ကချင်မလေး။
“အခုခေတ်က ယောက်ျားတဦးတည်းရှာတာကို ကျန်တဲ့မိသားစုအားလုံးဝိုင်းစားလို့မရတော့ဘူးလေ၊ အိမ်ရှင်မတွေကပါ လိုက်ပြီးစီးပွားရှာရတာပေါ့” လို့ ရွှေဖောင်ပိုင်ရှင် တဦးဖြစ်တဲ့ ဒေါ်ခေါန်တောင်က ပြောပြပါတယ်။
ဒေါ်ခေါန်တောင်တို့ ရွှေမော်က တနိုင်းဒေသမှာ ရှိပြီး ကချင်ပြည်နယ် အနောက်ပိုင်း ခရီးစဉ် တခုမှာ ဆုံခဲ့ကြခြင်းဖြစ်သည်။ ခရီးစဉ်ကိုတော့ မြစ်ကြီးနားက စထွက်ခဲ့ခြင်း ဖြစ်ပါသည်။
မြစ်ကြီးနားက အနောက်ဘက် မိုင် ၅၀ လောက်မှစပြီး လမ်း၏အနေအထားများကလုံးဝကို ပြောင်းလဲလာ ခဲ့သည်။ အရင်အင်္ဂလိပ်ခေတ်က ဖောက်ခဲ့တဲ့ လီဒိုလမ်းမကြီးပင်ဖြစ်သည်။ အခုအခါတော့ ခွက်တွေ၊ ချိုင့်တွေနဲ့ ပြည့်နက်နေပြီး လမ်းမကြီး ဘေတဖက်တချက်တွေလည်း ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ဆိုသည့် ဆိုင်းဘုတ်ကြီး ဟူးကောင်းချိုင့်ဝှမ်းတခုလုံးကို မျက်နှာပြောင်တိုက်ပြီး ၁ မိုင်အကွာတိုင်းမှာ မတ်မတ်ကြီးစိုက်ထူးထားတာကို တွေ့လိုက်ရသည်။
ဘေးမဲ့တော့ အကျယ်အဝန်းက (၆၀၇၈) စတုရန်းမိုင်ကျယ်ဝန်း ပုံကို မြေပုံနှင့်တကွ ဖော်ပြထားသည်။ ယုဇနကုမ္ပဏီ၏ ဧရာမ ပီလော်ပီနံစိုက်ခင်း ဧက(၂)သိန်းကျော်က ဘေးတဖက်တချက် မျက်စိ တဆုံးပင်ဖြစ်သည်။ သို့သော် ဆိုင်းဘုတ်တွင် ယုဇန ကုမ္ပဏီ၏ စက်ရုံနှင့် စိုက်ခင်း က ဖော်ပြခြင်းမရှိပဲ ပျောက်ဆုံးနေတာကို မြင်ရပါလိမ့်မည်။
ရှထူးဇွပ်နှင့် ဝရာဇွပ်နှစ်ရွာအကြားရှိ ကျေးရွာများဖြစ်ကြသည့် အောင်ရာ၊ ဘန်ကောက်ရွာတွေက ယုဇနကုမ္ပဏီ၏ အကြီးစားစီမံကိန်းကြောင့် ရွာလုံးကျွတ် အတင်းအဓမ္မပြောင်းရွှေ့ခံလိုက်ရသည်။
လမ်းဘေးတလျှောက်တွင် ပီလော်ပီနံအပင်များ အုပ်ဆိုင်းနေစေကာမူ အတွင်းပိုင်းမှာ ရွှေဖောင်များက မရပ်မနား “ဂလုံးဂလွမ်း” ဖြင့် ၂၄ နာရီလုံးလုံး လည်ပတ်နေသံကိုကြားရသည်။
ယုဇနကုမ္ပဏီစက်ရုံအဝတွင် စစ်ဆေးရေးဂိတ်တည်ရှိပြီး အဝင်အထွက် များကို စစ်ဆေးနေသည်ကို မြင်ခဲ့ရသည်။
အလုပ်သမားများက များသောအားဖြင့် နာဂစ်တုန်းက ဒုက္ခရောက်ပြည်သူတွေဖြစ်ကြတဲ့ ရခိုင်နှင့် ဗမာလူမျိုးအများစုဖြစ်ကြသည်။ ရွှေ့ပြောင်းခံရွာသားတွေကို အလုပ်အကိုင် ရရှိစေရမယ်လို့ ကုမ္ပဏီက ပြောနေသော်လည်းရွာသားများက ရွာအသိမ်းခံလိုက်ရသည့်အတွက် တရားရုံးတင်ပြီး လယ်မြေ၊ အိမ်ယာများရရှိရေးတွက် လုပ်ဆောင်နေကြသည်။ ရွာသားအများအစုက တောင်ယာ၊ ခြံမြေလုပ်ကိုင်ဖို့ မြေများမရှိတော့သည့်အတွက် ရွှေမှော်များသို့ သွားရောက်ကာ စီပွားရှာနေရသည်။
ကျွန်မတို့ အုပ်စု ယုဇန ကုမ္ပဏီ အထက်နားက လောဒ်ဂျာရွာအနီးရှိ အောင်ဂျာရွှေမော်ကို တရားဟော ဆရာတဦးနှင့် အတူ ရောက်ခဲ့ကြသည်။ မော်အဝင်၀ လူဝင်လူထွက်စစ်ဆေးရေးဂိတ်မှ ကျွန်မတို့ကို “ဟေ့ ဘယ်လဲဗျ” ဆိုတဲ့အသံကြောင့် ကျွန်မတို့အုပ်စုက နောက်လည့်ကြည့်မိပါသည်။ ကျွန်မတို့နှင့်အတူ ဒေသခံ ဘာသာရေးဆရာတဦးပါလာလို့ တော်သေးသည်။ ဆရာက “ခင်ဗျားတို့ ရွာလူကြီးကို အကြောင်းကြားထားပြီးပြီ” ဆိုတော့မှ “ သွားသွား” ဟု ခွင့်ပြုလိုက်သည်။
ရွှေမော်မရောက်မီ လောဒ်ဂျာရွာကို ဖြတ်ရပါသည်။ ရွာငယ်လေးမှာ မူလတန်းကျောင်းတကျောင်းရှိသည်၊ ဈေး နှင့် ဘုရားရှိခိုးကျောင်းများဖြင့် ရွာအင်္ဂါရပ် အပြည့်အစုံရှိသည်ဟု ထင်ရသည်။ သို့ပေမယ့် ရွာလယ်လောက်ရောက်သည့် အချိန်တွင် ရွာလမ်းမကြီးပေါ် ရေလျှံနေသည်ကိုတွေ့ရသည်။
“ကျွန်မတို့ရွာ အရင်က ဒီလိုရေမအိုင်ဘူး၊ အခုတော့ ရွာအထက်အောက်ရွှေမော်တွေဖြစ်ကုန်တော့ ရွာကိုရေတွေဝင်ပြီး အခုလိုဖြစ်တာပေါ့။ ဒီအတိုင်းဆို ဒီရွာတောင် မြဲပါ့မလားမသိတော့ဘူး” ဟု ဒေသခံ မရွယ်ဆိုင်းက ပြောပါသည်။
ရွှေမှော်ဖြစ်လာတော့ စီပွားရေးပိုပြီး မကောင်းလာဘူးလားလို့ ဆိုသည့်အခါမှာတော့ “ သူများမြင်ရင်တော့ ပိုကောင်းလာသလိုပဲ ဒါပေမယ့် ကျွန်မတို့လယ်မြေတွေက ရွှေမှော်လုပ်ကွက်အသွင်ပြောင်းသွားတော့ ရေရှည်အတွက် ဘာလုပ်စားရမှန်းမသိတော့ပါဘူး” ဟု သူမက ဆက်ပြောပါသည်။
အရင်လက အောင်ဂျာမော်ဟာ ယခုထက်ပိုပြီး စည်ကားသိုက်မြိုက်တယ်ဟု ပြောကြသည်။ ယခုနောက်ပိုင်းက လူ၁၀၀ကျော်ခန့်လောက်သာ ကျန်ပါတော့သည်။ မိုးရာသီလည်းဖြစ်ခြင်းက တစ်ကြောင်း၊ ရွှေတူးသည့် လုပ်ကွက်တွေကို တရုတ်ရွှေဖောင်တွေကို ၀ ကွက်ပေးလိုက်ခြင်းကြောင့်လည်း ဖြစ်တယ်လို့ ရွှေဖောင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ခေါန်တောင်ကပြောပြပါသည်။
ရွှေမှော်တွေမှာ အမျိုးသမီးများရောက်ရှိလာသည်မှာ အိမ်ထောင်၏ စီးပွားရေးကြောင့် အဓိကဖြစ်ပြီး လုပ်ကိုင်ရသည့် အလုပ်အမျိုးအစားများမှာ ကုန်စိမ်းသည်၊ အဝတ်အထည် ရောင်းဝယ်ခြင်း၊ ရွှေဖောင်များမှာ ထမင်းချက်ခြင်း၊ အချို့မှာမူ ကာရာအိုအေ ဆိုင်များတွင် အလုပ် လုပ်ကိုင်ကြပါသည်။
“ကျမနာမည်က မအေးသိန်း၊ မိသားစု ၅ယောက်၊ ရခိုင်ကနေ ယုဇနကုမ္ပဏီမှာ အလုပ်လုပ်ဖို့လာတယ် ဒါပေမယ့်အဲဒီမှာ ကျွန်မတို့ကို ၄ လ၊ ၅ လ လစာ တွေ မပေးဘူး အဲတာကြောင့် ကုမ္ပဏီကနေ ထွက်ပြေးပြီး ရွှေမှော်တွေမှာ လာပြီး လုပ်ကိုင်စားနေရတယ်” ဟု ကလေး ၃ယောက် အမေ မအေးသိန်းက ပြောပြပါသည်။
သူမခင်ပွန်းက ရွှေဖောင်မှာ နေ့စားအလုပ်သမားအဖြစ်ဝင်လုပ်ပြီး၊ သူမက ရွှေဖောင်သူဌေးများ၏ အဝတ်လျှော်ပြီး လုပ်ကိုင်စားသောက်ကြတယ်ဟု ပြောပါသည်။
အရင်ကတော့ တောင်ယာခြံလုပ်ပြီးလုပ်ကိုင်စားသောက်ပြီး အခုနောက်ပိုင်းတော့ ကုန်စိမ်းဆိုင်လေးအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်လာသူ ဒေါ်မာကော့က “ တောင်ယာခြံမြေကို ရွှေလုပ်ကွက်တွေကိုရောင်းပြီး ကုန်စိမ်းရောင်းတယ်၊ မနက်မိုးမလင်းခင် လင်မယား ၂ယောက် ဓါတ်မီးတလက်နဲ့ တယောက်နဲ့တယောက်တွဲ ပြီး ကုန်စိမ်းထမ်းပြီးရောင်းစားနေရပါတယ်” ဟု ပြောပါသည်။
သူမတို့ လင်မယားအသက်ကြီးလာပေမယ့် ငွေကြေးတစုံတရာ စုဆောင်းနိုင်တာ မရှိသေးဘူးလို့ အသက် ၅၅ နှစ်ရှိ ဒေါ်မာကော့ ဆက်ပြောသည်။
“ တခါတလေတော့ တောထဲဝင်ပြီး မှိုရှာ၊ မြစ်ချိုးပြီးလည်းရောင်းတယ်၊ အသက်ကကြီး ပိုက်ဆံက မစုမိသေးဘူး”
အသက် ၁၈နှစ်အရွယ် မဆိုင်းတောင်က “ ဒီမှာ ထမင်းချက်တဲ့အလုပ်လုပ်တယ်၊ တလကို ၇ သောင်းရတယ်” ဟု ပြောသည်။
ဆက်ပြီး သူမက “ ရွှေဖောင်မှာက အမျိုးသမီးဆိုလို့ ကျွန်မတစ်ယောက်တည်းက များတယ်၊ တခါတလေ သူဌေးကတော် ရှိတယ်၊ ယောက်ျားသားများအလယ်မှာ မိန်းမသားကတယောက်တည်းဆိုတော့ ဒီမှာက အသွားအလာ အနေအထိုင်ကအစ အရမ်း ဂရုစိုက်ရတယ်” ဟုလည်း ပြောပါသည်။
“ညဘက်အပေါ့အပါးသွားရမယ်ဆိုလည်း အရမ်းကြောက်တယ် ဒါပေမယ့် မတတ်နိုင်ဘူးလေ အမေနဲ့ မောင်နှမ ၄ ယောက်ကိုရှာကျွေးနေရတော့” ဟု မျက်ရည်များဝိုင်းလာပြီး နောက်ဘက်ကိုလှည့်ကာ မျက်ရည်စတွေကို အင်္ကျီစဖြင့်သုတ်နေသည်။
တနိုင်းဘက်က ရွှေမှော်နှင့် ပရင်းကျောက်မှော်များတွင်မူ အမျိုးသမီးငယ်များက လိင်အလုပ်သမားအဖြစ် ပြောင်းလဲလုပ်ကိုင်သူတွေများလာကြောင်းကိုတော့ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဆိုင်းဘူက “ အရင်ကတော့ ပတ်မှော်(ပယင်းမှော်)မှာလည်း စားသောက်ဆိုင်ဖွင့်တယ်၊ ဟိုမှာဆို မိန်းမပျိုလေးတွေက ထမင်းချက်ဖို့လာ ကြတယ် ဒါပေမယ့် ဟိုရောက်ရင်က မှော်အရပ်လည်းဖြစ်တော့ ပိုက်ဆံကလည်း ပေါ၊ အပျော်အပါး လောင်းကစားတွေကလည်း များဆိုတော့ ရွှေအောင်၊ ပယင်းအောင်တဲ့ ကျင်းသားတွေလည်း သုံးနိုင် ဖြုန်းနိုင်ဆိုတော့ အပျော်အပါးဆိုင်တွေလည်းများလာတယ်။ လှလှ ပပ ဝတ်စားချင်၊ ထမင်းချက်အလုပ်တွေက မလုပ်ချင်တော့ လိင်အလုပ်သမားတွေဖြစ်လာကြတယ်”ဟု ပြောပြသည်။
အချို့မိန်းကလေးများမှာမူ အခြားမှော်များ၊ တရုတ်ပြည်ထိ ရောင်းစားခြင်းခံလိုက်ရသည့် အဖြစ်မျိုးများပင်ရှိသည် ဟု သိရသည်။
မှော်များတွင် နေမကောင်းဖြစ်သော်အခါများတွင် ဆေးခန်းများမရှိသည့်အတွက် ဆေးအရောင်းဆိုင်များမှသာ ဆေးဝယ်သောက်ကြပြီး။ အဖျားပြင်းထန်သော လူနာ၊ ရွှေဖောင်များတွင် ထိခိုက်ဒဏ်ရသည့် သူများကမူ နီးစပ်ရာ ကျေးရွာဆေးခန်းများသို့ သွားလေ့ရှိကြောင်းကို ကိုယ်ဝန် ၈ လနှင့် မရွယ်တောင်က ပြောသည်။
“မှော်ထဲမှာတော့ ဆေးခန်းမရှိပါဘူး ဒါပေမယ့် ဆေးဆိုင်တော့ရှိတယ်။ အဖျားကြီးရင်တော့ ဂျထူးဇွပ်ရွာ၊ ဝရာဇွပ်ရွာတွေမှာသွားတယ်။ တချို့က မြစ်ကြီးနားကိုတန်းသွားကြတယ်။ အခုတော့ ကျွန်မဗိုက်ကို ၁၀မိုင်ကွာလောက်ရှိတဲ့ ဝရာဇွမ်ကျေးရွာမှာ အပ်ထားပါတယ်”
ကချင်ပြည်နယ်တွင် ရွှေမှော်၊ ပရင်းမှော်၊ ကျောက်စိမ်းမှော်ဆိုပြီး မရေတွက်နိုင်အောင် တောထဲ၊ တောင်ထဲ အနှံ့အပြားသာမက ချောင်းကြီး၊ ချောင်းငယ်များနှင့် ဧရာဝတီမြစ်ဖျား၊ မြစ်အောက်ပါမကျန် တူးဖော်လုပ်ကိုင်စားသောက်နေကြသည်။ ယခုနောက်ပိုင်းတွင် ကချင်ပြည်နယ်က အမျိုးသမီးအများစု၏ နှုတ်ဖျားများတွင်လည်း “ဟိုမှော်မှာ အခြေအနေကောင်းတယ်၊ ဒီမှော်မှာအခြေအနေကောင်းတယ်”၊ “ ဟိုမှော်သွားမယ်၊ ဒီမှော်သွားမယ်” ဆိုသည့် အသံများက ပိုပိုပြီး ရေးပန်းစားလာခဲ့သည်။ လက်ရှိ အသေးစား ကျောက်စိမ်း၊ ပရင်း နှင့် ရွှေလုပ်ငန်းများတွင်လည်း အမျိုးသမီးများ ပိုမိုပါဝင်လုပ်ကိုင်လာသည်ကို တွေ့ရှိလာခဲ့ရပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021