ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသားလူထုရဲ့ကျန်းမာရေးအတွက် အားထားရာဖြစ်တဲ့ မဲဆောက်က မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ နော်စင်သီယာမောင်ကို ထိုင်းနိုင်ငံ၊ မြောက်ပိုင်းရှိ Naresuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
သူဟာ အာဆီယံဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန် တဲ့ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေတာကြောင့် အခုလိုမျိုးဘွဲ့ပေးအပ်တာ ဖြစ်ကြောင်း Naresuan ရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေက“ဒေါက်တာ စင်သီယာမောင်ကို အခုလို ထိုင်းနိုင်ငံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့်တာဟာ သူမနဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ နယ်စပ်စည်းမျဉ်းမှာ နှစ်ရှည်ကြာ ကျန်းမာရေး၊ ပညာရေးနဲ့ လူ့အခွင့် အရေးအပေါ် စွမ်းစွမ်းတမံလုပ်ဆောင်မှုကြောင့်လို့ ယုံကြည်တယ်”လို့ ပြောပါတယ်။
ဆရာမကြီး ချီးမြှင့်ခံရတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကလည်း ဆရာမကြီးနဲ့အတူ သူတို့ရဲ့လုပ်ငန်းကြောင့် အကျိုးခံစားရတဲ့ နှစ်နိုင်ငံပြည်သူတွေအတွက်လည်း အကျိုးသက်ရောက်မှု ရှိစေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုလို ဆရာမကြီး ဒေါက်တာ နော်စင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခံရတဲ့အတွက် ကေအဲန်ယူ – ကရင် အမျိုးသားအစည်းအရုံးအနေနဲ့ လွန်စွာဝမ်းမြောက်ဂုဏ်ပြုယူပြီး ဆရာမကြီးအနေဖြင့် လူသားအကျိုးပြုလုပ်ငန်းတွေကို ယခုထက်မက ပိုမိုလုပ်ဆောင်နိုင်စေဖို့လည်း ဆန္ဒပြုထားပါတယ်။
နှစ်ပေါင်းများစွာ အခက်အခဲတွေကြားမှာ ဦးဆောင်လာခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦး အခုလိုအသိအမှတ်ပြုမှု ထပ်ပြီး ချီးမြှင့်ခံရတဲ့အတွက်လည်း အရမ်းကိုဂုဏ်ယူလေးစားပါတယ်လို့လည်း ဆရာမ နန်းဖော့ဂေက ဖြည့်စွက်ပြောခဲ့ပါ တယ်။
Naresuan University က နှစ်စဉ် Honorary Doctorate အတွက် သက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူတွေရဲ့ အဆိုပြု တင်ပြမှု ကိုတက္ကသိုလ်ကောင်စီမှ ရွေးချယ်ကာ ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၁၁ ရက်မှာပြုလုပ်ခဲ့ပြီး ထိုင်းဘုရင့်တော်ဝင် မိသားစုမှ Princess Maha Chakri Sirindhorn ကိုယ်တိုင် ချီးမြှင်ပေးအပ်တာဖြစ်ပါတယ်။
ဒေါက်တာနော်စင်သီယာမောင်ဟာ ကရင်အမျိုးသမီးတယောက်ဖြစ်ပြီး ၁၉၈၈ လူထုအုံကြွမှုနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိလာသူဖြစ်ပါတယ်။ သူဟာ မယ်တော်ဆေးခန်းကို တည်ထောင်ပြီး ၁၉၈၉ ခုနှစ်မှ စတင်ကာ ထိုင်း− မြန်မာနယ်စပ်တစ်လျှောက်မှ အရေးပေါ် လူနာများ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါတယ်။
ဒေါက်တာ စင်သီယာမောင်ရဲ့ လူမှုကူညီရေးတွေအတွက် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုပေးအပ်ခဲ့သလို ၂၀၀၃ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းများအဖြစ် ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံမှ ဆေးဝါးအဖွဲ့အစည်းတွေ ပူးပေါင်း ချီးမြှင့်တဲ့ Jonathan Mann Award ကိုလည်း ၁၉၉၉ ခုနှစ်မှာရရှိခဲ့ပြီး ဒေါက်တာ စင်သီယာမောင်ဟာ Jonathan Mann Award ကိုပထမဦးဆုံးရရှိတဲ့ အမျိုးသမီးလည်းဖြစ်ပါ တယ်။