Home ဆောင်းပါး မိချောနစ်တဲ့ နွံ

မိချောနစ်တဲ့ နွံ

ကချင်မလေး

sex workers

“တနေ့လုံး ဖရဲသီးရောင်းပြီးမြတ်တဲ့ ၁၅၀၀က ကျောင်းစာအုပ်တအုပ်ဖိုးတောင်မရဘူး။ တက္ကသိုလ်တက်ပြီး ဘွဲ့လေးတခုရချင်လို့ ဒီအလုပ်လုပ်ခဲ့တာပါ၊”။ ဒီလို ပြောပြခဲ့တာကတော့ အသားဖြူဖြူ၊ ခန္ဓာပြည့်ပြည့်လုံးလုံးနှင့် ကြည့်ပျော်ရှုပျော်ရှိတဲ့ အမျိုးသမီးလေး “မိချော” ပါ။ အသက် ၃၀ ဝန်းကျင်ခန့်သာ ရှိအုံးမည်။ မိချောက သူ ဆယ်တန်း ဖြေပြီးစဉ်က အကြောင်းကို ပြန်ပြောပြ ဆယ်တန်းဖြေဆိုပြီးနောက် ဆိုက္ကားသမားချစ်သူ နောက်ကိုလိုက်ပြေးခဲ့ရာ မိဘက စွန့်ပစ်ခဲ့သည်။ “ဆိုက္ကားနင်းပြီး ရတဲ့ပိုက်ဆံက အိမ်ငှားခလည်းပေးရ စားလည်းစားရတယ်။ ကိုယ့်ဝင်ငွေနဲ့ ဘယ်နည်းနဲ့ မှ တက္ကသိုလ် မတက်နိုင်ဘူးဆိုတာ သိတယ်” ကျောင်းလေးတော့အပ်ပေးပါရန် ယောကျ်ားထံပြောယူပြီး “ကျောင်းလေးတော့ အပ်ပေးပါပေါ့လို့ ပူဆာတော့၊ တနေ့တော့ဘယ်ကရလာလဲတော့မသိဘူး နေ့သွင်းနဲ့ ကျောင်းထည့်လောက်တဲ့ ပိုက်ဆံ ယူလာပေးတယ်”

ဒီလိုနှင့် မိချောတယောက် တက္ကသိုလ်ကျောင်းသူဘဝအဖြစ်သို့ရောက်လာခဲ့သည်။ ၂၀၀၅-၂၀၀၆ ခုနှစ် တက္ကသိုလ်တွင် ဖတ်စာအုပ်များ ဝယ်ယူရယုံတင်မက အဆိုင်းမန့် (Assignments) တင်ဖို့ရန် ပိုက်ဆံလည်းသွင်းရသည်။ ကျူရှင်တက်ရသည့် ခေတ်ကာလ ဖြစ်သည်။ မိချောလေး ကျောင်းရောက်သည့်အခါ သူများ ဝတ်စားသလို ဝတ်စားချင် လာခဲ့သည်။ ပို၍ခက်ခဲသည်မှာ “ကျူရှင်ခ” ပင်ဖြစ်သည်။

“တက္ကသိုလ်တက်ချင်လို့ ဖရဲသီးရောင်းကြည့်သေးတယ်။ တနေ့လုံးရောင်းမှ ၁၅၀၀မြတ်တယ်။ အဲတာက စာအုပ်တအုပ်ဖိုး တောင်မလောက်ဘူး” ဟု ပြောပြသည်။ တက္ကသိုလ်တက်ပြီး ဘွဲ့တခုရချင်ခဲ့သောကြောင့် (၁၇)နှစ်အရွယ်တွင် လင်ယောက်ျား မသိအောင် ကျောင်းတွင် ပိုင်းလုံးလုပ်ရင်း၊ ခန္ဓာရင်းပြီး လုပ်ကိုင်စားသောက်ရတဲ့ လုပ်ငန်းထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု မိချောက ပြောပြသည်။

ပထမနှစ်တက်စဉ် တွေ့ရသည့် အခက်အခဲအား ရင်ဆိုင်ဖြေရှင်းရပုံကို “ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျောင်းထဲက ပိုက်ဆံရှိတဲ့ အကောင်ကို ကပ်လိုက်တယ်”
“သူ့ဆီက ချူလိုက်တယ်၊ ရတဲ့ပိုက်ဆံကို ကျူရှင်ခလေးပေးလိုက်ပေါ့။ နောက်ပိုင်းတော့ သူနဲ့တွေ့ ရင်ဟိုဟာလေးဝယ်ပေး၊ ဒီဟာလေးဝယ်ပေးပါ၊ အထည်ဆိုင်တို့လို နေရာမျိုးတွေခေါ်သွားပြီး တောင်းတာပေါ့”

မိချော၏ ကောင်လေးက ပေးရဖန်များလာသည့်အခါ သူမဘက်ကလည်း ပေးဆပ်ရတော့မည်ဆိုတာ ကြိုသိထားပုံကို “ကြာလာတာနဲ့အမျှ ပေးရဖန်လည်းများလာတော့ ကိုယ့်ခန္ဓာကိုယ်ကို တောင်းလာရော၊ ကိုယ်လည်း တခုခုပြန်ပေးဆပ်ရမယ်ဆိုတာ ကြိုသိထားပြီပဲလေ၊ ဒီလိုနဲ့ ပိုင်းလုံးလုပ်ရင်းတစတစ ဒီလောကထဲ ရောက်လာတော့တယ်” ဟု ပြောပြပါသည်။

မိချောတယောက် ကျောင်းသားများအကြား လိင်အလုပ်သမဘဝကို (၂)လခန့်် လုပ်သက်ရလာသည့် နောက် ထိုကျောင်းသားများကပင် သူမကို အပြင်လူတွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်ဟု ပြောပြပါသည်။  အပြင်လောကတွင်တော့ ကျောင်းသားများနှင့် အလုပ်လုပ်သလို ရိုးရိုးစင်းစင်းမဟုတ်တော့ပဲ၊ လိမ်လည်လှည့်ဖျားမှုတွေ ကြုံတွေ့ခဲ့ရပါသည်။ “ကောင်လေးက ချိတ်ပေးလိုက်တဲ့သူလည်း တည်းခိုခန်းခတွေဘာတွေရှင်းပြီးသွားပြီ။ အခန်းထဲသွားတယ်၊ အလုပ်လည်းပြီးတော့ ခဏနော် ညီမ ရုံးကဖုန်းလာလို့ ဖုန်းသွားပြောလိုက်အုံး မယ်ဆိုပြီးထွက်သွားလိုက်တယ်။ ကိုယ့်ကို ပိုက်ဆံလည်းပေးမသွားဘူး”

“၁၀မိနစ်လည်းမလာ၊ ၁၅မိနစ်လည်းမလာတော့ အဝတ်အစားဝတ်ပြီး ဝိတ်တာ(waiter) ကိုခေါ်ပြီး မေးတော့ သူက ကားနဲ့ ပြန်သွားပြီတဲ့” ထိုအမျိုးသားက သူမအား မသွားမှီ အစားသောက်များမှာစားထားရန် ပြောသွားသဖြင့် သူမမှာစားထားပြီး၊ သူမအဖြစ်မှာ လုပ်အားခလည်းမရသည့် အပြင် အစား အသောက်ဖိုးပါပေးရမည့်ကိန်းဆိုက်နေပြန်သောကြောင့် တည်းခိုခန်း နောက်ဖေးပေါက်မှ ခိုးထွက်ခဲ့ရကြောင်းကို ဒေါသ သံပါပါဖြင့် ပြန်ပြောင်းပြောပြခဲ့သည်။ ထိုတခါ မနူးမနှပ်ခံလိုက်ရပြီးနောက်ပိုင်းတွင် လုပ်ငန်းမစခင် ပိုက်ဆံအရင်ယူတော့သည်ဟု  ပြုံးစစဖြင့် ပြောပြသည်။

ဆက်ပြီး မိချောခမျာ သူမအားစာသင်ပေးတဲ့ဆရာနှင့်ပက်ပင်းတိုး၍ နောက်ဆုတ်လည်းမရတော့ပဲ ရှက်ရှက်နှင့် စိတ်တောင်မပါ ရှေ့ဆက်တိုးလိုက်ရပုံကို “ဧည့်သည်ချိတ်ပေးနေကြကောင်လေးက အစ်မ ဒီတယောက် ကြေးပေးတာကြီးတယ် လုပ်မလားဆိုတော့ လုပ်မယ်ပေါ့”၊ သူမကိုပြန်ပြော ပြီး၊ ကောင်ကလေးက ဘယ်တည်းခိုးခန်း၊ အခန်းဘယ်လောက်ကိုသွားရန် သူမအားပြောပြလိုက်ချိန် “ကျမ အခန်းတံဖွင့်လိုက် တဲ့အချိန် တွေ့လိုက်ရတယ်၊ ဆရာ့မျက်နှာ”၊ ဆရာလည်း “ဟင်း….နင်လား၊ ကောင်လေးပြောထားတာ”“ဒါနဲ့ဘယ်လိုပြီး ဒီအလုပ်လုပ်နေလဲ ဆိုပြီး မေးတာပေါ့၊ ကိုယ်လည်း ပြန်ပြောပြတာပေါ့။ အချိန်အကြာကြီးစကားတွေပြောပြီး၊ အလုပ်စတယ်၊ ရှက်လိုက်တာ၊ မျက်နှာဘယ်နားထားရမှန်း တောင်မသိဘူး၊ ဆရာက ပိုက်ဆံတွေ ပိုပေးတယ်”  ဟု အဖြစ်အပျက်လေးကို ပြောပြပါသည်။

မီးရောင်တွေပြိုးပြိုးပျက်ပျက်နှင့် ရန်ကုန်တိုင်း၊ သန်လျင် မြို့နယ်ရှိ ကျိုက်ခေါက်ဘုရား အနီးတဝိုက်တွင် အလုပ်ဆင်းရသည့် ဘဝကြောင်းလေး ကို ပြောပြခဲ့သည်။
“ တညင်-ကျိုက်ခေါက်ဘုရား ခြေရင်းမှာ ဂျွန်းဆင်း(ခေါင်းတွေလက်အောက်ခံမဟုတ်ပဲ တကိုယ်တော် လုပ်ကြောင်းကိုပြောခြင်း)တယ်၊ ရဲတွေကိုလည်း လိုင်းကြေးပေးထားရတယ်၊ အဖမ်းအဆီးရှိတော့ မယ်ဆိုရင် သူတို့က မျက်နှာရိပ်၊မျက်နှာကဲ လာပြတယ်” ဟု ပြောပြပါသည်။ မိချောတို့ခမျာ ရဲသတင်းပေး(police informer) များ၏ နှိပ်ကွက်မှုတွေလည်းရင်ဆိုင်ရပုံကို သူမသူငယ်ချင်းများ၏ အဖြစ်အပျက်လေးကို အခုလို ပြောပြပါသည်။

 “ကျမသူငယ်ချင်းကိုပဲ ဘယ်လောက်ပေးပါမယ်ဆိုပြီး အိပ်လည်းအိပ်ပြီးရော ပိုက်ဆံမပေးရုံမက ရဲတွေလက်ထဲအပ်လိုက်ရောပဲ”

ဒါပေမယ့်မိချောကတော့ အခုထိ တခါမှအဖမ်းမခံရသေးကြောင်း၊ သူလိုင်းကြေးပေးတဲ့ရဲက သူကို ပြန်ကယ်ကြောင်းကို “ကျမကိုဆိုင်ကယ်နဲ့လာခေါ်တယ် တစ်ရှော့(တခါအိပ်ကိုဆိုလို)ကို ၁၅၀၀၀ တောင်ပေးမယ်ဆိုတော့ ပွတာ ပဲပေါ့၊ သူများတကာက တရှော့မှာ (၇၀၀၀)တောင်းတာ (၅၀၀၀)နဲ့တောင် ဈေးဆစ်ကြတယ်၊ ဒီတယောက်တော့ အများကြီးပေးတဲ့အပေါ်မှာ စိတ်ထဲ မှာတော့ တစ်မျိုးဖြစ်မိတယ်။ ဒါပေမယ့် ပိုက်ဆံပိုရတယ်ပေါ့ဆိုပြီး လိုက်ရော၊ တည်းခိုခန်းမရောက်ခင် လမ်းကွေ့တနေရာရောက်တော့ လိုင်းကြေးပေးထားတဲ့ ရဲက ခဏဆိုပြီး ခေါ်တယ်။ ခဏ အရေးကြီးလို့ဆိုပြောပြီး ဆိုင်ကယ်က တောင်းဆင်းပြီး ရဲဆီကို သွားလိုက်တယ်”
ဟု ပြောပြသည်။

ရဲက “ဟေ့အဲဒီကောင်က အင်ဖိုမာနော်၊ ဟိုဘက်ကနေ သွားတော့ဆိုပြီးပြောလွတ်လိုက်လို့၊ သီသီကလေးလွတ်ခဲ့တယ်” ဟု ထိုရဲကိုလည်း အထူးကျေးဇူးတင်ကြောင်းလည်း ပြောပြသည်။

မိချောတို့ကို နိုက်(Night)တခါခေါ် ၃၀၀၀၀ကျပ်နှင့် ၄၀၀၀၀ကျပ်ထိ ကြေးရှိကြောင်းလည်း ပြောပြသည်။ “တချို့က နိုက်ခေါ်ရင် ၃ ခါလောက်အိပ်တယ်၊ ပိုက်ဆံပေးထားတော့ တန်အောင်လုပ်ကြတာပေါ့၊ တချို့ကျတော့လည်း ၁ခါတည်းနဲ့ ပြီးသွားတယ်” ဟု ပြောပြသည်။

အချို့သော လိင်လုပ်သမလေးများတွေက ရဲတွေကို လိုင်းကြေးအပြင် သူတို့စိတ်ကျေနပ်လောက် အောင် ပြုစုပေးရသည်ဟု ပြောပြသည်။ ယခုထိ မိချောယောက်ျားဟာ ဒီအလုပ်လုပ်တာကို မသိသေးကြောင်းပြောပြသည်။ သူမအလုပ် သွားမည်ဆိုလျင် မိဘအကြောင်းပြပြီးသွားရကြောင်းကို “အမျိုးသားနဲ့ အမေတို့က မတည့်ဘူး၊ ကျွန်မတယောက်တည်း လာရင်တော့လက်သင့်ခံတယ်၊ ကလေးတွေကိုလည်း သူတို့ ထိန်းပေးတယ်။ ဒါလည်းကောင်းပါတယ်၊ ကျမအလုပ်သွားမယ်ဆိုရင် အမေတို့အိမ်သွားလိုက်အုံးမယ်၊ အဖေခေါ်လို့ ဆိုတာမျိုးအကြောင်းပြပြီး အလုပ်သွားလုပ်ရတာပေါ့” ဟု ပြောပြသည်။

တခါတရံတွင် မိချောမိဘရပ်ကွက်တွင် နေနေစဉ်၊ သွားနေကြ၊ မုန့်ဖိုးပေးနေကြ “ဆန်းရေကြည်တည်းခိုခန်း”က ဝိတ်တာကောင်လေးနဲ့ ပက်ပင်း တိုးမိတော့ ရပ်ကွက်တွင် သတင်းဖွကာ မိဘများသိသွားမှာကို အစိုးရိမ်လွန်ခဲ့ရပြီး၊ ကံကောင်းထောက်မစွာ ကောင်လေးက ဘာမှပြောမသွားကြောင်း သို့ပေမယ့် သီချင်းဖြင့်  “ဂန္ဓဝင်မေမေ၊ ဂရုဏာမေမေ၊ ဆန်းရေကြည်မေမေ” ဟု ရွဲ့ဆိုသွားကြောင်းကို ပေါ့ပေါ့ပါးပါးလေးပြောပြခဲ့သည်။

လိင်လုပ်ငန်းလုပ်ကိုင်ရာတွင် ကွန်ဒုံးသုံးလျှင် တချို့ဧည့်သည်များလက်မခံကြောင်း၊ လက်မခံသည့်အခါ ဖောက်သည်ပျက်မည် စိုး၍ လက်ခံရပုံကို “တချို့က ကွန်ဒုံသုံးဖို့ လက်ခံတယ်၊ တချို့က ကွန်ဒုံသုံးရင် အလွှာခြားလို့ ကမ္ဘာခြားသလိုခံစားရတယ်တဲ့ အဲတာကြောင့် မသုံးချင်ကြဘူး။ ကိုယ်တွေကလည်း ဖောက်သည် ပျက်မှာစိုးလို့ လိုက်လျောပေးတယ်၊ ကိုယ်က အမြဲတမ်းအဆင်သင့် ဆောင်ထားတာပေါ့”
ဟု ပြောသည်။

12584013_1090369797663831_322607793_n

မိချောသည် လိင်အလုပ်သမလုပ်ပြီး၊ ကျောင်းတက်လာခဲ့သည်။ ယခုဆို (စီပွားရေး)ဘွဲ့တခုပင်ရခဲ့ပြီ။ မိချောရလာသည့် ပိုက်ဆံဖြင့် ကျောင်းတက်ရုံတင်မက အိမ်ထောင်အတွက် စားဖို့ ဆန်၊ ဆီများပင်ဝယ်နိုင်လာခဲ့သည်။ ဘွဲ့ရပြီးတဲ့နောက် အသက်၂၇နှစ်ရောက်မှ လင်မယား (၂)ယောက် ကလေးယူခဲ့ကြရာ ယခုတွင် သမီးအကြီးမှာ ၅နှစ်၊ သားကြီးမှာ ၂နှစ်ပင်ရှိပြီဖြစ်သည်။ ဒါပေမယ့် ကလေးတွေကို မိဘအိမ်သို့ပို့ ထားကြောင်း ပြောပြသည်။

တခါတရံတွင် သူမအလုပ်အကြောင့် ခံစားချက်တွေအရမ်းများလာချိန် မွန်းကျပ်လှကြောင်း၊ မိဘတွေလည်းမသိ၊ လင်လည်းမသိအောင်လုပ်သည့် အလုပ်နှင့် ပတ်သက်ပြီး ရင်ဖွင့်စရာ၊ ပြောပြစရာ နေရာလေးရှိနေချင်မိကြောင်းကို ပြောပြရင်း မျက်ရည်တွေ ပါးပြင်ထက်စီး ကျလာတော့သည်။ တအောင့်လောက်နားလိုက် ပြီးမှ ပြန်ပြီးအင်တာဗျူး ဆက်ရသည်။

ဒီလိုနှင့် အလုပ်လုပ်ရင်း မိချောသူငယ်ချင်းက “ငါတို့လို အလုပ်လုပ်တဲ့လူတွေအတွက် တော်ဝင်ခရေဆိုတဲ့ ရုံးဖွင့်ထားတယ်၊ နင်သိလား၊ အဲ့အဖွဲ့ဆီ လိုက်မလား ဆိုပြီး လာပြောတော့၊ လိုက်မယ်ပေါ့ဆိုပြီး ဒီရုံးကို ရောက်လာခဲ့တာပါ” ဟု ပြောပြသည်။

သူမသည် တော်ဝင်ခရေရုံးကိုရောက်ခဲ့သည်မှာ (၁)နှစ်ပြည့်ခဲ့ပြီ။ ထိုအဖွဲ့မှ မိချောတို့လို ဘဝတူလေး တွေကိုစုပြီး HIV နှင့်ပတ်သက်ပြီး ပညာပေးစကားဝိုင်းများ၊ သူတို့လေးတွေကို ကိုယ်ထူကိုယ်ထ အဖွဲ့ လေးတွေကိုဖွဲ့ပေးပြီး သမာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နိုင်ရန် အသေးစားငွေချေးပေးခြင်း၊ ဆွေးနွေးပွဲလေးများ
ဖြစ်ပေါ်စေရန် ဆုံရပ်သဖွယ် ဖွင့်ထားပေးကြောင်းကို “ကျလည်းအဲဒီအဖွဲ့လေးထဲ ဝင်တယ်၊ အစည်းဝေးလည်း ပုံမှန်တက်တယ် အဲဒီမှာက ကိုယ်နဲ့ဘဝတူတွေပဲ၊ အပြင်လူမပါဘူး။ အဖွဲ့ဝင်တယ်၊ အဖွဲ့က ငွေချေးတယ်၊ရတဲ့ငွေနဲ့ အထည်ရောင်းတယ်” ဟု ပြောပြသည်။

အထည် (၄၀)လောက်အား တထည်ကို (၂၅၀၀)ကျပ် ရင်း၍ (၄၀၀၀)ကျပ် လောက်ထိ ရောင်းနိုင်ကြောင်း၊ အဖွဲ့အား (၁၅)ရက် တခါ (၁၀၀၀၀)ကျပ် ပြန်သွင်းပေးရပြီး၊ ကိုယ့်အတွက်ကို (၂၀၀၀၀)ကျပ် ကျန်ကြောင်း ပြောပြသည်။
ယခုဆို မိချော တယောက် လိင်အလုပ်သမအဖြစ်မလုပ်ချင်တော့ပေမယ့်လည်း တခါတရံပြန်ပြန်ပြီးလုပ် နေရကြောင်းကို “ အခုဆို ဒီလိင်အလုပ်ကို မလုပ်ချင်တော့ဘူး။ ကိုယ့်မှာလည်း ဈေးရောင်းဖို့ အရင်းအနှီးလည်းရှိဆိုတော့ မလုပ်ဖြစ်တော့ဘူး၊ လုံး၀ မလုပ်တော့တာတော့မဟုတ်ဘူး၊ လျော့ကျ သွားတယ်ပေါ့၊ ပိုက်ဆံအရမ်းလိုတဲ့ အချိန်တွေ တစ်ခါ၊ နှစ်ခါ ပြန်သွားလုပ်” ဟု ပြောပြပါသည်။

မိချောတို့လို လိင်အလုပ်သမများကို ကူညီဆောင်ရွက်ပေးနေသည့် တော်ဝင်ခရေအဖွဲ့ဥက္ကဌ မဇာကြီးကလည်း လက်ရှိ သူမတို့အဖွဲ့သည် လိင်အလုပ်သမလေးတွေကို ထိုအလုပ် ကို လုံးဝပြန်မလုပ်အောင်တော့ မလုပ်ပေးနိုင်ပေမယ့် လျော့နည်းသွားအောင် အသေးစားငွေချေးလုပ်ငန်း တွေလုပ်ပေးထားခြင်း၊ ပုံမှန်ဆွေးနွေးပွဲ စကားဝိုင်းလေးများလုပ်ပေးခြင်း၊ HIV/AIDS နှင့်ပတ်သက်ပြီး ပညာပေးခြင်း၊ နောက်တဆင့်အနေဖြင့် သက်ဆိုင်ရာအဖွဲ့၊ ဆေးရုံတွေနဲ့ ချိတ်ဆက်ပြီး သွေးစစ်ပေးခြင်း၊
နှစ်သိမ့်ဆွေးနွေး(counseling) ပေးခြင်း၊ ပိုးထိန်းဆေးတွေရအောင် လိုက်လံ လုပ်ဆောင်ပေး ကြောင်းပြောပြသည်။

“sex worker ဘဝနဲ့တချိန်လုံးပြီးသွားမှာ မဟုတ်ဘူး၊ ဘယ်သူကမှ မွေးလာကတည်းက ဒီအလုပ်ပဲလုပ်မယ်ဆိုပြီးမွေးလာတဲ့သူတွေမဟုတ်ဘူး၊ အချိန်တန်ရင် သူတို့အလုပ်အကိုင် အခွင့်အလမ်း ဘယ်နေမှာဖြစ်ဖြစ်လုပ်နိုင်ဖို့ သူတို့ကို လိုအပ်တဲ့ စွမ်းဆောင် ချက်လေးတွေ၊ ခေါင်းဆောင်နိုင်မှုစွမ်းရေတို့၊ စကားပြေပစ်ဖို့တို့၊ ဥပဒေပိုင်းဆိုင်ရာအမြင်ဖွင့်သင်တန်း(legal awareness)စတဲ့ စွမ်းရည်မြှင့်တင်တဲ့သင်တန်းတွေပေးထားတယ်”

ဥပဒေပိုင်းဆိုင်ရာအမြင်ဖွင့်သင်တန်း(legal awareness)ကို ပေးရခြင်းရည်ရွယ်ချက်မှာ ဥပဒေတခုကို သက်ဆိုင်သူများသိရန်လိုသလို၊ ဥပဒေထုတ်သူများလည်း သိရန်လိုအပ်ကြောင်း၊ လိုက်နာရမည့် လူတွေလည်းသိရန်လိုသည့်အတွက်ကြောင့် ရှေ့များဖြင့် သင်တန်းကို ပြုလုပ်ကြောင်းလည်း ပြေပြသည်။ HIV ပိုးကူးစက်ခံ ရပြီး ဆေးသောက်သုံးနေသူတွေ အဖမ်းခံရလျှင်သူတို့တွေ ဆေးမပြတ်ဖို့ အဖွဲ့မှ လိုက်လံဆောင်ရွက်ပေးသည်ဟု သိရသည်။

လက်ရှိမြန်မာနိုင်ငံတည်ဆဲဥပဒေ(၁၉၄၉ ဥပဒေ)ထက် လွှတ်တော်မှာ ပြည်ထိန်းရဲမှ ထပ်မံထုတ်လိုက်သည့် ဥပဒေ မူကြမ်းဟာ ထောင်ဒဏ်တွေပိုများလာခြင်း၊ ငွေဒဏ်တွေပိုမိုများ ကြာင်း တွေ့ရပြီး၊ ဥပဒေစိုးမိုးခြင်းမရှိခြင်းလည်း ပြဿတခုဖြစ်ကြောင်းကို “ဥပဒေစိုးမိုးခြင်းမရှိတာက လူတိုင်းအတွက် ပြဿနာဖြစ်နေတာပေါ့” ဟု ဆရာမ မဇာကြီးက ပြောပြသည်။

“သူတို့လေးတွေဟာ တကယ်တမ်းကျတော့ မိသားစုကို အနစ်နာခံပြီးဖြေရှင်းနေရတဲ့ သူတွေပေါ့နော်၊ ဒီလောက်ကြီးပြစ်ဒဏ်တွေမလိုပဲနဲ့ သင့်သင့်မျှတတဲ့ ငွေဒဏ်လောက်၊ မြူနီစပယ်အက် ဥပဒေ လိုမျိုးပေါ့၊ သူ့စည်းနဲ့အထိန်းအကွက်ဥပဒေကောင်းလေးထွက်ဖို့လိုတယ်”

လက်ရှိမြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးခြင်းမရှိ၊ ဥပဒေအရဖမ်းသည်ထက် လမ်းလွဲပြီးဖမ်းနေ ကြောင်းကို “တကယ်တာဝန်ရှိတဲ့လူတွေဖမ်းတာထက် သူတို့လက်သတ်မွေးထားတဲ့ အင်ဖိုမာ Informer (ရဲသတင်းပေး) အာဏာ၊ ပါဝါတွေပြပြီးတော့ မတရားညှင်းပန်းနှိပ်စက်တဲ့ အလုပ်တွေ၊ ခန္ဓာကိုယ် လိင်ပိုင်းဆိုင်ရာတွေ အတင်းအဓမ္မလုယူတာတွေ အများကြီးဖြစ်နေတယ်” ဟု ပြောပြပါသည်။

“အင်ဖိုမာတွေကို ဘယ်လောက်အတိုင်းအတာထိ အသွင်ယူခွင့်ပေးထားတယ်ဆိုတာ မသိဘူး၊ ဈေးညှိပြီးလို့ ပိုက်ဆံပေးတဲ့အထိလား၊ သူ့ကိုခန္ဓာပေးပြီးမှလား၊ သူတို့ကရဲထက်တောင် အာဏာပြတယ်၊ အချိန်မရွေး ပိုက်ဆံလာတောင်းတယ်၊ လူလာခေါ်တယ်” ဟု ဆက်လက်ပြီး ရှင်းပြ သွားသည်။ အကြမ်းဖက်မှုပိုင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးအပိုင်းတွေလိုအပ်ပြီး၊ တိုင်တန်းနေရာတွေရှိပြီး ဥပဒေထဲတွင် ထည့်သွင်းရေးထား သင့်ပေးကြောင်းကိုလည်း ပြောပြပါသည်။

လာမည့်အစိုးရအပေါ်တွင်လည်း မျှော်လင့်ချက်ကြီးကြီးထားကြောင်း၊ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင်တွေ ကောင်းစေမှာကို မျှော်လင့်ထားကြောင်းကို သူကဆက်ပြောသည်။ ဒီလုပ်ငန်း (HIVကာကွယ်ရေး၊ အမျိုးသမီး တွေအကြမ်းဖက်မှုပပျောက်ရေး)စဉ်များတွင် ရပ်ရွာထဲရှိ လူထုတွေ၏ ပူးပေါင်းပူးပေါင်းပါဝင်မှုကဏ္ဍ၊ အာဏာပိုင်တွေပူးပေါင်းပါဝင်မှု အလွန်ပင်အရေးကြီးတဲ့ အတွက်ကြောင့် တော်ဝင်ခရေအဖွဲ့အနေဖြင့် ရပ်ရွာလူထုပူးပေါင်းပါဝင်ရေး(community integration ) ခေါင်းစဉ်ဖြင့် တလ တကြိမ် ဆွေးနွေးပွဲများပြုလုပ်ကြောင်းကို ပြောပြသည်။

“ဒီအလုပ်ထဲကနေ ရုန်းထွက်ဖို့ကြိုးစားတယ်၊ ကြိုးစားတိုင်းမှာ အခက်အခဲပေါင်းစုံနဲ့ ပြန်ပြန်တွေ့ တယ်၊ ရုန်းမထွက်နိုင်ဘူး”

Related Articles