တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ်စည်းရုံးတဲ့ တရုတ်နိုင်ငံသားလေဆိပ်မှာဖမ်းမိ
ဆယ်ကျော်သက်အရွယ်ကျောင်းသူ နှစ်ဦးကို တရုတ်မယားအဖြစ် စည်းရုံးသိမ်းသွင်းတဲ့ ဗီဒိယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ တဲ့အဖွဲ့ထဲက တရုတ်နိုင်ငံသားတစ်ယောက်ကို ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကိုထွက်ခွာဖို့ လုပ်နေတဲ့အချိန် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့က တရုတ်နိုင်ငံသား Mr.Luo Fei နဲ့ အဖော်လိုက်ပါသူ ၃ ယောက်က ဒလမြို့နယ်၊ ကမာကဆစ်ရပ် ကွက်က ကျောင်းသူမိန်းကလေး ၂ ဦးအိမ်ကိုသွားပြီး ငွေကြေးလက်ဆောင်ပေးခဲ့သလို တရုတ်သား၊မယားအဖြစ်လုပ်ဖို့ စည်းရုံးပြီး အဲဒီဗွီဒီယိုကို အွန်လိုင်းပေါ်မှာလည်း ၂ ကြိမ်တိတိ တင်ခဲ့ပါတယ်။
မိန်းကလေးတွေရဲ့အိမ်ကိုသွားတဲ့ပထမနေ့က Mr.Luo Fei နဲ့အတူ တရုတ်လူမျိုး ၁ ယောက်နဲ့ စကားပြန် မသီတာအောင်ဆိုသူ အမျိုးသမီး၊ ဆိုက်ကားနဲ့ လိုက်ပို့ခဲ့တဲ့ အောင်ဇော်ဦး (ခ) ဟာမီဒူလာဆိုသူ အမျိုးသားတို့ပါဝင်ပြီး ကျောင်းသူမိန်းကလေးကို အွန်လိုင်းပေါ်မှာတွေ့ပြီး လှလို့ အိမ်ကိုလိုက်လာတာဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံသားတွေအတွက် မိန်းမရှာပေး နေကြောင်း လက်ထပ်ပြီး ဒီမှာနေချင်တယ်ဆိုလည်း အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။
တရုတ်နိုင်ငံသား Mr.Luo Feiကိုတော့ ဒလမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး ဖမ်းဆီးဖို့ကျန်တဲ့ တရုတ်နိုင်ငံသား ၁ ယောက်၊ ကိုအောင်ဇော်ဦး (ခ) ဟာမီဒူလာ၊ မသီတာအောင် တို့ကို (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ နဲ့ အမှုထားတယ်လို့သိရပါတယ်။
Source -DVB
အသက် ၂ နှစ်အရွယ်မိန်းကလေး ၁ ဦးသေဆုံးမှု မိခင်နဲ့ပထွေးကို လူသတ်မှုနဲ့ရဲက ဖမ်းထား
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ ၄ မှာနေထိုင်တဲ့ အသက် ၂ နှစ်အရွယ်မိန်းကလေး တစ်ဦးမှာ ပထွေးဖြစ်သူရဲ့ မကြာခဏရိုက်နှက်နှိပ်စက်မှုခံရပြီးနောက် ရရှိတဲ့ဒဏ်ရာတွေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ ၄ မှာနေထိုင်တဲ့ ကလေးမိခင်က ပထွေးဖြစ်သူနေအိမ်ကို သွားရောက်တိုင်းကလေး ကိုခေါ်သွားလေ့ရှိသလို ခေါ်ဆောင်သွားတိုင်းလည်း ပထွေးဖြစ်သူက မကြာခဏရိုက်နှက်နှိပ်စက်လေ့ရှိ ပါတယ်။ ပထွေးနဲ့ မိခင်ဖြစ်သူတို့က ကလေးငယ်ကိုဘာကြောင့် ရိုက်နှက်နှိပ်စက်တယ်ဆိုတာကိုတော့ သေချာမသိရဘဲ နှိပ်စက်ခံရတိုင်းလည်း မိခင်ဖြစ်သူက ဂရုတစိုက် ဆေးကုသပေးတာမျိုးလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးကလေးငယ်ရဲ့ ရုပ်အလောင်းဓာတ်ပုံမှတ်တမ်းတွေအရ မျက်နှာ၊ ခြေ၊ လက်တွေအပါ ခန္ဓာကိုယ်အနှံ့မှာ ရိုက်နှက်ခံ ထားရတဲ့ ဒဏ်ရာအများအပြားရရှိထားပြီး ရုပ်အလောင်းကို ရပ်ကွက်တာဝန်ရှိသူတွေနဲ့ အနီးဝန်းကျင်ဒေသခံတွေက နေ့ချင်း သင်္ဂြိုဟ်ပေးလိုက်ကြတယ်လို့ သိရပါတယ် ။
ကလေးငယ်သေဆုံးမှုနဲ့ ပတ်သက်ပြီး မိခင်နဲ့ပထွေးတို့ကို ၎င်းတို့ရဲ့နေအိမ်တွေမှာ ရဲကသွားရောက်ဖမ်းဆီးခဲ့ကာ လက်ရှိမှာ မိတ္ထီလာမြို့မရဲစခန်းမှာချုပ်နှောင်ထားပြီး ပထွေးဖြစ်သူကို လူသတ်မှုပုဒ်မ ၃၀၂၊ မိခင်ဖြစ်သူကို လူသတ်မှုကို အားပေးကူညီမှု ၃၀၂/၁၁၄ စတဲ့ ပုဒ်မတွေနဲ့ အသီးသီးအမှုဖွင့်စစ်ဆေးနေပါတယ်။
Source -မြေလတ်အသံ
စစ်ကောင်စီတိုက်ပွဲတွေမှာ စစ်သမီးတွေကို အသုံးပြုလာ
အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် မခေါ်သေးဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောနေပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နားက တိုက်ပွဲတွေမှာ ပြည်သူ့စစ်လို့ယူဆရတဲ့ စစ်သမီးတွေ တွေ့ရတယ်လို့ မြေပြင်ကရဲဘော်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲနားကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အတွက် တိုက်ခိုက် ပေးနေသူတွေထဲ အမျိုးသမီး ၅ ယောက်၊ ၆ ယောက် ပါဝင်ပြီး အဲဒီအမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ ပြည်သူ့စစ် ဒါမှမဟုတ် စစ်သားတွေရဲ့ ဇနီးသည်တွေ၊ စစ်တပ်ထောက်ခံသူတွေ ဖြစ်မယ်လို့ ယူဆပါတယ်။
စစ်သမီးတွေရဲ့ ရှေ့နားမှာ စစ်သားတွေလည်း ရှိနေကာ တော်လှန်ရေးအင်အားစုက ပစ်နေချိန်မှာတော့ နောက်ဆုတ်ထွက် ပြေးသွားတယ်လို့ မြေပြင်ရဲဘော်တွေကပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း စစ်ကောင်စီက အတည်ပြုခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူတော့မယ်လို့ သတင်းတွေထွက်ခဲ့ပြီး ရန်ကုန်တိုင်းက မြို့နယ်တချို့ရဲ့ ရပ်ကွက် ရုံးတွေမှာ အမျိုးသမီးစစ်မှုထမ်း အကျုံးဝင်သူစာရင်းတွေကို ကပ်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ သတင်းမီဒီယာတွေက မေးမြန်းတာကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော့်အနေနဲ့ အတိအလင်း ပြောလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန် အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးဘူး” လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ သင်တန်းအမှတ်စဉ် ၉ အထိ ဖွင့်လှစ်ထားပါတယ်။
Source – DVB
တရုတ်ဇနီမယားအဖြစ် ရောင်းစားရန် ကြံသူနှစ်ဦးကို ထောင် နှစ် ၂၀ စီချ
မြန်မာအမျိုးသမီးနှစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူနှစ်ဦးကို မူဆယ်ခရိုင်တရားရုံးက ဖေဖော်ဝါရီ ၅ ရက်မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရအလုပ်နဲ့ ထောင်ဒဏ်နှစ် ၂၀ စီချမှတ် လိုက်တယ်လို့ စစ် ကောင်စီက သတင်းထုတ်ပြန်ပါတယ်။။
မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှ ဇေယျာအောင်နဲ့ ကောင်းမှုတုံရပ်ကွက်မှ ဇင်မာအေး(ခ) မအေး(ခ)သဲသဲ ဆိုသူတို့ဖြစ်ပြီး ဧရာဝတီတိုင်း၊ လပွတ္တာမြို့နေ အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်း၊ လည်းကူးမြို့နေ အသက်၃၁ နှစ်အရွယ် အမျိုးသမီးတဦးတို့အား တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ပါက ကျပ်သိန်း ၇၀ ရမယ်ဆိုပြီး စည်းရုံးရောင်းစားရန်လုပ် ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်း စစ်တွေ၊ လယ်ဝေး၊ ညောင်ရွှေ၊ တောင်ဒဂုံမြို့နယ်တို့က အမျိုးသမီးအချို့အား တရုတ် ဇနီးမယားအဖြစ် ရောင်းစားပြီး အကျိုးအမြတ်ရယူခဲ့တဲ့သူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သလို၊ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း မန္တလေးမြို့မှာ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင် ရောင်းစားနေတဲ့လူကုန်ကူးဂိုဏ်းတခု ဖမ်းမိခဲ့ပြီး အမျိုးသမီး ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ စစ်ကောင်သတင်း မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း ပျံ့နှံ့လာတဲ့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုနဲ့ ပတ်သက်လို့ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)က ၂၀၂၄ ဒီဇင်ဘာလအတွင်းထုတ်ပြန်တဲ့အစီရင်ခံစာမှာလည်း ယခုနောက်ပိုင်းနှစ်များတွင် လူကုန်ကူး ခံရသူ တဝက်ကျော်မှာ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်မှုမရှိတဲ့ ရန်ကုန်ကဲ့သို့သော အခြား မြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုး သမီးများ ပါဝင်နေတာကို တွေ့ရတယ်လို့ဖော်ပြထားပါတယ်။
Source – The Irrawaddy
အရွယ်မရောက်သေးတဲ့ကျောင်းသား ၄၈ ဦး ကို အဓမ္မပြုကျင့်တယ်လို့ ကျောင်းအုပ်ဝန်ခံ
ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးကို ရဲတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က စစ်ဆေးတဲ့အခါမှာ ကလေးငယ်စုစုပေါင်း ၄၈ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ယင်းကကိုယ်တိုင်ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ဇန်နဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်က ကျောင်းအုပ်ဆရာကြီးက လေးတန်း ကျောင်းသားတဦးကို အဓမ္မပြုကျင်ခဲ့တဲ့ ကိစ္စနဲ့ မိဘတွေက ရဲစခန်းကို တိုင်ကြားခဲ့လို့ ကျောင်းအုပ်ကြီးကို ရဲတွေက ဖမ်းဆီး ခဲ့တာပါ။
ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့သတင်းကပြန့်သွားပြီး ကျောင်းကို စစ်ဆေးရေးလုပ်ချိန်မှာ ကျူးလွန်ခံရတဲ့ ကလေးတွေထပ်မံပေါ်ထွက်လာပြီး ဇန်နဝါရီ ၂၃ ရက်နေ့က ၁၇ ယောက်၊ ၂၄ ရက်နေ့မှာ ၃၁ ယောက် စုစုပေါင်း ၄၈ ယောက် လို့ဆိုပါတယ်။
ကျောင်းသားမိဘတွေဘက်က ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိရေးအတွက် စုပေါင်း ဆောင်ရွက်သွားဖို့ စီစဥ်နေကြပေမဲ့ မြို့နယ်ပညာရေးမှူးရုံးဘက်က တိုင်းပညာရေးဦးစီးဌာနကို ဖြစ်စဥ်တခုအနေနဲ့သာ တင်ပြထားတယ်လို့ ပညာရေးဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ မုဒိမ်းမှုပေါင်း ၁၂၆၀ ရှိပြီး အဲဒီထဲမှာ သက်ငယ်မုဒိမ်းမှု က ၇၂၂ မှု ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။
Source -DVB
ဘောလခဲတွင် စစ်ကောင်စီတပ်ကဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦး သေဆုံး
ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စာသင်ကျောင်းဝင်းအတွင်း စစ်ဘေး ရှောင်စခန်းနဲ့ စစ်ကောင်စီ တပ် က လေကြောင်းမှဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေ ဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရပါတယ်။
ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီခန့်မှာ နန်းဖဲကျေးရွာအနီးနှစ်နေရာကို လေကြောင်းတိုက်ခိုက်မှုလုပ် ဆောင်ခဲ့ရာ ထမင်းဆိုင် တန်းမှ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသမီးတဦး နေရာတွင်သေဆုံးပြီး သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ယင်းတို့ အနက်အမျိုးသမီးတစ်ဦး လမ်းမှာသေဆုံးသွားတာပဲဖြစ်ပါတယ်။
နန်းဖဲကျေးရွာအနီးတွင် ဖရူဆိုဘက်မှစစ်ဘေးရှောင်အများစု လာရောက်ခိုလှုံရာနေကြပြီးယင်းနေရာအနီး တွင် တဲထိုးကာ ဈေးရောင်းခြင်းဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေကြပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုသုံးကြိမ် လုပ်ဆောင်ခဲ့ တဲ့အတွက် အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦး သေဆုံးကာ နေအိမ် ၁၀ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း ဘောလခဲ PDF က ထုတ်ပြန် ထားပါတယ်။
Source – Mizzima
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်းမှာ အမျိုးသမီး ၈၆ ဦးသေဆုံး
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်းမှာ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုး သမီးသမဂ္ဂက ထုတ်ပြန်ပြီး စစ်ရေးပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာနဲ့ ပတ်သတ်လို့ ကျူးလွန်သူ တွေကို အရေးယူပေးဖို့ကိုလည်း မြန်မာအမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာပဲ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးတွေကြောင့် အမျိုးသမီး ၈၆ ဦးသေဆုံး ခဲ့ပြီး သေဆုံးသူတွေထဲမှာ ရခိုင်ပြည်နယ်က အမျိုးသမီး ၃၉ ဦးအထိ ပါဝင်ပြီး တလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
လက်ရှိ ထုတ်ပြန်ထားတဲ့ သေဆုံးသူစာရင်းဟာ BWU ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းသာြဖစ်ပြီး တကယ်တမ်း မြေပြင်မှာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU)ရဲ့ အထွေထွေအတွင်းရေး မှူး(၂) မယဉ်မျိုးလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး ၄ နှစ်တာ ကာလအတွင်းစစ် ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက် မှုများကို နည်းမျိုးစုံလုပ်နေတယ်လို့လည်း မြန်မာအမျိုးသမီးသမဂ္ဂ BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source – VOA
ညစ်ညမ်းစာပေထုတ်ဝေမှုစွဲချက်နဲ့ အမျိုးသမီးလေးဦးကို တရားစွဲဆို
ညစ်ညမ်းစာတွေကို ပုံနှိပ်၊ ထုတ်ဝေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ အမျိုးသမီး ၄ ဦးကို လုပ်ငန်း ပိတ်သိမ်းတရားစွဲဆိုထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါ လုပ်ငန်းရှင်တွေဟာ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ) ပါ ညစ်ညမ်းစာတွေကို ဖော်ပြတာ၊ စည်းကမ်းချက်ကိုဖောက်ဖျက်ပြီးတော့ ဟီရိ ဩတ္တပ္ပကင်းတဲ့၊ မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံတဲ့၊ လူငယ်တွေရဲ့ တွေးခေါ် မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်၊ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းတာ၊ ထုတ်ဝေစာအုပ်တွေကို တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာတာ၊ ဥပဒေနဲ့ အညီ တရားစွဲဆိုတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စာရေးသူ Hnaung ရဲ့ “Personal Stylist” နဲ့ “I Am Your Baby Father” စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြတဲ့ မြဧရာပုံနှိပ်တိုက်မှ ဒေါ်ယုယုအေးနဲ့ Parallel Book House မှ ဒေါ်ထက်ထက်ဝေ၊ စာရေးသူ hAnn 63 ရဲ့ “ညို”၊ စာရေးသူ North Star ရဲ့ “AhMoon” စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြတဲ့ Star Printing မှ ဒေါ်မျိုးပပလှိုင်နဲ့ ပစ္စုပ္ပန်စာပေမှ ဒေါ်ရီရီဆန်းတို့ကို ပူးတွဲဖော်ပြထားတာကို တွေ့ရပြီး၊ စာရေးသူတွေကို အရေးယူမယူနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားတာ မတွေရပါဘူး။
လိင်တူအမျိုးသားချင်း ချစ်ကြိုက်မှုအကြောင်းကို ဇာတ်လမ်းဖြစ်တဲ့ ”My Possessive Step-Bro” စာအုပ်ကို ထုတ်ဝေတဲ့ ရွှေလာဘ်စာပေကိုလည်း ညစ်ညမ်းစာပေထုတ်ဝေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို ကံကောင်းခြင်းအိမ်ငယ်လေးဆိုတဲ့ စာအုပ်တိုက်ကိုလည်း ညစ်ညမ်းစာပေထုတ်တယ်ဆိုပြီး ပိတ်သိမ်းခံခဲ့ရပါတယ်။
Source -DVB
ရခိုင်ဒေသမှာ ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ အတွက်ဆေးဝါးရိက္ခာ ပြတ်လပ်
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် ၆ သန်းကျော်လောက်ဟာ ကျန်းမာရေး ၊ပညာရေးအပါ အဝင်အစာအာဟာရ ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန် ထားပြီး၊ တိုက်ပွဲအကြီး အကျယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ကလေးတွေ အလားတူပြဿနာတွေနဲ့ ရင်ဆိုင် နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အကုန်ပိုင်းလောက်က တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ကုန်စည်စီးဆင်းမှုတွေနဲ့ ဆေးဝါးတင်သွင်းခွင့်တွေကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ပြည်တွင်းဆေးဝါးနဲ့ စားနပ် ရိက္ခာပြတ်လပ်မှုတွေ ရှိနေပြီး အာရက္ခတပ်တော် AA ဘက်ကတော့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေမှာ ကာကွယ် ဆေးထိုးဖို့ လုပ်ဆောင်နေတာတွေ ရှိပေမယ့်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင် တာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကလေးငယ် ၁ သန်းကျော်လောက်ဟာ ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ကာကွယ် ဆေးတွေ ထိုးနှံ တိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး လုံးဝမရရှိတဲ့ကလေး အများဆုံးရှိတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ဆိုပါတယ်။
လက်ရှိမှာတော့ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ ကျေးရွာရပ်ကွက် စတဲ့ နေရာတော်တော်များများမှာ ကလေးသူငယ်တွေကြား အရေပြားနဲ့ ဝမ်းရောဂါဖြစ်တာတွေ ရှိနေတယ် လို့ ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။
အထူးသဖြင့် စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ဆင်းရဲချို့တဲ့သူ ဒေသခံအများစုဟာ မသန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေ သုံးစွဲ နေရတာကြောင့် ကာလဝမ်းရောဂါအပါအဝင် ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်း လျှောရောဂါ ဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင် နေရတာဖြစ်တယ်လို့ လည်း UNICEF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source -VOA
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းပြုလုပ်
နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရား ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းကို ဖခင်ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ကစတင် ကျင်းပ နေပါတယ်။
ဒီကမ်ပိန်းကိုသူ့ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး မွေးနေ့အလှူအဖြစ် မြန်မာပြည် တွင်းမှ လိုအပ်နေတဲ့ နေရာတွေအတွက် ဆေးရုံ၊ ဆေးခန်း၊ သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် အစရှိတာတွေကို ထောက်ပံ့ပေးသွားဖို့ရည်ရွယ်ထားပါတယ်။
ကမ်ပိန်းကနေဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပြက္ခဒိန်ကိုအရေအတွက် ၈,၀၀၀ ထုတ်ဝေကာ ဖေဖော်ဝါရီ ၁၃ ကနေ လာမယ့် မတ် ၂၂ ရက်အထိ ရောင်းချသွားမှာဖြစ်ပြီး နိုင်ငံအလိုက် Fundraiser တွေကတဆင့် Preorder ကြိုတင် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
ထို့အပြင်ကမ္ဘာတဝန်းက မွေးနေ့ဆုတောင်းဗီဒီယိုတွေ စုဆောင်းကာ Guinness World Record Book ကမ္ဘာ့ စံချိန်ချိုးနိုင်အောင် ပြသသွားမယ့်အပြင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း Electronic Birthday Card တွေ ဝယ်ယူပြီးတော့ မွေးနေ့ဆုတောင်းတွေ ရေးသားပေးပို့နိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Source -DVB
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025
- စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား - 18/02/2025