သွေး(စစ်ကိုင်း)
“အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး” ဆိုတဲ့စကားအတိုင်း အိမ်ထောင်တစ်ခုတည်ထောင်တာဟာ အရှည်သဖြင့် ခိုင်မြဲဖို့ လိုပါတယ်။ အိမ်ထောင်ပြုတာဟာ မိသားစုဘဝတစ်ခုကို အစပြုတာဖြစ်သလို ကာယကံရှင် ဇနီးမောင်နှံသာမက နှစ်ဖက်မိဘ၊ ဆွေမျိုးတွေနဲ့ပါ ဆက်ဆံပတ်သက်ရတာပါ။ ဒါကြောင့်အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု ရှိမှသာ အိမ်ထောင်ရေးခိုင်မြဲမှာဖြစ်ပါတယ်။
ကျွန်မကို နောင်တတွေနဲ့အတူ ရင်ဖွင့်စကားပြောလာတဲ့ မသွယ်သွယ်ဝင်း (နာမည်လွှဲ)ရဲ့ ပါးပြင်မှာ မျက်ရည်တွေစီးကျနေပါတယ်။ သူမရဲ့ ခင်ပွန်း ကိုဇော်ဇော် (နာမည်လွှဲ)တို့ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက
အိမ်ထောင်ကျခဲ့ကြတာပါ။ မိဘတွေပေးစားလို့ မဟုတ်ပဲ သူတို့နှစ်ယောက် တကယ်ချစ်ကြိုက်ပြီးမှ လက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့ (၃)နှစ်အရွယ် သမီးလေးတစ်ယောက်လည်း ရှိပါတယ်။
ကိုဇော်ဇော်က ရုပ်ချောတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ခြားမိန်းကလေးတွေနဲ့ ပတ်သက်တဲ့ဇာတ်လမ်းလေးတွေ ဖြစ်လာပါတယ်။ သည်းမခံနိုင်တဲ့အဆုံးမှာ မသွယ်သွယ်ဝင်းကိုယ်တိုင် တစ်လင်တစ်မယားစနစ် ဥပဒေနဲ့ ခင်ပွန်းသည်ကို အမှုဖွင့်ခဲ့တာပါ။ မိန်းကလေးတစ်ယောက်နဲ့ တည်းခိုခန်းမှာ ချိန်းတွေ့တာကို ကြားသိရပြီးတဲ့နောက် စဉ်းစားဆင်ခြင်မှုကို ဒေါသက ဖုံးလွှမ်းသွားခဲ့ပါတယ်။
“အခုတော့အစ်မရယ် . . . သမီးလေးက ဖေဖေဘယ်မှာလဲမေးရင် ဖြေစရာစကားမရှိသလိုဖြစ်နေတယ်။ ပတ်ဝန်းကျင်ကလည်း ကိုဇော်ဇော်ကို ပြောကြတာ ရစရာမရှိဘူး.. ယောက္ခမတွေကဆို စကားတောင်မပြောကြဘူး . . ကိုယ့်အပြစ်နဲ့ ကိုယ် ခံနေရ တာ…ဝင်ငွေလည်း ဟုတ်တိပတ်တိမရှိတော့ သမီးလေးနောင်ရေးအတွက်ပါ စိတ်ပူနေရတာပေါ့” တဲ့။ တို့ရဲ့ ပျော်စရာနေ့ရက်တွေ ကုန်သွားပြီ၊ ကိုယ်ကျင့်တရားနဲ့ ထိန်းမတ်ရမယ့်ကိစ္စကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဥပဒေနဲ့ တိုင်ကြားခဲ့တာဟာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေတာကို မသွယ်သွယ်ဝင်းအဖြစ်က သက်သေပြနေပါတယ်။
ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးစောင့် ဥပဒေ (၄)ခုမှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေလည်း ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့က အတည်ပြုပြဌါန်းအပြီးမှာ ဒီကနေ့အထိ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာကိုပဲ အမှုပေါင်း (၃၀) ကျော်အထိ ရှိနေပါပြီး။ အဲဒီအထဲမှာ အမျိုးသမီး (ဇနီးမယား)ကို အမျိုးသား (လင်ယောင်္ကျား)ဘက်က အမှုဖွင့်ထားတာ ခြောက်မှုရှိပါတယ်။
စဉ်းစားစရာကောင်းတာက ဒီဥပဒေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တကယ်ကာကွယ်ပေးသလား ဆိုတာပါ။ အာမခံပေးလို့မရဘဲ ဖမ်းဆီးချုပ်နှောင်ထားပြီး ထောင်ဒဏ် (၇) နှစ် အထိ ချမှတ်နိုင်တာမို့ အကျိုးထက်အပြစ်ပိုများနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ဝေဖန်နေကြတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရတဲ့ NLD ပါတီ မသန္တာက သူမအမြင်ကို အခုလိုပြောပါတယ်။
“မြန်မာမိန်းကလေးအများစုက တစ်လင်တစ်မယားစနစ်ကို နှစ်သက်ကြတယ်။ ပဒေသရာဇ်ခေတ်မှာ ဘုရင်တွေက အိမ်ထောင်ဆက်တွေများ၊ သား၊သမီးတွေများပြီး နန်းလုခဲ့ကြတဲ့ အဖြစ်တွေရှိပါတယ်။ အဲဒီတော့ အပေါ်ယံအနေနဲ့ ကြည့်ရင်တော့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဥပဒေက သိပ်သဘောကျစရာကောင်းတယ်။ ဒါပေမဲ့ ဥပဒေ တစ်ရပ်ဆိုတာ ဖြစ်လာမှ အရေးယူတာထက် မဖြစ်လာအောင် ကာကွယ်ပေးဖို့ လိုမယ်လို့ ကျွန်မမြင်တယ်။”
ဘယ်သူမဆို မိသားစု စည်းစည်းလုံးလုံးနဲ့ နေနိုင်ဖို့၊ မိသားစုမပြိုကွဲဖို့၊ မိတစ်ကွဲ ဖတစ်ကွဲ မဖြစ်ဖို့လိုတယ်လေ။ တကယ်လို့ Broken Family ဖြစ်သွားရင် စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်နိုင်တယ်။ အခုပြဌာန်းလိုက်တဲ့ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်း ဥပဒေက မထိရောက်ဘူး။
“မိသားစုတစ်ကွဲတပြားဖြစ်ရတာက အကြောင်းရင်းတွေ အများကြီးရှိတယ်။ နိုင်ငံရေးကြောင့် မိဘက ထောင်ကျပြီး တကွဲတပြားဖြစ်ရတောတွေ ရှိတယ်။ ကျွန်မဆိုရင် နိုင်ငံရေးလုပ်လို့ ထောင်ကျပြီး ယောင်္ကျားက ပြည်ပြေး ဖြစ်ရ တယ်။ နောက်ပြီး ပြည်တွင်းစစ်ကြောင့် ပြေးရင်းလွှားရင်း မိသားစုတစ်ကွဲတပြား ဖြစ်ရတာရှိတယ်။ စီးပွါးရေးကျပ်တည်းလို့ ဖခင်လုပ်တဲ့သူက အရက်သေစာသောက်သုံးလို့ ၂ လုံး ၃ လုံးလောင်းကစားလုပ်လို့ အိမ်ထောင်ပြိုကွဲရတာတွေရှိတယ်။ အိမ်ထောင်ရေးအဆင်ပြေဖို့က ကိုယ်ကျင့်တရားနဲ့ ထိန်းမတ်မှပဲ ဖြစ်မှာကိုး။ ဒီတော့ ဒီဥပဒေက ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်လို့ ကျွန်မ မြင်ပါတယ်” လို့ပြောချင်ပါတယ်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ အခန်း (၅) ပြစ်ဒဏ်များမှာ ဖော်ပြထားတာက “မည်သူမဆို ပုဒ်မ ၁၀ (သို့မဟုတ်) ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၇)နှစ် ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ဆိုပါတယ်။ ပုဒ်မ (၁၀)မှာ ဖော်ပြထားတာက “ဥပဒေတရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ၊ လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင် ထိမ်းမြားပြီးသည့် ယောင်္ကျား သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်း ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ”လို့ ဆိုထားပါတယ်။
ဒီနေရာမှာ မေးခွန်းထုတ်စရာရှိတာက ပုဒ်မ (၁၀)မှာ ဖော်ပြထားတဲ့ “လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောင်္ကျား သို့မဟုတ် မိန်းမသည်” ဆိုတဲ့ အသုံးအနှုန်းပဲဖြစ်ပါတယ်။ တစ်ဦးထက်ပို၍ တရားဝင် ထိမ်းမြားပြီးသည့် ဆိုကတည်း ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာကို ရည်ညွန်းတာကို ပြနေတယ်လို့ ယူဆရမှာပါ။ တစ်ခြား ဘာသာဝင်တွေနဲ့ ဗမာ ဗုဒ္ဓဘာသာ မိန်းကလေးတွေ လက်မထပ်နိုင်အောင် (ဒါမှမဟုတ်) သူတို့ရဲ့ အငယ်အနှောင်းမဖြစ်အောင် ရည်ရွယ်တယ်ဆိုတဲ့ သဘောဖြစ်နေတယ်။
လက်တွေ့ အခြေအနေမှာတော့ ခုတ်ရာတစ်ခြား၊ ရှရာတလွဲဖြစ်နေတယ်လို့ပဲ သုံးသပ်ရမှာပဲ။ ဒီ ဥပဒေနဲ့ အမှုဖွင့် အရေးယူခံနေရတဲ့ အမျိုးသား၊ အမျိုးသမီး တော်တော်များများဟာ ဗုဒ္ဓဘာသာတွေ ဖြစ်နေတာတွေ့ရပါတယ်။ ဥပဒေတစ်ခုကို မပြဌာန်းခင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုး၊အပြစ်အားလုံးကို ချိန်ဆပြီးမှ လူများစုအတွက် အကျိုးရှိနိုင်တဲ့ဥပဒေကို ပြဌာန်းရမှာပါ။ လင်ယောင်္ကျားရဲ့ နှိပ်စက်မှုဒဏ်ကိုလည်းခံနေရ၊ တရားဝင်လည်း ကွာရှင်းမပေးသေးဘဲ ဒုက္ခခံနေရတဲ့ အမျိုးသမီးတွေဟာ သူတို့အပေါ် ကြင်နာနားလည်တဲ့ အခြားအမျိုးသားတွေနဲ့ လက်ထပ်ဖို့ စိတ်ကူးရင် အပြစ်ဒဏ်ခံထိုက်၊ မခံထိုက်စဉ်းစားသင့်ပါတယ်။
လူမှုရေး၊ စီးပွါးရေး အစစအရာရာ ပြေလည်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်သူတိုင်းဟာ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားကြမှာ မဟုတ်ပါဘူး။ ဗမာမိန်းကလေးတွေသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်းမှာရှိကြတဲ့ တိုင်းရင်းသား မိန်းကလေးအားလုံးရဲ့ ဘဝကို မြင့်သထက် မြင့်အောင် မြှင့်တင်ပေးနိုင်ရင် တန်းတူညီမျှမှု တစ်ခုကို ဖော်ဆောင်နိုင်မှာပါ။ တစ်ယောက်ယောက် က ဖောက်ပြန်တယ်ဆိုပြီး အချုပ်တဲ့ ဆွဲထည့်ရင် မိအားစုဘဝပြိုကွဲရ၊ ပတ်ဝန်းကျင်မှာ အရှက်ရပြီး ကလေးတွေမှာပါ စိတ်ဒဏ်ရာရနိုင်တာကို မသွယ်သွယ်ဝင်းခံစားနေရတာက သက်သေထူသလိုပါပဲ။
တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေအတွက် ကောင်းမွန်ပြည့်စုံတဲ့ ဘဝကိုဖန်တီးခွင့်အတွက် အခြေအနေကောင်းတွေရှိနေရင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဥပဒေကို ထုတ်ပြန်ပြဌာန်းဖို့ မလိုဘူးလို့ ထင်မြင်မိပါတယ်။ ဒါ့အပြင် အိမ်ထောင်တစ်ခု တည်မြဲရေးအတွက် ကိုယ်ကျင့်တရားနဲ့ ထိန်းသိမ်းနိုင်ဖို့ကသာ အဓိကကျတာမို့ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဟာ ကျောင်းကျိုးထက် ဆိုးကျိုးသာ များနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021