ကောကော်။
“အစ်မက လူတိုင်းဈေးရောင်းတာကို မကြိုက်ဘူး။ ဈေးရောင်းမှ ပိုက်ဆံရှာတတ်တာလား၊ အစ်မက ကိုယ်ရည်ကိုယ်သွေးနဲ့ ရှာတာကိုပဲ ပိုကြိုက်တယ်”
ကားတံခါးကို ဖွင့်ပြီး တက္ကစီပေါ်တက်ထိုင်လိုက်သည်။ ကားထဲတွင် လေအေးစက်ဖွင့်ထားပြီး ကားမောင်းသူကလည်း ညင်သာစွာဖြင့် မောင်းထွက်သွားပုံ၊ ကားရှောင်တိမ်းပုံ၊ စီးသူက စိတ်ချမ်းသာပုံကို ကြည့်ခြင်းအားဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနေကြောင်း အတတ်သိနိုင်ပါသည်။ တက္ကစီမောင်းသူမှာ အရပ်က ၅ပေ၊ ၃လက်မ စကားပြောဆိုပုံက အေးဆေးတည်ငြိမ်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိနေသည့် အမျိုးသမီးကား ဒရိုင်ဘာ တယောက်ဖြစ်နေပါတော့သည်။ သူမနာမည်ကတော့ ဆုမွန်ကျော်ပါ။
မဆုမွန်ကျော်ဟာ အိမ်နီးချင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် အမျိုးသမီးမော်တော်ယဉ်များ အသင်းကို တည်ထောင်ရန်အတွက် ကြိုးပမ်းနေတဲ့ ရှားရှားပါးပါး အမျိုးသမီး လည်း ဖြစ်ပါသည်။
အဖွဲ့ဖွဲ့စည်းရန် စတင်ခဲ့သည့်ရည်ရွယ်ချက်
မဆုမွန်ကျော်ဟာ ကျော်နှင်းဆီဆိုသည့် ကိုယ်ပိုင်ကားမောင်းသင်တန်းကို ဖွင့်လှစ်ထားသလို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလဲ လုပ်နေပါသည်။
သူမဟာ စာဖတ်ခြင်းကို ဝါသနာပါပြီး နိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေး ကို ဇောက်ချလုပ်ချင်သည်ဟု ပြောပြပါသည်။ “အစ်မတို့နိုင်ငံမှာ ဘွဲ့ရတဲ့သူတွေဟာ လွန်ခဲ့တဲ့ တပ်မတော်စစ်အစိုးရ လက်ထက်ကနေ ခုထက်ထိပဲ။ ဘွဲ့လက်မှတ်တွေ၊ သင်တန်းဆင်းလက်မှတ်တွေကို အမျိုးမျိုးကိုင်ပြီး အလုပ်လက်မဲ့တွေ အများကြီးပဲ။ အလုပ်လုပ်ရင်လဲ အလုပ်နဲ့ ထိုက်တန်တဲ့ လုပ်ခလစာ မရဘူး။ မရတဲ့အခါမှာ လူတွေဟာ ဈေးရောင်းကြတယ်။ အစ်မက လူတိုင်းဈေးရောင်းတာကို မကြိုက်ဘူး။ ဈေးရောင်းမှ ပိုက်ဆံရှာတတ်တာလား၊ အစ်မက ကိုယ်ရည်ကိုယ်သွေးနဲ့ ရှာတာကိုပဲ ပိုကြိုက်တယ်” ဟု ပြောပါသည်။
ဆုမွန်ကျော်သည် ပညာတတ်သော်လည်း အလုပ်လက်မဲ့ဖြစ်နေသူများအတွက်ရော ဆင်းရဲပြီး အမှန်တကယ် စားဝတ်နေရေးအတွက် လိုအပ်နေသော သူတွေအတွက်ပါ လုပ်ငန်းများ စဉ်းစားပေးသင့်သည်ဟု ပြောပြပါသည်။
သူမသည် ပညာမတတ်သော အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ပေးချင်သလို ဘွဲ့ရ ပညာတတ် အလုပ်လက်မဲ့များ များပြားနေခြင်းသည် အစိုးရအဆက်ဆက်တွင် အရည်အချင်းရှိသော သူကို မမွေးထုတ်နိုင်ပဲ ဘွဲ့လက်မှတ်တွေကိုသာ မွေးထုတ်ပေးနေခြင်းဖြစ်ကြောင်း မခံမရပ်နိုင်စွာဖြင့် ပြောသည်။
“ကုမ္ပဏီမှာ အမျိုးသမီးတွေ ရရာအလုပ်နဲ့ ပေးသလောက်လစာနဲ့ လုပ်နေရတယ်။ အလုပ်သမား ဥပဒေဆိုလည်း အကာအကွယ်မရှိဘူး။ ကုမ္ပဏီရဲ့ လူကြီးတွေနားမှာ အဆင်ပြေသလို ကပ်ရပ်ပြီး လုပ်တဲ့လူတွေရဲ့ လုပ်ရပ် ကိုလည်း အစ်မတို့ မြန်မာလုပ်သားတွေ ခံနေရတယ်။ ဒါကြောင့်လူတွေ စွမ်းရည်ကို နိမ့်စေတယ်”
မဆုမွန်ကျော်ဟာ သူမရဲ့ အမျိုးသားဆုံးသွားပြီးကတည်းက သမီးတစ်ယောက်နှင့် ဝန်ထမ်းလုပ်ခဲ့ပေမယ့် ထိုက်တန်သော လုပ်ခလစာမရခဲ့ကြောင်းပြောပါသည်။
“ဒါကို အစိုးရက မကာကွယ်နိုင်ဘူး။ အမျိုးသမီးတွေက သနားဖို့ကောင်းတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို စွန်းရည်မြှင့်ရမယ်၊ အစ်မ ကုမ္ပဏီမှာလုပ်တုန်းက ကိုယ်တိုင်ကားမောင်းဆွဲဖူးတယ်။ အိမ်ကားတွေ လိုက်မောင်းပေးတယ်။ အဲဒါက လုပ်ခလစာပဲ၊ ကားမောင်းမှ လစာများများရတဲ့ အလုပ်ကိုတွဲလုပ်ရတာ။ ဒါပေမဲ့အနှိမ်ခံရတယ်။ အမျိုးသမီးတွေအတွက်က ပညာအရည်အချင်းနဲ့တွဲလုပ်ရတဲ့အခါကျတော့ ပိုပြီး အဆင်ပြေတယ်။ ကျမတို့ဟာ သွားနေတဲ့လူပါ။ ရပ်နေတဲ့လူမဟုတ်ဘူး။”
သူဟာ ၁၇ နှစ်သမီးအရွယ်ကတည်းက ကားမောင်းတတ်ခဲ့သည်ဟုလည်း ပြောပြပါသည်။
သူမဟာ ပုံစံခွက်တခုထဲမှာ အထည့်ခံပြီး ရပ်နေရတာကို နှစ်သက်သူမဟုတ်ကြောင်း၊ ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို စိတ်ဝင်စားပြီး အမျိုးသမီး လူနေမှုဘဝကို မြှင့်တင်ပေးချင်သူဖြစ်ကြောင်း၊ သူမကားမောင်းသင်တန်း စတင်ဖွင့်လှစ်ရာတွင် အမျိုးသမီးများ ကားမောင်းနိုင်ရန် ရည်ရွယ်ပြီး တက္ကစီကားမောင်းရင်း ကိုယ်ပိုင်ကားမောင်းသင်တန်းကို စတင်ခဲ့ကြောင်း သိရပါသည်။
“အစ်မတက္ကစီစမောင်းတုန်းက အခက်အခဲအများကြီး ကြုံရတယ်။ အစ်မကားပေါ်စတက်တဲ့အချိန်မှာ အမျိုးသား တက္ကစီမောင်းတွေက ဒီအမျိုးသမီး ကားဘယ်တော့ ပြန်အပ်သွားမလဲဆိုပြီး ကြည့်ကြတယ်။ ဒါပေမဲ့ အစ်မက တစ်လကို တစ်ရက်ပဲနားပြီး အလုပ်လုပ်ခဲ့တယ်။ သူတို့ထင်သလို အစ်မကားပေါ်က မဆင်းရပဲနဲ့ ယူမောင်းတဲ့ ကားကနေတဆင့် ခရီးသည်တွေဟာ အစ်မရဲ့ ဖောက်သည် ဖြစ်လာပါတယ်။ ပြီးတော့ အစ်မရဲ့ သင်တန်းသား သင်တန်းသူဖြစ်လာတယ်” ဟု မဆုမွန်ကျော်က သူမရဲ့ အငှားကားမောင်းဘဝစတင်ပုံကို ပြောပြပါသည်။
သူမကားမောင်းနေစဉ် ခရီးသည်တွေနဲ့ ဆက်ဆံရတဲ့ အတွေ့အကြုံကိုလည်း “ကားပေါ်မှာ ပိုက်ဆံအိတ်တွေ ကျန်ခဲ့တယ်၊ ပြန်ပေးတယ်။ ဂျာနယ်မှာလည်း ပါလာတယ်။ ကျမတို့ အမျိုးသမီးတွေဟာ ကားမောင်းတယ် ဆိုပေမဲ့ အကျင့်စာရိတ္ထ ကောင်းမွန်တယ်ဆိုတာကို အစ်မက ရှေ့ကနေလုပ်ပြတာ” ဟု ပြောပြပါသည်။
အမျိုးသမီးနှင့် အမျိုးသား တက္ကစီမောင်းသမားများ သဘောသဘာ၀ မတူသော်လည်း သူမမှာ တောင့်ခံနိုင်ခဲ့သဖြင့် တခြားသော အမျိုးသမီးတွေကိုလည်း ဆွဲခေါ်နိုင်ခဲ့ပါသည်။ “ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုကြားကြိုကြားမောင်းတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး စည်ပင်ကနေတဆင့် ၂၇ဦးတရားဝင် စီးတီး တက္ကစီယူထားတာ တွေ့ရတယ်။ အစ်မက အငှားယဉ်မောင်းဘဝကို ပိုနှစ်သက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က အမျိုးသားတွေရဲ့ ဈေးကွက်ဝေစုထဲကို အမျိုးသမီးတွေအတွက် ဖဲ့ယူရတယ်။ အမျိုးသားမှလုပ်စားရမယ်ဆိုတဲ့ ဟာကို အစ်မက လက်မခံဘူး။ အစ်မကို ခရီးသည်တွေက အားလုံးလက်ခံတယ်။ အစ်မတို့ အမျိုးသမီး အချင်းချင်းဆက်သွယ်ပြီး တော့ ဝေစုတနေရာရသွားပြီ” လို့ဆုမွန်ကျော်က ပြောပြီး အမျိုးသမီးတွေအတွက် အမျိုးသားတွေ လုပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အားတက်သရောပြောနေပါသည်။
ထို့အပြင် အလုပ်အကိုင်အဆင်မပြေသော အမျိုးသမီးတွေအတွက် လမ်းဆက်ဖွင့်ပေးနိုင်ရန်နှင့် ယခု ၄၈ အထူး အမျိုးသမီးစံပယ်ယာ၊ ကျောင်းကားမောင်းနေသော အမျိုးသမီးများရှိနေသည့်အတွက် အမျိုးသမီးမော်တော်ယဉ် အသင်းတည်ထောင်ပြီး အမျိုးသားများနှင့် ပူးပေါင်းနိုင်သည့် စွမ်းအားတရပ် ဖြစ်လာရန် ရည်မှန်းထားသူလည်း ဖြစ်ပါသည်။
အထူးသဖြင့် သူမလုပ်ပေးချင်သည့် ရည်ရွယ်ချက်မှာ အမျိုးသမီးများ ကုမ္ပဏီတွင် အလုပ်ဝင်သည့်အခါ ကားမောင်းတတ်သည့် ပညာနှင့် တွဲမိပါက ဒရိုင်ဘာ လစာပါ ထည့်တောင်းလို့ရကြောင်း ပြောပါတယ်။ “အလုပ်ရှင်တွေက ဒရိုင်ဘာခန့်စရာမလိုတော့ဘူး။ အချိန်ပိုဆင်းနေရတဲ့ အမျိုးသမီးတွေအတွက် ကိုယ်ကိုယ်တိုင် ကားမောင်းပြီး အလုပ်လုပ်နေရတော့ စွမ်းရည်တွေ ပိုမြှင့်လာတယ်။ သို့မဟုတ်ရင် အမျိုးသားမောင်းတဲ့ ဘေးမှာ လိုက်စီးနေရပြီး ဖြစ်လာတတ်တဲ့ အကြမ်းဖက်ခံရတာတွေ ၊ အမျိုးသားတွေကို အားကိုးရတာတွေကို အစ်မက ဖယ်ထုတ်ချင်တယ်” လို့ပြောပြီး ဒီလိုလုပ်ဖို့ရန်လည်း သူမတယောက်တည်းလုပ်ရန် မရကြောင်း အသိပေးပါသည်။
အမျိုးသား တက္ကစီယဉ်မောင်းနှင့် အမျိုးသမီး ယဉ်မောင်းတို့ ကွာခြားမှုရှိကြောင်း ဆုမွန်ကျော်က ပြောပါတယ်။ “အမျိုးသမီးတွေက ကားမောင်းရင် အရက်မသောက်ဘူး။ အမျိုးသမီး အချင်းချင်းစောင့်ရှောက်လို့ရတယ်။ အိပ်ပျော်သွားလို့ လိုရာခရီးရောက်ရင်လည်း ရောက်ပြီဖြစ်တဲ့အကြောင်း နှိုးရုံပဲ။ ကားပေါ်မှာ ပစ္စည်း ကျန်ခဲ့ရင်လည်း အမျိုးသမီး ဖြစ်တဲ့အတွက် သိသာတယ်။ ယဉ်မောင်းဘယ်သူလဲဆိုတာ စုံစမ်းလို့ရတယ်။ တချို့ အမျိုးသားတွေကတော့ စိတ်ဖောက်ပြန်ပြီး ကိုယ့်ကို ဘယ်ကို ခေါ်ပြီး ခေါ်သွားလို့ မသိနိုင်ဘူးလေ”
ယခုအခြေအနေတွင်လည်း ကလေးတွေအစ အမျိုးသမီး ယဉ်မောင်းရှိလာကြောင်းကို သိနေသောကြောင့် အမျိုးသမီးတက္ကစီ ကိုသာ စီးချင်ကြပြီး ခရီးသည်တွေကအစ ဈေးမဆစ်ကြတော့ပဲ တခါတည်းသာ ငှားလိုက်ကြကြောင်း ဆုမွန်ကျော်က သူမရဲ့ ယဉ်မောင်း အတွေ့အကြုံကို ပြောသည်။
“အမျိုးသမီးတက္ကစီတွေ ပေါ်နေပြီ၊ ဘယ်လိုမျိုးလဲဆိုတာ စီးကြည့်ချင်တယ် ဆိုပြီး ခရီးသည်တွေက တမင်ကို ငှားကြတာရှိတယ်”
ရန်ကုန်မြို့ရဲ့ ကားလမ်းကြပ်မှုတွင် ဖြေရှင်းပုံမှာလည်း “အစ်မကြောင့် ကားတစီးပိုမကြပ်သွားရဘူး။ အနီးဆုံးလမ်းတခုကို ဖြတ်လမ်းကနေ ကွေ့ချပြီး တနေရာကနေ တန်းတက်လိုက်တာ။ ဒါကြောင့်ခရီးသည်အတွက် အချိန်မကုန်တဲ့အပြင် ကျေနပ်မှုရသွားတယ်။ အစ်မမေးလိုက်တယ်။ စီးတာ အဆင်ပြေရဲ့လား။ ခရီးသည်က ပြောထားတယ်လေ၊ အမျိုးသမီးမောင်းတဲ့ တက္ကစီကို စီးဖူးကြည့်ချင်တယ်ပြောတာကိုး”
တက္ကစီမောင်းသည့် လုပ်ငန်းကို သူမက ကျယ်ကျယ်ပြန့်ပြန့်ပိုလုပ်ချင်ရသည့် အကြောင်းရင်းမှာ အများရဲ့ အမြင်တွင် အမျိုးသမီးများသည်လည်း ယဉ်မောင်းပြီး ငွေရှာလို့ရနိုင်ကြောင်းကို ပြသချင်သည့်အကြောင်းနှင့် အမျိုးသမီးများလည်း တောင့်ခံထားရန်လိုကြောင်း ဆုမွန်ကျော်က ပြောပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021