Home သတင်း “တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ”

“တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ”

မတ် ၂၇ မှ ဧပြီ ၂ အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြ ပေးလိုက်ရပါတယ်။

  • ခင်ဦးမြို့နယ်တွင် ကောက်စိုက်သမများ စစ်အာဏာရှင်ကိုဆန္ဒပြ

မတ်လ ၂၇ရက် နံနက်ပိုင်းက ခင်ဦးမြို့နယ်ရှိ ကောက်စိုက်ပြည်သူများက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် NUG အစိုးရကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ကောက်စိုက်ပြည်သူများက တောင်ယာလုပ်ငန်းခွင်မှာ  ကောက်စိုက်ရင်း လက်သုံးချောင်းထောင် ဆန္ဒပြကာ “NUG အစိုးရကို ထောက်ခံကြိုဆိုကြောင်း” “စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း” နဲ့ “စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို အလို မရှိကြောင်း” ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်မှာလည်း ပင်မသပိတ်စစ်ကြောင်းနဲ့အမျိုးသမီးသပိတ်တို့ ဦးဆောင်ပြီး ဖက်ဆစ် နည်းလမ်းအတိုင်း ကျင့်ကြံနေတဲ့ စစ်အာဏာရှင်အပေါင်းအပါတို့ကို ဆန့်ကျင်ကြောင်း ဖက်ဆစ်တော် လှန်ရေးနေ့မှာ ဆန္ဒပြ ခဲ့ပါတယ်။

Source – People’s Spring

  • မုံရွာတွင် တစ်ရက်တည်း အမျိုးသမီးသုံးဦးအဖမ်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့မှာ တစ်ရက်တည်း အမျိုးသမီးသုံးဦးကို မတ်လ၂၆ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးကို သားသည်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီး ကျန်နှစ်ဦးက ရတနာစက်ဘီးအရောင်းဆိုင်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေက အသက်၂၀နှစ်နဲ့ ၃၀နှစ်အရွယ်တွေဖြစ်ပြီး ဖမ်းဆီးရခြင်းအကြောင်းအရင်းနဲ့ ဘယ်နေရာ တွေမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

Source – မြေလတ်အသံ

  • သာယာဝတီထောင်က နိုင်ကျဉ်းအမျိုးသမီးနှစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံ‌ရေးအကျဉ်းသူနှစ်ဦးကို ထောင်ဝန်ထမ်းအချို့က ရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

သာယာဝတီထောင် အဆောင်(၅)မှ အကျဉ်းသူတစ်ဦးက ပုံစံမထိုင်တတ်တာကြောင့် ရိုက်နှက်ခဲ့ပြီး ယင်းအကျဉ်းသူကို ရိုက် နှက်ခြင်းမပြုဖို့ဝင်တားတဲ့ အခြားအကျဉ်းသူတစ်ဦးကိုပါ ထပ်မံရိုက်နှက်ခဲ့ပါတယ်။ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် အကျဉ်းသူတစ်ဦး ဘယ်ဖက်မျက်နှာတစ်ခြမ်း ဖူးယောင်ဒဏ်ရာရခဲ့ပြီး အကျဉ်းသူနှစ်ဦးလုံးကို ထောင်ဝန်ထမ်းတွေက ဆေးဝါး ကုသမပေးဘဲ တိုက်ပိတ်ခဲ့ပါတယ်။

အကျဉ်းသူနှစ်ဦးရိုက်နှက်ခံရတဲ့ ဖြစ်စဉ်ကိုမြင်တွေ့တဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေက တားမြစ်ပြောဆိုခဲ့ပေမယ့် ထောင် ဝန်ထမ်းတွေက ယင်းနိုင်ငံရေးအကျဉ်းသားတွေကိုပါ တိုက်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။   

Source – Mizzima

  • KNU နယ်မြေမှာ လေကြောင်းပစ်ခတ်မှုကြောင့် သီလရှင်တစ်ပါးနှင့်ဒေသခံတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့နယ် ၊KNUတပ်မဟာ(၁) ထိန်းချုပ်နယ်မြေမှာ  စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အသက် ၆၆နှစ်အရွယ် သီလရှင်တစ်ပါးသေဆုံးပြီး  အသက် ၁၃ နှစ်အရွယ် မိန်း ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတ်လ၂၂ရက် နံနက်ပိုင်းက ညောင်ကုန်း BGF စခန်းကနေ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ရာ ဘားအံမြို့နယ် တံတားဦး ကျေးရွာအုပ်စု ၊ ကျုံခနတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သီလရှင်တစ်ပါးဆုံးပါးခဲ့ပြီး မိန်းကလေးငယ်မှာ ထိခိုက်ဒဏ်ရာခဲ့သလို ညအချိန်၁၁ နာရီမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အသက်၅၅ နှစ်အရွယ် ရွာသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

Source – Mizzima

  • စစ်ကိုင်းကအမျိုးသမီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ လိင်ပိုင်းကျူးလွန်မှုပြုလုပ်

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အရပ်ဒေသတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းကျူးလွန်တဲ့အမှုတွေ ဖြစ်ပွားနေပြီး ကျူးလွန်သူထဲ ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်နေတယ်လို့ စစ်ကိုင်းတိုင်းအတွင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အမျိုး သမီးတစ်ဦးက ပြောပါတယ်။

လိင်ပိုင်းကျူးလွန်ခံရတဲ့ အမျိုးသမီးတွေက သူတို့အရှက်သိက္ခာအပါအဝင် ပြုကျင့်သူတွေဘက်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက် ခံရတာကြောင့် တိုင်ကြားတာတွေမလုပ်ရဲဘဲ နှုတ်ပိတ်ထားကြသလို အမျိုးသမီးအချို့မှာ စိတ်ပိုင်းဆိုင်ရာအရရော ခန္ဓာကိုယ် အစိတ်အပိုင်းပါ ထိခိုက်တာတွေရှိနေတဲ့အတွက်‌ ရပ်ရွာတွေမှာမနေနိုင်တာကြောင့် အခြားဒေသတွေဆီပြောင်းရွှေ့သွားတာ တွေရှိနေတယ်လို့ သူကဆိုတယ်။

Source – မြေလတ်အသံ

  • သာပေါင်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး တောဆင်နင်းခံရပြီးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့နယ်၊လှေကြီးတက်ကျေးရွာမှာ မတ်လ၂၈ ရက်နေ့ညနေပိုင်းက သီဟိုဠ်ခြံအတွင်း သီဟိုဠ်စေ့ကောက်ယူနေတဲ့ မိသားစုသုံးဦးကို တောဆင်ရိုင်းတစ်ကောင် လိုက်လံတိုက်ခိုက်တဲ့အတွက် အမျိုးသမီးတစ်ဦး ဆင်နင်းခံရပြီးသေဆုံးခဲ့ပါတယ်။

ဆင်နင်းခံရပြီးသေဆုံးသူမှာ လှေကြီးတက်ကျေးရွာမှာနေထိုင်တဲ့ သီဟိုဠ်ခြံလုပ်သားအသက်၅၅နှစ်အရွယ် ဒေါ်ရီရီတင်ဆိုသူ ဖြစ်ပြီး တောဆင်ရိုင်းဝင်လာစဉ် မပြေးနိုင်ဘဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

သာပေါင်းမြို့နယ်မှာ တောဆင်ရိုင်းအနင်းခံရတာကြောင့် မတ်လအတွင်းသေဆုံးသူနှစ်ဦး ရှိခဲ့ပြီး မတ် ၁၂ ကလည်း သာပေါင်း မြို့နယ်၊ပျဉ်းမထုံးကျေးရွာအုပ်စု၊ ခုနှစ်ပင်တောမှာ ထင်းခုတ်သွားတဲ့ ဒေသခံတစ်ဦး ဆင်နင်းခံရလို့သေဆုံးခဲ့ပါတယ်။

Source- Ayeyarwaddy Time

  • ပေါင်းတည်က Non CDM  ဆရာမဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့က Non CDM ပြန်လုပ်ပြီး စာပြန်သင်နေတဲ့ အသက်၃၀အရွယ် အထက် တန်းပြ ဆရာမကို မတ်လ၂၈ရက်နေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။

အဆိုပါအထက်တန်းပြဆရာမက ပေါင်းတည်မြို့နယ်၊ ပေါက်တန်း အထကကျောင်းကနေ CDM ဝင်ခဲ့သူဖြစ်ပြီး၊ Non CDM ပြန်လည်ပြုလုပ်ချိန်မှာ မြို့ရဲ့အနောက်ဘက် ပေါက်မှော် အထကကို ပြောင်းရွှေ့ခံထားရသူဖြစ်ပါတယ်။

ယင်းအထက်တန်းပြဆရာမကို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်ဆိုတာကို ပေါင်းတည်ရဲက မတ်လ၂၈ ရက်မှာ မြို့နယ်ပညာရေးမှုရုံးကိုလာရောက်ပြီး အသိပေးစာပို့သွားတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

  • စစ်ကောင်စီက အထက်တန်းကျောင်းသူတစ်ဦးကို ထောင်သုံးနှစ်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ အ.ထ.က- ၂ မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အထက် တန်းကျောင်းသူ မဆုသွန်းပိုင်ကို စစ်ကောင်စီက ပုဒ်မ၅၀၅(က) နဲ့ မတ်၃၀မှာ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။

အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့ မဆုသွန်းပိုင်ကို  ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၂၆ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီး ငါးလအကြာ မှာထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Source – BBC    

  • စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စိုင်ပြင်မြို့က အမျိုးသမီးတစ်ဦးနဲ့ကလေးငယ်တစ်ဦး‌သေဆုံး

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊စိုင်ပြင်မြို့အတွင်း မတ်လ၂၈ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ပြင်ဆင်နေတဲ့ဒေသခံတွေ လက်နက်ထိမှန်ခဲ့ရာ သက် လတ်ပိုင်းအမျိုးသမီးတစ်ဦးနဲ့ အသက်၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

စိုင်ပြင်မြို့ကနေ သရက်ကောင်းရွာဘက်ကိုသွားတဲ့ စိုင်းပြင်မြို့၊ အမှတ်၅ရပ်ကွက်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ကြောင့်တိမ်းရှောင်နေတဲ့ စိုင်ပြင်ဒေသခံတွေထဲက ၁၀ဦးလက်နက်ကြီးထိမှန်ခဲ့ပြီး အမျိုးသမီးနဲ့ကလေးငယ်တစ်ဦး သေဆုံးခဲ့ တာပဲဖြစ်ပါတယ်။

Source – BBC

  • စစ်ကောင်စီက သက်ကြီးရွယ်အို အဘိုးအဘွားခုနှစ်ဦးကိုမီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တောင်ဘက်နှစ်မိုင်ခန့်အကွာရှိ ဆုံကုန်းကျေးရွာကို စစ်ကောင်စီက မီးလောင်တိုက် သွင်းခဲ့ပြီး သက်ကြီးရွယ်အို အဘိုးအဘွားခုနှစ်ဦးကို  မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

မီးလောင်သေဆုံးသူတွေထဲ မျက်မမြင်အဘွားအိုနှစ်ဦးနဲ့လေဖြတ်ထားတဲ့ အဘွားအိုနှစ်ဦးပါဝင်ပြီး စစ်ကြောင်းဝင်လာတဲ့ အချိန် ဒေသခံတွေက ရုတ်တရက်ပြေးကြရတဲ့အခါ အသက်ကြီးတဲ့အဖိုးအဖွားတွေကို အန္တရာယ်ပြုမှာမဟုတ်ဘူးအထင်နဲ့ ထားခဲ့ကြရာမှ စစ်ကောင်စီက လူစိတ်ကင်းမဲ့စွာ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 Source – Mizzima

  • ဆောမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းမီးရှို့ခံရပြီး သံဃာတစ်ပါးနဲ့အမျိုးသမီးတစ်ဦးအဖမ်းခံရ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ၊ စံစစ်ဘေးဒုက္ခသည်စခန်းက ကယ်ဆယ်ရေးခေါင်းဆောင် ဒေါ်အွမ်စိမ်းပိုင်နဲ့ ဒုက္ခသည် တွေကို ကူညီပေးနေတဲ့ စံကျေးရွာဆရာတော် သာသနတက္ကသီလဓမ္မစရိယတို့ကို  မတ်လ၂၉ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ယင်းတို့ကို ဖမ်းဆီးသွားပြီး နောက်နေ့ မတ်လ ၃၀ ရက်ညပိုင်းမှာ စစ်ဘေးဒုက္ခသည်စခန်းကိုပါ မီးရှို့သွားခဲ့ပြီး ဒေသခံတွေ ကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

Source – RFA

  • ထန်တလန်မှာ စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်တာကြောင့် သားသည်မိခင်နှစ်ဦးနဲ့ကလေးငယ်နှစ်ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို စစ်တပ်ကတိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်တဲ့အတွက် သား သည်မိခင်နှစ်ဦးအပါအဝင် ပြည်သူ၁၀ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲ ခရစ်ယာန်ဘာသာရေးဆရာ Mr.Za Mawng ၏ သမီးနှစ်ဦး မြေးနှစ်ဦးပါဝင်ခဲ့ပါတယ်။ ခွာဖိုရွာက ထန်တလန်မြို့နဲ့ ငါးမိုင်ခန့်သာကွာဝေးပြီး တိုက်ပွဲများမဖြစ်ပွားဘဲ ပြည်သူ တွေရှိတဲ့ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာလို့ဒေသခံတွေကဆိုတယ်။

Source – Khit Thit

  • မိုးညှင်းလွှတ်တော်အမတ် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို မတ်လ၃၀ရက်မှာ စစ်ကောင် စီက ပုဒ်မ ၅၀(ည)နဲ့မြစ်ကြီးနား အကျဉ်းထောင်တရားရုံးက ထောင်ဒဏ် ၁၁နှစ်ချမှတ်ခဲ့ပါတယ်။

၂၀၂၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRKH အဖွဲ့တည်ထောင်တာ၊ PDFတွေကို ထောက်ပံ့ဖို့ ထောက်ပို့အဖွဲ့ဖွဲ့စည်းတာ ၊CRPH ၊ NUGတို့နဲ့ ချိတ် ဆက်‌ဆောင်ရွက်နေတာကြောင့် ၂၀၂၁၊ သြဂုတ်လမှာ ကချင်ပြည်နယ် နမ္မားမြို့ကအထည်ဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီ ကဖမ်းဆီးခဲ့ပါတယ်။  

ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုကာ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊၅၀ (ည) ပုဒ်မနှစ်ခုနဲ့ ထပ်မံတရားစွဲဆိုခဲ့ကာ ယခုလတွင် ၅၀(ည)နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Source – BBC

  • အမျိုးသမီးမဟာမိတ်အင်အားစုနဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ယင်းမာပင်ခရိုင်တပ်ရင်းတွေကို စစ်ရေးကွပ်ကဲမှုစနစ်များ ပို့ချခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ဒေသတွင်းအခြေစိုက်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၉ရင်းက တပ်ခွဲတွေကို အမျိုးသမီး မဟာမိတ်အင်အားစု(Women Alliance Burma –WAB)နဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်းပြီး စစ်ရေး ကွပ်ကဲမှုစနစ် Chain of Command ၊Code of Conduct ၊ အခြေခံဖက်ဒရယ်လစ်ဇင်နဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာအကြောင်း အရာများကိုတွေကို ဆွေးနွေးပို့ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း မြင်းခြံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတချို့၊ မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြောင် (ပ.က.ဖ)၊ရေစကြို Local PDF တို့ကို ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာအကြောင်းအရာများ၊Chain of Command ၊Code of Conduct အကြောင်းတွေကို အမျိုးသမီးမဟာမိတ်အင်အားစုက ဆွေးနွေးပို့ချခဲ့ပါတယ်။

Source- PVTV

Author:

Related Articles