ရန်ကုန်၊ ၂၀၁၆ ခုနှစ် မေလ ၆ရက်။
“ဒီလိုပြည်တွင်းစစ်ဒဏ်တွေခံရလာတော့ အဖြစ်အပျက်တွေ ပြောပြချင်စိတ်ပေါ့၊ (story telling) လေးတွေလုပ်ဖို့ စိတ်ပြင်းပြလာတယ်၊ အဲဒါလည်း သတင်းထောက်အလုပ်လုပ်ဖြစ်ဖို့ မသိစိတ်ကနေ တွန်းအားပေးတာဖြစ်မယ်”
အေပီသတင်းဌာန (Associated Press) ပူလစ်ဇာ (Pulitzer) ဆုရရှိခဲ့ရာမှာ ပါဝင်ရေးသားခဲ့တဲ့ အမျိုး သမီး သတင်းထောက် ကချင်တိုင်းရင်းသူ အက်စ်သာထုဆန်က သူသတင်းထောက် ဖြစ်လာတဲ့ အ ကြောင်းရင်းကို ပြောပြခဲ့တာပါ။
ကမ္ဘာတဝှမ်းသတင်းသမားတွေ လေးစားတဲ့ ပူလစ်ဇာဆု ရရှိရာမှာ ပါဝင်ရေးသားခဲ့တဲ့ မြန်မာနိုင်ငံက ပထမဆုံး အမျိုးသမီး အက်စ်သာဟာ ကချင်ပြည်နယ်ရဲ့ နာမည်ကြီးကျောက်စိမ်းမြေ ဖားကန့်သူလေး ဖြစ်ပါတယ်။
“ကျွန်မတို့အိမ်က ဗျူဟာရုံး၊ ရဲစခန်းတွေနဲ့ နီးတယ်။ မြို့ထဲကျည်သံ၊ ဗုံးပေါက်သံတွေ အရမ်းကြားရ တယ်၊ ကျမတော့ အရမ်းစပ်စုချင်တယ်၊ အမေက ခွင့်မပြုဘူး၊ သူကိုယ်တိုင် စစ်ဒဏ်တွေခံခဲ့ရတယ်လေ၊ ကျောပိုးအိတ်ထဲ ဆန်၊ ခေါက်ဆွဲခြောက်နဲ့ ဖယောင်းတိုင်တွေ အဆင်သင့်ထည့်ပြီး ကျောပိုးအိတ်တလုံး၊ ဓါးရှည်တချောင်းနဲ့ အမြဲအိပ်ခဲ့ရတယ်”
အခုအခါ အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ အက်စ်သာကို ဦးဒွတ်လာနဲ့ ဒေါ်ခေါန်ရှန် ဆိုတဲ့ ကချင်ဇနီး မောင်နှံက မွေးဖွားခဲ့တာပါ။ သူဟာ ပဉ္စမမြောက်သမီးထွေးလည်း ဖြစ်ပါတယ်။ ဆယ်နှစ်အရွယ်က တည်းက မြစ်ကြီးနားမြို့တွင် နေထိုင်ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှာ အထက် တန်းအောင်လို့ မြစ်ကြီးနားတက္ကသိုလ်မှ သင်္ချာဘာသာအဓိကဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။
သူမက ကျောင်းပြီး၍ ရန်ကုန်တွင် အင်္ဂလိပ်စာ ဆက်လက်လေ့လာနေချိန်မှာ ကောင်းသန့်စာပေတွင် အင်္ဂလိပ် (English learning magazine) မဂ္ဂဇင်းတွင် ဒီဇိုင်းဆွဲ၊ အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့ ပါတယ်။
အရပ် ၅ ပေခန့်ရှိပြီး မျက်နှာသွယ်သွယ်၊ နှာတံကောင်းကောင်း၊ ကချင်သံဝဲ၀ဲလေးဖြင့် စကားပြော သွက်လှတဲ့ အက်စ်သာဟာ အေပီသတင်းဌာနကို သတင်းထောက်ဘဝနဲ့ စရောက်ခဲ့တာတော့ မဟုတ် ပါဘူး။
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲကာလမှာ နိုင်ငံတကာ သတင်းမီဒီယာများကို ပထမ ဦးဆုံး ဝင်ရောက်ခွင့်ပေးလိုက်ချိန်မှာ သတင်းလောကထဲကို ဘာသာပြန်တစ်ယောက်အဖြစ် စတင် ရောက်ရှိတာလို့ သူကပြောပါတယ်။
“အင်္ဂလိပ်စာလေ့လာနေချိန် နိုင်ငံရေးလောကနဲ့ ဆက်စပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိ တယ်၊ သူတို့လှုပ်ရှားမှုတွေမှာလည်း လိုက်ပြီးလေ့လာတယ်”
“ဒီလိုနဲ့ သူငယ်ချင်း သတင်းထောက်တွေနဲ့လည်း ခင်လာတယ်။ သူတို့အဆက်အသွယ်နဲ့ပဲ နိုင်ငံခြား သား သတင်းထောက်တွေ သတင်းဘာသာပြန်ပေးဖို့လူလိုတယ်ဆိုလို့ ဝင်လုပ်ခဲ့တယ်”
သတင်းထောက်တွေနဲ့ နိုင်ငံရေးသမားတွေကို ဘာသာပြန်ပေးတဲ့အလုပ်ကို တနှစ်ခန့်လုပ်ကိုင်ခဲ့ရာမှ နိုင်ငံခြားသတင်းထောက်များက သူ့ကိုညနေပိုင်းတွေမှာ သတင်းထောက်ပညာကို သင်ပေးခဲ့ကြပါ တယ်။
၂၀၁၃ ခုနှစ်မှာတော့ AP သတင်းဌာနရဲ့ အထက်ပိုင်းတာဝန်ရှိသူကိုယ်တိုင် သူ့ကိုသတင်းထောက် အဖြစ် လုပ်ကိုင်ရန် အားပေးပြီး အလုပ်ခန့်ခဲ့ကြောင်းပြောပြပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ ရေးရတဲ့ နိုင်ငံခြားသတင်းဌာနဖြစ်တာကြောင့် ဒါဟာ အက်စ်သာအတွက်တော့ စိမ် ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
“အစပိုင်းတော့ ဘာသာစကားပေါ့။ သတင်းရေးသားရင် အင်္ဂလိပ်လိုရေးရတော့အခက်အခဲဖြစ်တယ်”
အေပီသတင်းဌာနအတွက် ပူလစ်ဇာဆုရရှိခဲ့တဲ့သတင်းကတော့ အက်စ်သာ ပါဝင်ရေးသားခဲ့တဲ့ မြန်မာ နိုင်ငံက ငါးဖမ်းလုပ်သားတွေ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။
ဒီသတင်းကို သူမပါဝင်တဲ့ သတင်းထောက်အဖွဲ့ဟာ လနဲ့ချီပြီး စုံစမ်းရေးသားခဲ့တာပါ။ မြန်မာနိုင်ငံမှ ငါးဖမ်းလုပ်သားများ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေရာ အင်ဒိုနီးရှားနိုင်ငံရှိ AP (Associated Press) ရုံးသို့သွားရောက်စဉ် အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံက ရေလုပ်သား (ငါးဖမ်းအလုပ်သမား) များစွာ ရှိကြောင်းကြားသိရာမှ သူမဆက်လက်စုံစမ်းခဲ့ကာ ကျွန်ကျွန်း(slave-island) လို့ ခေါ်တဲ့ကျွန်းကို ရောက်ရှိပြီး အဲဒီမှာ ရေလုပ်သား(၂၀၀၀)ကျော် ကျွန်ပြုခံနေရတာကို တွေ့ရှိကာ သတင်းရေးသား တင်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီအေပီသတင်းကြောင့်ပဲ နောက်ဆုံးမှာ အဲဒီကျွန်ပြုခံနေရတဲ့ မြန်မာငါးဖမ်းသမားတွေကို သက်ဆိုင် ရာ အာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၈၀%ကျော် ပါဝင်ပြီး ကျန်၂၀%မှာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ရောင်းစားခံရသူများ နှင့် ပြန်ပေးဆွဲခံရသူများဖြစ်ကြပါတယ်။ နှစ်ပေါင်း၂၀ ကနေ ၁၀ နှစ်ကြာအထိ အလုပ်သမားခ တပြားမှမရပဲ ကျွန်ပြု ခံရသူများပါဝင်ပြီး အသက်(၁၂)နှစ်အရွယ်ရှိ ကလေးအလုပ်သမားတဦးပင် ပါဝင်ကြောင်းကို ပြောပြပါ တယ်။ ခြိမ်းခြောက်မှုတွေ၊ နှိပ်စက်မှုတွေခံရပြီး တချို့မှာ အသက်ပင်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ နိုင်ငံ(၃)နိုင်ငံနဲ့ ဆက်နွယ်နေတဲ့အတွက် သတင်းလိုက်ရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။
“ဖြစ်နေတဲ့နေရာက တနိုင်ငံ၊ ကိုယ်က တနိုင်ငံဆိုတော့ သတင်းနောက်ဆက်တွဲလိုက်ဖို့ ခက်ခဲတယ်၊ နိုင်ငံသုံးနိုင်ငံ ပါတ်သက်နေတော့ ဟိုအင်ဒိုနီးရှားနိုင်ငံကူးလိုက်၊ ဒီဘက်သတင်းက ထွက်လာပြန်တော့ ထိုင်းနိုင်ငံကို ပြန်ကူးလိုက်ဆိုတော့ သတင်းတခုနဲ့တခု ပြန်ချိတ်ဆက်ဖို့ တော်တော်ခက်ပါတယ်”။
ဒီအမှုတွင် အလုပ်သမားတွေကို ကယ်ထုတ်နိုင်ခဲ့ရုံမကပဲ ဒီလိုအလုပ်သမားတွေကို ကျွန်ပြုစေခိုင်းပြီး ထုတ်တဲ့ငါးတွေကို ဘယ်ကုမ္ပဏီက ထုတ်ပြီး ဘယ်ကို ပို့သလဲဆိုတာအထိ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အက်စ်သာကပြောပါတယ်။
“ ထိုင်းနိုင်ငံက ထိုင်းယူနီယမ် (Thai Union) လို့ခေါ်တဲ့ ပင်လယ်စာထုတ်တဲ့ ကုမ္ပဏီကထုတ်ပြီး အမေ ရိကန်နိုင်ငံမှာရှိတဲ့ ကုန်တိုက်ကြီးတွေကို တင်ပို့နေတာတွေကို ဖော်ထုတ်လိုက်တယ်”
“အမေရိကန်က ဒီလိုကျွန်တွေကို အသုံးပြုပြီးရလာတဲ့ ငါးတွေဖြစ်တဲ့အတွက် ထိုင်းနဲ့ အင်ဒိုနီးရှားကို ဖိအားတွေပေးလိုက်တော့ နောက်ဆုံးကျွန်ပြုခံနေရသူတွေကို အင်ဒိုနီးရှားရေတပ်က သွားကယ်ထုတ် ပြီး ပြန်ပို့နိုင်ခဲ့တယ်”
ပူလစ်ဇာဆုရရှိရာမှာ ပါဝင်ရေးသားခဲ့တဲ့ အက်စ်သာထုဆန်က မြန်မာနိုင်ငံမှာ အမျိုးသမီးသတင်း ထောက်တွေ ခွဲခြားဆက်ဆံခံနေရတာ ရှိတယ်လို့လည်း ပြောပါတယ်။
“ရခိုင်ဘက် သတင်းလိုက်တဲ့အချိန် သင်္ဘောစီးရင် အမျိုးသမီးတွေ အပေါ်မှာ မထိုင်ရဘူး၊ ယောက်ျား တွေထက်မြင့်တဲ့ နေရာမထိုင်ရဘူးဆိုတဲ့ အမျိုးသမီးတွေကို တဆင့်နိမ့်အမြင် ရှိကြတာတွေ၊ ပိုပြီးဝေးလံ ခေါင်တဲ့နေရာတွေဆို အမျိုးသမီးဖြစ်တဲ့အတွက် ဟိုမလုပ်ရဘူး၊ ဒီမလုပ်သင့်ဘူးဆိုတာတွေ ပိုကြုံတွေ့ ရတယ်”
သတင်းတိုက်တွေမှာလည်း ယောက်ျားမိန်းမ ခွဲခြားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ဥပမာ သတင်းတိုက်တခုမှာ အမျိုးသမီးတယောက်ကို ဓါတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ဖို့ အား မပေးဘူး၊ စွမ်းရည်မမြှင့်ပေးဘူး၊ ရုံးမှာထိုင်ပြီး စာစီစာရိုက်လောက်ပဲ အလုပ်ပေးချင်ကြတယ်”
“အမျိုးသမီးနဲ့ အမျိုးသားအကြား လစာမတူတာမျိုးတွေလည်းတွေ့ရတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတခုလို့မြင်တယ်”လို့ ပြောပါတယ်။
အမျိုးသမီးသတင်းထောက်တွေဟာ အမျိုးသားသတင်းထောက်တွေထက် အားသာချက်တွေ ရှိနေ တယ်လို့ အက်စ်သာက ပြောပါတယ်။
“ဥပမာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတဲ့ကိစ္စမှာ သတင်းရဖို့ဆိုရင် အမျိုးသား သတင်းထောက် တစ် ယောက်က အင်တာဗျူးဖို့ တော်တော်လေး မဖြစ်နိုင်ဘူး၊ အမျိုးသမီးသတင်းထောက်ဆိုရင်တော့ ကိုယ့် အစ်မ၊ ကိုယ့်အမေလို သဘောထားပြီး ပြောပြချင်ကြတယ်”
“နောက်တခုက အမျိုးသမီးသတင်းထောက်က ဒီသတင်းကို လိုက်ချင်တယ် ပြောလို့ရှိရင် အန္တရာယ်ရှိ တယ်။ ဟိုကိုသွား၊ ဒီမသွားနဲ့လို့ မပိတ်ပင်သင့်ဘူး၊ သူ့လုံခြုံရေး သူကာကွယ်နိုင်တယ်ဆိုရင် တိုက်က သူ့အတွက် လိုအပ်တဲ့အထောက်အကူပစ္စည်းတွေစီစဉ်ပေးသင့်တယ်” လို့ပြောပါတယ်။
သတင်းလောကမှာသာမက အမျိုးသမီးတွေဟာ တခြားကဏ္ဍတွေမှာလည်း အားသာချက်တွေ ရှိတယ် လို့ သူကပြောပါတယ်။
“ကျမတို့နိုင်ငံက အမျိုးသမီးတွေအားလုံးက အရမ်းတော်ကြပါတယ်၊ ဒီနိုင်ငံနာမည်ကြီးနေတာတွေက အမျိုးသမီးတွေကြောင့်ပါပဲ၊ ဘယ်လောက်ပဲ အမျိုးသမီးတွေ တဆင့်နိမ့်ပါတယ်လို့ ပြောနေပါစေ၊ နိုင်ငံ အနေနဲ့ နာမည်ရနေတဲ့ကဏ္ဍတွေ တခုချင်းစီ ကြည့်လိုက်မယ်ဆိုရင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ကြားကိုပဲ ကြည့်လိုက်ရင်ဖြစ်စေ၊ အမျိုးသမီးတွေကြောင့်ပဲ ဒီနိုင်ငံက ရှေ့ကို ရောက်နေတာပါ၊”
“သတင်းထောက်အမျိုးသမီးတွေလည်း အရမ်းတော်ကြပါတယ်၊ ဒါပေမယ့်နိုင်ငံရေးကဏ္ဍဘက် အား နည်းပြီး အင်တာတိန်းမန့်(ဖျော်ဖြေရေးအပိုင်း)တွေ များနေတယ်၊ ကျမတို့အမျိုးသမီးတွေအားလုံးက တကယ်တော်ကြပါတယ်။ ဒါကြောင့် ကဏ္ဍပေါင်းစုံ နားလည်အောင် လေ့လာပြီး လုပ်ဆောင်သွားကြရင် ပိုအားကောင်းလာမှာပါ” လို့ ပြောပါတယ်။
အက်စ်သာရဲ့ သတင်းသမားဘ၀ ဖြတ်သန်းမှုမှာ အာဏာပိုင်တွေရဲ့ ဘေးအန္တရာယ်တွေလည်း မကင်းခဲ့ ပါဘူး။ ရန်ကုန်တိုင်းရှိ ဆိတ်ကြီးခနောင်တို လယ်သမားတွေရဲ့ လယ်ဧက(၅၀၀)ကို ဖျက်ဆီးလိုက်တဲ့ သတင်းလိုက်တဲ့အချိန်မှာ သူမနေထိုင်ရာ အိမ်အထိလိုက်ပြီး တံခါးခေါက်၊ ဖမ်းဖို့လုပ်တာကို ခံခဲ့ရဖူး ကြောင်းကိုလည်း ပြောပြပါတယ်။
အက်စ်သာအနေနဲ့ကတော့ ဒုက္ခရောက်နေသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် သတင်းမျိုးတွေ ဆက်ရေးသွားချင်တယ်လို့ ပြောပါတယ်။ ကချင်ပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဓါးစားခံဖြစ်နေရ သူ စစ်ပြေးအမျိုးသမီးတွေအကြောင်းနဲ့ အခြားအမျိုးသမီးအရေးတွေကိုလည်း သူမအနေဖြင့် ဆက်ပြီး ဖော်ပြသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
“ကျမက လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကရေးသားတာ ဆိုတော့ ဒုတိယခြေလှမ်းအနေနဲ့ ကချင်ပြည်က ရောင်းစားခံရတဲ့ အမျိုးသမီးများအကြောင်းကို စုံစမ်း ရေးသားမယ်၊ စစ်ပွဲကြားက အမျိုးသမီးတွေအကြောင်းလည်း ရေးသွားဖို့ရှိတယ်” လို့ပြောပါတယ်။
ဒီလို နစ်နာဆုံးရှုံးနေရသူတွေအတွက် သတင်းရေးခဲ့လို့လည်း ပူလစ်ဇာဆုချီးမြှင့်ခံရတာမှာ ပါဝင်ခဲ့တာ ပါ။ အက်စ်သာကတော့ တကယ့်ဆုလာဒ်ဟာ “ပူလစ်ဇာ”မဟုတ်ဘူးလို့ ပြောပါတယ်။
“ဒီဆုရတာထက် သူတို့လေးတွေ မြန်မြန်ဆန်ဆန် ပြန်လာနိုင်တာက ကျွန်မအတွက် ဆုလာဒ်လို့ ခံယူပါတယ်”
ကချင်မလေး
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021