Home ဆောင်းပါး တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို စိန်ခေါ်နေတဲ့ ဝိညာဉ်ငိုသံ

တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို စိန်ခေါ်နေတဲ့ ဝိညာဉ်ငိုသံ

introducetingtheirfamily

ကချင်မလေး
21. January. 2016

“ဒီလို မမျှော်လင့်ပဲဖြစ်ပျက်သွားတဲ့အပေါ် အရမ်းတုန်လှုပ်၊ ခြောက်ခြားပြီး မယုံကြည်နိုင်မိ လောက်အောင်ဖြစ်သွားတယ်။ ဒါပေမဲ့ ဘုရားသခင်မှာ ဘယ်လိုအကြံအစည်ရှိသလဲဆိုတာ ကျမတို့လူသားတွေအနေနဲ့ မသိနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တနေ့နေ့မှာ အမှန်တရားပေါ် ပေါက်မှာပဲ၊ အမှန်တရားကို သိစေမှာပဲ၊ ဒီကိစ္စလိုက်လံဆောင်ရွက်ပေးနေတဲ့ ဆရာ၊ဆရာမတွေအပေါ်၊ ဆုတောင်းပွဲ လာရောက်ပါဝင်ကြတဲ့သူတွေအပေါ်လည်း ကျေးဇူတင်တယ်။ ဘုရားသခင်ကောင်းကြီး ပေးပါစေ။ တနေ့နေ့မှာ အမှန်တရားပေါ်ပေါက်နိုင်ပါစေလို့ ဆုတောင်းပြီးနေနေပါတယ်” ဟု မရန်ဆိုင်းလုံ က ပြောပါသည်။ မရန်ဆိုင်းလုံကတော့ ရှမ်းပြည်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ မုဒိန်းကျင့် အသတ်ဖြတ်ခံခဲ့ရတဲ့ အခမဲ့ ပညာဒါန ဆရာမ နှစ်ဦးထဲက မရန်လုရာ၏ တဦးတည်းသော အစ်မဖြစ်သည်။ ဆရာမ(၂)ဦး ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ် ခံလိုက်ရသည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။

“အမြဲတမ်း မနက်စောစောကျောင်းသွားရင်း အဒေါ်ရေ သွားပြီ” ဆိုပြီး နှုတ်ဆက်ကာကျောင်းသွားနေကျ ဆရာမ ၂ ယောက်က ၂၀ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၄ခုနှစ်တွင် ပေါ်မလာသည့်အတွက် “ ဒီမနက်က ဆရာမ၂ယောက်ဘာလို့ မလာသေးတာလဲ။ အိပ်ယာထများ နောက်ကျလို့လား၊ နေမကောင်း လို့လား ဆိုပြီး သွားကြည့်တော့ တအိမ်လုံးရှုပ်ပွနေပြီ သွေးအိုင်ထဲ ရက်စက်စွာသတ်ဖြတ်ခံရတဲ့ အလောင်းကို တွေ့လိုက်ရတယ်” ဟု ပထမဆုံး အလောင်းကို တွေ့ရှိသူ ဒေါ်နန်ဆိုင်းကပြောပြသည်။

“ကျမလည်း အရမ်းလန့်ပြီးကြောက်သွားတယ်။ တခါတည်း အော်ငိုပြီး ရွာသားတွေကို အော်ခေါ်တယ်” ဟု ဆက်ပြောသည်။ ရွာသားတွေ ရွာလူကြီးတွေရောက်လာကြတယ်။ ဒေါ်နန်ဆိုင်းတို့နေအိမ်နှင့် ဆရာမတို့ နေထိုင်သောအိမ်မှာ ပေ(၂၀၀)လောက် အဝေးတွင်ရှိသည်။ သူမက ဆရာမခေါန်နန်စင်နှင့် တူအရီးတော်စပ်သူများလည်းဖြစ်ကြကြောင်းသိရသည်။ ညတိုင်းပဲ ဆရာမတို့နေအိမ်အရှေ့ မီးကိုဖွင့်ပြီး အိပ်တတ်ကြသည်။ ထိုနေ့ညတွင် “ကျမတို့လည်း နေ့လည် ဘက်ဆို တောင်ယာသွားထားတော့ပင်ပန်းတာနဲ့ အိပ်ပျော်သွားတယ်၊ သတိ မထားလိုက်မိဘူး” ဟု ပြောပြသည်။

“လွန်ခဲ့တဲ့ ၈နှစ်လောက်ကတည်းက အဲဒီရွာမှာ အခြားဆရာမတွေ လာရောက်နေထိုင်ခဲ့ပြီး ဘာမှ ကိစ္စထွေထွေထူးထူး မဖြစ်ခဲ့ဖူးဘူး” ဟု ကောင်းခါးကျေးရွာ နယ်မြေမှူး ဦးဇင်ထုန်းလ က ပြောပါသည်။ ထိုကောင်းခါးကျေးရွာကလေးသည် အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ အိမ်ခြေ ၂၈ အိမ်သာရှိသည့် ရွာလေးဖြစ်ပြီး မည်သည့် အစိုးရစစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူ့စစ်တို့မှ အခြေစိုက်ခြင်း မရှိသည့်နေရာဖြစ်ပါသည်။

အခင်းဖြစ်ပွားသည့်နေ့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့တွင် ကျောက်မဲအခြေစိုက် အစိုးရခြေမြန် တပ်ရင်း (ခ.မ.ရ ၅၀၃)မှ တပ်သား(၅၀)ခန့် ပါဝင်သည့် တပ်ဖွဲ့မှ ကျေးရွာအတွင်း လာရောက် တပ်စွဲခဲ့သည်။ အစိုးရစစ်တပ်သည် ရွာသားများ၏ နေအိမ်လေးအိမ်တွင် ယာယီတပ်စွဲစခန်းချခဲ့သည်။
အခင်းဖြစ်ရာ နေအိမ်သည် စစ်တပ်မှ ယာယီစခန်းချထားသည့် အိမ်လေးအိမ်နှင့် ကိုက်(၁၀၀)ခန့်သာ ကွာဝေပြီး၊ စစ်တပ်က လုံခြုံရေးချထားသည့် ကိုက်(၂၀၀)အဝန်းအဝိုင်းအတွင်း ကျရောက်ကြောင်း ထိုနေ့ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နယ်မြေမှူးက “တိုက်ဆိုင်တာတော့မဟုတ်လောက်ဘူး၊ ၁၉ရက် မနက်မှာပဲ ခ.မ.ရ (၅၀၃) မုန်းပေါ်မြို့မှ စစ်ကြောင်းဆင်းလာတယ်။ စစ်ကြောင်းမှူးက ဒီရွာမှာနားလို့ရလားဆိုပြီး မေးတယ်၊ ရပါတယ်လို့ဖြေခဲ့တယ်၊ ဒါဆိုခဏနားမယ်လို့ပြောတယ်”  ဟု ပြောသည်။ ထိုအချိန်တွင် ဆရာမတွေက ကလေးများနှင့် နမ့်တောင်းမြို့သို့ ကလေးကာကွယ်ဆေးထိုးဖို့အရေး အလုပ်ရှုပ်နေကြကြောင်း ပြောပြသည်။

“ဒီရွာမှာ ကျောင်းရှိလား။ ဒီဆရာမတွေက ဗမာဆရာမလေးတွေလား၊ ကချင်ဆရာမတွေလား၊ ဒီရွာကလား၊ ဘယ်ကလားလဲလို့ မေးတယ်။ ကျနော်လေး ကချင်ဆရာမလေးတွေပါ။ ၁ယောက်က ဒီရွာက၊ ကျန်၂ယောက်က KBC ကပို့လိုက်တဲ့ဆရာမလေးတွေပါ” ဟု ဖြေခဲ့ကြောင်း ပြန်ပြောသည်။

“သူတို့က အပျိုလား၊ အအိုလားလို့ မေးတဲ့အပေါ် ကျနော်လည်း ၂ယောက်တော့အပျို၊ ၁ယောက်က အအိုပါလို့ ဖြေခဲ့မိလိုက်တယ်”
ဟု ဆက်ပြောပြသည်။

“တရွာလုံး အုတ်အော်သောင်းနင်း အော်ဟစ်ငိုကြွေးနေတာတောင်၊ သူတို့ဘက်မှ ဘာသိဘာသာ နေနေကြတယ်” ဟု သက်သေထွက်ဆိုနေသည့် အဒေါ်တဦးကပြောတယ်။

တရွာလုံးအော်ဟစ်နေသည့်အချိန် မြန်မာစစ်တပ်ဖက်မှဘယ်သူမှမလာကြောင်း၊ ကြိုပြီးအမှုကို သိနေပုံရှိကြောင်း၊ နယ်မြေမှူးကို အခေါ်ခိုင်းလိုက်သည်ဆို၍ ဦးဇင်ထုန်းလ(နယ်မြေမှူး)မှ သွားရောက်နေစဉ်တွင် စစ်ကြောင်းမှူးဖုန်းဆက်နေချိန်ဖြစ်ပြီး “ကျနော့်နားနဲ့ ဆက်ဆက်ကြားမိတာက၊ ငါတို့တပ်မတော်မှာ ဒါမျိုးသမိုင်းမရှိဘူး၊ ရာဇဝင်လည်းမရှိဘူး၊ ငါတို့ကို မဟုတ်တာစွတ်စွဲလို့ရှိရင်တော့ ရွာကို ပြဿနာရှာပြီး၊ တရွာလုံးမီးရှို့လိုက်မယ်လို့ ဖုန်းဆက်နေတာကို ကျနော်နဲ့အတူပါတဲ့ ဆရာမဘောမ်ဆဲ ကြားခဲ့ရတယ်”   ဟု ပြောပါသည်။

တောင်ပေါ်ဒေသမှာ ဓလေ့စရိုက်လိုတောင်ဖြစ်နေတာတခုက “စစ်ကြောင်းရောက်ပြီဆို ကြောက်လွန်းလို့ လူမပြောနဲ့ ခွေးတောင် လမ်းပေါ်မထွက်ရဲကြဘူး။ အဲတာကြောင့် ဒီရွာက ရွာသားတွေဆို လုံး၀ ဖြစ်နိုင်မယ်လို့ မထင်ဘူး” ဟု နယ်မြေမှူးက သက်သေတယောက်အနေနဲ့ ပြောပြခဲ့သည်။

ထိုဇုန်နယ်ရှိ နှစ်ခြင်းအသင်းတော်မှ အတွင်းရေးမှူး လဖိုင်ဇော်တောင်သည်လည်း ဆေးရုံသို့ အလောင်းအား ခွဲစိတ်စစ်ဆေးနေချိန်ရောက်ရှိနေချိန်တွင် ယာယီဗျူဟာမှူးခေါ်ခြင်းကြောင့် ချက်ခြင်းမူဆယ်မှ ကောင်းခါသို့သွားရာတွင်

“ကျနော့ကို ဗျူဟာမှူးက သူ့ရဲ့ ထပ်ချ်စခရင်(touch screen)ဖုန်း (၂)လုံးထဲက ပုံတွေပြတယ်။ ငါတို့ရဲဘော်တွေက တယောက်မှ ဆံပင်ရှည်တာမပါဘူး။ ခန္ဓာကိုယ်ပေါ်မှာလည်း တစုံတရာ ဒဏ်ရာရှိမရှိ စစ်ဆေးပြီးပြီ” ဟုပြောကြောင်း ပြောပြသည်။ သို့သော်လည်း ဗျူဟာမှူးပြသောရဲဘော်ပုံ များသည် ယမန်နေ့က တွေ့ခဲ့သည့်ရဲဘော်များမဟုတ်ပဲ နောက်ထပ်အသစ်ရောက်ရှိလာတဲ့ စစ်သားများဖြစ်ကြောင်းကို ရွာသားများ ပြောပြချက်ကို ဆရာဒေါက်တာဆမ်ဆွန် ကပြောပြသည်။

DNA စစ်ဆေးရာတွင် အခြားသော သက်သေများကို မယူပဲ ဆံပင်ကိုသာယူခဲ့ကြောင်းကို “DNA စစ်တာကလည်း ဆံပင်ပဲစစ်တယ်၊ ကျန်ရှိနေတဲ့ သုတ်ရည်၊ သွေးတွေကို စစ်ဆေးခြင်းမပြုဘူး” ဟု ဆရာလဖိုင်ဇော်တောင်မှ ပြောပါသည်။

ဤဆရာမလေးနှစ်ဦး၏ အမှုမှန် ပေါ်ပေါက်လာစေရေးအတွက် KBC မှနေ၍ ကော်မတီဖွဲ့ကာ စုံစမ်းမှု များပြုလုပ်လျက်ရှိပြီး အဖွဲ့ဝင် ၁၅ ဦးပါသည့် ထိုကော်မတီကို အစိုးရမှ တရားဝင် အသိအမှတ်ပြုရေး အပါအဝင် လုပ်ပိုင်ခွင့်နှင့်တာဝန်များအတွက် သမ္မတထံ စာတင်ခဲ့ကြသည့်အခါ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ပူးပေါင်းဆောင်ရွက်ရေးအား လက်ခံခဲ့ကြောင်း သတင်းရှင်းပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးဘရန်ဒီး(ကချင်ရှေ့နေများကွန်ယက်အဖွဲ့) ကပြောပြခဲ့သည်။
ဆက်လက်ပြီးရှေ့နေက “စုံစမ်းဆဲကာလဖြစ်တဲ့အတွက်ကြောင့်မိုလို့ပါ။ မကောင်းဆိုးဝါး အဓမ္မပြုကျင့်သူ တရားခံများကို ဖော်ထုတ်ပြီးတဲ့အချိန် ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ လုပ်ငန်းပြီးဆုံးတဲ့အချိန်မှာ ဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို ပြည်သူထံ တင်ပြရှင်းလင်းသွား မယ်” ဟု ပြောပါသည်။

အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (CID)၊ လားရှိုး ရဲတပ်ဖွဲ့နှင့် မူဆယ် ရဲတပ်ဖွဲ့များမှ ဖြစ်စဉ်အား အမှုမှန် ဖော်ထုတ်ရေးအတွက် အဓိကတာဝန်ယူ ရသည်။ အထူးသဖြင့် ဆရာမလေးနှစ်ဦး၏ အလောင်းများအား မှုခင်းဆရာဝန်က ခွဲစိတ်စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့မှ စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်းမရှိခြင်း၊ သက်သေခံ အထောက်အထားများအား စုဆောင်းရာတွင် သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ လုပ်ဆောင်မှုလည်း မပြုခဲ့ခြင်းကို အလောင်းအား ခွဲစိတ်ခန်း ပို့ရန် ပြင်ဆင်ပေးသော ဆရာမဒေါ်အက်စတာ ( မုန်းပေါ်မြို့မှ ဆေးလုပ်သား)က ပြောပြသည်။

“ဆရာမခေါ်န်နန်စင်ကို ဓါးချက် ၄၇ ချက်ထိုးရာပါတယ်၊ ဆရာမ လုရာက လည်ပင်းတွေမှာလည်း ဓါးထိုးရာတွေနဲ့၊ အချက်ပေါင်း ၃၉ ချက် ထိုးထားတဲ့ ဒဏ်ရာရှိတယ်”

“မြင်လိုက်ရတဲ့မြင်ကွင်းက အဝတ်အစားတွေလည်း တခြမ်းချွတ်နဲ့ လက်မှာတွေလည်း ဖမ်းဆုပ်ချုပ်နှောင်ထားတဲ့ အရာတွေနဲ့၊ အဲတာတွေကြည့်ခြင်းအားဖြင့် ကျူးလွန်သူဟာ ၂ယောက်လောက်ထဲ မဖြစ်နိုင်ဘူး”

“ဆရာမလုရာဆို ဒူးထောင်ပေါင်းကားနဲ့ မာတောင့်နေသည်အထိ မုဒိန်းကျင့်ထားတယ်၊ မ လိုက်တဲ့အချိန်မှာ နောက်ကျောမှာလည်း မီးဖိုချောင်းသုံး ဓါးတချောင်းထိုးထားတယ်၊ သူတို့လောင်းတွေကို အဝတ်တွေလုံခြုံအောင် ပြန်ဝတ်ပေးတယ်၊ ကားနေတဲ့ခြေထောက်တွေကို သေချာပြန်လုပ်ပေးခဲ့တယ်”

“အိမ်ထဲမှာဆိုလည်း စစ်ဖိနပ်ခြေရာတွေ အပြည့်ပဲ၊ သူတို့က DNA စစ်ဖို့အတွက် ဆံပင်ပဲယူတယ်၊ ဘာဖြစ်လို့ ကျနေတဲ့သုတ်ရည်တွေ၊ သွေးတွေမယူလဲ” ဟု  ပြောပါတယ်။

အခင်းဖြစ်စဉ်အတွက် ရွာသားများမှ မှတ်တမ်းယူခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်းများကို တပ်မတော်မှတားမြစ်ခြင်း မှတ်တမ်းတင်ထားပြီးဖြစ်သော သတင်းအချက်အလက် များအား ဖျက်ဆီးစေခြင်းများလည်း ရှိခဲ့သည်ဟု အိမ်နီးချင်း ဒေါ်နန်ဆိုင်းက ပြောသည်။

“အဲဒီနေ့ဖုန်းတွေနဲ့ ဓါတ်ပုံရိုက်ထားတွေကို ဖျက်ခိုင်းတယ်”
ရဲတပ်ဖွဲ့သည် ၎င်းတို့ကိုယ်တိုင် အမှုမှန် ဖော်ထုတ်ပေးရမည့်အစား KBC စုံစမ်းရေး အဖွဲ့ကိုပင် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း တန်ပြန် ပြစ်တင်မှုများ ပြုလုပ်ခြင်းကြောင်း ရှေ့နေက ပြောပြသည်။

“ြမန်မာနိုင်ငံရဲတပ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အချိန်မှာ သူတို့က လူကြီးတွေကို အမြဲတမ်း အစီရင်ခံရတော့ သူတို့က အပြင်းအထန်ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အဖွဲ့ ကတော့ အမှုမှန်ဖော်ထုတ်ချင်တဲ့အတွက်ကြောင့်မို့လို့ တကယ်အမှန်အကန် အစစ်အမှန်တရားခံကို ဖော်ထုတ်ဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့ စိတ်ရှည်ဖို့လိုတဲ့အတွက်ကြောင့်မို့ ပုံမှန်လေးပဲ၊ အခုနပြောတဲ့ လိုအပ်ချက်လေးတွေ မရသေးတော့ ဘယ်လိုမှ ရှေ့ဆက်မသွားနိုင်ဘူူး ဆိုတာ ဆုံးဖြတ်ထားပါတယ်” ဟု ပြောပါသည်။

“ဒီအမှုက တရားရုံးအဆင့်ထိ မရောက်သေးတဲ့အတွက်ကြောင့် တရားရေးမှာ ကန့်သတ်ချက် ပိတ်ပင် မှုတွေတော့မရှိဘူး” ဟု ပြောပါသည်။
KBC စုံစမ်းဆေးရေးအဖွဲ့အတွက် စစ်ဆေးမေးမြန်းချက်များပြုလုပ်ရာတွင် အခက်ခဲမရှိသော်လည်း ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုပြုရာတွင် ရွာသားများက ကြောက်ရွံ့စိတ်တွေရှိတော့ နည်းနည်းခက်ခဲကြ ကြောင်းသိရသည်။ ယခုလက်ရှိ အခြေအနေတွင် ရဲတပ်ဖွဲ့သည် ကောင်းခါးရွာသား ကချင်လူငယ်နှစ်ဦးအား တရားခံများအဖြစ် ပုံချစွပ်စွဲရန် ကြိုးပမ်းလျက်ရှိနေကြောင်းကို သတင်းရှင်းပွဲတွင် ဒေါက်တာ ဆမ်ဆွန်က ပြောပြသည်။

ထိုအမှုနှင့်ပတ်သက်ပြီး သမ္မတထံအိတ်ဖွင့်စာများပေးပို့ခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း ခြင်းများ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့ သော်လည်း အရေးကြီးသည့် “၁။ စစ်ကြောင်းမှူးကို စစ်ချင်တယ်၊ မေးမြန်းချင်တယ် ၂။ မနက်အစောကြီးမှာ စစ်သားတွေကို တင်ဆောင်သွားတဲ့ ကားဆရာ(၂)ဦးကို စစ်ချင်တယ်။ ဒီနေ့အထိ ကျွန်တော်တို့ ဒီဟာကို လုပ်လို့မရဘူး၊ ဒီအတွက် ဘာမှ လုပ်ပိုင်ခွင့်အာဏာ မရှိတဲ့အဖွဲ့ဖြစ်ပါတယ်။” KBC၏ အမှုမှန်ဖော်ထုတ်ရေးအတွက် တနှစ်တာအတွင်း လုပ်ဆောင်ချက်များ ခက်ခဲရပုံကို KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောခဲ့သည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးဖြစ်သူ မရန်လုရာ နှင့် ခေါန်နန်စင်တို့၏ တစ်နှစ်ပြည့် အောက်မေ့ဘွယ် ဆုတောင်းပွဲ နှင့် သတင်းစာရှင်း လင်းပွဲအား ၂၀၁၆ ဇန်နဝါရီ ၁၉ရက်နေ့ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းချုပ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ်၌ ပြည်တွင်း/ပ သတင်းမီဒီယာများ၊ နိုင်ငံခြားသံအမတ်များ နှင့် လူမှုအဖွဲ့အစည်းများ၊ အန်ဂျီအို၊ အိုင်အန်ဂျီအို နှင့် ပြည်သူများ တစ်ထောင် နီးပါးခန့် ပါဝင်ခဲ့ကြသည်။

တပြိုင်နက် တချိန်းတည်းမှာပဲ ဗန်မော်၊ ဖားကန့်၊ မြစ်ကြီးနားမြို့၊ ကောင်းခါးကျေးရွာ တို့တွင် ဆုတောင်းပွဲများ ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်လည်း ကချင်းအမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ)နှင့် လူမှုအဖွဲ့အစည်းပေါင်း (၉၅)ဖွဲ့ နှင့် တသီးပုဂ္ဂလ (၉)ဦး ပါဝင်ထောက်ခံသည့် ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ဝေခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ခဲ့သည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ဈာပနအသုဘချ ဆုတောင်းခြင်းအစီအစဉ်အား ၂၀၁၅ ဇန်နဝါရီလ ၂၃နေ့လည် မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာကျောင်းဝန်း ရှိ အေဒီနှစ်(၂၀၀၀) ဂျူဗလီဟော၌ ပြုလုပ်ပြီး လူဦးရေ (၂၀၀၀၀)ခန့်ပို့ဆောင်ကာ နောင်နန်း ခရစ်ယာန်သချိုင်း၌ သဂြိုလ်ခဲ့ကြသည်။ မရန်လုရာ (၂၀)နှစ် သည် နှင့် တန်ဘောင်ခေါန်နန်စင် (၂၁) နှစ် တို့သည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (Kachin Baptist Convention- KBC) မှ စေလွှတ်တာဝန်ပေးမှုအရ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းခါး ကျေးရွာတွင် ၂၀၁၄ ခုနှစ် ဇွန်လမှစ၍ စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထိုသို့ တာဝန်ထမ်းဆောင် နေစဉ်ကာလ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဆရာမ နှစ်ဦးသည် ကောင်းခါးကျေးရွာရှိ ဘုရားရှိခိုးကျောင်းဝန်း အတွင်းရှိ ၎င်းတို့၏ အိပ်ခန်းအတွင်း၌ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် အုပ်စုလိုက် မုဒိန်းပြုကျင့်ကာ ဓါးဒဏ်ရာအချက်ပေါင်းများစွာနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ဤဆရာမလေးနှစ်ဦးအပေါ်ကျူးလွန်သည့် ရွံရှာဖွယ်ပြစ်မှုကြီး ဖြစ်ပွားပြီးသည့် နောက်ပိုင်း တစ်နှစ်အတွင်း တိုင်းရင်းသား ဒေသများတွင် အမျိုးသမီးများအပေါ် အလားတူ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် နှိပ်စက် သတ်ဖြတ်သည့် ပြစ်မှုများလည်း များစွာ ဆက်လက် ဖြစ်ပွားလျက်ရှိနေပါသည်။

ဗန်းမော်ခရိုင်မှ (၇၂)နှစ် အရွယ်အဖွားအိုအား မုးဒိန်းကျင့်ရန်ကြိုးစားခဲ့သော တပ်သားအား လက်ပူးလက်ကြပ်မိခဲ့နိုင်သော်လည်း ထိုအမှုကို ယခုအချိန်ထိ စီရင်ချက်မချနိုင်သေးကြောင်းကို ကချင်အမျိုးသမီးများကွန်ယက်အဖွဲ့မှ ဒေါ်မေစံပယ်ဖြူက ပြောသည်။ “စစ်ဆေးဆဲကာလမှာပဲ ရှိသေးတယ် ဘာဖြစ်လို့လဲဆိုတော့ တရားခံတပ်မတော်သားက တရားရုံးက ဆင့်ခေါ်တိုင်းပျက်ကွက် နေတဲ့အတွက် ဒီကနေ့ထိပြီးပြတ်အောင် စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး”

ဗန်းမော်ခရိုင်တွင် စစ်တပ်က ဖမ်းဆီးသွားပြီး ပျောက်ဆုံး သွားခဲ့သည့် ဆွမ်လွတ်ရွယ်ဂျာကိစ္စဟာလည်း ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ တာဝန်ယူမှုရှိမနေကြောင်း၊ နေပြည်တော်အထိ ဒီအမှုကိုစာတင်ခဲ့သော်လည်း “သိလည်းမသိ၊ ရှိလည်းမရှိဘူးဆိုပြီး ယတိပြတ် ငြင်းပယ်ခဲ့ပုံကိုကြည့်မယ်ဆို ဆွမ်လွတ်ရွဝ်ဂျာဟာ အားလုံးအတွက် အဖြေမရှိတဲ့ပုစ္တာ” ဟု ပြောပါသည်။

maysabephyugivepresentationregardviolenceagainstwomeninburmaandCEDAW,lawinBurma

အမျိုးသမီးတွေပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး “ဒီဆရာမ ၂ယောက်အပါဝင်၊ ကျမတို့အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်အမျိုးမျိုးကို တားဆီးကာကွယ်နိုင်ဖို့နဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်နိုင်ဖို့အတွက် ကျမတို့ အမျိုးသမီများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို ရေးဆွဲနေပါတယ်။ အခုဆို သုံးနှစ်ထဲရောက်ရှိလာပါပြီ။ လာမည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အစိုးရသစ်၊ လွတ်တော်အသစ်မှာ ဒီမူကြမ်းကို တင်ပြဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း” သိရသည်။

“အကြမ်းဖက်မှုတွေ ဒီကနေ့ထိဆက်ပြီးဖြစ်ပွားနေတာဟာ အကြမ်းဖက်မှုတွေကို မြင်နေ၊ တွေ့နေ၊ ကြားနေပါလျှက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်တဲ့ ယဉ်ကျေးမှုတွေ ပြောင်းဖို့ လိုပါတယ်” ဟု ပြောပါသည်။

ဆက်ပြီးသူမက အကြမ်းဖက်မှုကို မလိုလားကြောင်း၊ ပြတ်ပြတ်သားသာရှုတ်ချ၊ ဆန့်ကျင်၊ ကန့်ကွက်ကြမယ်ဆိုရင် ကျမတို့နိုင်ငံ ဘယ်လောက်ပဲ တရားဥပဒေစိုးမိုး မှုအားနည်းစေကာမူ လူထုအားဖြင့် ဒီလိုအကြမ်းဖက်မှုတွေကို တားဆီးနိုင်မှာဖြစ်ကြောင်းလည်း ပြောခဲ့သည်။ “ဒီကနေ့တော့ ဆရာမ(၂)ယောက်ပေါ့နော် ဒါပေမယ့်လည်း မနက်ဖြန်၊ မနက်ဖြန်တွေမှာ ကျမတို့သမီးတွေ၊ တူမတွေ၊ ဇနီးတွေ၊ မိခင်တွေရဲ့ဘဝဟာလည်း လုံခြုံမှုရှိမနေဘူးဆိုတာ အများပြည်သူက လေးလေးနက်နက်သဘောပေါက်ပြီး ဝိုင်းဝန်းကာကွယ်ကြဖို့လိုပါတယ်” ဟု ပြောပါသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ကတော့
“ ဒီအမှုမှန်ပေါ်ပေါက်တဲ့အထိ ပြည်သူတရပ်လုံး၊ ကချင်လူထုတရပ်လုံး ဆက်လက်ပြီးပူးပေါင်းပါဝင် ကြပါလို့ ပြောချင်ပါတယ်” ဟု ဖိတ်ခေါ်လိုက်ပါသည်။

Related Articles