တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ကလေးထောင်အာဏာပိုင်တွေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေကြောင်း PPNM ထုတ်ပြန်
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တာဝန်ရှိသူတွေဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ဖုန်းဆက် ပြီး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဇနီးတွေကိုဖုန်းဆက်ကာအတူနေပေးရင် လျော့ရက်ပေးမယ်လို့ ထောင်ပိုင်ဆိုသူက ဖုန်းဆက်ပြောတာဖြစ်ပါတယ်။
ကလေးထောင်တာဝန်ခံ ဦးအောင်မိုးဟိန်းနဲ့ ထောင်လုံခြုံရေး ဟန်ဝင်းအောင်ဆိုသူက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိန်းမတွေနဲ့ မိသားစုဝင်တွေကို ဦးတည်ပြီး အခုလိုလုပ်နေတာဖြစ်ပါတယ်။
ထို့အပြင် ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်အမျိုးသမီးတွေကို ဖုန်းဆက်ပြီးငွေကြေး အပါအဝင် အသုံးအဆောင်ပစ္စည်းတွေလည်းတောင်းခံနေတယ်လို့လည်း ဆိုပါတယ်။
Source – RFA Burmese
မြိုင်မြို့နယ်ရှိ NUG အစိုးရ၏ အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်မှု ကျောင်းသူ ၁ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ NUG အစိုးရရဲ့ အောင်ဆန်း တက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် CDM ကျောင်းသူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့က မြိုင်မြို့နယ်အနောက်ပိုင်းရှိ အောင်ဆန်း တက္ကသိုလ်ကို အကြမ်းဖက် စစ်တပ်ကဂျက် ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မကွေးလေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးတို့က အောင်ဆန်းတက္ကသိုလ်ကို ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့ရာ CDM ကျောင်းသူ ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Source – ခေတ်သစ်
စစ်မှုထမ်းရန် အမျိုးသမီးများကိုစာရင်းကောက်ယူနေခြင်းမရှိဘူးလို့ စစ်ကောင်စီငြင်းဆိုပေမဲ့ ရပ်ကွက်အချို့ မှာအမျိုးသမီးတွေကို စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေ
စစ်ကောင်စီရဲ့ စစ်မူထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့အတွက် အမျိုးသမီးတွေကို စာရင်းကောက်ယူ နေခြင်းမရှိသေးဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ကြေငြာပေမယ့် ရပ်ကွက်အချို့မှာတော့ အမျိုးသမီးတွေ ကို ဆင့်ခေါ်မှုတွေအထိရှိလာပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာနဲ့ ရွှေပြည်သာစတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာတော့ အမျိုးသမီးတွေရဲ့ စာရင်းတွေပါရှိနေသလို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်မှုတွေပါ ရှိလာတာဖြစ်ပါတယ်။
မြို့နယ်အချို့မှာ စစ်မှုထမ်းရန် အမျိုးသမီး စာရင်းအချို့ ရပ်ကွက်ရုံးသို့ ရောက်ရှိနေပြီလို့ ပြောဆိုမှုအချို့လည်း ရှိနေသလို စစ်မူထမ်းအတွက်အစည်းဝေးဖိတ်ကြားခြင်းဟူသော ဆင့်ခေါ်စာတွေနဲ့ စစ်မူထမ်းဖို့အတွက်အမျိုး သမီးအလှည့် ရောက်ရှိလာပြီဖြစ်လို့ သန်းခေါင်စာရင်းမိတ္တူ တောင်းယူတာရှိသလို နောက်ဆုံးတိုင်ကြားထားတဲ့ ဧည့်စာရင်းမိတ္တူ တောင်းယူတာတွေလည်း ရှိနေတာဖြစ်တယ်လို့သိရပါတယ်။
Source – Myanmar Labour News
တနင်္သာရီတွင် စစ်တပ်ကဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီး
စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးတွေပစ်ခတ်ပြီး ဒရုန်းနဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် တနင်္သာရီ မြို့နယ်မှာ အမျိုးသမီး ၅ ယောက် ထိခိုက်ကာ နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မော်တုန်းရွာအခြေစိုက် အမတ ၃၀၆ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီလောက်မှာ လယ်တောင်ယာ ကျေးရွာကို လက်နက်ကြီးတွေ ပစ်ခတ်ကာဒရုန်းတွေနဲ့လည်း ဗုံးသီးချပြီးနောက် ညောင်ပင်ကုန်းကျေးရွာကို ဒရုန်း နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း လယ်တောင်ယာရွာကဒေသခံ အမျိုးသမီး ၅ ယောက် ထိခိုက်ခဲ့ပြီး ၂ ယောက် စိုးရိမ်ဒဏ်ရာ ရကာ ညောင်ပင်ကုန်းကျေးရွာမှာတော့ နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ပါတယ်။
Source – DVB
မြန်မာအမျိုးသမီးငယ်များ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှု ပိုများလာ
စစ်အာဏာသိမ်းမှုအောက် အထွေထွေအကျပ်အတည်းနဲ့ စီးပွားရေးကျဆင်းမှု အလုပ်အကိုင်ရှားပါးမှုတွေ ကြောင့် မြန်မာအမျိုးသမီးငယ်တွေဟာ တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံရမှုတွေပိုများလာတယ် လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံက ပင်လယ်စာထုတ်တဲ့ စက်ရုံ၊ လယ်ယာတွေနဲ့ စားသောက်ဆိုင် စတဲ့နေရာ တွေမှာ လစာကောင်းကောင်းရမယ်လို့ ဖြားယောင်းခေါ်ဆောင်ခဲ့ပြီး အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဖြတ်ကျော်ပြီး သွားကြတဲ့အခါ ရောင်းစားခံကြရတာပါ။
ရောင်းစားခံကြရတဲ့ အမျိုးသမီးတွေဟာ လှောင်ပိတ်ခံရတာ၊ မတရားအလုပ်ခိုင်းစေခံရတာ၊ အဓမ္မလိင် ဆက်ဆံခံရတာ၊ ရိုက်နှက်ခံရတာနဲ့ အလိုမတူဘဲ ကလေးမွေးပေးကြရတာတွေ ကြုံနေကြရတယ်လို့ Kachin Women’s Association Thailand (KWAT) က တာဝန်ရှိသူကပြောပါတယ်။
Source – DVB
ဖယ်ခုံတွင် ကျောင်းသား ၇ ဦးအား လိင်ပိုင်းဆိုင်ရာထိပါးသည့် ကျောင်းတာဝန်ခံ အချုပ် ၆ လကျ၍ ဝေဖန်မှုရှိ
ကျောင်းသား ၇ ဦးအား လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု လုပ်ဆောင်ခဲ့တဲ့ ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း တာဝန်ခံ ဦးဇော်ဇော်ထွန်း (ခ) ခွန်ဇော်ဇော်ကို အချုပ် ၆ လချခဲ့တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
တာဝန်ခံ ဦးဇော်ဇော်ထွန်းကို ကျောင်းတာဝန်ခံအဖြစ်မှ ထုတ်ပယ်ကာ မိမိအမှားကို ပြန်လည်သုံးသပ်ရန် ဖယ်ခုံ မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (PK Police)၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) နဲ့ သက်ဆိုင်ရာအဖွဲ့တွေပါဝင်တဲ့ ဘုတ်အဖွဲ့က ထောင်ဒဏ် ၆ လ ကျခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်အတွင်း ကျောင်းသားဘယ်နှစ်ဦး ထိခိုက်နစ်နာသည်ကို ဖယ်ခုံမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ မှ တရားဝင် ပြောကြားရန် ငြင်းဆိုထားပြီး ကျူးလွန်ခံရသူတွေဟာ အသက် ၁၆ နှစ်အောက် အထက်တန်းကျောင်းသား ၇ ဦး ဖြစ်တယ်လို့ဆိုပါတယ်။
ကျောင်းဆရာသည် ကျောင်းသားများအား အဓမ္မပြုကျင့်သည့် အဆင့်ထိမရောက်ခဲ့သော်လည်း ကျောင်းသား များအား နမ်းရှုံ့ခြင်း၊ ကိုယ်ခန္တာအစိတ်အပိုင်းများအား ကိုင်ခိုင်း၍ လိင်စိတ်အာသာဖြေခိုင်းခြင်းများ လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ပြုလုပ်ခဲ့ကြောင်းကိုလည်း ကာယကံရှင် ကျောင်း တာဝန်ခံ ဦးဇော်ဇော်အောင်က ဝန်ခံကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။
လက်ရှိတွင် ဖယ်ခုံလယ်ထွန်အထက်တန်း ကျောင်းအုပ်တာဝန်ခံ ဦးဇော်ဇော်အောင်အား ဖယ်ခုံပလဖက ဖမ်းဆီး ထိန်းသိမ်းကာ ဇန်နဝါရီ ၂၈ ရက်နေ့မှ ဇူလိုင် ၂၈ ရက်နေ့ထိ ၆ လတာ ချုပ်နှောင်ထားမှာဖြစ်ပါတယ်။
Source – Mizzima
ကန့်ဘလူအချုပ်ခန်းက လိင်အကြမ်းဖက်မှု အရေးမယူနိုင်တဲ့အပေါ် အမျိုးသမီးအဖွဲ့များ ပြင်းထန်စွာရှုတ်ချ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ရဲ့ အချုပ်စခန်း (၂) မှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်း ဖက်မှုကို ၂ နှစ် ကျော်ကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အရေးမယူနိုင်ခဲ့တဲ့အပေါ် ပြင်းထန် စွာရှုတ်ချကြောင်း ဇန်နဝါရီ လ ၃၁ ရက်နေ့က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နဲ့အတူ အမျိုးသမီး အဖွဲ့အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမျိုးသမီးများအကြမ်းဖက်မှုကို အဆုံးသတ်မယ်လို့ ကြွေးကြော်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် ဒီလုပ်ရပ်က လွန်စွာအကျည်းတန်စေတယ်လို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
ကန့်ဘလူစခန်းမှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုအပါအဝင် အလားတူအမှုကိစ္စတွေကို ကျူးလွန်သူများအားထိ ရောက်စွာ အပြစ်ပေးအရေးယူဖို့နဲ့ နစ်နာသူအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအတွက် အမှန်တရား၊ တရား မျှတမှု အမြန်ဆုံး ဖော်ဆောင်ပေးဖို့ အမျိုးသမီးအဖွဲ့အစည်းများဖြစ်တဲ့ ပြည်သူ့စစ်သားဇနီးများ၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) -WLB၊ Gender Equality Network (GEN)၊ Politic for Women Myanmar ၊ Sisters to Sisters၊ Women Alliance Burma(WAB) ၊ Women Peace Network (WPN)၊ Women Advocacy Coalition-Myanmar (WAC)တို့က ပူးပေါင်းတိုက်တွန်းထားပါတယ်။
တော်လှန်ရေးအစိုးရအနေနဲ့ အစိုးရဌာနအသီးသီးမှာ အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားဖို့၊ ကြိုတင်တားဆီးဖို့အတွက် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့၊ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်ကို အမြန်ဆုံးလက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
အခုလိုကျူးလွန်သူကို NUG က ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးနေတဲ့အပေါ် အမျိုးသမီးအဖွဲ့အစည်းတွေက ရှုတ်ချ လိုက်ပြီး ကာယကံရှင်တွေရဲ့ မုဒိမ်းမှုအဖြစ် အမှုဖွင့်တိုင်ကြားချက်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။
Source – Honest Information