၁၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ်
ကချင်မလေး၊ ရန်ကုန်
၁၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၆ခုနှစ် ရန်ကုန်မြို့တွင် ကချင်စစ်ရှောင်ကလေးများကိုယ်တိုင် ရိုက်ကူး ထားသော ဓါတ်ပုံများပြသပြီး လက်ရှိစစ်ရှောင်စခန်းများအတွင်း သူတို့လေးတွေ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခြေအနေများကို မကြားသေမှီက ရွေးကောက်တင်မြှောက်ခံထားသော လွှတ်တော် အမတ်များ၊ ၈၈-မျိုးဆက်သစ်ကျောင်းသားဟောင်းများနှင့် မီဒီယာများအားပြောပြသည့် အခမ်းအနား ကျင်းပခဲ့သည်။
စစ်ရှောင်ကလေးများကိုယ်စားလှယ်အဖြစ် မောင်ဇောင်ခမ်း (မိုင်းနား စစ်ရှောင်စခန်း)၊ မလုထွယ်(ရွှေစက် စစ်ရှောင်စခန်း)နှင့် မခေါ်ဝင်း(ရွေစက် စစ်ရှောင်စခန်း)တို့က နေ့တဓူ၀ သူတို့ရင်ဆိုင် နေရသည့် လူမှုရေး၊ ပညာရေး နှင့် ကျန်းမာရေးအခြေအနေများကိုလည်း ပြောပြခြင်း၊ ရိုက်ယူရရှိထားသော ဓါတ်ပုံများကလည်း စစ်ရှောင်အခြေအနေတွေကို ထင်ဟပ်စေသော “စကားပြောသော ဓါတ်ပုံများ” ကို ပြသခဲ့သည်။
၈၈-မျိုးဆက်ကျောင်းသား ကိုဂျင်မီက “ ကလေးသူငယ်တွေက စစ်ပွဲ၊ စစ်ဒဏ်တွေကို မလိုချင်တော့ဘူးဆိုတဲ့ အသံ၊ အနုပညာတွေဟာ ဟောဒီစစ်ပွဲတွေကို ဖန်တီးနေတဲ့၊ ရေရှည်နေ စေချင်တဲ့ လူကြီးများ နားလည်နိုင်လိမ့်မယ်။ နားလည်ခဲ့ပြီဆိုလို့ရှိရင်၊ နားလည်သင့်ပြီ အချိန်ကိုရောက်ပြီ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးရမှာပါ။” ပြောပါသည်။
ဆက်ပြီး“ သို့သော်လည်း နားမလည်သေးဘူး၊ နားမလည်ချင် ယောင်ဆောင်နေသေးတယ်ဆိုရင်၊ ဟောဒီအနာဂတ်၊ ဟောဒီကလေးတွေကပဲ သူတို့ကို နားလည်အောင် အနုပညာတွေနဲ့ဆုံးမသွားမှာ ဖြစ်ပါတယ်” ပြောပါသည်။
မိုင်းနားစစ်ရှောင်စခန်းရှိကျောင်းသားလေးများမှာ အစိုးရစာသင်းကျောင်းဆောင်တွင် စာမသင်ရပဲ ကျောင်းဝင်းအတွင်း သီးသန့်စာသင်ကျောင်းဆောင်ဆောက်ကာ စာသင်ရကြောင်းလည်းသိရသည်။ “ ကျွန်တော်တို့ကျောင်းဆောင်က ချိုင့်ဘက်မှာ သစ်သားနဲ့ပဲဆောက်ထားတယ်၊ ကျောင်းက သေးတော့ ၅တန်း၊ ၆တန်းတွေက မနက်ပိုင်း ၇ နာရီကနေ ၁၂ နာရီထိ သင်ရပြီး၊ ကျွန်တော်တို့ ၇ တန်း၊ ၈ တန်းက ၁၂နာရီမှ ၅ နာရီထိ ချိန်ခွဲပြီးသင်ရတယ်” လို့ပြောပြသည်။
ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၄ ယောက်သာရှိပြီး၊ ဆရာ၊ဆရာမ များလည်း မကြာခဏပြောင်းလေ့ ရှိသည့်အပေါ် မောင်ဇော်ခမ်းက “ သားတို့ဆရာ၊ဆရာမတွေ ခဏခဏပြောင်းတယ်။ သားတို့ ကျောင်းမှာ မပျော်လို့နေမှာပေါ့” ဟုပြောပြသည်။ စာသင်ကျောင်းများတွင် စစ်ရှောင်စခန်းမှကျောင်းသူ၊သားများသည် ဆရာ၊ဆရာမများ၏ ခွဲခြား ဆက်ဆံခံရမှု များရှိကြောင်းလည်းသိရသည်။ “တချို့က ဆရာမတွေရဲ့ စကားကို မခံချင်လို့ ကျောင်းထွက်သွားတယ်” လို့ မလုထွယ်က ပြောပြသည်။
နိုင်ငံတကာအကူအညီအထောက်ပံ့တွေနဲ့ပတ်သက်ပြီးလည်း ဒေါ်ခေါ်န်ဂျာက “ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ အကူအညီအထောက်ပံ့တွေ ဟာ နှစ်စဉ်နှစ်တိုင်း လိုအပ်တာထက် ၄၈%ပဲရတယ်၊ ဒါတောင် သူတို့ UN ဝန်ထမ်းတွေ လစာတို့၊ ဘာတို့ဖြတ်လိုက်ရင် စစ်ရှောင်ပြည်သူဆီ ၁၀% ရောက်နိုင်ရင်တောင် ဘုရားမတာပဲလို့” ပြောပါသည်။
ရွှေစက်စစ်ရှောင်စခန်းမှ ပြည်သူများမှာလည်း ဆေးဝါးမလုံလောက်သည့် ပြဿနာများ ရင်ဆိုင် ရကြောင်း၊ စစ်ရှောင်စခန်းတွင် နေထိုင်လာသည်မှာ ၄ နှစ်ပင်ကျော်လာခဲ့သည့်အလျောက် အလုပ်အကိုင်များမရှိ၊ တခါတရံတွင် ရွာအတွင်း နေ့စားအလုပ်များရှိချိန်တွင် ထွက်၍ လုပ်ကိုင်စားသောက်ရကြောင်းလည်းသိရသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့တာဝန်ခံ ဆရာမဒေါ်ခေါ်န်ဂျာက “ အခုလိုစစ်ရှောင်ကလေးတွေ သူတို့အကြောင်းကို သူတို့ကိုယ်တိုင်လာပြီး ပြောပြနိုင်တာဟာအရမ်းကောင်းတယ်။ များသောအားဖြင့် လူတွေက သူတို့ကို သားကောင်များ (Victims) အနေဖြင့်သာမြင်တတ်ကြတယ်။ သူတို့လေးတွေလည်း အခုလိုသင်ပေးရင်ရတယ်ဆိုတာရယ်၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သူတို့ အသံတွေပါဝင်လာနိုင်တာ အရမ်းကောင်းတယ်” လို့ပြောပါသည်။ ဆက်ပြီး သူက “ လက်ရှိငြိမ်းချမ်းရေးဟာ ခြေတပေါင်ကျိုးဖြင့် သွားနေသည့်အသွင် ဖြစ်ကြောင်း” ပြောပါသည်။
ယင်းဓါတ်ပုံပြပွဲတွင် ရွေးကောက်တင်မြောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘိုဘိုအောင်၊ လူငယ်ခေါင်းဆောင် ကိုနေဖုန်းလတ် (နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဘလော့ဂါ)၊ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းမှ ကိုဂျင်မီ၊ မမီးမီ၊ မနုနုအောင်၊ တို့မှ တက်ရောက်ခဲ့သည်။
ယင်းအစီစဉ်ကို “သစ်ခွနက်” လို့ အမည်ပေးထားပြီး၊ နာမည်ရဲ့ အဓိပ္ပါယ်မှာ “မြန်မာနိုင်ငံမြောက်ပိုင်းတွင်သာ ပွင့်သည့် သစ်ခွနက်ကိုယူကာ ပေးထားခြင်းဖြစ်တယ်”လို့ မစ္စဂျေးနီး(Jeanne Hallacy) က ပြောပါသည်။
InSIGHT Out! Photo& Storytelling အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ၁၀ နှစ်ရှိပြီး ထိုင်းနိုင်ငံ(ဆူနာမီဖြစ်စဉ်)၊ အင်ဒိုနီးရှား(အာချေး)၊ အမေရိကန်နိုင်ငံ (ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်များ)နှင့် မြန်မာနိုင်ငံတို့ရှိ ပဋိပက္ခအတွင်း မြေဇာပင်အဖြစ်ကျရောက်နေသော ကလေးငယ်များကို ဓါတ်ပုံပညာများသင်ပေးသော အဖွဲ့ဖြစ်သည်။
ယခုတွင် ကချင်ပြည်နယ်ရှိ မိုင်ဂျာယန် စစ်ရှောင်စခန်း၊ ရွှေစက် စစ်ရှောင်စခန်းနှင့် မိုင်းနားစစ်ရှောင်စခန်းတို့ရှိ ကလေးငယ် ၁၀၅ ဦးအား ရက်သက်တပတ်(၁၀)ရက်ဆီ သွားရောက်သင်ကြားပေးရာမှ ထွက်ပေါ်လာသည့် အဖိုးတန်ရှားပါးလှသည့် “သစ်ခွနက်” လေးများရဲ့ ဓါတ်ပုံများ နှင့် သူတို့ပြောသော သူ့တို့အကြောင်း ( storytelling book) များပင်ဖြစ်သည်။
“သစ်ခွနက်များ” ဖြစ်ပေါ်လာစေရခြင်းမှာ ကလေး၊လူငယ်လေးတွေရဲ့ အသံများ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021