ကောကော်။ ရန်ကုန်
“သမီးကို ညလူတွေအိပ်တဲ့အချိန်မှာ အိပ်ငိုက်လို့ဆိုပြီး သမီးရင်သားကို ရေနွေးနဲ့လောင်း၊ နို့သီးခေါင်းကိုကတ်ကြေးနဲ့ဖြတ်တယ်၊ သမီးကို မအိပ်ခိုင်းဘူး” လို့ ငိုပြီးပြောတဲ့ သူမရဲ့ စကားကိုတောင်မနည်းနားထောင်ယူနေရပါတယ်။
လူတွေကိုကြောက်ရွှံ့နေတဲ့ပုံစံရှိပြီး မျက်နှာကလေးကို အောက်ငုံ့ထားပါတယ်။ ဘယ်သူတွေဘာပဲမေးမေး မဖြေနိုင်ရှာပါဘူး၊ သူမစိတ်ဒဏ်ရာ ဘယ်လောက်တောင် ရခဲ့လဲဆိုတာ ခန့်မှန်းရခက်ပါတယ်။
အသက်၁၅နှစ်သာရှိသေးတဲ့ အရွယ်မရောက်သေးတဲ့ မသန်းသန်းအေးဟာ ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားတဲ့ အတွက် အဖေနှင့်အတူ နေထိုင်ရပါတယ်။ မောင်နှမ(၄)ဦးရှိပြီး အထွေးဆုံးသမီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က တောင်ဒဂုံအပိုင် လဟာကွင်း၊ ဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးက သူ့ရဲ့ အဖေမှ တဆင့် အိမ်အကူ လုပ်ဖို့အတွက် စပ်မိရာက ငရဲခန်း စခဲ့ပါတယ်။
သူမရဲ့အဖေ ဦးထွန်းသိန်းဟာ မျက်နှာမသာမယာနဲ့ ဦးက အဲဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်တယ်။ “အဲဒီကျောင်းရဲ့ ဘုန်းကြီးတပါးက သူ့ရဲ့ဒကာမ ဒေါ်အေးအးဝင်းဆိုတဲ့သူက အိမ်အကူလိုနေတယ်။ သူမှာမြေးမလေးရှိတယ် အဖော်ရအောင်ဆိုဲပီး ခေါ်သွားတယ်။ ဦးက ဘာလို့ထည့်လိုက်လဲဆိုတော့ ဘုန်းကြီးကိုယ်တိုင်က အာမခံပြောနေတော့ သမီးကိုလွှတ်လိုက်ပါတယ်။ လေးငါးနှစ်အတွင်းမှာ ၂၀၁၄ ခုနှစ်တုန်းက တခါပဲ သမီးကို သွားတွေ့တယ်။ အဲဒီအချိန်မှာ သမီးက မပျော်ဘူး၊ ပြန်လိုက်ချင်တယ်လို့တော့ ပြောခဲ့တယ် သမီးရဲ့လုပ်အားခတော့ တပြားတချပ်မှမရခဲ့ပါဘူး၊ ဘုန်းကြီးရဲ့ အလှူ့ဒကာမ မို့လို့” လို့ ပြောပါတယ်။
မသန်းသန်းအေးဟာ ၅နှစ်တာလုပ်လာခဲ့သမျှ လုပ်အားခဆိုပြီး ကျပ် ၁ သောင်းတခါ၊ ၅ ထောင်တခါသာ ရဖူးခဲ့တယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့၊ တောင်ဝင်အိမ်ယာ(ဒဂုံ)၊ ၄၁ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်အေးအေးဝင်းတို့ မိသားစုနေအိမ်ကို ရောက်ရှိပြီး ၂လအကြာမှာ စတင်အနှိပ်စက်ခံခဲ့ရတာ ၅နှစ်နီးပါးပါ။ ဘာခံစားခွင့်မှလဲ မရရှိခဲ့ပါဘူး။
သူမက ခေါင်းလေးကိုငုံ့ပြီးအသံတိုးညှင်းစွာနဲ့ “သမီးကို အိမ်ရဲ့အနောက်ဖေးမှာအိပ်ခန်းထားပေးတယ်။ စောင်တွေ၊ ခြင်ထောင်တွေ မရှိဘူး။ ဒီတိုင်းအိပ်ရတာ။ သမီးခေါင်းကို စတီးယောင်းမနဲ့ ဝိုင်းရိုက်ကြတယ် “ ဆိုပြီးပြောတော့ သူမဦးခေါင်းကို ကြည့်လိုက်တဲ့အခါမှာ ကျိုးတိုးကျဲတဲ ဆံပင်ကြားမှာ ကွဲထားတာပြန်ချုပ်ထားတဲ့အရာတွေ၊ ဒဏ်ရာအပြည့်နဲ့ မြင်ရပါတယ်။ “သမီးကိုရိုက်တော့ သွေးတွေထွက်လာတယ်။ ပြီးတော့ဆေးတွေ၊ ပြန်ထဲ့ပေးတယ်”
အိမ်ရှင်ဒေါ်အေးအေးဝင်းတို့အိမ်မှာ အိမ်သား ၇ ယောက် ရှိတဲ့ အထဲမှာ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ဟာ သူ့ကို သံကြိုး၊ စတီးယောင်းမ၊ ကတ်ကြေးနဲ့ ဝိုင်းရိုက်ကြတဲ့အတွက် တကိုယ်လုံးမှာ ဒဏ်ရာအပြည့်ရရှိခဲ့ပြီး သူမကို ထမင်းအငတ်ထားကာ မကျွေးတဲ့အပြင်၊ ထမင်းစားတာကို ခိုးစားတယ်လို့ စွပ်စွဲပြီး လက်သန်းကိုလည်း ပလာယာနှင့် ဆွဲလိုက်သဖြင့် လက်သန်းကောက်ကွေးသွားတာကို မြင်တွေ့ရပါတယ်။
“သမီးကို ၁၀ရက်တပတ် ထမင်းမကျွေးပဲ ထားထားပါတယ် အပြင်ကို တိုင်ပြောရင် သမီးကြောင့် ကျကွဲပျက်စီးသွားတဲ့ ပစ္စည်းတန်ဖိုးတွေအစား ပြန်လျှော်ခိုင်းမယ်လို့ ပြောတယ်။ သမီးလက်က ပလာယာတွေနဲ့ ဆွဲထားလို့၊ နောက်ပြီး ရိုက်ထားလို့ ထုံကျင်နေတယ်။ ဒါကြောင့် ပစ္စည်းကိုင်ရင် ကျကွဲသွားတာ သမီးထွက်ပြေးရင်တောင် ဒီရပ်ကွက်ထဲက လူတွေအားလုံး သူတို့လူတွေပဲဆိုပြီး ခြိမ်းခြောက်တယ်”လို့ ပြောပါတယ်။
ဒေါ်အေးအေးဝင်း သမက်မှ ကန်လိုက်တဲ့အတွက် သွားကျိုးခဲ့ပါတယ်။ ၅နှစ်တာ နေ့စဉ်ရက်စက် နှိပ်စက်လာချိန်မှာ မခံနိုင်တော့တဲ့အဆုံး သူထွက်ပြေးလာခဲ့ပါတယ်။ မိသားစုရဲ့ အုပ်ထိန်းမှုအောက်မှာ မနေခဲ့ရသလို ၅နှစ်တာအတွင်း မိသားစုနဲ့ အဆက်အသွယ်မရတဲ့အချိန်မှာ ထွက်ပြေးလာခဲ့ရင်း ရပ်ကွက်ထဲမှတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးက ဇူလိုင် ၁၄ ရက်မှာ အကြောင်းကြားလာမှ သူမရဲ့ ဦးလေးဖြစ်သူ ကိုမျိုးဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။
ကိုမျိုးဦးက “သူမ(၄၁)ရက်ကွက်ကနေထွက်ပြေးလာပြီး အိမ်တအိမ်မှာ ဝင်ပုန်းနေတာကို အိမ်ရှင်တွေက တွေ့ပြီး သွေးအရမ်းထွက်နေတယ်၊ မဖြစ်ဘူးဆိုပြီး ရပ်ကွက်ရုံးကို အကြောင်းကြားပါတယ်။ ရပ်ကွက်ရုံးကနေ မေးမြန်းလို့ ကျွန်တော်တို့နေတဲ့ လေးထောင့်ကန်ကို အခုလို ပြန်ရောက်လာပါတယ်။ ရပ်ကွက်ရုံးက တဆင့် ရဲစခန်းကို အကြောင်းကြားပြီး ဆေးရုံးကိုပို့ပေးပြီး အမှုဖွင့်လိုက်တာပါ”လို့ ပြောပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးညီညီက “အမှုကို (၄)ချက်နဲ့ တိုင်ချက်ဖွင့်ထားပါတယ်။ ပုဒ်မ(၃၂၅) တုံးသောလက်နက်ဖြင့် ထုနက်ခြင်း၊ ပုဒ်မ(၃၅၄) ကာအိန္ဒြေဖျက်ဆီးမှု၊ ပုဒ်မ(၅၀၆)၊ ပုဒ်မ(၂၉၄)တွေနဲ့ ဆွဲချက်တင်ထားတယ်။ ၂၀ရက်နေ့မှာ မြောက်ဒဂုံရဲစခန်းမှာ အမှုဆွဲထားတယ်↔လို့ ပြောပြပါတယ်။ ရဲစခန်းက မသိကျွိုးကျွန်ပြုလုပ်လာရင် နောက်တဆင့် ကံယာကံရှင်ခံစားရသော စိတ်ခံစားချက်အပေါ်မူတည်ပြီး မျှတသော ဥပဒေကြောင်းအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မသန်းသန်းအေးကို ကုညီဆောင်ရွက်ပေးနေတဲ့ ဦးညီညီက ဆက်ပြောပါတယ်။ “ILO ကို အကြောင်းကြားမယ်။ ဒါတင်မက ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း အကြောင်းကြားမယ်။ ကလေးသူငယ်နဲ့ ပါတ်သက်တဲ့ အဖွဲ့တွေအကုန်လုံးကို အကြောင်းကြားမယ်။ နောက်ကျွန်တော်တို့ိနိုင်ငံမှာ ဒီလိုမျိုးမဖြစ်လာအောင် တိကျတဲ့ ဥပဒေပြဌာန်းပေးရမယ်“
မြန်မာနိုင်ငံဒေသများတွင် အရွယ်မရောက်သေးသော အိမ်အကူအမျိုးသမီးငယ်များ နှိပ်စက်ခံရခြင်း တူသော်လည်း နေရာဒေသသာ ကွဲသွားကြောင်းသူက ဆက်ပြောပါတယ်။“ကျွန်တော်တို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့နဲ့ ချိတ်ဆက်သွားပြီး ဆွေးနွေးပွဲတွေဆက်လုပ်သွားမှာပါ”ဦးညီညီက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကွန်ယက်ပေါင်း(၅၀၀)ကျော်မှ ဖြန့်ချိကြပြီး သတင်းစာရှင်းလင်းပွဲအတွက် (၂၀၀)ကျော်လောက် ဖြန့်ချိကြတယ်လို့ အိမ်အကူသန်းသန်းအေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီလိုမျိုး အဖြစ်အပျက်တွေကို တပြိုင်နက်ထဲမှာပဲ (၄)နေရာမှာ ဖြစ်ပျက်နေတယ်လို့ ကြားသိ၇ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ မမြင်နိုင်တဲ့၊ မတွေ့နိုင်တဲ့၊ မသိနိုင်တဲ့နေရာတွင်မှာ ကျွန်တော်တို့ရဲ့ ညီမငယ်တွေ၊ ကျွန်တော်တို့ရဲ့ပြည်သူတွေ၊ ဘယ်လောက်ထိတောင် ညှင်းပန်းနှိပ်စက်ခံနေရလဲ၊ ကျွန်တော်တို့ မသိရပဲနဲ့ သေဆုံးခဲ့ရသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်”
လူမဆန်စွာရက်စက်မှုကို ရဲစခန်းတွင် တိုင်ကြားထွက်ဆိုခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ထိရောက်တဲ့အရေးယူမှု တစုံတရာ မပြုလုပ်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒဂုံ) အလုပ်အမှုဆောင်အဖွဲ့များက ပြောကြပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာပါ ခံစားနေရတဲ့ မသန်းသန်းအေးကတော့ ရှိုက်ကြီးတငင်ငိုပြီး လူတွေဘာပဲမေးမေး တခွန်းနှစ်ခွန်းသာ ပြောနိုင်ပါတယ်။
မိခင်အုပ်ထိန်းမှု မရှိခဲ့သလို ဖခင်ရဲ့စီးပွားရေး မပြေလည်မှုကြောင့် အခုဆိုရင် ဦးလေးတော်သူ ကိုမျိုးဦးနှင့်အတူ ဦးလေးမိသားစုနဲ့ နေရာတာ လုံခြုံမှုရှိပြီး စိတ်သက်သာရာရကြောင်း ဦးလေးဖြစ်သူက ပြောပြသလို မသန်းသန်းအေးကတော့ ကလေးပင်ဖြစ်လင့်ကစား ခွင့်လွှတ်တိုင်သော အနေအထားနဲ့ ပြောပြပါတယ်။
“သမီး အ၇မ်း နာကျင်တယ်။ အဲဒီနေရာကို ပြန်မသွားချင်ဘူး၊ သူတို့ကိုတော့ ဘာမှ ပြန်မလုပ်ချင်ဘူး”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021