Home ဆောင်းပါး မြေနိမ့်ရာ လှံစိုက်

မြေနိမ့်ရာ လှံစိုက်

ကောကော်

“မိသားစုတွေနဲ့ မနေချင်ဘူး၊ ဒုက္ခရောက်မှာကို အရမ်းကြောက်သွားပြီ၊ ယောကျ်ားဆိုတာကိုလည်း အရမ်းကြောက်သွားပြီ ” လို့ ပတ်ဝန်းကျင်က စိတ်ကျန်းမာရေးမကောင်းသူလို့ သတ်မှတ်ပြီး ပစ်ပယ်ထားကြတဲ့ မအေးချောက ပြောပါတယ်။

“လမ်းထဲက ကောင်မလေးက အကြော်သွားစားမယ် ဆိုပြီး ဟိုအဝေးကြီးကို ခေါ်သွားတယ်။ အဲဒီအချိန်မှာ ယောကျ်ားသုံးယောက်က ငါတို့လဲလိုက်မယ်ဆိုပြီး နောက်ကလိုက်လာတယ်။ အကြော်စားပြီး ပြန်လာတော့ အခင်းတခင်းထဲအရောက်မှာ ကျမကို စော်ကားလိုက်ပါတယ်”

သူမဟာ အဲဒီအချိန်တုန်းက အသက် ၁၆နှစ်မပြည့်တတ်သေးပဲ အဓမ္မပြုကျင့်ခံရပါတယ်။ ဘဝသက်တမ်းတလျှောက်တွင် မိဘမဲ့အဖြစ်၊ မောင်နှမစွန့်ပစ်ခံရပြီး ပတ်ဝန်းကျင်တွင်လည်း စိတ်မနှံ့သူ၊ စိတ်ကျန်းမာရေး မကောင်းသူဟု ယခု အသက်၃၉နှစ်အထိ သတ်မှတ်နေကြဆဲပင် ဖြစ်ပါတယ်။

ဆံပင်ပုံက တိုတိုလေးနှင့် ခန္ဓာကိုယ်ကလည်း ပိန်ပိန်ပါးပါး၊ ရှေ့က သွားတွေမှာ မတွေ့ရတော့ပဲ စကားပြောရင်လည်း မပီမသနှင့် မနည်းနားထောင်ယူနေရပါတယ်။ သူမကို စိတ်မနှံ့သူဟု သတ်မှတ်ကြသော်လည်း စကားပြောဆိုရာတွင် ယဉ်ကျေးမှုရှိသယောင်ပင်။ ဉာဏ်ရည်မဖွံ့ဖြိုးတာလောက်ပဲ ရှိမည်ထင်ရပါတယ်။ သူမဟာ အိမ်တွေမှာ အဝတ်ငှားလျှော်သူဖြစ် အသက်မွေးဝမ်းကြောင်းလုပ်နေရပြီး တနေ့ ၁၅၀၀၊ ၂၀၀၀ ကျပ်လောက်သာ ရရှိပါတယ်။

“ကျမကိုတွန်းချပြီး စော်ကားပြီးတဲ့အခါမှာ ရင်ထဲမှာ တမျိုးကြီးပဲ၊ အိမ်ရောက်တော့ အမက ရိုက်တယ်။ သူရှက်တယ်တဲ့၊ ကလေးကိုလဲ ဖျက်ချမယ်ပြောတယ်၊ ကျမက ဖျက်မချချင်ဘူး မွေးမယ်ပြောတော့ ကျမကို ရိုက်ကြတယ်။ မွေးလာတော့ ယောကျ်ားလေးပေါ့၊ ရဲက ခေါ်မွေးစားထားတယ်၊ ခုကောင်းစားနေပါပြီ” လို့ မအေးချောက သူမရဲ့ မိခင်စိတ်ဓာတ်ကို ပေါ်လွင်အောင် ဖော်ပြနေပါတယ်။

သူမရဲ့ အပျိုဖော်ဝင်စအချိန် စော်ကားခံရပြီး သတ္တိရှိစွာနဲ့ သားလေးတယောက်ကို အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းတွင်လည်း တာဝန်မဲ့စွာနဲ့ပင် တယောက်ပြီး တယောက်စော်ကားခြင်းကိုလည်း ဆက်တိုက်ခံနေရပါတယ်။ သူမရဲ့ ခံစားချက်ကို သူမကိုယ်တိုင်ပင်လျင် သိပါတယ်။ “ ကျမခဲအိုကလဲ ရိုက်တယ်၊ ပြီးတော့ ကောင်မနင်ဘာဖြစ်လို့ လိုက်သွားတာလဲ၊ ခုတော့ နင်ခံရပြီ၊ ဆိုပြီး ရိုက်တော့ ကျမမှာ သွေးဥတွေနီရဲနေတာပဲ ”

ကျမအိမ်မှာမနေချင်တော့ အပြင်ကိုလျှောက်သွားတဲ့အခါမှာ ကျမကိုခေါ်ပြီး စော်ကားကြတယ်။ တခါမှ ဒီလိုမခံစားဖူးဘူး၊ ကျမကိုလည်း ပြောဆိုတာတွေခံရသွားပြီ၊ ဆိုပြီး စိတ်ထဲမှာ ခံစားရတယ်” လို့ သူမရဲ့ သိစိတ်က ခံစားချက်ကို ပြောပြပါတယ်။

သူမကိုယ်သူမကာကွယ်နိုင်ဖို့အတွက် ဗဟုသုတမရှိသလို သူမအတွက် ရပ်တည်ပေးမဲ့သူတစုံတယောက်မျှ မရှိခဲ့ပေ။ အော်ဟစ်အကူအညီတောင်းဖို့နေနေသာသာ သူမကိုယ်တိုင်ပင် စိတ်ပါနေသည်ဟု ပတ်ဝန်းကျင်က ယခုထိ ထင်နေကြဆဲပင်။

“ကျမကို စော်ကားတဲ့သူကို ကျမက နင်ဘယ်လိုလုပ်လိုက်တာလဲ၊ ငါ့ခဲအိုက ရိုက်တော့မယ်ဆိုပြီး ပြောတယ်။ ကျမအမကလဲ ကျမကို ဆဲတယ်၊ နောက်ပိုင်း နောက်ထပ်လူတွေလဲ ကျမကို မူးပြီး သူတို့ အိမ်ကို ခေါ်သွားတယ်။ မလုပ်ပါနဲ့ ကျမမှာ ကလေးငယ်ရှိတယ်ပြောလဲ မရဘူး” လို့ မအေးချောရဲ့ ဆက်တိုက်အမှောင်ကျနေတဲ့ လမ်းကို ရင်နာစွာပြောပြပါတယ်။

လူ့လောကထဲ ရောက်လာတဲ့ အပြစ်မဲ့တဲ့ ကလေးသုံးယောက်ကိုတော့ သူမက မိခင်ဆိုတဲ့စိတ်နဲ့ ရရာ အလုပ်နဲ့ ပြုစုလာခဲ့ရပါတယ်။ သူမရဲ့ ကာမကို ရယူခဲ့သော အမျိုးသားတွေမှာ တာဝန်ယူလိုသောစိတ်မရှိသည့်အပြင် ထောက်ပံ့မှုတစုံတရာမျှ မရှိကြောင်း၊ သူတို့စိတ်ထဲမှာတွေလည်း မအေးချောသည် လူတကာခေါ်တိုင်းလိုက်သွားသည်ဟုပင် ထင်နေကြကြောင်း သူမက ရင်နာစွာနဲ့ ပြောပြပါတယ်။

“ကျမကိုယ်ဝန်ရှိလာတော့ တာဝန်ယူဖို့ပြောပေမဲ့ တခြားလူနဲ့ပဲထင်နေတယ်၊ ဒါက နင်ကလေးပဲလို့ပြောပါတယ်၊ ကိုယ်ဝန်ရှိတာလဲ ကိုယ့်ကိုယ်ကို မသိဘူး၊ အဝတ်လျှော်တဲ့အခါမှာ မူးပြီးအန်တယ်၊ သူများကို ဖျက်ချဖို့ပြောပေမဲ့ မရတော့ ကလေးကို မွေးလိုက်ရတယ်”

ဖခင်မဲ့ခဲ့တဲ့ ကလေးသုံးယောက်ကို ကိုယ်ဝန်ရှိစဉ်ကာလကစပြီး ကြီးပြင်းလာသည့်အထိ အလုပ်အကိုင်မရှိပဲ ခက်ခဲစွာ ပြုစုခဲ့ရကြောင်း သူမကပြောပါတယ်။

“ကိုယ်ဝန်ကြီးနဲ့ အဝတ်လိုက်လျှော်ရတယ်၊ အားရှိတဲ့အစားအစာတွေလဲ မစားခဲ့ရဘူး၊ တရက်ကို ၅၀၀ကျပ်ပဲရပြီး အနှီးကျတော့ သူများတွေဆီကရတာပါ

သာမန် အမျိုးသမီးတယောက်လိုမျိုး လှလှပပဝတ်ချင်စားချင်စိတ်လဲ သူမတွင် ဖြစ်ချင်မိကြောင်း သူမရဲ့ ဆန္ဒကို ပြောပြပါတယ်။ “သူများဝတ်ပြီးသားအဝတ်ကို ရော့ယူဝတ်ပါဆိုပြီး ပေးမှ ဝတ်ရတာပါ၊ လှလှပပလဲ ဝတ်စားချင်တယ်၊ ကောင်းကောင်းမွန်မွန်လဲနေချင်ပါတယ်” သို့သော် မိသားစုသိုက်သိုက်ဝန်းနှင့် မနေချင်ကြောင်းသူမက ကြောက်ရွံစွာ ပြောပါတယ်။ “မိသားစုတွေနဲ့ မနေချင်ဘူး၊ ဒုက္ခရောက်မှာကို အရမ်းကြောက်သွားပြီ၊ ယောကျ်ားဆိုတာကိုလည်း အရမ်းကြောက်သွားပြီ ”

ကလေးသုံးယောက်ရသည့်အထဲတွင် သမီးလေးတယောက်ကိုတော့ သူမရဲ့ အနားမှာ ခေါ်ထားပြီး အကြီးဆုံးသားမှာတော့ ဘုန်းကြီးကျောင်းတွင် ဆွမ်းခံပြီး ရလာသော ထမင်းဟင်းတွေကို မိခင်ကို ကျွေးကြောင်း သူမက ကလေးရဲ့ သိတတ်စိတ်ကို ချီးကျူးပြောဆိုနေပါတယ်။ ယခုမှာတော့ သမီးလေးရှိနေပြီကတကြောင်း ၊ နောက်ထပ် အစော်ကားခံရမှာကိုကတကြောင်း အပြင်တောင်မထွက်ရဲတော့တဲ့ သူမမှာ တည်ငြိမ်စွာနေတတ်နေပါပြီ။

ပတ်ဝန်းကျင်ရဲ့ အမြင်မှာ မအေးချောကို စိတ်မနှံ့သူ၊ ယောကျ်ားများသူဟု သတ်မှတ်ကြသော်လည်း မြောက်ဥက္ကလာမှ မဝါဝါကျော်ဆိုသူက ဒီလိုမျိုးမမြင်ကြောင်း သူမရဲ့ ထင်မြင်ချက်နှင့် စိတ်ထားကို ပြောပါတယ်။

“လူတွေက သူမရဲ့စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို အခွင့် ကောင်းယူကြတယ်လို့ပဲ အမထင်တယ်”

ပတ်ဝန်းကျင်မှ အမျိုးသားနဲ့ အမျိုးသမီးများမှာ သူမကို ဖိနှိပ်မှုက မတူကြကြောင်း သူမကပြောပါတယ်။

“အမျိုးသမီးတွေက သူရဲ့ စိတ်အားနဲချက်ကို အကြောင်းပြုပြီး အနိုင်ကျင့်တယ်၊ စားဝတ်နေရေး မပြောလည်တာကို အကြောင်းပြုပြီး မတရားခိုင်းကြတယ်တန်ရာတန်ကြေးမပေးဘူး၊၊ အမျိုးသားတွေကတော့ သူကို စိတ်ပိုင်း၊ လိင်ပိုင်း၊ရုပ်ပိုင်းအကုန်လုံး နှိပ်စက်ကြတာ၊ အမတို့ ဒါမျိုးတွေ လက်မခံဘူး ”

“မအေးချောက ငယ်ငယ်ကတည်းက မိဘတွေနဲ့ ကင်းကွာခဲ့ရတယ်၊ အမနဲ့ပဲနေရတယ်၊ သူ့ကို ထိန်းပေမဲ့ အထိန်းမကွပ်လဲ မရှိတော့ သူနေချင်သလို နေလိုက်တော့ ဒီလိုမျိုးဖြစ်ခဲ့ရတာပဲ” လို့ မဝါဝါကျော်က ပြောပါတယ်။သူမကို စိတ်မနှပ်သူဟု သတ်မှတ်ကြသော်လည်း မိခင်စိတ်အပြည့်အဝရှိကြောင်း ၊ အမှန်တက.်မှာလဲ အသိစိတ်တွေ ရှိနေကြောင်း သူမက အတွင်းသိအစင်းသိပြောနေပါတယ်။ “ပတ်ဝန်းကျင်က အမြင်တွေ တဖက်စောင်းကြည့်ပြီး ဖိနှိပ်နေတဲ့အခါမှာတော့ သူကပြောပိုင်ခွင့်မရှိတော့ဘူး၊ အခွင့်အရေးလဲ ဆုံးရှုံးခဲ့ရတယ်၊ သူတို့ပြောတဲ့အတိုင်းပဲ မျောပြီးလိုက်နေလိုက်တဲ့ ပုံစံဖြစ်နေတာ” နောက်ထပ် မအေးချောလိုမျိုး အမျိုးသမီးတွေကို စော်ကားမဲ့လူတွေ မရှိအောင်၊ ဥပဒေတခုကို ဖိဖိစီးစီး၊ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသင့်ကြောင်း ၊သို့မှသာ အရွယ်မရောက်သေးသော အမျိုးသမီးငယ်လေးများအတွက် အကာအကွယ်ရှိမှာဖြစ်ကြောင်း သူမက ပြောပါတယ်။

Related Articles