ဆိုဖီ
အလုပ်မပြီးသေးလို့ စားပွဲမှာဖုန်းကိုင်ပြီး အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဆံပင်ဆွဲပြီးခုံပေါ် ကနေဒရွတ်တိုက် ဆွဲခေါ်သွားပြီး လက်သီးနဲ့ ပါထိုးလိုက်ပါတယ်။
အဲဒီဖြစ်စဉ် ဖြစ်တဲ့နေရာမှာ လူ ၁၀ ဦးခန့် အနည်းဆုံးရှိနေပြီး မည်သူတစ်ဦးတစ်ယောက်မှ လာရောက်ကူညီတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပိုမိုဆိုးရွာသည်မှာ ဖြစ်ပွားခဲ့တဲ့နေရာဟာ အညာဒေသလို့ ခေါ်တဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရှိတဲ့ အင်တာနက်ဆိုင် တစ်ခုမှာဖြစ်ပြီး အဲဒီနေရာမှာ PDF ရဲဘော်တွေ၊ PDF တပ်ရင်းမှူးတွေရှိနေပြီး အားလုံးကမျက်ကွယ်ပြုခဲ့ကြတာပါ။
ဒီဖြစ်ရပ်ကို ကျူးလွန်ခံရသူတွေကတော့ သာမာန်အမျိုးသမီးတွေမဟုတ်တဲ့ အမျိုးသမီးသတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်းရဲ့ Partner (အဖော်) ဖြစ်သူ Transgender အမျိုးသမီးဖြစ်တဲ့ သော်သော်တို့ ဖြစ်ကြပါတယ်။
ကိုဝင်းကျော်ဆိုတဲ့ အမျိုးသားက နှုတ်အားဖြင့်ရော ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
“ကျနော်ရော ကျနော်ရဲ့ Partner ရောထိတ်လန့်တုန်လှုပ်ပြီး တညလုံးအိပ်လို့မရခဲ့ဘူး။ စိတ်ပုံမှန်မဟုတ်တဲ့ လူတစ်ယောက် ကသပ်သပ်ကြီး ပြဿနာလာရှာတာကို သူ့ကိုလက်ခံထားတဲ့လူတွေက ဘယ်သူမှန်လဲ မှားလဲသိသိကြီးနဲ့ မျက်ကွယ်ပြုနေခဲ့ ကြတယ်။ ကိုယ်ထိလက်ရောက် နာကျင်အောင် လုပ်နေတာကို မြင်နေပေမယ့် ဘယ်သူမှမကိုင်တွယ်ရဲကြဘူး”လို့ ကိုယ် ထိလက်ရောက်ကျူးလွန်ခံရတဲ့ သော်သော်က ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ည ၉ နာရီ အချိန်မှာ ဖြစ်ပွားခဲ့ပြီး တစ်စုံတစ်ဦးမှလာရောက်တားမြစ်တာမျိုးမရှိတဲ့အပြင် အင်တာနက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တော်လှန်ရေးတပ်သား PDF ဖြစ်သူကလည်း ကျူးလွန်သူ ကိုဝင်းကျော်ဘက်က ရပ်တည်ကာ ကျူးလွန်ခံရတဲ့ သူတို့နှစ်ဦးကို ဆိုင်ထဲကနေ မောင်းထုတ်ခဲ့ကြောင်း သော်သော်က ပြောပြခဲ့ပါတယ်။
“ဆိုင်ရှင် ရဲဘော်ကိုယ်တိုင်က ကျူးလွန်တဲ့သူဘက်က ရပ်တည်ပြီး ကျနော်တို့နှစ်ယောက်ကို မောင်းထုတ်ခဲ့တယ်“လို့ ပြောပါ တယ်။
ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရပြီးနောက်ရက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တိုင်ချက်သွားဖွင့်ခဲ့ပေမယ့် အရာတော်မြို့ နယ်(ပလဖ) တာဝန်ခံက ရိုးရိုးစကားများ၊ ရန်ဖြစ်တဲ့အမှုလို့သာ နာမည်တပ်ပေးခဲ့သလို တင်ပြချက်တွေကိုလည်းအလေး တယူ နားထောင်ပေးခဲ့တာမျိုး မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာ ကျူးလွန်ခဲ့တဲ့ ကိုဝင်းကျော်ဆိုသူကို အရာတော်မြို့နယ် (ပလဖ) ရုံးက ပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၃၂၃ နဲ့ အမှုဖွင့်ပေးခဲ့ပေမယ့် တိုင်ချက်ဖွင့်ပြီး နောက်တစ်ရက်မှာပဲ ကျူးလွန်သူက တာဝန်ခံဆီကနေ အာမခံလာယူရာ အလွယ်တကူ အာမခံပေး လိုက်သလို ကျူးလွန်ခဲ့တဲ့ ကိုဝင်းကျော်ဆိုသူက သော်သော်တို့ နှစ်ဦးကို ပုဒ်မနှစ်ခုနဲ့ ပြန်တိုင်ချက်ဖွင့်ခဲ့တာကိုလည်း ချက်ချင်း လက်ခံပေးခဲ့ကြောင်း သော်သော်က စိတ်မကောင်းစွာ ပြောပြပါတယ်။
အဆိုပါဖြစ်စဉ်တွေကြောင့် သော်သော်တို့ နှစ်ဦးဟာ စိတ်ချလုံခြုံမှုမရှိတာကြောင့် အခြေကျပြီးသားနေရာကနေ အခြားဒေသ တစ်ခုကို အမြန်ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“တိုင်ချက်ဖွင့်ရာမှာတင် စပြီးအခက်အခဲတွေ ကြုံတွေ့ရတာပါ။ ကျနော်တို့ကို ကျူးလွန်ခဲ့တဲ့သူကို ဒေသခံတပ်ဖွဲ့ဝင် အချို့ ကပါ အကာအကွယ်ပေးထားတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတာကြောင့် ကျနော်တို့ အလုပ်လုပ်ကိုင်ရာ၊ အခြေကျပြီးသား နေရာ ကနေတခြားဒေသတစ်ခုကို အမြန်ရွှေ့ပြောင်းခဲ့ရတယ်” လို့ သော်သော် က စိတ်မကောင်းစွာ ပြောပြပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနာက သတင်းထောက်ငြိမ်းချမ်းမေနဲ့ ၎င်းရဲ့ Partner ဖြစ်သူ သော်သော် (Transgender) အမျိုးသမီးကို နှုတ်အားဖြင့် စော်ကားပြောဆိုပြီး ကိုယ်ထိလက်ရောက် ထိုးနှက်မှုပြုလုပ်တဲ့အပေါ် စစ်ကိုင်း တိုင်း၊ အရာတော်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ထိရောက်စွာနဲ့ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး Myanmar Women in Media (MWiM) ကလည်း ကျား၊မအခြေပြုအကြမ်းဖက်မှု အဖြစ်ရှုမြင်ပြီး အဆိုပါ လုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ၎င်းလုပ်ရပ်အပေါ် မြန်မာသတင်းမီဒီယာ ကောင်စီ (Independent Press Council Myanmar-IPCM) အပြင် ဒေသဆိုင်ရာတာဝန်ရှိသူများဖြစ်တဲ့ NUG နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များအနေဖြင့် ထိရောက်သည့်အရေးယူမှု ဆောင်ရွက်နိုင်ရန်လည်း အလေးအနက်ထား တိုက်တွန်းထားပါ တယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိ အရေးမယူသေးတဲ့အပြင် ကျူးလွန်သူ ကိုဝင်းကျော်ကို အကာအကွယ်ပေးနေဆဲဖြစ်ကြောင်း အညာ ဒေသတွင်း လှုပ်ရှားနေတဲ့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။
“ဒီကိစ္စကို ကြည့်ချင်းအားဖြင့် အခုထိအရေးမယူတဲ့အပြင် ကျူးလွန်တဲ့ အမျိုးသားကို အကာအကွယ်ပေးနေတာ တော်လှန် ရေးအတွက် ရုပ်ဆိုးစေတယ်” လို့ အမျိုးသမီးရေး ဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ထို့အပြင် ဖြစ်စဉ်ဖြစ်ပွားနေချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိနေပေမယ့် တစ်စုံတစ်ရာဝင်ရောက် တားဆီးဖြန်ဖြေ ခြင်းမပြုဘဲ ကျူးလွန်ခံရသူတွေကို ပြောဆိုနှင်ထုတ်ခဲ့ကြတာကြောင့် အမျိုးသမီးတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေကို “ခြွင်းချက်မရှိ” ရှုတ်ချကြောင်း၊ ဖြစ်စဉ်ကို မသိကျိုးကျွံပြုခဲ့သူတွေ၊ ဝင်ရောက်မဟန့်တားခဲ့တဲ့ သူတွေကိုလည်း အလားတူ ရှုတ်ချကြောင်း Sister to Sister အဖွဲ့နဲ့ အညာဒေသအမျိုးသမီးအဖွဲ့အစည်းက ဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ကိုဝင်းကျော် ဆိုတဲ့သူကို ကျမတို့ မမြင်ဖူးပါဘူး။ ဒါပေမဲ့ ကျမတို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။ နိုင်သလောက်ဆက်လုပ်သွားမယ်။ သူကျူးလွန်လိုက်တဲ့ အရာက အမျိုးသမီးလို့ ခံယူထားတဲ့သူတယောက်ကို ရိုက်နှက်စော်ကားတယ်။ လိင်အင်္ဂါကို လက်ညိုးထိုးပြီး စော်ကားတာမျိုးတွေတွေ့ရတယ်။ ဒါက လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ အညာဒေသတွင်း အမျိုးသမီးရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေတဲ့ မချောစုဟန် က ပြောပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ တန်းတူအခွင့်အရေးရဖို့ တိုက်သွားမှာဖြစ်ပြီး အညာဒေသတခွင်က ဖိုဝါဒကြီးစိုးတဲ့နေရာ ဖြစ်တဲ့အလျောက် အာဏာရှင်ကိုတိုက်ရင်း ဖိုဝါဒကြီးစိုးမှုလည်း ပပျောက်သွားအောင် တိုက်ဖို့လိုအပ်ကြောင်း သူကထောက် ပြပြောဆိုခဲ့ပါတယ်။
“အခုလို ကျူးလွန်တဲ့ အမျိုးသားကို ကာကွယ်နေတာက ဖိုဝါဒကြီးစိုးမှုကို ပြတဲ့အနေအထားပဲ။ ဒီကိစ္စကို အပြီးအပြတ်မရှင်း၊ အရေးမယူရင် ကျန်အမျိုးသားတွေကပါ ဆက်လုပ်လာမယ်။ အမျိုးသမီးတွေကိုလုပ်ချင်တာ လုပ်လို့ရတယ်၊ ပြီးရင်ရှင်းလို့ ရတယ်ဆိုတဲ့ သဘောမျိုးကိုပြနေတာ” လို့ မချောစုဟန်က မှတ်ချက်ပြုခဲ့ပါတယ်။
အညာဒေသမှာ အမျိုးသမီးရေး၊ LGBTQ+ နဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ကိစ္စဖြစ်တဲ့အတွက် အလွန်သတိထား ဆောင်ရွက်နေရကြောင်းလည်း အညာဒေသအမျိုးသမီး LGBTQ+ အရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။
“အခုကိစ္စက စိန်ခေါ်မှုတော့များတယ်။ ပြောင်းလဲချင်ရင်တော့ စွန့်စားရမယ်။ စိန်ခေါ်မှုရှိရမယ်။ ဒီအချိန်မှာ အကြမ်းဖက်မှု မှန်သမျှ ပပျောက်ဖို့ တန်းတူရေးရဖို့ကတော့ တိုက်ပွဲဝင်ရအုံးမှာပဲ” လို့ အညာဒေသတွင်းLGBT အရေးဆောင်ရွက်နေသူ တစ်ဦးကပြောပါ တယ်။
ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်သူ ကိုဝင်းကျော်ဟာ နွေဦးတော်လှန်ရေးအစက ကရင်နီနယ်ဘက်မှာ ကရင်နီ တပ်ရင်းတပ်ဖွဲ့ အချို့ရဲ့ ဘဏ္ဍာငွေသိန်းရာချီကို လိမ်လည်ပြီး အညာဘက်ကို ၂၀၂၃ ခုနှစ်က ထွက်ပြေးတိမ်းရှောင်လာခဲ့သူ လည်းဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အမျိုးသမီး Nwayy က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးသား ထားပါတယ်။
“အညာမှာဖြစ်တဲ့ ဦးဝင်းကျော်ရဲ့ စော်ကားမှုတွေကို ဝိုင်းဝန်းရှုတ်ချပြီး ရပ်တည်လာကြတာတွေ တွေ့တော့ဝမ်းသာရတယ်။ တဖက်မှာလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့ စနစ်တကျ အဆုံးထိဆောင်ရွက်ဖို့ လိုပါတယ်။ ဘာလို့လဲဆို ဝင်းကျော် က စကားကိုအမျိုးမျိုး လှည့်ပတ်ပြော ပါဝါတည်ဆောက်ပြီး လိပ်ကိုခရုဖြစ်အောင် ပြောတတ်တာမျိုးရှိတယ်” လို့ Nwayy က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ကိစ္စဖြစ်လာရခြင်းဟာ မတရားမှုသေးသေးလေးတွေကို နှုတ်ဆိတ်ခဲ့ခြင်း၊ ခွင့်ပြုပေးခဲ့ ခြင်းတွေကြောင့် မတရားအနိုင်ကျင့်စော်ကားမှုအကြီးကြီးကို ကျူးလွန်ရဲတဲ့အထိ ဖြစ်လာရတာဖြစ်ကြောင်း Nwayy က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်ဖြစ်စေ အကြမ်းဖက်၊ ကိုယ်ထိလက်ရောက် ကျူးလွန်သူမှန်သမျှကို လူမှုအသိုင်း အဝိုင်းက ဝိုင်းဝန်းဖယ်ကျဉ်သင့်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ အားလုံးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရစေဖို့ အားလုံးဝိုင်းဝန်း တောင်းဆိုကြဖို့ အညာဒေသအမျိုးသမီးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
“ကျနော်တို့ အနေနဲ့တော့ အကြမ်းဖက်မှုမှန်သမျှကို လူမှုအသိုင်းအဝိုင်းက ဝိုင်းဝန်းဖယ်ကျဉ်ဖို့၊ ကိုယ်ထိလက်ရောက်ကျူး လွန်မှုဟာ ရာဇာဝတ်မှုဖြစ်တယ်ဆိုတာကို ပညာပေးမှုတွေ ဆက်လုပ်သွားမယ်။ ကျူးလွန်သူတွေကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုလုပ်နိုင်အောင် လုပ်ဆောင်သွားမယ်” လို့ မချောစုဟန် ကပြောပါတယ်။
အကြမ်းဖက်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူတွေအားလုံး နှုတ်ဆိတ်မှုမပြုဘဲ ထုတ်ဖော်သင့်သလို လူမှုအသိုင်းအဝိုင်း ကလည်း ကျူးလွန်သူကိုအကာအကွယ်မပေးဘဲ ထိရောက်စွာအရေးယူနိုင်အောင် ကူညီဆောင်ရွက်ပေးကြဖို့ လိုအပ် ကြောင်း သူကတောင်းဆိုထားပါတယ်။
“အမှုကိစ္စ လက်ရှိမှာ ရပ်တန့်နေတုန်းဖြစ်ပြီး ကျနော့်တိုင်ချက်ကို အမှုမဖွင့်ပေးဘဲ တရားရုံးကိုပဲ လူကိုယ်တိုင်သွားလျှောက် ဖို့ပြောနေတုန်းပါ။ ကျနော်တို့က ဖြစ်စဉ်ဖြစ်ပြီးကတည်းက တခြားနယ်ကို သွားပြီး ခိုလှုံနေရတဲ့အတွက် အခုလို ကြန့်ကြာ နေတာတွေကြောင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်တဲ့အပြင် တခြားအခက်အခဲတွေလည်း ကြုံနေရတာတွေရှိတယ်”လို့ သော်သော်က ပြောပါတယ်။
မြို့နယ်တရားစီရင်ရေးယန္တရားရဲ့ တာဝန်မကျေမှုနဲ့ လိုအပ်ချက်တွေအပေါ် ကျနော်က ထုတ်ဖော်ပြောပြီး Speak Out လုပ် လိုက်တဲ့အတွက် အရင်ကထက် ပိုတဲ့ဖိအားတွေကိုလည်း ခံစားနေရပြီး အမှုပိုကြာလေလေ အကြမ်းဖက်သူတွေဖက် ပိုပြီး အခွင့်အရေးပေးလေလေဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကျူးလွန်သူအနေနဲ့ တရားစီရင်တာခံရဖို့ နေနေသာသာ ဘာနောက်ဆက်တွဲမှ မခံစားရဘဲ ကျူးလွန်ခံရတဲ့သူတွေပဲ တရား စီရင်ရေးယန္တရားမှာရော၊ နေ့စဉ်နေထိုင်လှုပ်ရှားတဲ့ ဘဝမှာရော သက်ရောက်မှုတွေ အများကြီးခံနေရကြောင်း သူကဆက် ပြောပါတယ်။
“အခုဆိုရင် ရွေ့ပြောင်းနေတဲ့ ဒေသမှာတောင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုသိပ်မရှိတော့ပါဘူး။ အမှုကိစ္စ ဖြေရှင်းနေတုန်းခဏခို လှုံမယ်၊ အမှုကိစ္စပြီးရင် ဟိုဘက်မြို့နယ် အလုပ်ပြန်လုပ်မယ်လို့ တွေးထားပေမယ့် အခုက ကြာလည်းကြာနေတော့ဘာ ဆက်လုပ်ရမလဲမသိဘူး။ ကျနော်တို့ နေ့စဉ်စဉ်းစားတိုင်ပင်နေရပါတယ်”လို့ သော်သော်ကဆိုပါတယ်။
အခုရောက်နေတဲ့ ဒေသကလည်း စစ်ကိုင်းတိုင်းထဲမှာဆိုတော့ ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာနဲ့ သိပ်မဝေးသလို အဲဒီလူတွေရဲ့ အပတ် အသက်တွေလည်း မကြာခဏရောက်လာတတ်တဲ့ နေရာဖြစ်တာကြောင့် ကျနော်တို့ ၂ ယောက်တည်းအပြင်ထွက် လို့ဝင်း ကျော်တို့ အုပ်စုထဲကတယောက်ယောက်နဲ့ ပုံစံတူတဲ့သူတွေ့ရင် ကိုယ်တွေကထိတ်ထိတ်လန့်လန့် ပြန်ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
“ဝင်းကျော်ကတော့ ဒီကိစ္စသာဖြစ်သွားတယ်။ အခုထိ မြို့နယ်(ပလဖ)က အရေးမယူတဲ့အတွက် ဒီအတိုင်းပါပဲ။ သူ့အတွက် အကြမ်းဖက်မှုက ထမင်းစား၊ ရေသောက်လိုဖြစ်နေပြီး ကျနော်တို့အတွက်ကဘဝနဲ့ချီပြီး ထိခိုက်ရတာပေါ့နော်”လို့ ဆိုပါတော့ တယ်။
မြို့နယ်(ပလဖက) နဲ့ နောက်ဆုံးဖုန်းပြောတဲ့ အကြိမ်မှာလည်း ကျနော်တို့ ပြောတဲ့စကားကို လေးလေးစားစား နားမထောင်ဘဲ အရင်ဖုန်းချသွားခဲ့တာမျိုး ကြုံတွေ့ခဲ့ရတယ်လို့ သော်သော်က လက်ရှိအခြေအနေကို ပြောပြပါတယ်။
“မြို့နယ်(ပလဖ)ကို တရားဥပဒေလမ်းကြောင်းကနေ တောင်းဆိုခဲ့တာ မှန်သမျှဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားမျှတမှုရှာဖွေ ပေးဖို့သာဖြစ်ပြီး ဘာမှ ပိုမိုတောင်းဆိုခဲ့တာမရှိပါဘူး။ မြို့နယ်(ပလဖ)က သူတို့ရဲ့ လုပ်ကိုလုပ်ရမယ့် တာဝန်ဝတ္တရားတွေကို ပျက်ကွက်ပြီး ကျနော်တို့ကို လူ့ဂုဏ်သိက္ခာနဲ့ အညီတောင် မဆက်ဆံခဲ့ပါဘူး။ ကျနော်တို့လည်း ထပ်ပြောဖို့ ထပ်တောင်းဆိုဖို့ အားလျော့လာပါပြီ။ မြို့နယ်(ပလဖ) အနေနဲ့ လုပ်သင့်တာတွေ ဆက်လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025
- စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား - 18/02/2025