Home သတင်း အိမ်အကူသေဆုံးမှု တွံတေးအချုပ်ခန်းထဲမှာ ဘာတွေဆက်ဖြစ်နေသလဲ

အိမ်အကူသေဆုံးမှု တွံတေးအချုပ်ခန်းထဲမှာ ဘာတွေဆက်ဖြစ်နေသလဲ

Photo Credit: Zarni Tike လူမှုကွန်ယက် စာမျက်နှာ

ခက်ဆစ်။             ။

လှည်းကူးမြို့နယ် အရာရှိရိပ်သာက အိမ်အကူသေဆုံးသွားတဲ့အမှုအတွက် အိမ်ရှင်အမျိုးသမီးကို စစ်ဆေးမေး မြန်းရာမှာ မူးမေ့ချင်ယောင်ဆောင်နေလို့ စစ်ချက်ရယူဖို့ခက်ခဲနေပြီး ညှင်းပန်းနှိပ်စက်ရာမှာ တပ်မတော် အရာ ရှိရဲ့အမေလည်း ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၁၀၇၄) သံချပ်ကာတပ် အရာရှိရိပ်သာမှာ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတဦး နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့တဲ့အတွက် အိမ်ရှင်အမျိုး သမီးကို တွံတေးမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ စတင်ပြုလုပ်နေတာပါ။

ဒါပေမယ့် စွတ်စွဲခံထားရတဲ့ အိမ်ရှင်အမျိုးသမီးဟာ တွံတေးအချုပ်ခန်းမှာ စစ်ဆေးမေးမြန်းချိန်တိုင်း  မကြာခဏ မူးမေ့လဲကျနေတာဖြစ်လို့ စစ်ချက်ယူလို့မရသေးတဲ့အပြင် ဆေးစာနဲ့ အာမခံရယူဖို့ကြိုးစားနေတယ်လို့လည်း ကြားသိရပါတယ်။

“တွံတေးဆေးရုံမှာ ဆေးရုံတက်ခွင့်တောင်းပေမယ့် ဘာရောဂါမှမရှိတဲ့အတွက် ဆရာဝန်က လက်မခံခဲ့ဘူး။ ပြီး တော့ တရားရုံးမှာ တရားခံမပါပဲ ရမန်ယူဖို့ကြိုးစားနေတာကိုလည်း  မြို့နယ်တရားသူကြီးက လက်မခံခဲ့ဘူး” လို့ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

အိမ်နီးနားချင်းတွေ ပြောပြချက်အရကတော့ အိမ်အကူကို နှိပ်စက်ရာမှာ အိမ်ရှင်အမျိုးသမီးရဲ့ယောက္ခမဖြစ်သူ လည်း ပါဝင်နေသလို တပ်ကြပ်နှစ်ဦးရဲ့ ဇနီးနှစ်ယောက်လည်း ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။ နှိပ်စက်ညှင်းပန်းရာမှာ ပါဝင်နေတယ်လို့ ပြောဆိုနေတဲ့ တပ်မတော်အရာရှိရဲ့အမေဖြစ်သူကိုတော့ အရာရှိက ပြင်ဦးလွင်ကို ပို့ဆောင်ထားပါတယ်။

တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနေ မခင်စန္ဒာဦး(ခ) မကရင်မဟာ လွန်ခဲ့တဲ့ (၆) လ ခန့်ကစပြီး အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့တာပါ။ သေဆုံးသူ မကရင်မမှာ  အသက် (၁၅)နှစ်မှ (၁၀)နှစ် အရွယ် သားသမီး(၄)ဦးရှိပြီး ခင်ပွန်းဖြစ်သူကတော့ ကွယ်လွန်သွားတာ (၄)နှစ်လောက်ရှိခဲ့ပါပြီ။

မေလ(၁၉)ရက်မှာတော့ တပ်မတော်အရာရှိရဲ့ဇနီး၊ ဥပဒေအရာရှိဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မကို ရေဖျဉ်းစွဲ နေတယ်လို့ပြောပြီး  နေအိမ်ကို ပြန်ပို့ခဲ့တာပါ။ အိမ်ပြန်ရောက်လာပြီး နာရီပိုင်းအတွင်းမှာပဲ မကရင်မဟာ အူ ပေါက်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပြန်မပို့ခင် ရက်အနည်းငယ်က ဒေါ်သိင်္ဂီစုဟာ မကရင်မကို ဆွဲကြိုးခိုးတယ်လို့ စွပ်စွဲပြောဆိုကာ ခြေထောက်နဲ့ ကန်ခြင်း၊ ကျောက်ပြင်နဲ့ထုခြင်းတို့ကို ပြုလုပ်ခဲ့တဲ့အတွက် မကရင်မ (ခ) မခင်စန္ဒာဦးရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ရင် ဘတ်တို့မှာ  ဒဏ်ရာများစွာ ရရှိခဲ့ပြီးမှ ဗိုလ်မှူးနဲ့ သူ့ဇနီးတို့ဟာ မကရင်မကို ရွာသို့ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ် ပါတယ်။

အိမ်ပြန်ရောက်တော့ အိမ်အကူ မကရင်မဟာ သူမကို အိမ်ရှင်အမျိုးသမီးက ကျောက်ပျဉ်နဲ့ထုတာ၊ ထမင်း မကျွေးတာတွေကို ပြောပြပြီး အိမ်သာသွားမယ်လို့ဆိုကာ အိမ်သာကိုသွားတဲ့အချိန်မှာပဲ အစိမ်းရောင် အရည် နဲ့အဖတ်တွေ အန်ပြီး ခဏအကြာမှာ သေဆုံးသွားခဲ့တာပါ။

ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်းပိုင်း ချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်း ကားနေပြီး ဝမ်းဗိုက်ညိုမည်းစွဲဒဏ်ရာနှင့် အူ(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိခဲ့ပြီး ဒီဒဏ်ရာတွေ ဟာ လွန်ခဲ့တဲ့ ငါးရက်ခန့်က ရရှိခဲ့တဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ ဆေးစာမှာဖော်ပြထားပါတယ်။

အရာရှိရဲ့ဇနီးကိုတော့ အင်းတိုင်တပ်ကို ပြန်သွားတဲ့ ထန်းတပင်မြို့ဝင်ကြေးကောက်တဲ့ ဂိတ်မှာဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ (၃၀၂)  လူသတ်မှုနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးဟာ တပ် မတော်အရာရှိတဦးရဲ့ဇနီးဖြစ်သလို ပဲခူးမှာ တာဝန်ကျနေတဲ့ ဥပဒေအရာရှိတဦးလည်း ဖြစ်ပါတယ်။

အမှုအတွက် သက်သေကတော့ မကရင်မ မသေဆုံးမီ ပြောခဲ့တဲ့ စကားတစ်ခွန်းသာရှိပါတယ်။ အဲဒါကတော့ “အဲ့ကောင်မငါ့ကိုလုပ်တာ”  လို့သူမ မသေဆုံးမီမှာ ပြောသွားခဲ့တာပါ။ ဒါကြောင့် ရာအိမ်မှူးဦးအေးသောင်းက တရားလိုပြုကာ ဒီအမှုကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မြို့နယ်တရားသူကြီးနဲ့ တာဝန်ရှိရဲအရာရှိတွေကတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းနေကြပေမယ့် တဖက်မှာလည်း တပ်မတော်က အရာရှိရဲ့ဇနီးဖြစ်နေတာကြောင့် ဖိအားတွေဖြစ်လာပြီး အမှုပေါ့လျော့သွားမှာ ကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသူတွေက စိုးရိမ်နေကြပါတယ်။

Related Articles