(ကချင်မလေး)
နိုင်ငံတကာ စီပွားရေးစင်တာ (International Business Center) လို့ခေါ်တဲ့အဆောက်အဦးက နာမည်နဲ့ လိုက်အောင်ပဲ ဟိန်းနေလိုက်တာ။ အဝင်ပေါက်နှင့် အထွက်ပေါက် နှစ်ခုအလယ်မှာ လုံခြုံရေး အစောင့်တွေက အဝင်အထွက်ကို စောင့်ကြပ်နေတယ်။
အတွင်းပိုင်းသို့ ဝင်ရောက်သွားချိန်မှာတော့ လူ ၈ ဦးဆန့် စားပွဲဝိုင်း ၁၀ လုံးခန့်ချထားတာ တွေ့ရပါတယ်။ အရှေ့ဘက်မှာ စကားပြောစင်တခုနှင့် ၄” ခန့်ရှိစားပွဲအရှည်ကို မျက်နှာချင်းဆိုင်က ချထားတယ်။
အစီရင်ခံစာ မိတ်ဆက်ပေးရန် အချိန်ရောက်လာသည်နှင့်အမျှ ဧည့်သည်တွေ၊ သတင်းထောက်တွေက ဘာသာပြန်စက်ကိရိယာတွေကို အသီးသီးယူပြီး လက်မှတ်ထိုး ကာ ဝင်လာနေပါတယ်။
အဲဒီနေ့ မိတ်ဆက်ပေးတဲ့ အစီရင်ခံစာက “ မြန်မာနိုင်ငံ ဒေသဆိုင်ရာ အုပ်ချုပ်မှုတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်း” ဆိုတဲ့ အစီရင်ခံစာပဲ ဖြစ်ပါတယ်။
(မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDRI-CESD) နှင့် အေးရှားဖောင်ဒေရှင်း (The Asia Foundation) တို့က သုတေသနပြု လုပ်ထားသော အစီရင်ခံစာဖြစ်ပါတယ်။
“မြန်မာတနိုင်ငံလုံး အတိုင်းအတာအားဖြင့်ပြောရမယ်ဆိုရင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဆင့်မှာ (၁၉) ဦးရှိပေမယ့်လည်း မြို့နယ်အုပ်ချုပ်ရေးမှူအဆင့်မှာတော့ လုံဝမရှိဘူးလို့” စာတမ်းပြုစုသူ ပေါ မီနောလက်တ်တေး က အစီရင်ခံစာမိတ်ဆက်ရာမှာ ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လွတ်တော် (အထက်အောက် လွှတ်တော်နှစ်ရပ်ပေါင်း) တွင် အမျိုးသမီးကိုယ်စားလှယ် အမတ် စုစုပေါင်းမှာ ၄.၄% မျှသာရှိပြီး အာဆီယံဒေသအဆင့် ကြည့်မယ် ဆိုပါကလည်း မြန်မာနိုင်ငံတွင် အမျိုးသမီးလွတ်တော်အမတ် ပါဝင်မှုနှုန်းဟာ နောက်ဆုံးအဆင့် ၅.၇၉% သာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒေါက်တာညှိညှိသင်း (ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်) က လက်ရှိ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အင်မတန်အရည်အချင်းရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အားနည်းချက်က နေရာ မယူတတ်ပဲ သူတစ်ပါးကိုသာ နေရာပေးဖို့ပဲ စိတ်ကူးနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို နေရာမယူတတ်ခြင်းဟာလည်း သူတို့မွေးဖွားကြီးပြင်းလာရတဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် တွေအောက်မှာ မိန်းကလေးတွေဟာ နေရာယူဖို့ အခွင့်အလမ်းပေးမခံရဘူး။ သူတို့အတွက်နေရာ တွေမရှိဘူး၊ စနစ်ကလည်း ဖန်းတီးပေးခြင်းမရှိဘူးလို့ပြောပါတယ်။
“အဲဒီစနစ်ရဲ့သားကောင်တွေအနေနဲ့ ကျွန်မတို့အမျိုးသမီးတွေဟာ ကျွန်မတို့နဲ့ထိုက်တန်တဲ့ နေရာတွေကို မယူကြဘူး” လို့ပြောပါတယ်။
သို့သော်လည်း လက်ရှိ အနိုင်ရ နိုင်ငံရေးပါတီနှင့် အတိုက်အခံပါတီ တွေက ယေဘူယျ သဘောတူနေတဲ့ ကိစ္စတရပ်ရှိနေတယ်။ ဒါကတော့ “ ကိုတာ(Quot) စနစ်ကို မထည့်ဖို့သဘောထားနေတဲ့ အချက်တွေရှိနေပါတယ်” လို့သူက ပြောပါတယ်။
အမျိုးသမီးတွေကို အရည်အချင်းမရှိတဲ့ အတွက်ကြောင့်မို့၊ အဆင်သင့်မဖြစ်သေးတဲ့ အတွက်ကြောင့်မို့ သူတို့ကို ဆုံးဖြတ်ချက်ချတဲ့ အဆင့်တွေမှာ နေရာမပေးသင့်သေးဘူး လို့ ပြောဆိုချက်တွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့်မို့ ကိုတာစနစ်တွေကို အခုချိန်မှာ ဒါနဲ့မစတင် (introduce) မလုပ်သင့်သေးဘူးလို့ ပြောတယ်ဆိုရင် ဘယ်လိုလုပ် တရားမလဲလို့ ပြောချင်ပါတယ်။”
“ဘယ်အချက်၊ ဘယ်သုတေသနကို တွေကို အခြေခံပြီး မြန်မာနိုင်ငံမှာရှိတဲ့ အမျိုုးသမီးတွေဟာ အရည်အချင်းမရှိဘူးလို့ပြောရတာလဲ” လို့ အသံခပ်ပြင်းပြင်းနဲ့မေးခွန်းထုတ်ရင်း သူမစကားကို အဆုံးသပ်လိုက်တယ်။
တခါက ကယားပြည်က ရွာလေးတရွာမှာ အုပ်ချုပ်ရေးမှူးလင်မယားရဲ့ အဖြစ်အပျက်တခုကို ပြောပြချင်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်နေတဲ့ ခင်ပွန်းသည်က ကိုယ်ပိုင်အလုပ်ကိစ္စနဲ့ ခရီးမကြာခဏသွားနေရတော့ မိန်းမဖြစ်သူက သူ့တာဝန်ကို ယူခဲ့တယ်။ သူမဟာတကယ် ကျေးရွာအုပ်ချုပ်ရေးမှူးကောင်းအဖြစ် ရွာက လူကြီး လူရွယ်တွေက အစ သူမရဲ့ အရည်အချင်းကို မြင်တွေ့လက်ခံခဲ့ကြတယ်။
ရပ်ရွာအစည်းအဝေးမှာ လည်း ခင်ပွန်းသည် “အုပ်ချုပ်ရေးမှူးကိုယ်စား” တက်လေ့ရှိတယ်။ ဒါပေမယ့် နောက်တခါ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် သူမနာမည်နဲ့ပဲ အုပ်ချုပ်ရေးမှူး အဖြစ် အရွေးခံဖို့လုပ်တော့မှ ရပ်ရွာလူကြီးတွေက “မကောင်းဘူးထင်တယ်၊ နင့်ယောက်ျား နာမည်နဲ့ပဲလုပ်လိုက်ပါ၊ ယောက်ျားကိုဦးစားပေးပြီးတော့ ခါတိုင်းလိုပဲ အနောက်ကနေပြီး ပံ့ပိုးပေးလိုက်ပါ” လို့ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ နိုင်ငံရေး၊ ခေါင်းဆောင်မှုအပိုင်းတွေမှာရောက်ရှိလာဖို့က ယခုလို လူမှုရေးစံသတ်မှတ်ချက်၊ ယဉ်ကျေးမှုသတ်မှတ်ချက်တွေကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို့လည်း Care Myanmar အဖွဲ့က Gender Department မှ ဒေါ်ဖြူဖြူနှင်းက အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောပါတယ်။
အမျိုးသမီးတွေပါဝင်လာရန် အဓိက အဆင့်တွေရှိသည်။ ပထမက (တသီးပုဂ္ဂလအဆင့်- Individual ) အမျိုးသမီးတစ်ဦးချင်းရဲ့ လိုအပ်သည့်အရည်အချင်းတွေကို မြင့်တင်ပေးဖို့ဖြစ်သည်။ ဒုတိယက ( ပတ်သက်ဆက်နွယ်မှု- relation) ဆိုတဲ့ အမျိုးသမီးရဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူတွေ၊ အမျိုးသားတွေနှင့် ရပ်ရွာကလူတွေလည်း အရေးကြီးပါသည်။ တတိယအနေနဲ့ကတော့ (Men support) အမျိုးသားတွေရဲ့ ပံ့ပိုမှုဟာလည်း အင်မတန်လိုအပ်ကြောင်းကို “ ကျွန်မတို့က အမျိုးသားတွေရဲ့ နေရာကိုယူဖို့အတွက် လုပ်နေတာ လုံး၀ မဟုတ်ပါဘူး။ အမျိုးသမီးတွေ ရှိသင့်ရှိထိုက်တဲ့ နေရာမှန် ပြန်ရအောင်လို့ပဲ လုပ်နေတာ ဖြစ်တယ်”။
လက်တွေ့တွင် အချို့မှာမှု အမျိုးသမီးပါဝင်ရေး လို့ပြောရင် “anti-men concept” (အမျိုးသား ဆန့်ကျင်ရေး အယူအဆ) လို့ပဲ မြင်ကြသည်။ “ မဟုတ်ပါဘူး။ ကျွန်မတို့က အမျိုးသားတွေကို မတိုက်ပါဘူး။” အမျိုးသားတွေဟာဆိုလည်း အမျိုးသမီးများ၏ မိသားစုဝင်ဖြစ်သည့်အပြင် ရပ်ရွာအကျိုးကို အတူတူနေထိုင်သွားရမယ့် သူတွေဖြစ်တဲ့အတွက်လေးစားပါတယ်လို့ ပြောပါတယ်။
“ကျွန်မတို့ကို တူညီတဲ့လေးစားမှုတွေ ပြန်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ဒီလိုအပြန်အလှန်လေးစားမှုတွေသာရှိမယ်ဆိုရင် အမျိုးသမီးတွေပါဝင်ရေးကို ဒီလောက်ထိ အော်ဟစ်နေစရာမလိုတော့ဘူး” လို့ ထင်ကြောင်းကို Care Myanmar အဖွဲ့က Gender Department မှ ဒေါ်ဖြူဖြူနှင်းက အစီရင်ခံစာ မိတ်ဆက်ပွဲတွင် တည်ငြိမ်တဲ့ လေသံချိုချိုဖြင့် ပရိတ်သတ်ကို ပြောပါတယ်။
နိုင်ငံရေးဆုံးဖြတ်ချက်တွေ လုပ်ဆောင်တဲ့ နေရာတွေမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးနေတယ်ဆိုသည့်အောင် ခွဲခြားဆက်ဆံမှုများစွာ ရှိနေသေးကြောင်းကို မိဆူးပွင့်က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တွင်အမျိုးသားများနှင့်အတူလုပ်လုပ်စဉ်ကြုံတွေ့ရတဲ့အတွေ့အကြုံကို “အမျိုးသမီးတွေကိုဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်နိုင်ဖို့လမ်းဖွင့်ပေးတယ် ဆိုနေရင်တောင်မှလည်းကျင့်သုံးနေတဲ့စနစ်တွေကအမျိုးသမီးတွေအတွက်အခက်အများကြီးရှိတယ်”
အမျိုးသားများနှင့် အစည်းအဝေးခန်းတစ်ခုအတွင်းဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း “အမျိူးသားတွေကလိုချင်တဲ့အချက်တွေကိုကြိုတင်အစည်းအဝေးပြင်မှာ (အလွတ်ဝိုင်းတွေမှာ) ဆွေးနွေးပြီးပြီ။အစည်းအဝေးထဲမှာတော့ဆုံးဖြတ်ချက်ချဖို့ပဲ၊သဘောထားယူဖို့ပဲ။” ဟုမိဆူးပွင့်က ကြုံခဲ့ရတဲ့အစည်းအဝေးအတွေ့အကြုံတွေကိုပြောပြပါတယ်။
“အမျိုးသမီးခေါင်းဆောင်အသစ်တစ်ယောက်ဝင်တဲ့အခါကျတော့ သူတို့တွေကသူတို့တွေပြင်ဆင်ဆွေးနွေးပြီးသားကိစ္စထဲမှာကိုယ်မသိပဲနဲ့အကြီးအကျယ်ကြီးဒါကဒီလိုမဖြစ်သင့်ဘူးလို့ဒါကဒီလိုလို့ဆွေးနွေးနေတဲ့အခါကျတော့ဝတ်ကျေတန်းကျေပဲနားထောင်ပေးကြတော့တယ်။ဒါပေမယ့်သူတို့ဆီမှာဆုံးဖြတ်ချက်တော့ရှိပြီးသားလိုမျိုးဖြစ်နေတယ်။ ”လို့ပြောပါတယ်။
(မိဆူးပွင့်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တွင် ပထမဦးဆုံးသော အမျိုးသမီး အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ရွှေးကောက်ခံရသောသူ ဖြစ်သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ကို စတင်တည်ထောင်သူဖြစ်ပြီး၏ လက်ရှိတွင်လည်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် တစ်ဦးတစ်ဦးလည်းဖြစ်သည်။ ((NCUB) ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့၌ မာနယ်ပလောတွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ မြန်မာ့ဒီမို ကရေစီအင်အားစုနှင့်ကရင်၊ ချင်း၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ ရခိုင်၊ လားဟူနှင့် ‘ဝ’ စသည့်တိုင်းရင်းသားအဖွဲ့များနှင့် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB)၊အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ ပါလီမန် အမတ်များသမဂ္ဂ (MPU)နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) ပါဝင်သည်။)
ကိုတာစနစ်ဖြင့် အမျိုးသမီးကိုနေရာပေးခြင်းဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးများနိုင်ငံရေး၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပိုမိုပါဝင်လာဖို ဖြစ်နိုင်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ အတွင်းရေးမှူး ဒေါ်တင်တင်ညှိက “ကိုတာစနစ်အားဖြင့် ဖြစ်နိုင်ချေရှိတယ်၊ ဖြစ်ကိုဖြစ်တယ်” လို့ပြောပါတယ်။
အရည်အချင်းရှိတဲ့အမျိုးသမီးတွေ အများကြီးရှိပြီး တခုလိုအပ်တာက “ ဒီအတွက်ကို နိုင်ငံတော်ဘတ်ဂျက် ချမှတ်ထားပေးဖို့လိုတယ်”။
အမျိုးသမီးများအရေး၊ အမျိုးသမီးများဆုံးဖြတ်ချက်ချသည့် နေရာတွင် ပါဝင်နိုင်လာဖို့ကို စွမ်းစွမ်းတမံလုပ်ဆောင်နေသည့် အမျိုးသမီးများအဖွဲ့ကိုလည်း နိုင်ငံတကာမှ ထောက်ပံ့ကူညီဖို့ လိုအပ်တယ်လိုပြောပါသည်။
“ပါတီတွေကို စည်းရုံးပေးရမယ်၊ နိုင်ငံရေးပါတီ အာဏာရှိတဲ့ သူ၊ ပါတီတွေလည်း ဖိအားပေးရမယ်။ တချို့မှာလည်း အမျိုးသမီးကို ဆွဲခေါ်ရမယ်၊ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ကိုတာစနစ်က အဆင်ပြေပါတယ် ”
ဥပမာ- နိုင်ငံရေးပါတီမှာ ၆၀၀ ရှိတယ်ဆို အမျိုးသမီး ၂၀၀လောက်ပါဝင်နိုင်တာမျိုးရှိသင့်သည်။ ထိုအမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်ခြင်းကြောင့် လိုအပ်တဲ့ အထောက်ပံ့များကို နိုင်ငံတော် ဘတ်ဂျက်မှ သတ်မှတ်ပေးခြင်းနှင့် အမျိုးသမီးဦးရေ သတ်မှတ်ပေးခြင်းရှိမည်ဆိုလျှင် ကိုတာစနစ် အကျုံးဝင်သည်ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံရဲ့ ပါလီမန်နှင့် နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ “ကိုတာစနစ်( ခွဲတမ်းစနစ်) တခုနဲ့ပဲတော့ မလုံလောက်ပါဘူးလို့ ယူဆတယ်၊ ကိုတာထဲမှာ ၃၀% ပါဖို့ထိမျှော်မှန်းထားတဲ့အထိကို တကယ်အရည်ချင်းရှိရှိ နဲ့ပါနိုင်ဖို့ဆိုရင် (packages) အလိုက် စွမ်းရည်မြင့်တင့်ပေးတဲ့အစီစဉ်တွေလည်း ပါဖို့လိုတယ်” လို့ မဇင်မာအောင်က ပြောပါတယ်။
(ဇင်မာအောင်သည် လူ့အခွင့်အရေးနှင့်အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်ပြီး Rainfall Gender လေ့ကျင့်သင်ကြားရေး အဖွဲ့ထူထောင်သူများထဲမှ တဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်က International Women of Courage Award ဆု ချီးမြှင့် ခံခဲ့ရသူလည်း ဖြစ်သည်။)
“မြန်မာနိုင်ငံ ဒေသဆိုင်ရာအုပ်ချုပ်မှုတွင် အမျိုးသမီးများ ပါဝင်ဆောင်ခြင်း” အစီရင်ခံစာရေးသားသူ ကလည်း အစိုးရသည်ရွေးကောက်ခံနေရာများအတွက်ဖြစ်စေ၊နိုင်ငံရေးပါတီများ၏ကိုယ်စားလှယ် လောင်းများ၏စာရင်းတွင်ဖြစ်စေအနည်းဆုံးအမျိုးသမီးအချိုးအစားကိုပြဌာန်းရန်အတွက် ခွဲတမ်း စနစ်(ကိုတာစနစ်) တစ်ခုကိုအသေအချာစဉ်းစားသင့်ပါသည်။ပြည်နယ်နှင့်တိုင်းများတွင်ပြည်နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ရွေးကောက်ခံရာထူးများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရာထူး များတွင်လည်းထိုသို့ခွဲတမ်းစနစ်ကိုစတင်ကျင့်သုံးရန်အထူးသင့်တော်သော နေရာများဖြစ်သည်။
နိုင်ငံတကာအတွေ့အကြုံများကပြသသည်မှာခွဲတမ်းစနစ်၏အောင်မြင်မှုကြောင့်အမျိုးသမီးများ၏
တက်ကြွမှု၊ပါဝင်မှုတို့မြင့်တက်လာသည်။ထို့ပြင်အစိုးရအနေဖြင့်အမျိုးသမီးများ၏ကြိုက်နှစ်သက် မှုများကိုလည်း တုန့်ပြန်ရန်သေချာစေသည်။ထို့ကြောင့်ဖြစ်နိုင်သောမူဝါဒများကိုသေချာစွာ အစီအစဉ်ရေးဆွဲပြီးမြန်မာ့သဘာဝနှင့် ကိုက်ညီသောမူဝါဒများကိုရေးဆွဲရန်လိုအပ်သည် ဟု အကြံပြုထားသည်။
(MDRI-CESD) အဖွဲ့သည်လွတ်လပ်သည့်သုတေသနအဖွဲ့အစည်းတခုဖြစ်သည်။ ( The Asia Foundation) ကပြောင်းလဲဖွံ့ဖြိုးလာသောအာရှဒေသအတွင်းပိုမိုတိုးတက်သည့်ဘဝများဖြစ်ပေါ်လာအောင်ကြိုးစားဆောင်ရွက်နေသည့်အကျိုးအမြတ်အတွက်မဟုတ်သောနိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းတခုဖြစ်သည်။)
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021