦးနှောက်ထွက်တဲ့အထိဖြစ်ကာ နှစ်ဦးစလုံးသေဆုံးခဲ့ရပါတယ်။

ကျောက်စိမ်းတူးဖော်မှုတွေကြောင့် ယာဉ်ယန္တရားတွေနဲ့ တိုက်မိပြီး သေဆုံးသူဦးရေဟာ လတ်တလောမှာကိုပဲ လူဦးရေ ၂၀ ကျော်ခန့်ရှိခဲ့ပြီလို့ ဆိုပါတယ်။ အဆိုပါယာဉ်တိုက်မှုများကို ကျူးလွန်သော ကုမ္ပဏီ၊ ယာဉ်၊ ကုမ္ပဏီဝန်ထမ်း ဒရိုင်ဘာတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေအရ ထိရောက်စွာ အရေးယူမှုမရှိပဲ နစ်နာကြေးများ ဖြင့်သာ ဖြေရှင်းနေရတယ်လို့ သိရပါတယ်။

ကျောက်စိမ်းတွင်းများကို မိုင်းတွေခွဲကာ တူးဆွနေခြင်းကြောင့်လည်း တရွာလုံးတုန်ခါနေသည့်အပြင် အန္တရာယ်ကြီးလှကြောင်းကို စဘော့မှာ ကိုယ်ဝန်ဆောင် မိခင်တယောက်ဟာ စက်ချုပ်နေချိန် အင်မတန်ကြီးတဲ့ မိုင်းဖောက်ခွဲမှုကြောင့် လန့်ပြီး ခုန်ပေါ်မှပြုတ်ကျကာ ကိုယ်ဝန်ပျက်ကျခဲ့တယ် လို့ ဆက်ပြောပါတယ်။

ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများလည်း အင်မတန်မှ များပြားနေကြကြောင်း၊ ကျောင်းသွားကျောင်းပြန် လမ်းခုလပ်များတွင်ပင် လူငယ် များက မိမိကိုယ်ထဲသို့ မူးယစ်ဆေးဝါးထိုးသွင်းခြင်း၊ အချင်းချင်းအပြန်အလှန် ထိုးသွင်းပေးခြင်းများ ပြုလုပ်နေကြပါတယ်။ လမ်းပေါ်၊ မြေဇာပုံများပေါ်တွင် မည်သူ မည်ဝါမှန်းမသိဘဲ သေဆုံးနေမှုများလည်း များပြားစွာရှိနေပါတယ်လို့ ဒေသခံများက ပြောပါတယ်။

ဒေသခံတွေနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေဟာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာ ပြိုကျမှုတွေကြောင့် သေဆုံးခဲ့မှုမှာလည်း လူဦးရေ (၂၀၀) ကျော်ခန့်ရှိနေပြီး အပတ်စဉ် သေဆုံးမှု သတင်းတွေကိုသာ နားစွင့်နေရတယ်လိ့ု လုံးခင်းဒေသခံ ကိုနောင်လတ်က ဆိုပါတယ်။

pressconfrence@ygn

လူမှု၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် အခြေအနေ

ရွေးကောက်ပွဲမတိုင်ခင်မှ ယခုလထိ ဖားကန့်ရှိ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာ ပြိုကျမှုတွေကြောင့် ဒေသခံတွေနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ သေဆုံးခဲ့မှုမှာ လူဦးရေ (၂၀၀) ကျော်ခန့် ရှိနေပြီဖြစ်တယ်။

နိုင်ငံတော်သာယာဖို့ဆိုတဲ့ ခေါင်းစဉ်ဖြင့် နိုင်ငံတော်အကျိုးတူကုမ္ပဏီများရဲ့ မဆိုစလောက် လျော်ကြေးများနှင့် ကျောက်တူးဖော် ရန်၊ မြေဇာစွန့်ပစ်ရန်စသည့် အကြောင်းပြချက်များဖြင့် လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းယူနေကြကြောင်းကို သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပါတယ်။

လယ်မြေ၊ တော၊ တောင်၊ လျှိုမြှောင်များပါမကျန် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအဖြစ် အသွင်ပြောင်းသွားတော့ ဒေသခံပြည်သူများမှာ စိုက်ပျိုးလုပ်ကိုင် စားသောက်ရမည့် မြေမှန်လည်းမရှိ၊ ကုမ္ပဏီများနှင့်အပြိုင် ကျောက်စိမ်းတူးဖော်ရန်လည်း မတိုးနိုင်တော့   ရေမဆေးကောက်စားတဲ့ အလုပ်ကိုသာ လုပ်ကိုင်စားသောက် နေကြရတဲ့ အခြေအနေသို့ ရောက်ရှိခဲ့ရတယ်။

ရေမဆေးကောက်သူများနှင့်ပါတ်သက်ပြီး ရေမဆေးသမားတွေရဲ့ ဘဝအခြေအနေဟာ သူများစွန့်ပစ်ထားတဲ့ အမှိုက်ပုံးထဲမှာ ထမင်းလုံးလေးတွေကို မျှော် လင့်ချက်တကြီးနဲ့ အသက်လုပြီးတော့ လိုက်ရှာစားနေရတာမျိုးပါ လို့ သူမက ရှင်းပြပါတယ်။

ကုမ္ပဏီများ၏ စွန့်ပစ်မြေဇာပုံများတွင် မြေဇာများကို ကုမ္ပဏီပိုင်ယာဉ်ပေါ်မှ သွန်ချချိန်တွင် ရေမဆေးကျောက်ကောက်သူတွေဟာ ဘာအန္တရာယ်ကိုမှ သတိ မမူတော့ပဲ သူ့ထက်ငါ အလုအယက်ကောက်ကြရပါတယ်။ အဲဒီလိုအချိန်တွေမှာ ဘယ်တော့ ဘယ်အချိန် ဘာဖြစ်မလဲ၊ ခြေထောက်တဖက်ကျိုးပြီး အိမ်ပြန် လာမလားအသက်ပဲ ထွက်သွားမလား၊ ခေါင်းပဲကွဲလာမလား ဆိုတဲ့ အခြေအနေတွင် မိသားစုဝင် ညီအစ်ကိုမောင်နှမ၊ လင်ယောက်ျားတွေက ထမင်းလုံး လေးတွေကို “ထမင်းစားကျောက်၊ ဟင်းစားကျောက်အဖြစ် သဘောထားကာ ရှာဖွေကောက်ယူနေကြရပါတယ်။

ဒေသခံများမှာ ထိုအလုပ်ကို လုပ်ချင်လို့ လုပ်ခြင်းမဟုတ်ပဲ ရွေးချယ်ခွင့်မရှိ အခြေအနေတရပ်က တွန်းပို့ခြင်းကြောင့်သာ လုပ်ကိုင်နေကြရပါတယ်။

ရေမဆေးသွားကောက်မလား မကောက်ဘူးလား၊ သွားရင်တော့ အခန့်မသင့်ရင် ကိုယ်တယောက်ပဲသေမယ်၊ မသွားဘူးဆိုရင် မိမိဇနီး၊သားသမီးများအားလုံး ဗိုက်ဆာပြီး အသေခံမလား ဆိုတဲ့ စဉ်းစားချက်နဲ့ ရွေးချယ်ခွင့် မရှိကြကြောင်းကို ဆရာမ ကိုင်ရာက ပြောပြပါတယ်။

ရေမဆေးကောက်သူတွေက စွန့်ပစ်မြေဇာပုံမှ အရည်အသွေးအနည်းငယ်ကောင်းသော ကျောက်များတွေ့ရှိပါကလည်း ကုမ္ပဏီတာဝန်ရှိသူများ၏ နှိပ်စက်ခြင်း၊ ဒဏ်ပေးခြင်းများခံရတဲ့အပြင် ကျောက်ပါ ပြန်လာသိမ်းဆည်းသွားတတ်ကြကြောင်းလည်း ပြောပြပါတယ်။

ကျောက်စိမ်းသယ်ယူဖို့မှာ ကုမ္ပဏီကြီးများသာ အတားအဆီးမရှိ သယ်ယူနိုင်ပြီး ဒေသခံနှင့် ရေမဆေးကောက်သူများမှာ ဂိတ်များစွာကို နည်းမျိုးစုံဖြင့် ဖြတ် ကျော်သယ်ယူကြရတယ်။

ကျွန်တော်တို့ ကချင်ပြည်သူလူထုက ကုမ္ပဏီတွေကလုပ်တဲ့ ဘေးဒဏ်တွေကို ခံစားနေရတယ်။ အနှစ် (၂၀) လောက် အတွင်းမှာ တောတွေ၊ တောင်တွေ ချောင်းတွေ စုစုပေါင်း အရင်းအမြစ် (၅၀) လောက် ပျောက်သွားခဲ့တယ်။ ကျွန်တော်တို့ ကချင်ပြည်သူ လူထုက ကျောက်စိမ်းကို သယ်ခွင့်မရှိဘဲ နည်းမျိုးစုံနဲ့ အဖမ်း ခံနေရချိန်မှာ ကုမ္ပဏီတွေကတော့ ရန်ကုန်မှာတောင် မရှိတဲ့ ကားကြီးတွေနဲ့ သယ်ထုတ်နေတယ် လို့ ကိုနောင်လတ် ( ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဒေသခံ ) က ပြောပါတယ်။

ကုမ္ပဏီတွေရဲ့ စည်းကမ်းမဲ့တူးဖော်မှုတွေကြောင့် ဖားကန့်ဒေသမှာ တောင်များ၊ မြစ်များနှင့် ချောင်းပေါင်း (၅၀)ခန့် ပျောက်ကွယ်သွားပြီး ဖြစ်သည့်အပြင် ဥရုချောင်းသည်လည်း စွန့်ပစ်မြေဇာများကြောင့် နှစ်စဉ် ရေကြီးနစ်မြှုပ်များ ဖြစ်ခဲ့ပြီး လူသေမှုများအထိဖြစ်ခဲ့ရပါတယ်။

ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော ပေ(၃၀၀)မြင့်ပြီး အလျားပေ(၇၀၀)ခန့်ရှိ မြေဇာပုံများပြိုကျမှုကြောင့် ရာပေါင်းများစွာသော ရေမဆေးကောက် သူတွေ၊ ဈေးသည်တွေ အသက်စတေးခဲ့ရပြီး လူဦးရေအတိအကျပင် မဖော်ထုတ်နိုင်တဲ့ အခြေအနေတွင် ရှိနေကြပါတယ်။   ဒါ့အပြင် ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော ပေပေါင်း ၇၀၀/၈၀၀ ခန့်အနက်ရှိသည့် တွင်းကြီးများကို ကုမ္ပဏီများက ဘာမှပြန်လည်ထိန်းသိမ်းပြုပြင်မှုများ မရှိခြင်းကြောင့် တွင်းကြီးလျှံခြင်း၊ ပေါက် ခြင်းနှင့် ဥရုမြစ်သည်လည်း မြစ်ကြောင်းများ လွဲခြင်းကြောင့် နှစ်စဉ် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ရတယ်။

မြန်မာ့သတ္တုတွင်း ဥပဒေ/နည်းဥပဒေ အခန်း(၂၁) အပိုဒ်(၁၀၅) (က)/(ခ)နှင့် အပိုဒ်(၁၀၆) ဓါတ်သတ္တုလုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု မရှိစေရန် စီမံဆောင်ရွက်ခြင်းဆိုတဲ့အချက်ကို မည့်သည့်ကုမ္ပဏီကမှ လိုက်နာဆောင်ရွက်မှု မရှိကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ကြတယ်။

ယခင်က ဖားကန့်ဒေသမှာ ဥရုမြစ်ကို သောက်ရေသုံးရေအဖြစ် အသုံးပြုနိုင်ခဲ့သော်လည်း လောဘသားကောင်များကြောင့် သောက်ရေကိုပင် တရုတ်ကုမ္ပဏီ ဆီက ဝယ်ယူသောက်သုံးရသည့် အခြေအနေ ဖြစ်လာတယ်လို့ ဒေါ်ကိုင်ရာက ပြောပြပါတယ်။

ပဟေဋိဆန်သော ကျောက်စိမ်းမှရသော ဝင်ငွေနှင့် ဒေသခံများတောင်းဆိုချက်များ

မကြာသေးမှီက ထုတ်ပြန်ခဲ့တဲ့ မြန်မာ EITI အစီရင်ခံစာတွင် ယခုလို ဖော်ပြထားပါတယ်။ ၂၀၁၃ -၂၀၁၄ အတွက် ကျောက်မျက်နဲ့ ကျောက်စိမ်း ထုတ်လုပ်မှုမှ ရောင်းရတဲ့ငွေ ဒေါ်လာတစ်ဘီလျံကျော်ရှိပြီး အခွန်ရငွေက ဒေါ်လာနဲ့ တွက်ရင် (၃၈၈)သန်းကျော်ပဲ ရှိတယ်။ ကျောက်စိမ်းကျောက်မျက် ပတ္တမြားတွေက နှစ်စဉ်ရောင်း ရငွေအဖြစ် ရနေတာလားဆိုတဲ့ မေးခွန်းမေးစရာပင်ဖြစ်ကြောင်းကို ဦးရဲသိန်းဦး(MATA) ကပြောပါတယ်။

ဖားကန့်ဒေသမှာဆိုရင် အိမ်လောက်ကြီးတဲ့ မြေသယ်ယာဉ်ဖြစ်တဲ့ ဘက်ဟိုးကြီးတွေက ဒေါ်လာတစ်သန်းလောက် ရှိတယ်။ ဒီယာဉ်အစီး (၃၀၀) ကျော်ဝယ်နိုင်တဲ့ ပမာဏအတွက်ပဲ ကျွန်တော်တို့ နိုင်ငံက ပတ္တမြားတွေ၊ ကျောက်စိမ်း၊ ကျောက်မျက်တွေ ရောင်းချမှုက ရနေသလား။

ဒေသခံတွေရဲ့ ပြောဆိုမှုအရ  ဖားကန့်တွင်  အိမ်လောက်ရှိတဲ့ မြေသယ်ယာဉ်တွေ အစီးရေပေါင်း ထောင်နဲ့ချီရှိနေကြောင်း၊  တောင်ဖြိုတဲ့နေရာမှာ သုံးတဲ့ အင်မတန် အင်အားကြီးမြေကော်ယာဉ်ကြီးတွေကို ဧရာဝတီမြစ်ကြောင်းကနေ အခွန်မရဘဲ တင်ပို့နေပြီး၊ နယ်စပ်က ဖြတ်ကျော်လာတာ တစ်ခုတည်း မဟုတ်နိုင် ကြောင်းကို ဖားကန့်သည် နယ်စပ်မြို့ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ နယ်စပ်နဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာပါ။ တိုင်းပြည်ကို လုံခြုံအောင် လုပ်နေတဲ့သူတွေက ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် လုပ်နေတာလားလို့ ကျွန်တော် မေးလိုပါတယ်။လို့ ဆက်ပြောပါတယ်။

          EITI အစီရင်ခံစာတွင် သယံဇာတ ရောင်းရမှုရဲ့ (၁၃) ရာခိုင်နှုန်းပဲ ကျောက်မျက်က ရှိတယ်။ ကျောက်မျက် ရတနာက ရငွေကို ဂျီဒီပီနဲ့ ပြန်တွက်မယ် ဆိုရင် ၁ ရာခိုင်နှုန်းတောင် မပြည့်တဲ့ ဒဿမ (၇၈) ရာခိုင်နှုန်းပဲ ရှိကြောင်းလည်း ပြောပါတယ်။

ကျောက်စိမ်းမှ ဝင်ငွေဘယ်လောက်ရရှိနေတယ်ဆိုတာကို မည်သူမသိပါ။

၂၀၁၄ မှာ တရုတ်က ထုတ်ပြန်တော့ မြန်မာ့ကျောက်စိမ်းကို (၁၂)ဘီလျံဖိုး ဝယ်တယ်။ ကျွန်တော်တို့ ဗဟိုစာရင်းက ထုတ်ပြန်တော့ တစ်ဘီလျံတောင် မရှိဘူး။ ရတဲ့အခွန်ငွေက ဒေါ်လာသန်း (၄၀၀) တောင် မပြည့်ဘူး။ အဲဒါကြောင့် ပြီးဆုံးတော့မယ့် အစိုးရက ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကို မသယ်ပိုးနိုင်ခဲ့ဘဲ လက် တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးစီးပွားကိုပဲ ဖော်ဆောင်ခဲ့တယ်လို့ပဲမြင်တယ်လို့ ဦးရဲသိန်းဦးက ပြောပါတယ်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှာ ဥပဒေတွေ ရှိ နေပေမယ့် ဒီလုပ်ငန်းတွေကို ဘယ်သူက လိုင်စင်ရှိနေပြီး ဘယ်သူက ဘာလုပ်နေတယ် ဆိုတာကို သိတဲ့သူ မရှိကြောင်းကျောက်မျက် ဥပဒေမှာ လိုင်စင်မဲ့ တူးဖော်ရင် ထောင် (၁၅) နှစ်အထိ ပြစ်ဒဏ်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်ကုမ္ပဏီကိုမှ ထောင်သွင်း အကျဉ်းချတယ်လို့ မကြားဖူးခဲ့ဘူးဆက်ပြောပါတယ်။

ဖားကန့်ဒေတွင် ကုမ္ပဏီများနယ်မြေများတွင် မကျူးကျော်ရ၊ မဝင်ရ၊ မဖြတ်ရ၊ ခွင့်မပြုပါ ဆိုသည့် ဆိုင်းဘုတ်တပ်ဆင်ထားသည်။ မှော်တနံတလျား အာဏာရှိသူ နှင့် ငွေရှိသူပေါင်းပြီး လွတ်လပ်စွာ လုပ်ကိုင်စားသောက်စရာ မြေတလက်မတောင် မကျန်အောင် လုပ်ကွက်တွေ သတ်မှတ်၊ ဆိုင်းဘုတ်တွေထောင်ထားကြခြင်းဖြစ် ပါတယ်။

ခွင့်ပြုချက်မရဘဲ ကျောက်မတူးရ၊ မရှာရ ပြင်းထန်စွာ အရေးယူမည် ဆိုသည့် ဆေးနီဆိုင်းဘုတ်တွေထောင် တပြိုင်နက်တည်း အစိုးရစစ်တပ်က သံတိုင်ပေါက်ပြားနှင့် တပိုင်တနိုင် ကျောက်တူးတဲ့ပြည်သူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ကြပါတော့တယ်” လို့ မောင်ကျောက်စိမ်း(ဆိပ်မူ)အမည်ဖြင့် ထို နေ့က ဖြန့်ဝေသော စာစောင်က ဆိုပါတယ်။

လွန်ခဲ့တဲ့ မတ်လ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဦးဆောင်၍ ကချင်ပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(MATA)နှင့် ဖားကန့်ဒေသရှိ လူထုခေါင်းဆောင်များ၊ ကိုယ် စားလှယ်များ စုစုပေါင်း(၃၀၀)ကျော်က လက်ရှိဖားကန့်ဒေသ ကျောက်စိမ်းသယံဇာတ တူးဖော်ထုတ်လုပ်မှုဆိုင်ရာမူဝါဒ အထောက်အကူပြုဆွေးနွေးပွဲအား မရှီ ကထောင် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ ဖားကန့်မြို့ ကချင်ပြည်နယ်တွင် ကျင်းပခဲ့ကြတယ်။

၂ရက်တာ ဆွေးနွေးပွဲတွင် ဥပဒေကိုချိုးဖောက်ကာ စည်းမဲ့ကမ်းမဲ့ ဆိုးရွားစွာ ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုကြောင့် ဌာနေတိုင်းရင်သားများနှင့် ဒေသတွင်း နေထိုင်သူများ နေ့တဓူ၀ ရင်ဆိုင်ကြုံတွေ့ခံစားနေတဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆွေးနွေးကာ တောင်းဆိုချက် (၆)ချက်ပါ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

တောင်းဆိုချက်များ

၁) နိုင်ငံရေးဆွေးနွေးပွဲတွင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အများပြည်သူ အကျိုးအတွက် အလေးပေးထည့်သွင်းဆွေးနွေးသွားကြရန်။

၂) ကောင်းမွန်သော (သို့မဟုတ်) ပြည်သူ့အကျိုးပြု သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးယန္တရားများ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံးထွက် ပေါ်လာအောင် ဆောင်ရွက်ပေးရန်နှင့် အဆိုပါ မူဝါဒများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးယန္တရားများ လုပ်ထုံးလုပ်နည်းများမထွက်သေးသရွေ့ ကျောက်စိမ်းတူးဖော်မှု စီမံကိန်း များအား (လုံးဝ) ရပ်ဆိုင်းထားရန်။

၃) ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများမှ ဥပဒေမဲ့စွာ စည်းမဲ့ကမ်းမဲ့မြေစာများ စွန့်ပစ်မှုကြောင့် မြေစာပုံပြိုကျပြီး ဖြစ်ပေါ်လာသော လူပေါင်းများစွာ အကြိမ်ကြိမ် သေဆုံးမှုများ၊ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများအတွက် ကျူးလွန်သည့် ကုမ္ပဏီများကို အမြန်ဆုံး ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူပေးရန်။

၄) အများပြည်သူသွားလာနေသော လမ်းပေါ်မြေစာသယ်သည့် စက်ယန္တရားများ ဖြတ်သန်းသွားလာခြင်း (လုံးဝ) မပြုရန်နှင့် ဖြတ်သန်းသွားလာပါက သက်ဆိုင်သည့် ကုမ္ပဏီကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖြေရှင်းရန်။

၅) ကုမ္ပဏီများမှ ဥပဒေချိုးဖောက်ပြီး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာတူးဖော်ထုတ်နေမှုကြောင့် ဒေသရှိ မြစ်ချောင်းများ၊ သဘာဝအရင်းအမြစ်များ၊ ရေလေမြေ သယံဇာတ များ ပျက်စီးဆုံးရှုံးခံနေရပြီး နှစ်စဉ်ဆိုးရွားစွာ ဆုံးရှုံးပျက်စီးခြင်းအပါအဝင် အခြားသော ရေခမ်းခြောက်မှု၊ သစ်တောပြုန်းတီးမှုများစသည့် သဘာဝဘေး အန္တရာယ် များလည်း ကြုံတွေ့ခံစားနေရသည့်အဖြစ်ကြောင့် သဘာဝပတ်ဝန်းကျင်အား နဂိုမူလအနေအထား ပြန်လည်ရရှိအောင် စီမံဆောင်ရွက်ပေးရန်နှင့် ထိုကဲ့သို့ ချိုးဖောက် နေမှုများအပေါ်တွင်လည်း ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖြေရှင်းပေးရန်။

၆) လွတ်လပ်သော ဘက်ပေါင်းစုံမှ ပညာရှင်များနှင့် ဒေသခံပြည်သူများပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး ဒေသခံပြည်သူများ၊ နိုင်ငံတော် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး၍ တရားမျှတမှုကို ဆောင်ကျဉ်းပေးရန်။

ကချင်မလေး

Related Articles