ကျေးလက်ဒေသနဲ့ စစ်ပွဲများရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ခံရတဲ့ ဒေသတွေမှာ အမျိုးသမီးများ ရာသီလာချိန် အတွင်း သန့်ရှင်းသောရေနဲ့ တစ်ကိုယ်ရည်အထောက်အကူပစ္စည်းများကို ရယူဖို့ ကြိုးပမ်းရုန်းကန်နေရတယ်လို့ Purple Feminist Group ကထုတ်ပြန်တဲ့ “မြန်မာ့ရာသီသွေးဆိုင်ရာ အရင်းအမြစ် လက်လှမ်းမှီနိုင်မှု နည်းပါးခြင်း” အမည်ရှိ လေ့လာသုံးသပ်မှု စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓမ္မတာလာခြင်းက ကမ္ဘာတဝှမ်းရှိ သန်းနဲ့ ချီတဲ့ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လစဉ် ရင်ဆိုင်ရတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှု၊ အသိ ပညာနည်းပါးမှု၊ သန့်ရှင်းပြီး ကျန်းမာတဲ့လစဉ်သုံးပစ္စည်းများ လက်လှမ်းမမီမှု၊ ရှေးရိုးအယူအဆလွဲတွေကြောင့် ရာသီသွေးဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။
စစ်တမ်းကို မြန်မာနိုင်ငံတဝှမ်းက ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၅ ခု တို့မှ အမျိုးသမီးများရဲ့ ဓမ္မတာစိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မြို့ပြနဲ့ ကျေးလက်ဒေသနေပြည်သူတွေကို အွန်လိုင်းမှတဆင့်နဲ့ လူကိုယ်တိုင်စစ်တမ်းကောက်ယူခဲ့ တာဖြစ်ပါတယ်။ ဖြေဆိုသူများအနက် အမျိုးသမီး ၉၅ ရာခိုင်နှုန်း၊ အမျိုးသား ၄ ရာခိုင်နှုန်းနဲ့ ဂျန်ဒါမဖော်ပြလိုသူ ၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ရာသီလာသူ အမျိုးသမီးအများစုအနက် ၈၆ ရာခိုင်နှုန်းက အသုံးပြုရလွယ်ကူကာစိတ်ချရတဲ့ တခါသုံးဂွမ်းထုတ် (Pad)ကို အသုံးအများဆုံးဖြစ်ပြီး ၅၀ ရာခိုင်နှုန်းကတော့ ရာသီခံခွက်(menstrual cups)နဲ့ ၄၆ ရာခိုင်နှုန်းသော အမျိုးသမီးများအများအားဖြင့် ကျေးလက်ဒေသရှိအမျိုးသမီးများကတော့ ပြန်လည်အသုံးပြုနိုင်တဲ့ ပိတ်စတွေကို သာ အသုံးပြုနေကြပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် လစဉ်သုံးပစ္စည်း စျေးနှုန်းများမြင့်တက်လာတဲ့အပြင် ရရှိနိုင်မှုလည်း ပိုခက်ခဲလာပြီး အထူးသဖြင့် ပဋိပက္ခဒေသတွေနဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ လမ်းခရီး ကြန့်ကြာမှုတွေကြောင့် သန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများရရှိဖို့ အခွင့်အလမ်းပိုနည်းနေတယ်လို့ စစ်တမ်း ကဆိုပါတယ်။
ထို့အပြင် စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ဝေးလံခေါင်ဖျားတဲ့ ဒေသ၊ စစ်ရှောင်စခန်းတွေမှာ လစဉ်သုံးပစ္စည်းလဲဝတ် ဖို့နဲ့ စွန့်ပစ်ရေးတွေမှာ လက်ရှိချိန်ထိပြဿနာတရပ်ဖြစ်နေပြီး ဖြေကြားသူ ၈.၄ ရာခိုင်နှုန်းက သန့်ရှင်းသောရေ ရရှိမှုနည်းပါးခြင်းကြောင့် ရာသီသွေးသန့်ရှင်းရေး လုပ်ဆောင်ရန် အတားအဆီးများရှိတယ်လို့ ဆိုပါတယ်။
လစဉ်သုံးပစ္စည်းစျေးနှုန်းတွေအနေနဲ့လည်း အမျိုးအစားပေါ်မူတည်ကာ ငွေကျပ် ၁၀၀၀ မှ ၃၀၀၀ ကျပ်ကြားရှိပြီး စစ်တမ်းဖြေဆိုသူ ၁၂ ရာခိုင်နှုန်းသော အခြေခံလူတန်းစားများက ၁၀၀၀ ကျပ်ထက် သက်သာတဲ့ထုတ်ကုန်တွေကို ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံရေးပဋိပက္ခကြား ရှာဖွေရန် မလွယ်ကူတဲ့အတွက် ပြန်လည်လျှော်ဖွတ် အသုံးပြု နိုင်တဲ့ နည်းလမ်းကိုရွေးချယ်အသုံးပြုသလိုနေရသလို ရာသီကာလ အိမ်တွင်းသာနေထိုင်တဲ့ နည်းလမ်းနဲ့ နေထိုင် ကြတယ်လို့ ဖော်ပြထားပါတယ်။
ယဉ်ကျေးမှု အလေ့အထနဲ့ ယုံကြည်မှုအယူအမှားတွေနဲ့ ရာသီသွေးအပေါ်သက်ရောက်မှုကို ကျေးလက်ဒေသတွေ မှာ တိုက်ထုတ်ရန် ကြိုးစားနေရဆဲဖြစ်ပြီး၊ လစဉ်သုံးပစ္စည်းအချိန်ကြာမြင့်စွာ အသုံးပြုရာကနေ ဖြစ်ပေါ်လာတဲ့ သန့်ရှင်းမှုအားနည်းတဲ့ ပြဿနာတွေကိုလည်း ပယောဂကြောင့် ဖြစ်တယ်လို့ ယူဆမှုများလည်းရှိနေသေးတယ် လို့ဆိုပါတယ်။
ဓမ္မတာအချိန်အတွင်း အသုံးပြုနိုင်တဲ့ လစဉ်သုံးပစ္စည်းများစွာရှိပေမယ့် တခါသုံးဂွမ်းထုတ်တွေကို အများစု သုံးစွဲ ကြတာက သက်တောင့်သက်သာရှိပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်တာကြောင့်ဖြစ်သလို၊ ရာသီခံခွက်ကဲ့သို့ ပြန် လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေက အလွယ်တကူဝယ်ယူဖို့ ခက်ခဲတာအပြင် အမျိုးသမီးကိုယ်ထဲထည့်သွင်း အသုံးပြုရတဲ့အပေါ် မဝံ့မရဲဖြစ်နေကြတာကြောင့် အသုံးပြုဖို့ တွန့်ဆုတ်နေကြသေးတယ်လို့ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေတင်းမာမှုတွေကြာင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအခက်အခဲတွေက အမျိုးသမီးတွေ အပေါ် သက်ရောက်မှုတွေရှိနေပြီး လစဉ်သုံးပစ္စည်း လက်လှမ်းမမီနိုင်မှုကအရေးပါသလို ဖြေရှင်းဆောင်ရွက် ရမယ့် ကဏ္ဍတရပ်လည်းဖြစ်တယ်လို့ Purple Feminist Group ကထုတ်ပြန်ထားပါတယ်။
Purple Feminist Group ဟာဂျန်ဒါတန်းတူညီမျှမှု၊ ရာသီသွေးဆိုင်ရာ တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေအတွက် အသိပညာပေးလုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
- ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ - 21/02/2025
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025