နန်းဆိုင်နွမ်
နွားလှည်းပေါ်မှာ ပစ္စည်းတွေအပြည့်အစုံ အိုးခွက်ပန်းကန်တွေက အစတင်ပြီး မောင်းနှင်းနေကြတဲ့သူများ၊ ဆိုင်ကယ်နဲ့ ပစ္စည်းတွေ တပိုင်တနိုင်တင်ကာ ဦးတည်ရာမဲ့ မောင်းနှင်းနေကြပါတယ်။
နွားလှည်းတွေနဲ့ ဆိုင်ကယ်တန်းကြီးကို ကြည့်လိုက်လျှင် အညာဒေသ ရွာဓလေ့ ပွဲစျေးတန်း လှည့်နေကြတဲ့အလားထင် ကောင်းထင်ပါလိမ့်မယ်။ အညာဒေသလို့ လူသိများသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းမှာ ဖြစ်နေသော်လည်း ပွဲစျေးတန်း သွားနေတဲ့ နွားလှည်း ဆိုင်ကယ်တန်းတော့မဟုတ်ပါဘူး။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မုံရွာမြို့နယ်အတွင်း ကျေးရွာထဲသို့ စစ်ကြောင်းထိုးမှုကြောင့် ဦးတည်ရာမဲ့ ထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်တွေပဲ ဖြစ်ပါတယ်။
“စစ်ကြောင်းထိုးရင် နွားလှည်းပေါ်တက်ပြီး လွတ်ရာကို ပြေးရတာပေ့ါ။ မပြေးရင် ဖမ်းဆီးတာ နောက်တော်လှန်ရေးတပ်ဖွဲ့ တွေကို မေးမြန်းတာတွေလုပ်မယ်။ ပြီးရင် သူတို့က နှိပ်စက်ကြတယ်” လို့ ယာယီစစ်ရှောင် ဒေါ်လုံး (အမည်လွှဲ) က လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေကို ပြောပြလာပါတယ်။
ယာယီစစ်ရှောင်ဆိုတာ အခြားပြည်နယ်၊ တိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်တဲ့ နေရာများကဲ့သို့ စစ်ဘေးရှောင် စခန်းများတွင် ရေရှည်နေတဲ့သူများမဟုတ်ဘဲ စစ်ကောင်စီစစ်ကြောင်းလာစဉ် ထွက်ပြေးပြီး စစ်ကြောင်း ပြန်သွားချိန် မိမိ နေရပ်ကို ပြန်သွားကြသူများဖြစ်ပါတယ်။
ယာယီစစ်ရှောင်တွေဟာ လှည်းပေါ်ကိုစားစရာ သောက်စရာ၊ ချက်ပြုတ်စရာတွေ နဲ့ အဝတ်အစားတွေအချို့ကို အဆင်သင့် ပြင်ဆင်ထားပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းလာတဲ့ အသံကြားတာနဲ့အမျှလှည်းပေါ်တက်ပြီး လွတ်မယ်ထင်တဲ့ နေရာကိုဦး တည်ပြေးလွှားကြကြောင်း ဒေါ်လုံးက ရှင်းပြပါတယ်။
စစ်ကြောင်းဟာ ဒေါ်လုံးတို့ နေတိုင်းတဲ့ကျေးရွာ၊ ဒါမှမဟုတ် ကျေးရွာအနီးဝန်းကျင်တွေမှာ လရှည်နေထိုင်ပါက ဒေါ်လုံး တို့ လည်းနေရပ်ကို လနဲ့ချီမပြန်ရဘဲ ကွင်းပြင်ထဲ၊ တောတွေမှာစုပြီး နေထိုင်ကြရပါတယ်။
“စစ်ကြောင်းတွေ ပေါ်မူတည်ပြီးနေရတာပါ။ စစ်ကြောင်းက ရွာကနေ ချက်ချင်းထွက်ရင်တော့ ရွာကို ချက်ချင်းပြန်လို့ ရတာ ပေါ။ စစ်ကြောင်းက လနဲ့ ချီကြာရင် ကျမတို့ က ကွင်းပြင်မှာ တစ်လ နှစ်လလောက်နေရတယ်။ စားစရာမရှိတော့ရင် ဝေခွဲ စားသောက်ရတာပေါ့” လို့ ဒေါ်လုံးတစ်ယောက် စိတ်မကောင်းစွာနဲ့ ပြောပြနေပါတယ်။
၂၀၂၄ ခုနစ်အတွင်းမှာ ဒေါ်လုံးတို့ ကျေးရွာက ပြည်သူတွေဟာ စစ်ကြောင်းကြောင့်လွတ်ရာကိုထွက်ပြေးရတာ ၁၀ ကြိမ်ထက် မနည်းကြောင်း ပြောလာခဲ့ပါတယ်။
“ ကျနော်တို့ ဒီနှစ်အတွင်းမှာ ၁၀ ကြိမ်မကတော့ဘူး ပြေးနေတာ။ အလုပ်လည်း အေးဆေးမလုပ်ရဘူး။ စပါးရိတ်တော့ မယ့် အချိန် ၊ မြေပဲနုတ်ရမယ်အချိန်ဆိုရင် စစ်ကြောင်းက ရောက်လာပြီ” လို့ ဒေါ်လုံးက ဝမ်းနည်းတဲ့ လေသံနဲ့ပြောလာပါတယ်။
အညာဒေသ အမျိုးသမီးတွေဟာ “ကျမ” လို့ခေါ်ဆိုပြောဆိုတာထက် “ကျနော်”လို့ ပြောဆိုသုံးနှုန်းကြပါတယ်။
အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင် နောက်ထပ်တမျိုးကတော့ ရေရှည်စစ်ဘေးရှောင်ပါပဲ။ ရေရှည်စစ်ဘေး ရှောင်အများစုကတော့ နေရပ်ပြန်စရာနေအိမ်မရှိတော့တာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် နေအိမ်မီးလောင်ပြာကျမှုတွေ ဖြစ်ရတဲ့သူတွေဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း နေအိမ်မီးရှို့ ပျက်စီးခဲ့ရတာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ အများဆုံးဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၃ နှစ် ခွဲကျော်ကာလအတွင်း နေအိမ်အဆောက်အဦးပေါင်း ၆ သောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ယခုနှစ်အတွင်းမှာတော့ နေအိမ်နဲ့ အဆောက်အဦး ၄၇၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီးပါပြီ။ ဒုတိယအများဆုံးက မကွေးတိုင်းဖြစ်ပါတယ်။ အရေအတွက် တသောင်း ၄ ထောင်နီးပါးဖျက်ဆီးခံရကြောင်း မြန်မာ့ မဟာဗျူဟာနှင့်မူဝါဒ လေ့လာရေးအင်စတီကျု (ISP-Myanmar)ရဲ့ နိုဝင်ဘာလထုတ် သုတေသနစာတမ်းတွင် ဖော်ပြထားပါတယ်။
အဲဒီထဲမှာတော့ ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းရွာက ဒေါ်ပြုံးတို့ရဲ့ နေအိမ်လည်း အပါအဝင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနစ် နိုဝင်ဘာလပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းထိုး စစ်ဆင်မှုကြောင့် ဒေါပြုံးဟာ တောထဲသို့ စတင်ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။ သူဟာ ရေရှည်စစ်ဘေးရှောင်စခန်းမှာ နှစ်နှစ်ကျော် နေထိုင်နေသူပါ။
“စထွက်လာတုန်းက လက်နက်ကြီး၊ လေကြောင်းဗုံးကြဲတဲ့ကြားပြေးလာတော့ ကိုယ်ကိုကိုယ်သေပြီထင်ခဲ့တာ။ တောထဲမှာ နှစ်ညအိပ်ခဲ့ရတယ်။ စားစရာလည်းမပါဘူး။ ပထမ ရက်တော့ဘာမှ မစားရဘူး။ ဒုတိယရက်တော့ ပလဖ (ပြည်သူ့ လုံခြုံရေး အဖွဲ့) ကမုန့်တွေလာပေးလို့ စားရတယ်” ထွက်ပြေးလာတဲ့ နေ့ရက်အကြောင်းကို ဒေါ်ပြုံးက ပြန်ပြောပြလာပါတယ်။
လက်ရှိမှာတော့ သူဟာ စစ်ဘေးရှောင် ၂၀၀ ဝန်းကျင်တွေနဲ့အတူ အမျိုးသား၊ အမျိုးသမီး နေရာခွဲခြားမထားဘဲ ကျော တပြင်စာ ဖျာခင်းပြီး အိပ်စက်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိကြောင်းလည်း ရင်ဖွင့်လာပါတယ်။
“ကျနော်တို့ နေတဲ့စစ်ရှောင်က အားလုံးစုပြီးအိပ်ရတာ။ ယောင်္ကျား၊မိန်းမ ခွဲမထားဘူး။ ညည ဘယ်လိုကောင်းကောင်း အိပ် ပျော်မှာလဲ။ ယောင်္ကျားတွေနဲ့ဆိုတော့ စိတ်ကမလုံဘူး။ အပျိုဝင်စတွေ ပိုဆိုးတာပေါ့” လို့ စိုးရိမ်မှုတွေအကြောင်းကိုဒေါ် ပြုံးကရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနစ် အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းနေထိုင်တဲ့ အမျိုးသမီးတွေကို တော်လှန်ရေးတပ်သားတစ်ဦးက မုဒိမ်းကျင့်တဲ့ဖြစ်စဉ်တွေလည်း ကြားသိရတဲ့အတွက် ဒေါ်ပြုံး တစ် ယောက် အပျိုမိန်းကလေးတွေအတွက် ပူပင်သောက ဖြစ်နေရကြောင်း ဆက်ပြောလာပါတယ်။
“တော်လှန်ရေးတပ်သားက မိန်းကလေးကို မုဒိမ်းကျင့်တာ၊ နောက် အရပ်သားအမျိုးသားက မိန်းကလေးတွေကို မုဒိမ်းကျင့် တဲ့ သတင်းတွေခဏခဏ ကြားရတော့ ကျနော်တို့လည်း ဒီမှာနေရတာ ကျောမလုံဘူး။ လက်နက်သံကို ကြောက်ရသလို အမျိုးသားတွေကိုလည်း ကြောက်နေရတယ်” လို့ ဒေါ်ပြုံးက ဆိုပါတယ်။
အညာဒေသမှာ မြေပြင်တိုက်ပွဲ အရှိန်မြင့်တက်လာတဲ့အမျှ စစ်ဘေးရှောင်ဦးရေလည်း တိုလားပြီး၊ လက်ရှိ စစ်ဘေးရှောင် တွေဟာ စားဝတ်နေရေး ပိုကျပ်တည်းလာကြောင်းလည်း Women Alliance Burma မှ တာဝန်ရှိသူ မမေကပြောပါတယ်။
“ဒီမှာက IDP (စစ်ဘေးရှောင်စခန်း)က ရှားတယ်။ ကြုံသလိုပဲ ဘုန်းကြီးကျောင်းမှာနေကြတာ။ စားဖို့ နေဖို့ခက်ခဲကြတယ်။ ရေရှည် စစ်ရှောင်ဆိုရင် ပုံမှန်ထောက်ပံ့မှုမရှိဘူး။ ကိုယ့်နည်းကိုယ်ဟန်ဖြေရှင်းရတယ်။ နောက်ရောပြီးနေရတော့ ကြမ်းခင်းမှာ အတူအိပ်ရတော့စိတ်မလုံခြုံဘူး။ အမျိုးသမီးတွေ ရာသီဓမ္မတာလာရင်ပိုခက်ခဲတာပေါ့” လို့ စစ်ဘေးရှောင်တွေအ ကြောင်းပြောလာပါတယ်။

အညာဒေသ စစ်ဘေးရှောင်တွေဟာ နေရာအတိအကျမရှိဘဲ ပြေးလွှားနေရသလို တောထဲမှာကြုံသလိုအိပ်စက်ကြရပြီး ဝမ်းရေးမှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဖြေရှင်းရတဲ့နေရက်တွေများလာတာကြောင့် ဘဝဟာ စိန်ခေါ်မှု ပိုကြီးလာကြောင်း စစ်ဘေးရှောင် အမျိုးသမီးတွေက ပြောဆိုကြပါတယ်။
“ကျနော်တို့က မုံရွာမြို့ပေါ်တက်ပြီး နေ့စားလိုက်တာရှိတယ်။ အနီးဝန်းကျင်မှာ မြေပဲနှုတ်တာတွေလုပ်တယ်။ အလှူရှင် တွေ မရှိတော့ ကိုယ့်ဘာသာကိုယ်ဖြေရှင်းရတာများပါတယ်” လို့ ဒေါ်ပြုံး ကပြောပြပါတယ်။
ဆာလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အများစုဟာ မုံရွာမြို့ပေါ်သို့ သွားရောက်ပြီး နေ့စားလိုက်တော့လည်း စစ် ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲမှုတွေကိုလည်း ကြောက်လန့်နေရကာ အခုနောက်ပိုင်း နေ့စားလိုက်ရန်အတွက်လည်း ပိုခက်ခဲလာကြောင်းလည်း သူကဆိုပါတယ်။
“အခုနောက်ပိုင်း ပေါ်တာဆွဲတာ ပိုဆိုးလာတယ်။ ကျနော်တို့ စစ်ရှောင်စခန်းထဲက အမျိုးသားတွေ ပေါ်တာဆွဲခံရတာလည်း ရှိတယ်။ အခုထိ ပြန်မလာရဘူး။ ကျနော်တို့လည်း ကြည့်သွားနေရတယ်” လို့ ဒေါ်ပြုံးက စိတ်မကောင်းစွာပြောလာပါတယ်။
တနေ့ထက်တနေ့ပိုကျပ်တည်းလာပြီး စစ်ဘေးရှောင်စခန်းထဲမှာ စုပြုံနေထိုင်ရတာ ၂နှစ်ကျော်လာတဲ့အတွက် မိမိနေအိမ်ကို အမြန်ဆုံးပြန်ချင်လို့ နေ့စဉ်ဆုတောင်းနေကြကြောင်း ဆိုကြပါတယ်။
စစ်ဘေးရှောင်ထွက်လာရတဲ့နေ့ရက်ကစပြီး ညအိပ်ချိန်မှာ အိပ်မောကျ ကောင်းမွန်စွာ အိပ်စက်ရတဲ့နေရက်မရှိသလို အိပ်မ ပျော်တဲ့ နေ့ရက်တွေများလာပြီး အိမ်ကိုပြန်ချင်စိတ်နဲ့သာ နေထိုင်နေကြရပါတယ်။
“ပြန်စရာအိမ်မရှိပေမယ့် ကိုယ့်ဒေသကိုယ်ပြန်နေရရင် အိမ်ပြန်ဆောက်ပြီး စိတ်ချလုံခြုံမှုနဲ့ ကောင်းကောင်းမွန်မွန် အိပ်စက် ချင်တယ်။ အမြန်ပြန်နိုင်ဖို့လည်း ဘုရားရှိခိုးတိုင်း ဆုတောင်းနေပါတယ်” လို့ ဒေါ်ပြုံးက သူ့ရဲ့ဆန္ဒကို ပြောခဲ့ပါတယ်။
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025