ရှင်ငြိမ်း
“အိမ်လေးတစ်လုံးလိုချင်တယ်.. အရမ်းလှပဖို့လည်း မလိုဘူး.. ငါနာကျင်ခံစားရချိန်ဆို အနားယူနိုင်ရုံလေးပါ”လို့ ဆွဲဆွဲငင်ငင် နဲ့ သီဆိုနေတဲ့မိန်းကလေးငယ်လေးရဲ့ အသံက ကြားရသူကိုလွန်စွာဂရုဏာဖြစ်စေပါတယ်။
သီချင်းလေးရဲ့အဓိပ္ပါယ်က နားခိုနိုင်ဖို့အိမ်လေးတစ်လုံးလိုချင်ကြောင်း စပ်ဆိုထားတဲ့သီချင်းပါ။ ဒီသီချင်းဟာ မြို့ပြနေသူ တွေအတွက်တော့ သာမန်သီချင်းဖြစ်နိုင်ပေမယ့် စစ်ဒဏ်ကိုနှစ်ပေါင်းများစွာခံစားနေရပြီး အိုးအိမ်စွန့်ခွာနေရတဲ့ ဒုက္ခသည် တွေအတွက်တော့ ရင်ကိုထိမှန်စေတဲ့ သီချင်းဖြစ်ခဲ့ပါတယ်။
ဒီသီချင်းလေးရဲ့ အဆိုရှင်ကတော့ သူတတ်ကျွမ်းတဲ့သီချင်းတွေဆိုပြီး ဒုက္ခသည်စခန်းက ဘဝတူကလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးနေတဲ့ အသက် ၁၇ နှစ်အရွယ် ကရင်လူမျိုး နော်မာသာထူးဝါးဖြစ်ပါတယ်။
“သီချင်းဆိုလို့ရတဲ့ ငွေတွေကို ဒုက္ခသည်တွေကိုလှူဖို့ပေါ့။ ရတဲ့ပိုက်ဆံတွေကို မြန်မာပြည်မှာရှိတဲ့ ကျောင်းသားလေးတွေကို စကောလားရှစ်(ပညာသင်ဆု)ပေးချင်တယ်။ မိုးမိုး(အမေ)ရှိတဲ့ အချိန်ကလည်းပေးခဲ့တယ်။ သူတို့ကို ကူညီပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာတယ်”လို့ မာသာထူးဝါးက မြန်မာလို မပီမသနဲ့ ပြောပါတယ်။
ဖိုးမူကြီးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ မာသာထူးဝါးဟာ ဖခင်မရှိတဲ့နောက် မိခင်နဲ့အတူ မလေးရှား၊ သြစတြေးလျ၊ ဂျပန် နဲ့ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာ သီချင်းဆိုပြီး ဒုက္ခသည်တွေကိုကူညီထောက်ပံ့နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း မိခင်မပါဘဲ အမေရိကားမှာ တစ်လတာ ဖျော်ဖြေရေးလုပ်ပြီး ရရှိတဲ့ငွေကြေးကိုဒုက္ခသည်တွေအတွက် ပေးလှူခဲ့ပြန်ပါတယ်။
သူ့ရဲ့ရည်ရွယ်ချက်ကတော့ နေဖို့စားဖို့ခက်ခဲတဲ့ ဒုက္ခသည်တွေရဲ့ ဘဝကိုစာနာနားလည်သလို စာသင်ကြားခွင့်ဆုံးရှုံးနေတဲ့က လေးတွေကို ပညာတတ်စေချင်တဲ့အတွက် အခုလိုကူညီထောက်ပေးနေတာလည်းဖြစ်ပါတယ်။
မာသာထူးဝါးရဲ့ မိခင်ဟာပြည်တွင်းစစ်ကြောင့် ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းကြာရှည်နေခဲ့ရသူဖြစ်ပြီး ဘဝတူတွေရဲ့အခက် အခဲတွေကို နားလည်သိရှိတာကြောင့် တတ်နိုင်သရွေ့ကူညီနေတာပါ။
“လက်ရှိဒုက္ခသည်စခန်းမှာ ကလေးတွေ အရမ်းအန္တရာယ်များတယ်။ စာမသင်နိုင်ဘူးလို့ကြားတယ်။ ကျောင်းလည်း မသွားရ ဘူးတဲ့။ ကျောင်းက အရမ်းအရေးကြီးတယ်လို့ တွေးမိတယ်။ ကြောက်နေရတဲ့အခြေအနေနဲ့ နေရတာကို စိတ်မကောင်းဘူး ” လို့ မာသာထူးဝါးက သူသိတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေကို ရှင်းပြပါတယ်။
သူဟာ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးပြင်းခဲ့သူမဟုတ်ပေမယ့် အသက်ငယ်ငယ်လေးနဲ့ မြန်မာပြည်အရေးအတွက် တတ်ကျွမ်းတဲ့ သီချင်းတွေဆိုကာတော်လှန်ရေးအတွက် ကူညီနေတဲ့ မိန်းကလေးငယ်တစ်ဦးလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုအောက်က မြန်မာလူငယ်တွေ လွတ်လပ်မှုရဖို့အတွက် ဘယ်လောက်ကြိုးစားရုန်းကန်နေရကြောင်းရေးဖွဲ့ ထားတဲ့သီချင်းကိုလည်း ကိုရီးယားဘာသာနဲ့ သီဆိုထားပါသေးတယ်။
သီချင်းနာမည်က“The Spring of Myanmar လို့ပြောပေမယ့် တကယ့်မူရင်းနာမည်က Everything will be OK” ပါ။ ကိုရီးယားဂီတသမားတစ်ဦးက မာသာကို ပေးဆိုခိုင်းခဲ့တာဖြစ်ပါတယ်။ မာသာရဲ့ မိခင်နဲ့ ဆရာမဖြစ်သူက သီချင်းကိုအရင်နား ထောင်ပြီးသီဆိုဖို့ လက်ခံခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း မြန်မာနိုင်ငံနည်းတူစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးဖြစ်ပွားခဲ့ဖူးပြီး သီချင်းက ဒီအကြောင်းကိုအခြေခံကာ ရေးဖွဲ့ထားတာလို့လည်း မာသာက ရှင်းပြပါတယ်။
“အဲဒီစာသားက မြန်မာပြည်သူတွေအတွက် ခွန်အားပေးလို့ရတဲ့သီချင်းပါ။ ကိုရီးယားမှာရှိတဲ့သူတွေဟာ မြန်မာပြည်သူတွေ အတွက် ဘာလုပ်ပေးနိုင်တာရှိမလဲလို့ စဉ်းစားလိုက်တော့ သီချင်းပဲရှိတယ်”လို့ သူက ဆိုပါတယ်။
သူဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက်ပဲ ကူညီနေတာမဟုတ်ပါဘူး။ အရင်ကလည်း နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အတွက် ရန်ပုံငွေရှာဖွေရေးတွေမှာလည်း ပါဝင်အားဖြည့်ပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မာသာထူးဝါးရဲ့ ဖခင်ဟာ ရုပ်ရည်ချောပြီး ကရင်ပြည်နယ်မှာဆိုရင် သီချင်းဆိုကောင်းတဲ့ နာမည်ကြီးအဆိုတော် စောထူးဝါး ဖြစ်ပြီး မြန်မာလို “သခင်မ”လို့ အမည်ရတဲ့ ကရင်သီချင်းနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးရခဲ့သူပါ။
မိခင်ဖြစ်တဲ့ မမိုင်ကတော့ တိုက်ပွဲတွေကြောင့် ငယ်စဉ်ထဲက ဒုက္ခသည်စခန်းမှာနေခဲ့ရပြီး အရွယ်ရောက်လာတော့ ထိုင်းနိုင်ငံ မှာကျောင်းတက်ခဲ့ရပါတယ်။ ကျောင်းပိတ်ရက်တွေမှာ စခန်းပြန်လာရင်း အဆိုတော်ထူးဝါးနဲ့ တွေ့ဆုံလက်ထပ်ခဲ့တာ ဖြစ်ပါ တယ်။
သူတို့ လက်ထပ်ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မှာ မွေးဖွားခဲ့တဲ့ သားသမီးသုံးယောက်အတူနေထိုင်ခဲ့တာဖြစ်ပါတယ်။ မာသာကတော့ မောင်နှမသုံးယောက်မှာ အကြီးဆုံးနဲ့ တစ်ဦးထဲသောသမီးပါ။ မာသာထူးဝါးဆိုတာက သူရဲ့မြန်မာနာမည် ဖြစ်ပြီး လက်ရှိသူသုံးနေရတဲ့နာမည်ကတော့ ထိုင်းလို Wan Yihwa (ဝါန်နီဟွာ) ဖြစ်ပါတယ်။

မာသာဟာစကားပြောတတ်တဲ့အရွယ်ထဲက သီချင်းတွေစဆိုနေခဲ့တာပါ။ ဖခင်ဖြစ်တဲ့ အဆိုတော်ထူးဝါးဟာ အသက် ၃၂ နှစ် အရွယ်မှာ အသတ်ခံရပြီး ဆုံးပါးသွားတဲ့အတွက်ဇနီးဖြစ်သူမမိုင်နဲ့ သားသမီးသုံးယောက်ကျန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မာသာ အသက်ဟာ ၇ နှစ် အရွယ်သာရှိပါသေးတယ်။
“ပါးပါး ဆုံးသွားပြီးနောက် ပါးပါးရဲ့ ဖျော်ဖြေပွဲတွေအတွက် သူ့ကိုယ်စားစင်ပေါ်တက်သီချင်းဆိုရင်း စဆိုဖြစ်တယ်။ အဲဒီကနေ အဆိုတော်ဖြစ်လာခဲ့တယ်”လို့သူက ပြောပါတယ်။
ဖခင်ဆုံးပါးသွားပြီးနောက် အဆိုတော်တစ်ဦးဖြစ်လာဖို့အတွက် မိခင်ဖြစ်သူက လမ်းကြောင်းပေးသူဆိုလည်း မှားမယ် မထင် ပါ။ ဘာလို့ဆိုရင် မာသာ စင်ပေါ်ရောက်ဖို့ အစစအရာရာ အဆင်ပြေအောင် တွန်းတင်ပေးခဲ့သူက မိခင်ဖြစ်နေလို့ပါပဲ။
မိခင်ဖြစ်သူဟာ သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းမှာ အဆင်ပြေပြေလျှောက်လမ်းနိုင်ဖို့ များစွာကြိုးစားအားထုတ်ခဲ့သူ ဖြစ် ပါတယ်။ မာသာအကြောင်းပြောမယ်ဆိုရင် မိခင်ဖြစ်သူ မမိုင်ရဲ့ အကြောင်းကလည်း မပါမဖြစ်ထည့်ပြောရမှာပါ။
မာသာဟာ သူရဲ့အင်တာဗျူးတိုင်းမှာ မိခင်ဖြစ်သူ မမိုင်ဟာ အင်မတန်သန်မာတဲ့ အမျိုးသမီးလို့ အမြဲတမ်းထုတ်ဖော်ပြော လေ့ ရှိပါတယ်။ တကယ်လည်း မမိုင်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် ကလေးငယ်လေး သုံးယောက်နဲ့ single mother (တကိုယ်တော်မိခင်) ဘဝနဲ့ခက်ခဲစွာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ခင်ပွန်းသည် ဆုံးပါးသွားချိန်က အငယ်ဆုံးသားလေးဟာ သုံးနှစ်အရွယ်သာရှိပါသေးတယ်။ အကြီးနှစ်ယောက်က ကျောင်းသွားနေချိန်မှာ မမိုင်ဟာ အငယ်ကလေးကို ချီပိုးကာစားသောက်ဆိုင်မှာ နာရီပေါင်းများစွာရပ်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။
မမိုင်ဟာ ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် အလုပ်မျိုးစုံလုပ်ကိုင်ရင်း မာသာအဆိုတော်တစ်ယောက်ဖြစ်လာဖို့ မအားတဲ့ ကြားကပွဲတွေအတူလိုက်ဆိုပေးတာ၊ သီချင်းတွေ ကျက်မှတ်ခိုင်းတာကအစ လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ခင်ပွန်း ဆုံး ပါးသွားပြီးနောက် ၂ နှစ်လောက် ထိုင်းနိုင်ငံမှာခက်ခဲစွာ ရုန်းကန်နေထိုင်ခဲ့ရတာပါ။
“ကိုရီးယားမှာသီချင်းသွားဆိုရင်း မိုးမိုးရဲ့ သူငယ်ချင်းကကိုရီးယားမှာလာနေရင် ကလေးတွေရဲ့ ပညာရေးလည်းကောင်းတယ်။ နေလို့ကောင်းတဲ့ နိုင်ငံဖြစ်တယ်ဆိုလို့ ပြောင်းလာလိုက်ကြတယ်”လို့ မာသာက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မမိုင်ရဲ့ ညီမဖြစ်သူလည်းရှိနေတာကြောင့် ၂၀၁၆ ခုနှစ်မှာ မာသာတို့ မိသားစုလိုက်ပြောင်းလာခဲ့ ကြတာဖြစ်ပါတယ်။ ကိုရီးယားကို ပြောင်းလာရတာက ထိုင်းနိုင်ငံမှာဆက်နေရင်သူတို့မောင်နှမတွေ ဖခင်ဖြစ်သူကို သတိရနေမှာ၊ တမ်းတနေမှာစိုးတာကြောင့် ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – မာသာထူးဝါး
ဖခင်ရှိစဉ်က မိသားစုတွေ ဂစ်တာတီးလိုက် သီချင်းဆိုလိုက်နဲ့ ဘဝကို အေးချမ်းပျော်ရွင်စွာဖြတ်သန်းနေချိန် ရုတ်တရက် ဖခင်မရှိတော့ သားသမီးတွေ ဝမ်းနည်းအားငယ်တာမျိုးမဖြစ်စေချင်တာကြောင့်မိခင်ကဆုံးဖြတ်ပြီး ပြောင်းလာခဲ့တာပါ။
ကိုရီးယားကိုရောက်တဲ့အချိန်မှာ မာသာတို့ မောင်နှမတွေက ကိုရီးယားလိုပြောတတ်ဆိုတတ်ပေမယ့် မမိုင်ကတော့ ထိုင်းစကားသာရပါသေးတယ်။ ဒီအတွက် အလုပ်ရှာရတဲ့နေရာမှာ အခက်အခဲများစွာရှိပြီး အတော်လေး ရုန်းကန်ခဲ့ရပါတယ်။
“ကိုရီးယားကိုရောက်တော့ မိုးမိုးက သူတို့ဘာသာစကားလည်း နားမလည်တော့ အရမ်းရုန်းကန်ရတယ်။ အခက်အခဲတွေရှိခဲ့တယ်ပေါ့။ ခက်ခဲပေမယ့်လည်း ကလေးတွေကိုတော့ကောင်းတဲ့အစားအစာတွေ၊ အဝတ်အစားတွေ ဝတ်ခိုင်းတယ်။ တခြား သူငယ်ချင်းတွေနဲ့ တန်းတူထားနိုင်အောင် ကြိုးစားပေးတယ်”လို့ မာသာက ပြောပါတယ်။
ကိုရီးယားကို ရောက်တဲ့အချိန်ကစပြီးအဆိုပြိုင်ပွဲပေါင်းများစွာ ဝင်ပြိုင်ခဲ့သလို ဆုများစွာလည်းရရှိထားတာကြောင့် ကိုရီးယားပရိသတ် အခိုင်အမာရရှိထားတဲ့ မြန်မာမိန်းကလေးငယ်တစ်ဦးဖြစ်ပါတယ်။
“ကိုရီးယားသီချင်းကြီးပြိုင်ပွဲကို သမီးသွားပြိုင်ဖြစ်တယ်။ အဲဒီမှာဆိုထားတဲ့ သီချင်းက သမီးရဲ့အသံနဲ့ သမီးရဲ့ စတိုရီနဲ့အရမ်း လိုက်ဖက်တယ်။ အဲဒီသီချင်းကို ကိုရီးယားကလူတွေအရမ်းကြိုက်ကြတယ်။ အဲဒီသီချင်းကြောင့် သမီးကို ကိုရီးယားကလူတွေ သိကြတယ်”လို့ မာသာက ပြောပါတယ်။
သူဟာကိုရီးယားလူမျိုးတွေအရမ်းကြိုက်တဲ့ သီချင်းကြီးအမျိုးအစားကို ဝင်ပြိုင်ရင်းဆုရခဲ့တာကြောင့် ကိုရီးယားနိုင်ငံရဲ့ အထင်ကရ မီဒီယာတစ်ခုကနေ မာသာတို့ မိသားစုအကြောင်းကို အခန်းဆက်အဖြစ်ဖော်ပြခဲ့ပါတယ်။ တခြားမီဒီယာတွေမှာ လည်း မာသာရဲ့အင်တာဗျူးတွေ လုပ်ထားတာတွေလည်းရှိပါသေးတယ်။
အခန်းဆက်ရုပ်သံမှာ မာသာရဲ့မိခင်မမိုင်ဟာ ကိုရီးယားကိုရောက်တော့ အလုပ်ရှာတဲ့အခါ အိမ်နဲ့ မနီးမဝေးကစက်ချုပ်ဆိုင် လေးမှာအလုပ်သွားလျှောက်ပါတယ်။ ပိုင်ရှင်ကတော့ ထိုင်းလိုနားမလည်သလို မမိုင်ကလည်း ကိုရီးယားလိုမပြောတတ်တော့ အဆင်မပြေဖြစ်နေကြပါတယ်။
ဒီအချိန်မှာ စက်ချုပ်နေတဲ့ ကိုရီးယားအမျိုးသမီးတစ်ယောက်က ထိုင်းလိုနားလည်တဲ့အတွက် ဘာသာပြန်ပေးတော့မှ မမိုင် လည်းအလုပ်ရသွားခဲ့တယ်။ ပုံမှန်အားဖြင့် အလုပ်က မနက်သွား ညနေပြန်ဆိုပေမယ့် တခါတရံမှာ မိုးချုပ်မှအလုပ်ပြီးလို့ နှင်းတောထဲဖြတ်ပြန်ရတာတွေလည်းရှိပါတယ်။
တခါတလေ သူအိမ်ပြန်ရောက်တဲ့အချိန်မှာ ကလေးတွေအိပ်နေကြပြီဖြစ်ပါတယ်။ ကိုရီးယားနဲ့ ထိုင်းနိုင်ငံဟာ ရာသီဥတုလည်း မတူသလိုစားသောက်နေထိုင်မှုလည်း မတူတဲ့အခက်အခဲတွေနဲ့လည်း မမိုင်ကရင်ဆိုင်ခဲ့ရပါတယ်။
“အစပိုင်းမှာ ကိုရီးယားစာတွေမစားတတ်ဘူး။ မကြိုက်ဘူး။ နောက်အရမ်းအေးတယ်။ ဆောင်းမှာဆို မအိပ်နိုင်လောက် အောင်အေးတယ်။ မိုးမိုးက နှင်းတောထဲ လမ်းလျှောက်ပြီး အလုပ်သွားရတယ်။ ကိုရီးယားလို နားမလည်တော့သွားလာ ရေးခက်ခဲတယ်”လို့ မာသာက ရှင်းပြပါတယ်။
သူတို့မိသားစုဟာ ကိုရီးယားမှာသူများအိမ်အောက်ထပ်က အခန်းငယ်လေးတစ်ခန်း ဌားနေခဲ့ရတာဖြစ်ပါတယ်။ မနက်ဆို မိခင်အလုပ်သွားတဲ့အချိန် မာသာကမောင်ငယ်နှစ်ယောက်ကျောင်းသွားဖို့ ပြင်ဆင်ပေးရပြီး အငယ်ဆုံးမောင်လေးကိုတော့ ကျောင်းအကြိုအပို့ လုပ်ပေးရပါတယ်။
အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ မာသာကဈေးဝယ်၊ ချက်ပြုတ်၊ လျှော်ဖွတ်နဲ့ အိမ်သန့်ရှင်းရေးလုပ်ရပါတယ်။ တခါတရံ မိခင် ဖြစ်သူက မနက်စာပြင်ဆင်ပေးခဲ့တာရှိသလို ကျန်တဲ့ရက်တွေမှာတော့ မာသာက ပြင်ဆင်ပေးရလေ့ ရှိပါတယ်။
အလုပ်နားရက်ကျောင်းအားရက်တွေမှာတော့ မိခင်ဖြစ်သူက ကလေးတွေကို ကစားကွင်းပို့တာ၊ စားချင်တာတွေလည်း ဝယ် ကျွေးပါတယ်။ ဖခင်မရှိပေမယ့် သားသမီးတွေကို မိခင်မေတ္တာအပြင် လစ်ဟာနေတဲ့ ဖခင်မေတ္တာကိုပါဖြည့်ပေးခဲ့တာဖြစ် ပါတယ်။
ကိုရီးယားကိုရောက်တော့ အိမ်ဌားတာ၊ ဈေးဝယ်တာ၊ ရေမီးအတွက် ရသင့်ငွေဆောင်ရတာစတဲ့ ကိစ္စရပ်တွေအားလုံးကို သမီးဖြစ်သူ မာသာရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ ကလေးတွေ ကျောင်းအပ်တော့လည်း မာသာက ဘာသာပြန်လုပ်ပေးခဲ့ ရတာဖြစ်ပါတယ်။
အစပိုင်းမှာတော့ မမိုင်ဟာ အလုပ်ရဖို့အတွက် အခြေခံကိုရီးယား စကားပြောသင်တန်းသွားတက်ခဲ့ပါတယ်။ အခြေခံဖြစ်တာ ကြောင့် ထမင်းစားရေသောက်လောက်သာနားလည်တဲ့အတွက် အလုပ်မှာ အဆင်မပြေနိုင်ပါဘူး။
ဒါနဲ့မာသာနဲ့ မောင်ငယ်တို့ဆီကနေ မမိုင်ဟာ စားသောက်ဆိုင်မှာအစားအစာမှာယူစားတာနဲ့ အခေါ်အဝေါ်တွေကအစ ပြန် သင်ယူခဲ့တာဖြစ်ပါတယ်။
မမိုင်ဟာ သားသမီးသုံးယောက်ရဲ့ ကျောင်းစရိတ်တွေ၊ အိမ်စရိတ်တွေအတွက် စက်ချုပ်တာနဲ့ မရတော့ နောက်အလုပ်တစ်ခု ပြောင်းဖို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ ဆက်သွယ်ကာအလုပ်ရှာရာမှာ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လျှောက်ပါ တယ်။
စားသောက်ဆိုင်ပိုင်ရှင်က အမျိုးသားလူငယ်တစ်ဦးပါ။ သူက မမိုင်ကို ကိုရီးယားလို ဘာတွေချက်ပြုတ်တတ်လဲ မေးမြန်းပြီး ထိုင်းအစားအစာတစ်မျိုးဖြစ်တဲ့ ဖက်ခဖောင်(အသားကို ကြိတ်ပြီး ငရုတ်သီးကြက်သွန်ဖြူတွေနဲ့ ချက်ထားတဲ့ဟင်း) ချက်ပြ ခိုင်းပါတယ်။
မမိုင်ချက်ထားတာကို ဆိုင်ပိုင်ရှင်က စားကြည့်တဲ့အခါ လွန်စွာသဘောကျနှစ်ခြိုက်သွားတဲ့အတွက် သူ့မိတ်ဆွေတွေကိုခေါ် ပြီး မြည်းစမ်းစားစေခဲ့ပါတယ်။ သူငယ်ချင်းထဲမှာ ထိုင်းလူမျိုးတစ်ယောက်ပါပြီး သူတို့ကလည်း စားကောင်းကြောင်း ထောက်ခံခဲ့ပါတယ်။
မမိုင်ဟာ စားသောက်ဆိုင်မှာ စာဖိုမှူးအဖြစ်အလုပ်ရခဲ့ပေမယ့် အလုပ်ချိန်က မနက် ၁၁ နာရီကနေ ည ၁၁ နာရီထိလုပ်ရ တာဖြစ်ပါတယ်။ စားဖိုမှူးလည်းဖြစ်လူခွဲလည်းမရှိဘဲ တစ်ယောက်ထဲလုပ်ရတဲ့အတွက် မမိုင်အနေနဲ့ ဘယ်လောက်ပင်ပန်းနေ မလဲဆိုတာ မှန်းဆလို့ရပါတယ်။
ဒါပေမဲ့ သူရဲ့ပင်ပန်းမှုတွေက အိမ်ပြန်ရင်တွေ့ရမယ့် သားသမီးတွေရဲ့ မျက်နှာမြင်ရုံနဲ့ ပြေပျောက်သွားခဲ့ရတာဖြစ်ပါတယ်။
တခါတရံ မာသာက မိခင်ပြန်အလာကိုစောင့်ပြီးထမင်းကျွေးတာ၊ အလုပ်အကြောင်းတွေ မေးမြန်းသလို မိခင်ကိုနွေးနွေး ထွေးထွေးဝတ်ပြီး အလုပ်သွားဖို့လည်း သတိပေးတတ်သူဖြစ်ပါတယ်။
မိခင်ဖြစ်တဲ့ မမိုင်ဟာသူဘယ်လောက်ပဲပင်ပန်းနေပါစေ သမီးဖြစ်သူအဆိုတော်ဖြစ်ဖို့ အတွက်တော့ အချိန်ပေးပြီး မာသာကို သီချင်းတိုက်ပေးတာ၊ သီချင်းကျက်ခိုင်းတာ၊ အဆိုလေ့ကျင့်ခိုင်းတာတွေကို မပျက်မကွက်လုပ်ပေးခဲ့ပါတယ်။
သီချင်းကျင့်ရမှာလည်း အင်္ဂလိပ်၊ မြန်မာ၊ ကရင်စတဲ့ သီချင်းပေါင်းများစွာကို တခါထဲ တစ်ထိုင်ထဲ လေ့ကျင့်ခိုင်းတာရှိသလို အသံပိုင်းမှာလည်း ကြည်လင်ပြတ်သားလာအောင် နည်းမျိုးစုံနဲ့ လေ့ကျင့်ဆိုခိုင်းတာတွေလည်း ရှိပါတယ်။
တခါတလေ မာသာဟာ မျက်ရည်ကျရတဲ့အထိ ပင်ပန်းခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုအချိန်ဆို မိခင်ဖြစ်သူက ဖခင်ဖြစ်တဲ့ အဆိုတော် ထူးဝါးဟာ အဆိုကောင်းအောင် ဘယ်လိုကြိုးစား လေ့ကျင့်ခဲ့တယ်ဆိုတာကို ခွန်အားပေးရင်း ပြောပြခဲ့ပါတယ်။
နောက်ပိုင်း မာသာအဆိုပြိုင်ပွဲတွေ ဝင်တဲ့အခါမှာလည်း မိခင်ဖြစ်သူက ဘေးကနေ လိုက်ပါစောင့်ရှောက် အားပေးတာ၊ လို အပ်ရင် ဝင်ကူဆိုပေးတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ လောက်က ကိုရီးယားနိုင်ငံရဲ့ အထင်ကရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ အိမ်လေးတစ်လုံးလိုချင် တယ်သီချင်းသီဆိုပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ အဲဒီအတွက် သီချင်းတိုက်လေ့ကျင့်ရာမှာ အသံပိုင်းလိုအပ်ချက်တွေရှိလို့ အကြိမ်ပေါင်းများစွာ ပြန်တိုက်ခဲ့ရတာဖြစ်ပါတယ်။
ပင်ပန်းလွန်းတာကြောင့် မာသာက “သမီး အဖေလိုကောင်းအောင် မဆိုနိုင်တော့ဘူးထင်တယ်”လို့ ပြောပြီး မိခင်ဖြစ်သူကို ဖက်ကာငိုကြွေးပါတော့တယ်။ မိခင်ဖြစ်တဲ့မမိုင်က “မဟုတ်ဘူး။ မဟုတ်ဘူး။ သမီးအကောင်းဆုံးလုပ်နိုင်ပါတယ်။ သမီး အဖေထက် အများကြီးကောင်း အောင်ဆိုနိုင်တယ်”လို့ ငိုနေတဲ့သမီးကျောပြင်ကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးခဲ့တာဖြစ်ပါ တယ်။

အဲဒီအချိန်မှာ မာသာဟာ အသက် ၁၂ နှစ်အရွယ်သာရှိသေးပေမယ့် လေ့လာသင်ယူမှုအားကောင်းတဲ့ မိန်းကလေးဖြစ် တာကြောင့် အကောင်းဆုံးသီချင်းဆိုနိုင်ခဲ့ပါတယ်။
မမိုင်က အင်တာဗျူးတစ်ခုမှာ “သမီးက တခြားရွယ်တူကလေးတွေလို မဆော့ရဘူး။ အမေကိုလည်း ပြုစုရတယ်။ မောင်ငယ်တွေကိုလည်း စောင့်ရှောက်ခဲ့ရနဲ့ သူရဲ့အချိန်တွေ ကုန်ခဲ့ရတယ်။ ကျမကလည်း ကိုရီးယားလိုမပြော တတ်တော့ သူပဲအိမ်ကိစ္စ တွေအကုန်လုပ်ရတယ်”လို့ ပြောထားပါတယ်။
မမိုင်ဟာ စားသောက်ဆိုင်မှာ လုပ်ကိုင်နေရင်း ကျန်းမာရေးမကောင်းတာကြောင့် အလုပ်ကနေနားလိုက်ရပါတယ်။ ဆေးရုံ သွားပြတော့ ခွဲစိပ်ကုသရမှာဖြစ်ပေမယ့် အလုပ်မရှိ ဝင်ငွေမရှိတဲ့အတွက် မကုသနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အသည်း ကင်ဆာဝေဒနာကို နောက်ဆုံးအဆင့် ခံစားနေရကြောင်းသိလာခဲ့ပါတယ်။ ဒီအချိန်မှာ မာသာတို့မောင်နှမတွေနဲ့ မမိုင်ကို ညီမ ဖြစ်သူက လာစောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ်။
မမိုင်ဟာ အသည်းကင်ဆာဝေဒနာကြောင့် ကိုက်ခဲမှုကို အပြင်းအထန်ခံစားနေရတဲ့အချိန်တွေမှာ လောကမှာ နေချင်စိတ် မရှိ လောက်အောင် ခံစားနေရပေမယ့် သူရဲ့ ကလေးတွေအတွက် တစ်ရက်ပဲနေရ၊နေရ နေထိုင်သွားချင်တယ်လို့ သူရဲ့လူမူ ကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ကလေးတွေ အထက်တန်းအောင်တာ မြင်သွားချင်တဲ့ ဆန္ဒရှိခဲ့တဲ့မမိုင်က ပြန်လည်နေကောင်းကျန်းမာဖို့ ရာခိုင်နှုန်းနည်း ပေ မယ့် အဆုံးထိကြိုးစားကုသချင်ကြောင်းလည်း ရင်ဖွင့်ထားပါတယ်။
ဒါပေမဲ့ သူရဲ့ဆန္ဒကတော့ ပြည့်မသွားခဲ့ပါဘူး။ ၂၀၂၂ ခုနှစ် မေလမှာတော့ မမိုင်ဟာ အသည်းကင်ဆာနဲ့ ဆုံးပါးသွားတဲ့ အတွက် မာသာတို့ မောင်နှမတွေကို အဒေါ်ဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားခဲ့ပါတယ်။ မိခင်ဆုံးတဲ့အချိန်မှာ မာသာဟာ အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
လူမှန်းသိတတ်တဲ့အရွယ်မှာ ဖခင်ကို ဦးစွာဆုံးရှုံးခဲ့ရပြီး အရွယ်မရောက်သေးခင်မှာ မိခင်ကို ဆုံးရှုံးရပေမယ့် မာသာဟာ သူရဲ့ မိခင်လိုပဲသန်မာတဲ့ မိန်းကလေးအဖြစ်နဲ့ မောင်လေးတွေရှေ့မှာ မားမားမတ်မတ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။
“တကယ်တော့ သမီးရဲ့ဘဝမှာ အခက်အခဲတွေအများကြီးကြုံဖြစ်တယ်။ အခက်အခဲတွေကြုံရင် နောက်ကောင်းတာတွေရှိ လာမယ်။ လက်မလျော့လိုက်နဲ့။ လက်လျော့ရင် မရဘူးပိုအားတင်းရမယ်လို့ပေါ့။ ဘာလို့ဆို အခုမိုးမိုးလည်း မရှိတော့ဘူး။ ပါးပါးလည်းမရှိတော့ မောင်လေးတွေအတွက် သမီးပဲရှိတော့ ပိုအားတင်းရမယ်”လို့ မာသာက ပြောပါတယ်။
မာသာက ကိုယ်ပိုင်ကျာင်းတစ်ခုမှာ ၁၁ တန်း တက်နေတဲ့အတွက် အဆောင်မှာနေရပါတယ်။ အဆောင်မှာ သီချင်းလုပ်လို့ မရတာကြောင့် ကျောင်းပိတ်ရက် အိမ်ပြန်လာမှ သီချင်းကိစ္စတွေကို သီချင်းဆရာမနဲ့ တိုင်ပင်ပြီး လုပ်ရတာဖြစ်ပါတယ်။
“ခုအန်တီနဲ့ အတူတူနေတယ်။ ဘော်ဒါဆောင် ကျောင်းတက်နေပါတယ်။ ကျောင်းပိတ်မှ အိမ်ကို ပြန်ဖြစ်တယ်။ တခါတလေ ဆရာမအိမ်မှာ သွားနေဖြစ်တယ်။ ကျောင်းပိတ်အိမ်ပြန်ရက်တွေမှ သီချင်းတွေလုပ်ရတယ်”လို့ သူက ဆိုပါတယ်။
ကျောင်းပိတ်လို့ အိမ်ကိုပြန်ရင် မောင်လေးတွေနဲ့တွေ့တဲ့အခါ ဂစ်တာတီးပြီး သီချင်းဆိုတယ်။ ရုပ်ရှင်ကြည့်တာလည်း ဝါသနာ ပါတဲ့အတွက် မောင်နှမတွေစုကာရုပ်ရှင်ကြည့်ကြတာဖြစ်ပါတယ်။
မာသာဟာ ဂီတကိုငယ်စဉ်ထဲက ရူးသွပ်သူတစ်ယောက်ဖြစ်တာကြောင့် ကိုရီးယားမှာ ဝင်ခွင့်ရဖို့ အင်မတန်ခက်ခဲတဲ့ ဆိုးမြူး ဇစ်တက္ကသိုလ်(Soul Music University) တက်ရောက်ခွင့်ရဖို့ အပြင်းအထန်ကြိုးစားနေတာပါ။
“သမီးရဲ့ ဘဝမှာ မြူးဇစ်မရှိရင် အရမ်းခြောက်ကပ်သွားမှာပေါ့။ သမီးကသီချင်းဆိုနေရင် ခက်ခဲတဲ့အချိန်တွေမှာလည်း သီချင်း ဆိုပြီး ဖြတ်ကျော်နေတယ်”လို့ မာသာကပြောပါတယ်။
မာသာဟာ အခုဆိုရင်ကိုရီးယားနိုင်ငံမှာထင်ရှားတဲ့ အဆိုတော်တစ်ဦးဖြစ်နေပါပြီ။ သူဟာအနာဂတ်မှာလည်း ဂီတနဲ့ပတ် သက်တဲ့အလုပ်တွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ဂယောင်ဂီပြည်နယ် မီးသတ်ရုံးချုပ်ရုံးအုပ်ကြီး မစ္စတာဂျိုဆောင်ဟိုက မာသာကိုမီးသတ်ရုံးချုပ်ရဲ့ ပြန်ကြားရေးသံတမန် အဖြစ်ခန့်အပ်ခံခဲ့ပါတယ်။ ဒါဟာ နိုင်ငံခြားသားတစ်ဦးကို သံတမန်အဖြစ် ခန့်အပ်တာပထမဆုံးဖြစ်ပါတယ်။

ထိုင်းမှာမွေးပြီး ကိုရီးယားမှာကြီးပြင်းခဲ့တဲ့ မာသာဟာ ထိုင်းစကားအပြင် အင်္ဂလိပ်၊ ကိုရီးယားနဲ့ ကရင်စကားကို ကျွမ်းကျင် စွာပြောတတ်ပေမယ့် မြန်မာစကားတော့ အနည်းငယ်လောက်သာ ပြောတတ်ပါတယ်။ ဒါပေမဲ့ မြန်မာသီချင်းကိုတော့ “အိမ် လေးတစ်လုံးလိုချင်တယ်”၊ “သို့ .ဖေဖေ” အပါအဝင် ၇ ပုဒ်ခန့် သီဆိုထားတာဖြစ်ပါတယ်။
အခွင့်အရေးရလို့ မြန်မာပြည်ကို ပြန်ခွင့်ရရင် ဖခင်ဖြစ်သူအဆိုတော်ထူးဝါးရဲ့ ဖခင်(မာသာအဖိုး)ကိုသွားတွေ့ဖို့ ဆန္ဒရှိနေခဲ့ တာဖြစ်ပါတယ်။
“ပါးပါးရဲ့ အဖေအကိုတွေနဲ့ သမီးရဲ့ ဝမ်းကွဲမောင်နှမတွေကိုလည်းတွေ့ချင်တယ်။ ပထမဆုံး မြန်မာပြည်ရောက်ရင် ဖိုးဖိုး ကိုသွားတွေ့ချင်တယ်။ မတွေ့ရတာလည်း ကြာပြီဆိုတော့”လို့ သူ့ဆန္ဒကို ရင်ဖွင့်ခဲ့ပါတယ်။
မြန်မာပြည်က ပရိသတ်တွေအတွက်လည်း သီချင်းတွေ လာဆိုပေးချင်ပေမယ့် အခြေအနေအရသွားဖို့မဖြစ်နိုင်တာကြောင့် သူရဲ့ဆန္ဒကို အခုလိုပြောခဲ့ပါတယ်။
“မြန်မာပြည်ရဲ့ အခြေအနေ အမြန်ကောင်းပါစေလို့ ပြောချင်ပါတယ်”
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025