Home ဆောင်းပါး ဒေသခံများ ပူပန်နေရဆဲ မြစ်ဆုံရေကာတာ စီမံကိန်း

ဒေသခံများ ပူပန်နေရဆဲ မြစ်ဆုံရေကာတာ စီမံကိန်း

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းမှုအချိန်ကာလ ပြီးဆုံးသွားပြီဖြစ်လို့ တရုတ်နိုင်ငံဖက်က စီမံကိန်းပြန်ဆောက်ဖို့ ကြိုးပမ်းမှုတွေ လုပ်လာပါတယ်။ တချိန်ထဲမှာပဲ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ပြောနေကြတဲ့ “ စီမံကိန်းကြီး ရပ်တန့်လိုက်ရင် မြန်မာနိုင်ငံ အစိုးရ က ပြန်ပြီးလျော်ပေးရမယ်ဆိုပါလား” ဆိုပြီး လူထုကြားမှာ ဟိုးလေးတကျော်လည်း ဖြစ်ခဲ့ပါသေးတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်တက်လာချိန်မှာ တရုတ်နိုင်ငံမှ တာဝန်ရှိသူတွေကလည်း မြစ်ဆုံစီမံကိန်းကြီး ပြန်လည်စတင်နိုင်ရန် ကြိုးစားသွားမယ်လို့ သတင်း မီဒီယာတွေကနေ ပြောဆိုနေကြပြီး တချိန်ထဲမှာပဲ အစိုးရသစ်ကြီး သက်တမ်း(၁)လမပြည့်သေးမှီ ပထမဦးဆုံး အစိုးရသစ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီကိုယ်တိုင် လာရောက်တွေ့ဆုံ ဂုဏ်ပြုခဲ့တဲ့အပေါ် ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများက မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို များဆွေးနွေးကြမလဲလို့ အထူးစိတ်ဝင်တစားနားစွင့်ခဲ့ကြတယ်။

မြစ်ဆုံစီမံကိန်းကို ဗိုလ်ချုပ်ကြီးသိန်းစိန် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ စစ်အစိုးရ လက် ထက်မှာ တရုတ်နိုင်ငံနဲ့ သဘောတူညီခဲ့တာဖြစ်ပြီး ပြည်သူလူထုရဲ့ တောင်းဆိုမှုကြောင့် သမ္မတဦး သိန်းစိန် အစိုးရလက်ထက်မှာတော့ အစိုးရသက်တမ်းကုန်သည်အထိ ရပ်ဆိုင်းထားဖို့ သမ္မတက အမိန့် ထုတ်ပြန်ခဲ့တာပါ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့တက်လာပြီး လူထုက အမေလို့တင်စားခေါ်ကြတဲ့ သမ္မတ အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သော သဘောတူစာချုပ်ကို သူမအနေဖြင့် အသေးစိတ်သိရှိခြင်း မရှိသဖြင့် ဆွေးနွေးခြင်း မရှိပါလို့ RFA သတင်းဌာနရဲ့သတင်းစာမျက်နှာတွင် ဖြေကြားထားတာကို တွေ့ရပါ တယ်။

ဧရာဝတီဟာ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ကနေ စတင်ပြီး မြောက်ကနေတောင်ကို အလျားလိုက် စီးဆင်းနေတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း အညာမြေဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ သမိုင်းဝင်မြို့လည်းဖြစ်တဲ့ ပုဂံ(ညောင်ဦး)မြို့ကိုလည်း ဧရာဝတီမြစ်ကြီးက ဖြတ်သန်းစီးဆင်း လာပါတယ်။ ထိုဒေသရှိ ဒေသခံများက ဧရာဝတီမြစ်ကြောင်းကြီးကို အမှီပြုပြီး လုပ်ကိုင်စားသောက် ကြပါတယ်။

ညောင်ဦးမြို့မှ မိနစ် ၂၀ ခန့်ဆိုင်ကယ်ဖြင့် ပခုကူမြို့ဘက်သို့သွားရာလမ်းမှာ သူကောင်း တည်ဆိုတဲ့ ရွာငယ်လေးရှိတယ်။ အခုတော့ ပြည်ခိုင်ဖြိုးကျေးရွာဆိုပြီး ရွာအဝင်မှာ ဆိုင်းဘုတ်တည် ထားတယ်။ အများကတော့ သူကောင်းတည်လို့ပဲ သိကြပါတယ်။ ထိုရွာဟာ ဧရာဝတီမြစ်ကမ်းနဖူး တလျှောက်တည်ထားတယ်။ ရွာမြောက်ဖက်တွင် မြစ်ရှိပြီး အလွန်ကြီးလှသည့် ကျွန်းကြီးတည်ရှိတယ်။ လူဦးရေ(၂၀၀)ကျော်ခန့်၊ အိမ်ထောင်စု (၈၀) ခန့်နေထိုင်ကြတယ်။

“ပဲတစ်တင်းကို (၁၅၀၀၀) ရတယ်၊ တခါတခါ ပဲပေါ်ရင် တင်း(၅၀)လောက်ရတယ်။ ဒါနဲ့ပဲ လုပ်ကိုင်စားသောက်ကြတာ၊ ဒီတင်ပဲနေ၊ ဒီတင်ပဲ လုပ်ကိုင်စားသောက်ကြတာ” လို့ ဖခင်နှင့်အတူ တောင်သူလုပ်ငန်း လုပ်ကိုင်စားသောက်နေတဲ့ မမက ပြောပါတယ်။

ထိုကျွန်းတွင် တနှစ်လျှင် တချို့က နှစ်သီးစိုက်ပျိုး စားသောက်ကြတယ်။ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ၊ ဒီကျွန်းမှာ လုပ်ကိုင်စားသောက်လာတဲ့ ဒေါ်ဝင်းဆွေက “ပဲမာနဲ့ ငရုပ်တွေ စိုက်တယ်၊ ရေဝင် မှ လုပ်ကိုင်စားသောက်ရတာ၊ အမှန်အတိုင်းပြောရရင် အဲဒီရေချောင်းက ကျွန်မတို့ အသက်ပါပဲ”

“အစိုးရပြောင်းလဲခါနီးမှာလည်း ကိုယ်တွေက ပြောပိုင်ခွင့်ရှိတဲ့သူတွေကို ရေကာတာ မဆောက်ဖို့ လှမ်းလှမ်းပြောတာပေါ့။ ဟို…အရင်နှစ်ကဆို ဧရာဝတီလမ်းလျှောက်အဖွဲ့တွေကို ကြိုကြ တယ်၊ ပံ့ပိုးပေးတယ်၊ ဘုန်းကြီးတွေဆီက တဆင့်လည်း မဆောက်ဖို့ ပြောကြတယ်”  လို့ပြောပါတယ်။

“ရေကာတာသာ ဆောက်လိုက်ရင် ဒီအောက်ပိုင်းက ဘာမှလုပ်ကိုင်ဖြစ်မှာ မဟုတ်တော့ဘူး” လို့ တောင်သူဖြစ်သူ မမက ပြောပါတယ်။

မြစ်ရေကို သောက်သုံးရေအဖြစ် အသုံးပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ တံငါလုပ်ငန်းများ လုပ်ကိုင်စားသောက်ကြတယ်။ သယ်ယူပို့ဆောင်ရေးလို့ ဆိုရာတွင် ကုန်များအပါအဝင် Tourism (ခရီးသွားလုပ်ငန်း) များအဖြစ် ပုဂံမြို့ဟောင်းမှ ဘုရားများကို ဧရာဝတီမြစ်ကြောင်းတလျှောက် အပျော်စီးသင်္ဘောစီးခြင်းဖြင့် လုပ်ကိုင်ကြသေးတယ်။

မြစ်အောက်ပိုင်းမှာသာမက မြစ်စတင်စီးဆင်းရာ ကချင်ပြည်နယ်မှာလည်း ရေကာတာစီမံကိန်း ကို ဆန့်ကျင်မှုတွေက ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

မတ်လ(၁၄)ရက်နေ့မြစ်ဆုံကမ်းနားမှာ လူပေါင်း(၅၀၀)ခန့််စုဝေးကာ ဒေသခံများ၊ ကချင်ပြည် နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ စုပေါင်းကာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် (ဧရာ ဝတီမြစ်ကြီး ထာဝစဉ်အတားအဆီးမရှိ လွတ်လပ်စွာ စီးဆင်းရန်) ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပခဲ့တယ်။

ထိုပွဲကို တက်ရောက်လာတဲ့ အသက်(၇၀)အရွယ် အဖွား၏မြစ်ဆုံစီမံကိန်းအပေါ် သူမသဘော ထားကို အခုလို “အဖွားကတော့ ဒီရွာမှာနေတာ အဖွားတသက်ပဲ၊ ဘယ်မှလည်း မပြောင်းချင်ဘူး၊ ရေကာတာကို မလိုချင်ဘူးဆိုတာ ပြချင်တယ်၊ ပြောချင်တယ်၊ ဒါကြောင့် အဖွားက ဒီဆုတောင်းပွဲကို ကြိုးစားပြီးလာတာ” ပြောပါတယ်။

ထိုနေ့တွင် တက်ရောက်လာသူများအားလုံးသည် မြစ်ထဲဆင်း၍ ဝါးခွက်ဖြင့် အတူတကွ ရေကို ခပ်သောက်ရင်း နှင်းဆီပန်းများကို ရေထဲသို့မျှောကာ ဆုတောင်းဆန္ဒပြခဲ့ကြတယ်။

မီဒီယာများတွင် တရုတ်နိုင်ငံဘက်မှ မြစ်ဆုံရေကာတာစီမံကိန်းကြီး ပြန်လည်စတင်နိုင်ဖို့ ကြိုးစားရာတွင် ယခုအခါ ဒေသခံတွေလည်း မကန့်ကွက်တော့လို့ ပြန်လည်စတင်နိုင်ရန် ကြိုးစားမယ် ဆိုပြီး ပြောနေပါတယ်။ ဒီလိုပြောတဲ့အပေါ် (MungchyingRawtJat) အဖွဲ့က ဒေသခံ ဒေါ်ဂျာခေါ်က “သတင်းထဲမှာ ဒေသခံတွေက ကန့်ကွက်မှုမရှိပါဘူးတဲ့၊ ကျွန်မတို့ အစဉ်အမြဲကန့်ကွက်နေတာ ဘယ်ရောက်သွားလဲမသိဘူး၊ တော်တော်လေးဝမ်းနည်းမိတယ်”လို့  နိုင်ငံတကာ မြစ်ချောင်းများနေ့ မတ်လ (၁၄) ရက်တွင် ပြောခဲ့ပါတယ်။

မြစ်ဆုံရေကာတာ လုပ်ဆောင်ခြင်းကို အလိုမရှိကြောင်း၊ မြစ်ဆုံဒေသခံများနှင့် ကချင်ပြည် နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် မြစ်အောက်ပိုင်းနေ လူထုများမှ သက်ဆိုင်ရာအာဏာပိုင်များနှင့် တရုတ်အစိုးရ၊ ကုမဏီများသို့ အိတ်ဖွင့်ပေးစာပို့ခြင်း၊ ထုတ်ပြန်ကြေငြာချက်ထုတ်ပြန်ခြင်း၊ အစီရင်ခံစာထုတ်ခြင်း၊ မြစ်ဆုံဒေသခံများ လူထုသဘောထားဆန္ဒခံယူပွဲ (ရလာဒ် ၉၉% ဒေသခံများ စီမံကိန်းကို အလိုမရှိ)၊ ဆန္ဒထုတ် ဖော်ခြင်းများဖြင့် စီမံကိန်းကို ကန့်ကွက်ခဲ့သည့်အပေါ် အသိအမှတ်ပြုလေးစားရန် ထုတ်ပြန်ကြေညာ ချက်တွင် တောင်းဆိုထားကြတယ်။

ဆက်ပြီး သူမက “ကျွန်မတို့သားသမီးတွေရဲ့ သမိုင်းလှပဖို့ အခုကတည်းက ဧရာဝတီမြစ်နှင့် သူ့မြစ်ချောင်းတွေကို ဝိုင်းဝန်းကာကွယ်ကြပါစို့” လို့ တက်ရောက်လာသူများ အားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဆရာ ဦးဝေမျိုးသူ (စီမံအုပ်ချုပ်မှုဒါရိုက်တာ အီကိုဒပ်(ဗ)ECODEV)က သူ၏ လူမှုကွန်ယက် စာမျက် နှာတွင် “ထောင်ချောက်များဖြင့်မြစ်ဆုံ”ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးသားထားပါတယ်။ ထိုဆောင်းပါးမှ ဆည်ကြောင့်ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ထပ်ဆင့်ကူးယူ ဖော်ပြ လိုက်ပါတယ်။

(က) ငလျင်ဖြစ်ပွားနိုင်မှု များပြားလာခြင်း၊ (ခ) မိုးများကာလများမှာ ပြီးခဲ့တဲ့မိုးတွင်းက ကြုံတွေ့ရသလို ရေကြီး၊ ရေလျှံမှု ပိုမို ဆထက်တပိုး ဖြစ်ပွားစေခြင်း၊ (ဂ) ပုံမှန်နှစ်များမှာ မိုးတွင်းကာလ ရေစီးရေလာ ယခင်ကထက် နည်းသွားသောကြောင့် မြစ်အောက်ပိုင်း မြစ်ချောင်း၊ အင်းအိုင်၊ မြေပေါ်မြေအောက် ရေအရင်းအမြစ်များ ဆုံးရှုံးရခြင်း၊ ရေရှားပါးမှု ဖြစ်ပွားစေခြင်း၊ (ဃ) ရေလမ်းကြောင်း ပြောင်းလို့ ကမ်းပါးပြို ရေတိုက်စားမှု ဆိုးဝါးစေခြင်း၊ (င) ရေမှော်အမှိုက်သရိုက်များကြောင့် ရေညစ်ညမ်းစေခြင်း၊ ကူးစက်ရောဂါများပြန့်ပွားစေခြင်း၊ (စ) ကမ္ဘာကြီးပိုမိုပူနွေးစေသော ဖန်လုံအာနိသင်ဓာတ်ငွေ့များ ပိုမို ထွက်ရှိနိုင်စေခြင်း၊ (ဆ) မြစ်အောက်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ နှုံးပို့ချမှုနည်းပါးသွားခြင်း (သို့မ ဟုတ်) ပို့ချမှုပုံစံ ပြောင်းသွားခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခြင်း၊ ရေကြောင်း သယ်ယူ ပို့ဆောင်ရေး ထိခိုက်ခြင်း (ဇ) နွေရာသီ ရေပိုလွှတ်၍ ပင်လယ်မှ ဆားငံရည် ဝင်ရောက်မှုကို ဟန့်တား မည်ဆိုသော်လည်း မိုးခေါင်လို့ရေနည်းသွားသည့်နှစ်များ (သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့် လျပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ငဲ့ကွက်၍ တွက်ချက်သည့်အတိုင်း ရေမလွှတ်ပါက အခြားနိုင်ငံ တကာ ဆည်ကြီးများတွင် တွေ့နေရသည့်အတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ရေငံဝင်ရောက်မှု ဆိုးဝါးလာ ခြင်း၊ (ဈ) မြန်မာပြည်မြောက်ပိုင်း ကျန်ရှိနေသော သစ်တောများ၊ ပတ်ဝန်းကျင်ဂေဟစနစ်များ၊ ဇီဝ အသိုက်အမြုံများ၊ ဇီဝစြင်္ကများ အစိတ်စိတ် အပိုင်းပိုင်း ဦးခေါင်းဓားနှင့်မွှန်းသလို ပြတ်တောက်ဖျက် ဆီးခံရခြင်း (ည) မေခ၊ မလိခ ရေပူနှင့် ရေအေး ဆုံတွေ့ရာမှတဆင့် ဖြစ်ပေါ်လာသော ရေချိုနေ သဘာဝပေါက်ပင်များနှင့် ရေနေသတ္တဝါများ၏ ထူးခြားသော ဂေဟစနစ်များ ပျောက်ဆုံးသွားပြီး ရေချို ငါးလုပ်ငန်းတခုလုံး ထိခိုက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ အဟာရကြွယ်ဝမှုကို လျော့ပါးစေခြင်း၊ မြို့ပြနေပြည်သူများ၏ သားငါးကုန်ဈေးနှုန်းကို ကမောက်ကမ ဖြစ်စေခြင်း အစရှိသည့် ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နိုင်မှုများကို သေချာစွာ ဆန်းစစ်လေ့လာရမှာဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ(၂)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနား ခရီးစဉ်တွင် မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ ပြန်လည်သုံးသပ်ပြီး ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူ တာဝန်ခံမှု အပြည့်အဝနှင့် နှစ်နိုင်ငံရေရှည်အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားပြီး ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကာလ ကချင်ပြည်နယ်က မဲဆန္ဒရှင် ပြည်သူတွေကို ပြောသွားခဲ့ပါတယ်။

ရေကာတာ မဆောက်လုပ်မီ အခုအချိန်မှာပဲ ရာသီဥတုပူပြင်းခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကြောင့် ဧရာဝတီမြစ်ကြောင်းမှာ သဲသောင်များထွန်းပြီး ရေခမ်းခြောက်မှုနဲ့ ရင်ဆိုင်နေ ရပြီ ဖြစ်ပါတယ်။

သဘာဝဘေးကြောင့်တကြောင်း ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ဆိုးကျိုးအပြင် လူတွေလုပ်ပြီး ဖြစ်ပေါ်လာမဲ့ ဘေးအန္တရာယ်တွေကို မလိုလားဘူးလို့ မြစ်ကိုအားထားပြီး စိုက်ပျိုးလုပ်ကိုင်စား သောက်သူ ညောင်ဦးဒေသက တောင်သူအဒေါ်ကြီးဒေါ်ကျောက်က ပြောပါတယ်။

“ရေတွေတက်လို့ သေကြရတာ မတတ်နိုင်ဘူး၊ လူတွေလုပ်ပြီးဖြစ်လာမယ့် အန္တရာယ်တွေ မလိုချင်ဘူး၊ ပိုပိုဆိုးသွားမယ်”

ကချင်မလေး

Related Articles