Home ဆောင်းပါး မိအေး ထိုးဖောက်ခဲ့သည့် အမှောင်

မိအေး ထိုးဖောက်ခဲ့သည့် အမှောင်

001

နော်မေ (Hi)။

ကျောင်းဆင်းရင် အိမ်မပြန်ချင်ဘူး၊ အိမ်ကိုပြန်ရမှာတွေးပြီး ဝမ်းနည်းတယ်၊ ကျမကိုတွေ့ရင် ဂျီကျပြီဟု သူမက အစချီပြီးပြောပါသည်။ လူတိုင်းက အလုပ်ပြီးရင် မိမိ၏နေအိမ်ကိုပြန်ချင်ကြသော်လည်း ဘာကြောင့်မိအေး (အမည်ရင်းမဟုတ်) တယောက် အိမ်မပြန်ချင်ရသနည်း။

မိအေးသည်မူကြိုဆရာမတယောက်အဖြစ်ငြိမ်းချမ်းစွာလုပ်ကိုင်နေပါသော်လည်းအိမ်ပြန်မည်ဟုတွေးပြီးပြောလိုက်တိုင်းသူမ၏မျက်နှာကဝမ်းနည်းဟန်ဖြစ်လို့လာပါသည်။

မိအေးသည်ကယားပြည်နယ်တွင်နေထိုင်ပါသည်။သူမသည်မူကြိုဆရာမတစ်ယောက်လည်းဖြစ်ပါသည်။သူမသည်၁၉၉၇ခုနှစ်အသက်၂၁နှစ်အရွယ်တွင်အိမ်ထောင်ကျခဲ့သည်။ထိုချိန်တုန်းကသူမခင်ပွန်းသည်အစိုးရလစာစားဝန်ထမ်းတစ်ဦးဖြစ်သော်လည်းသူမနှင့်အိမ်ထောင်ကျပြီးမကြာမီပင်အလုပ်ထွက်လိုက်သည်။

မအေးကိုတွေ့သည့်နေရာမှာဘုရားကျောင်းဝင်းအတွင်းတွင်ဖြစ်သည်။ဘုရားကျောင်းဝင်းထဲတွင်တိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းလှပါသည်။နေရောင်များကလည်းသစ်ပင်များကြားပြိုးပြိုးပျောက်ပျောက်ဖြင့်ဖြာကျလျက်ရှိပါသည်။မိုးသားကင်းစင်ပြီးနေသာသောနေ့တနေ့လည်းဖြစ်ပါသည်။ထိုငြိမ်းချမ်းလှပမှုကိုမခံစားနိုင်ဘဲကိုယ့်ရင်ထဲအပူမီးကိုကြိုးစားငြိမ်းသတ်စဖြစ်သောမိအေးတစ်ယောက်မျက်ရည်များရစ်ဝိုင်းလျက်ဝမ်းနည်းစွာခုံတန်းပေါ်တွင်ထိုင်နေပါသည်။ဖြစ်ခဲ့ပြီးသားအတိတ်ကိုကြိုစားမေ့ဖျောက်ပစ်နေသည့်အလားရှိနေပါသည်။

“ကျမယောက်ျားကဝန်ထမ်းကနေထွက်လိုက်တယ်အဲတော့ကျမရရာအလုပ်အကုန်လုပ်တယ်။စက်လည်းချုပ်တယ်၊အဝတ်လည်းလျှော်တယ်ဒီကြားထဲသူကဂျီကျသေးတယ်။၂၀၀၉မှာကျမမူကြိုဆရာမစလုပ်တယ်” ဟုမျက်နှာမသာမယာဖြင့်သူမကပြောပါသည်။

သူမခင်ပွန်းသည်အိမ်ထောင်မကျခင်ကတည်းကအရက်သောက်တတ်သည်။ထို့ပြင် “ယူကတည်းကအရက်သောက်တယ်၊ကလေး(၂)ယောက်ရပြီးနောက်မှာအမြဲတမ်းမဟုတ်ပေမဲ့စပြီးရိုက်ပုတ်လာတယ်။နောက်ပိုင်းတော့ခဏခဏကျမကိုရိုက်လာတယ်။စိတ်ဒုက္ခတအားပေးတယ်၊ကျမကိုလည်းချုပ်ချယ်တယ်” ဟုသူမကပြောပြပါသည်။

သူမကိုယ်တိုင်ကလည်းအိမ်ထောင်ကျခြင်းသည်သူမကိုကံအကျိုးပေးမလှကြောင်းကိုလည်းဆို့နစ်စွာပြောပြပါသည်။“အိမ်ထောင်ကျပြီးကတည်းကပဲသမီးကိုလဲကိုယ့်ဘာသာပဲမွေးတယ်၊သားမွေးတုန်းကလည်းပိုက်ဆံ (၅၀၀)ကျပ်ပဲရှိတယ်ရအောင်မွေးခဲ့တယ်” ဟုသူမကအံကြိတ်ပြီးပြောပြနေပါသည်။

ထိုပိုက်ဆံ (၅၀၀)ကျပ်သည်သူမ၏ခင်ပွန်းကသူ့သူငယ်ချင်းထံမှသွားရောက်ချေးပြီးရသောငွေဖြစ်သည်။ “သူ့သူငယ်ချင်းနားသွားတောင်းလာတယ်သူ့သူငယ်ချင်းကကျမကိုညီမလိုအမလိုချစ်တယ်ခင်တယ်။သူ့သူငယ်ချင်းကလည်းသူ့ကိုပေးရင်အရက်သောက်ပစ်လိုက်မှာစိုးပေမဲ့လည်းသြော်သူ့မိန်းမကလေးမွေးရမှာပဲဆိုပြီးပေးချေးလိုက်တယ်” ကလေးမွေးစဉ်ကအဖြစ်ကိုပြန်ပြောင်းပြောပြသည်။

ဆက်ပြီး “ကလေးတွေကိုသူများတွေကချစ်လို့အရုပ်ဝယ်ပေးရင်လည်းသူကမကြိုက်ဘူးပြောရမလားမကျေနပ်ဘူးသူလည်းလုပ်ပေးနိုင်တယ်ပေါ့သမီးမွေးတုန်းကဆိုရင်ကျမအမေပဲအကုန်လုပ်ပေးရတယ်” ဟုသူမကလေးမွေးချိန်တွင်တွေ့ကြုံရသောငွေကြေးအခက်အခဲကိုပြောပြခဲ့ပါသည်။

သူမသည်ရရာအလုပ်အကုန်လုပ်သဖြင့်အဝတ်လျှော်သောအခါပြန်လာသောအချိန်တွင်လည်း “နင်ဘယ်သွားနေတာလဲငါဗိုက်ဆာတယ်ဆိုပြီးမူးပြီးပြောတယ်ကျမအပြန်နောက်ကျရင်အဆူခံရတော့မှာပဲဆိုပြီးအမြဲတမ်းစိုးရိမ်ရတယ်” ဟုသူမ၏အလုပ်လုပ်ချိန်မှပြန်လာမည့်အရေးကိုတွေးပြီးစိုးရိမ်နေရသည်။မအားလပ်ရာမှခင်ပွန်းသည်အတွက်လုပ်ပေးကြောင်းကိုလည်းပြောပါသည်။

သူမမူကြိုဆရာမလုပ်ပြီးနောက်ပိုင်းတွင်လည်းကျောင်းသွားခါနီးတွင် “မနက်တိုင်းမှာသူ့အတွက်ဖျော်ရည်လုပ်ပေးတယ်အိမ်ရာမထသေးရင်အိမ်ယာဘေးမှာထားပေးတယ်သူ့ကိုစာရေးထားခဲ့ရတယ်ကျောင်းသွားပြီးနော်ဖျော်ရည်လုပ်ထားပေးတယ်နေ့လည်ကျရင်ဟင်းလာပို့ပေးမယ်ဆိုပြီးရေးထားခဲ့တယ်” ဟုပြောပြပါသည်။

သူမ၏ခင်ပွန်းသည်အပေါ်လုပ်ကိုင်ပေးမှုကိုသိသောပတ်ဝန်းကျင်ကလည်း “ဒီလင်မယားလိုက်လည်းလိုက်တယ်သူ့ယောက်ျားဘယ်သွားသွားဘာလုပ်လုပ်လိုက်ချစ်တယ်လို့ပြောကြတယ်” ခင်ပွန်းသည်၏သူငယ်ချင်းကလည်းသူမခင်ပွန်းကို“မင်းမရှက်ဘူးလားအလုပ်လေးဘာလေးလုပ်လေမင်းမိန်းမကတအားလုပ်ပေးတယ်ငါသာဆိုရင်မင်းသေပြီ” ဟုပြောကြကြောင်းလည်းသူမကပြောပြပါသည်။

“သူအလုပ်မလုပ်ဘူးတအားဂျီတယ်အရင်တုန်းကဆိုမရိုက်ပုတ်ဘူးအခုနောက်ပိုင်းဆိုလက်တွေပါလာတယ်၊ဖြစ်ပြီးသားကိစ္စတစ်ခုကိုနောက်သုံးရက်နေလည်းဆက်ပြောတယ်ကျမကိုတအားသဝန်တိုတယ်” ဟုလည်းသူမကပြောပြပါသည်။

ကံကောင်းသည်လားကံဆိုးသည်လားမသိ။လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်တွင်သူမခင်ပွန်းဆုံးသွားသည်။

ဆုံးသွားသော်လည်းဝဋ်ကြွေးကမကုန်။သူမမှာခင်ပွန်းကိုသတ်မိသကဲ့သို့ဖြစ်ပြီးအချုပ်ကျခဲ့ရသည်။

သူမခင်ပွန်းသေဆုံးပုံကိုလည်းအခုလိုပြန်ပြောပြခဲ့သည်။“အဲတုန်းကကယားဒေးသွားလည်မယ်လို့လည်းပြောပြီးပြီးအေးငါထမင်းပြန်စားမယ်ည၁၁နာရီကျော်ရှိပြီကျမလည်းနင့်ဟာနင်စားချင်စားမစားချင်ရင်နေဆိုပြီးအိပ်လိုက်တယ်” ဟုပြောပြကာခေတ္တငြိမ်သက်သွားသည်။သို့သော်လည်းထိုညခင်ပွန်းဖြစ်သူအရက်မူးပြီးပြန်ရောက်လာပြီးထမင်းချက်ခိုင်းသည်မှပြဿနာစခဲ့သည်။ “ကြက်သွန်လှီးတဲ့အချိန်မှာသူကလည်းမူးပြီးယိုင်ကျလာကိုယ်လည်းနောက်လှည့်ချိန်မှာထိုးမိတယ်၂စင်တီမီတာလောက်ပဲထိုးမိတယ်အဲဒါနဲ့ကျမလည်းမသေနိုင်ဘူးဆိုပြီးသူ့ညီလေးကိုနိုးပြီးနင့်အစ်ကိုနဲ့ငါမတော်တဆဖြစ်လို့ဓားထိုးမိတယ်ငါသုံးဘီးပြေးခေါ်လိုက်မယ်နင့်အစ်ကိုကိုကြည့်ထားလို့ပြောလိုက်တယ်သုံးဘီးကိုပြေးခေါ်တယ်ဖိနပ်တောင်မပါဘူး” သူမယောကျာ်းဆုံးတုန်းကအကြောင်းကိုဝမ်းနည်းစွာမျက်ရည်များသုတ်ပြီးပြောပြပါသည်။

ဆက်ပြီးသူမက “အမှန်တကယ်ဆိုရင်သူ့ညီလေးကိုပြောပြတဲ့အချိန်မှာသူ့ညီလေးကချက်ချင်းသွားကြည့်မယ်ဆိုရင်အဲလောက်ထိဆိုးမှာမဟုတ်ဘူးနောက်မှကျမသမီးကပြန်ပြောပြတယ်အမိုးရေဦးလေးကအပါးလှဲကျပြီးတဲ့အချိန်မှထကြည့်တာတဲ့” ဟုယူကျုံးမရစွာဖြင့်ပြောပြပါသည်။

ထိုညတွင်ပင်သူမကရပ်ကွက်ဥက္ကဌကို သွားရောက်အကြောင်းကြားရာ ရပ်ကွက်ဥက္ကဌမှ ရဲများကိုခေါ်ပြီး သူမထံလိုက်လာခဲ့ကြသည်။ “အဲဒါနဲ့ ရဲစခန်းမှာတစ်ပတ်ကြာတယ် ရဲစခန်းမှာလည်း ကျမကို ဟိုမေးဒီမေးစစ်တယ်။ ကျမယောက်ျား အသုဘလည်း မကြည့်လိုက်ရဘူး သွားဖို့သူ့အမျိုးတွေက ပြောပေးတယ် ဒါပေမဲ့ ကျမမှာ လက်ထိပ်နဲ့သွားရင် တခုခုထပ်ဖြစ်မှာ စိုးရိမ်တယ် မသွားလိုက်ရဘူး နောက်မှ ခွေထဲမှာ ပြန်ကြည့်ရတယ် အရမ်းဝမ်းနည်းတယ်”ဟုမျက်ရည်စများကိုတစ်ရှုးဖြင့်သုတ်ပြီးသူမကပြောပါသည်။

ထိုပြဿနာဖြစ်ပြီးနောက်ပိုင်းတွင်၃လခန့်သူမအိပ်မရစားမရဖြစ်သည်။

“သူ့အမျိုးဘက်ကရုပ်သိမ်းလွှာတင်တယ်၊ရုပ်သိမ်းလွှာတင်ပြီးတဲ့တရားခံတယောက်ဟာလွတ်ကိုလွတ်ရမယ်လေ”ဟုသူမကဆက်ပြီးပြောပြပါသည်။ရဲစခန်းရောက်ပြီးနောက်တွင်လည်းအချုပ်ခန်းထဲတွင်၄လတိတိနေခဲ့ရကြောင်းကိုသူမကပြောပြပါသည်။သူမခင်ပွန်းသည်ဘက်မှဆွေမျိုးများကတရားရုံးကိုရုပ်သိမ်းလွှာတင်ပြီးနောက်တွင်သူမလွတ်ခဲ့သည်။သူမအချုပ်ခန်းထဲနေစဉ်အတွင်းတွင်သားသမီး(၂)ဦးကိုသူမ၏အမေကကြည့်ရှုစောင့်ရှောက်ခဲ့သည်။သူမလွတ်လာပြီးနောက်တွင်သူမ၏အမေအိမ်တွင်သွားရောက်နေထိုက်လျက်ရှိသည်။

မိအေး၏တူမဖြစ်သူကလည်း “ကျမရဲ့အဒေါ်ပါဖြစ်ခါစတုန်းကမသိလိုက်ဘူးနောက်တစ်ရက်နေမှသိတယ်ညသန်းခေါင်ကျော်လောက်မှာသူ့ယောက်ျားကမူးပြီးရစ်နေတော့သူမခံနိုင်ဘဲထမင်းထချက်တယ်အဲလိုနဲ့ဖြစ်သွားခဲ့တယ်” ဟုပြောပါသည်။

“သူအချုပ်ထဲကျသွားတဲ့အချိန်မှာတော့သွားအားပေးမယ်အဒေါ်အားမငယ်နဲ့ပေါ့” ဟုတူမဖြစ်သူကမိအေးကိုအားပေးစကားပြောခဲ့ပါသည်။

ပတ်ဝန်းကျင်ကလည်းသူမတို့လင်မယားစကားစများချိန်ကစကြားနေရပါသည်။သူတို့၏စိတ်ထဲတွင် “ဒီလိုဖြစ်သွားတာကောင်းပါတယ်၊” “ဟယ်….ဖြစ်မှဖြစ်ရလေစိတ်မကောင်းလိုက်တာ” “အေးရောသူ့မိန်းမပဲရှာကျွေးနေတာမိန်းမကိုလည်းမတရားနှိပ်စက်တယ်..” ဟုလည်းကောင်းသို့လော…….သို့လော…….ဖြင့်အမျိုးမျိုးဝေဖန်ပြောဆိုမှုများလည်းရှိပါသည်။

အခုတော့မိအေးသည်မုဆိုးမဖြစ်ခဲ့ရသည်။ခင်ပွန်းသည်အကြောင်းကြိုစားမေ့ပျောက်ပြီးယခုချိန်မှာသူမဘဝအနည်ထိုင်ခါစဖြစ်ပါသည်။သူမ၏မိဘအိမ်တွင်နေထိုင်ပြီးမူကြိုဆရာမတစ်ယောက်အနေဖြင့်ငြိမ်းအေးစွာ လုပ်ကိုင်နေပါတော့သည်။

မည်သို့ပင်ဆိုစေမိအေးတယောက်တော့အမှောင်တိုက်ကလွတ်မြောက်ခဲ့ပြီ။

Related Articles