Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှာထူးခြားတဲ့ အကြောင်းအရာတွေကို Hi ကစုစည်း ဖော်ပြပေးလိုက်ပါတယ်။

  • မတ္တရာမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးနဲ့ကလေးအပါအဝင် ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ(၃)ရက်နေ့က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် အမျိုးသမီး၊ ကလေးငယ်အပါအဝင်(၅)ဦး ဒဏ်ရာရှိခဲ့တယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် ဆိပ်သာကျေးရွာက အသက်(၆)နှစ်နဲ့(၇)နှစ်အရွယ် ကလေးငယ်(၂)ဦး၊ အသက်(၂၅) နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ အသက်(၆၃)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ရှားဈေးချက်ကျေးရွာက အသက်(၃၃)နှစ်အရွယ် အမျိုး သားတစ်ဦးဒဏ်ရာရရှိခဲ့ကာ နွားနှစ်ကောင်ထိခိုက်ခဲ့ပြီး ခွေးတစ်ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Source – DVB

  • ဒူဘိုင်းနှင့်အိုမန်ရောက်မြန်မာအမျိုးသမီးများ ဆီးရီးယားနှင့်အီရတ်ဆီ ရောင်းစားခံနေရ

ယူအေအီးနိုင်ငံဒူဘိုင်းနဲ့အိုမန်နိုင်ငံတို့မှာ အိမ်အကူအလုပ်သွားရောက်လုပ်ကိုင်နေကြတဲ့  မြန်မာအမျိုးသမီးတွေဟာ  အီရန်၊ အီရတ်၊ ဆီးရီးယားစတဲ့နိုင်ငံတွေဆီ လူကုန်ကူးရောင်းစားခံနေရတဲ့အခြေအနေ တွေကြုံတွေ့နေရတယ်လို့ အလုပ်သမား အရေးဆောင်ရွက်သူတွေကပြောပါတယ်။

အိမ်အကူအမျိုးသမီးတွေဟာ အလုပ်သမားအခွင့်အရေး၊လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြုံတွေ့နေရပြီး ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားရသလို အစားအသောက် မဝမလင်စားရတဲ့ အခြေအနေတွေ   စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှု တွေရှိနေပြီး လုပ်ခလစာပြည့်ပြည့်ဝဝမရတာ စတာတွေကြုံတွေ့နေရပါတယ်။

ဒူဘိုင်းနဲ့အိုမန်မှာ အိမ်အကူလုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ ကိုယ်ထိလက်‌ရောက်ညှင်းပမ်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ ရှိနေပေမယ့် မြန်မာအလုပ်အေးဂျင့်တွေကတာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အဲ့ဒီနိုင်ငံတွေမှာလည်း အလုပ်သမားတွေကိုအကာအကွယ်ပေးတဲ့ ဥပဒေသက်ရောက်မှုနည်းပါးတယ်လို့ ကူညီပေးသူတွေကဆိုပါတယ်။

အိုမန်ရောက်မြန်မာအမျိုးသမီးတွေကို ကူညီပေးနေတဲ့အလုပ်သမားအရေးဆောင်ရွက်သူတွေက အခုလို အလုပ်သမားအခွင့် အရေးချိုးဖောက်ခံနေရမှုတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက်ကူညီဖို့ခက်ခဲတာကြောင့် မြန်မာဘက်အခြမ်းက အေးဂျင့် တွေ ကိုသာ အရေးယူနိုင်ဖို့ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

  • အာဏာသိမ်းပြီးနောက် အမျိုးသမီး ခြောက်ရာကျော် အသတ်ခံရ

၂၀၂၁ခုနှစ်ဖေဖော်ဝါရီ(၁)ရက်ကနေ ၂၀၂၃ခုနှစ်နိုဝင်ဘာ(၂၆)ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး(၆၆၄)ဦးသေဆုံးပြီး (၂,၄၄၁)ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU)က ဒီဇင်ဘာ(၃)ရက်နေ့ကထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘလအထိ သေဆုံးသူအမျိုးသမီး(၆၂၈)ဦးရှိခဲ့ပြီး နိုဝင်ဘာလအတွင်းအမျိုးသမီး(၃၆)ဦးသေဆုံးခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးတွေဟာလက်နက်ကြီးပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှု၊ပစ်သတ်ခံရသူ၊ရိုက်နှက်မှု၊ အရှင်လတ်လတ်မီးရှို့မှု ၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မကျင့်သတ်ဖြတ်မှုတွေကြောင့်သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

Source – RFA

  • CDM နဲ့ PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦး ထောင် ၂၂ နှစ်စီချခံရ

CDMနဲ့PDFကိုထောက်ပံ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးကို ပုသိမ်ထောင်တွင်း အထူးတရားရုံးကထောင်(၂၂)နှစ်စီ ချလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အသက်(၂၂) နှစ်အရွယ်မချစ်စုထွန်းနဲ့အသက်(၃၅)နှစ်အရွယ် ကိုသိန်းဇော်တို့ကို အခုနှစ်ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီး ခဲ့တာပါ။

မချစ်စုထွန်းဟာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာပါ ပါဝင် တာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ စောင့်ကြည့်တာခံခဲ့ရသူလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ ပုသိမ်မြို့ကနိုင်ငံရေးအမှုနဲ့ ထောင်ချခံရသူတွေထဲမှာမချစ်စုထွန်းနဲ့ ကိုသိန်းဇော်တို့က နှစ်အများဆုံးဖြစ်တယ်လို့ ဆိုပါ တယ်။

Source – RFA

  • စစ်တွေနဲ့မောင်တောမှာလက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ခြောက်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်နဲ့စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အသက်ငါးဆယ်အရွယ်အမျိုးသားတစ်ဦး ဦးခေါင်းကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွာခံဦးအောင်ကျော်သန်းနဲ့ အဲ့ဒီအိမ်မှာစစ်ဘေးရှောင်ရောက်နေတဲ့ အမျိုးသမီးတစ်ဦး၊ ကိုယ်ရင်တစ်ပါးတို့ ဒဏ်ရာရခဲ့ပြီး အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်ရီ၊အသက်(၂၅)နှစ်အရွယ်ဦးမောင်လှအေးနဲ့ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အသက်(၂၂)နှစ် အရွယ်ဒေါ်လှစိန်ဝင်းတို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – RFA

  • ယင်းမာပင်မှာလက်နက်ကြီးကြောင့်အမျိုးသမီးသုံးဦးသေဆုံး၊ကလေးသုံးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ယင်းမာပြင်မြို့နယ်မှာ ဒီဇင်ဘာလ(၅)ရက်နေ့က စစ်ကောင်စီတပ်က ဖြစ်ခတ်တဲ့လက်နက်ကြီး သံပိုကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးသုံးဦးသေဆုံးပြီး ကလေးသုံးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေ ထံကသိရပါတယ်။

ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးအနီးမှာရှိတဲ့ အောင်ဇေယျတပ်ကုန်းထဲကနေ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် တပ်ကုန်းနဲ့နှစ်မိုင်အကွာက သံပိုကျေးရွာထဲက အမျိုးသားတစ်ဦးရဲ့ နေအိမ်ထဲ လက်နက်ကြီးတစ်လုံးကျ‌ရောက်ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် အသက်(၄၂)နှစ်အရွယ်သမီးဖြစ်သူဒေါ်ဆန်းမာနဲ့ အိမ်ကိုအလည်လာတဲ့အသက်(၄၂)နှစ်အရွယ် ဒေါ်မာ ကြူ၊အသက်(၂၃)နှစ်အရွယ် မတင်တင်တို့သုံးဦးတို့ရဲ့ ကျောနဲ့ဝမ်းဗိုက်တွေကို လက်နက်ကြီးအစထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Source – Delta New Agency

  • ဖေ့စ်ဘွတ်ခ်တွင် စစ်ကောင်စီကိုဝေဖန်ခဲ့သည့် ဧရာဝတီတိုင်းကအမျိုးသမီးများအပါအဝင် လူ၃၀ကျော် ဖမ်းဆီးခံရ

စစ်ကောင်စီမကောင်းကြောင်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့တဲ့ ဧရာဝတီတိုင်းက အမျိုးသမီးအပါအဝင်လူ (၃၃)ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။

ဖမ်းခံရတဲ့(၃၃)ဦးမှာ အမျိုးသမီး(၁၁)ဦးအထိရှိပြီး ကျန်တဲ့သူတွေဟာ လူငယ်အမျိုးသားတွေဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေ ဟာ ဖုန်းတွေကိုယူကြည့်ပြီး နိုဝင်ဘာ(၁)ရက်ကနေ(၃၀)ရက်အတွင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဖမ်းခံရတဲ့ဒေသခံ(၃၃)ယောက်ဟာကျိုက်လတ်၊မအူပင်၊ဝါးခယ်မ၊ ပုသိမ်၊ဘိုကလေး၊ ပန်းတနော်၊ဇလွန်၊ မြန်အောင်၊ကြံခင်း၊ ဟင်္သာတမြို့နယ်တွေကဖြစ်တယ်လို့သိရပါတယ်။

Source – DVB

  • လမ်းပိတ်ထားတဲ့ရခိုင်မှာ ဆေးရုံသွားခွင့်မရလို့ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေသေဆုံးမှုရှိနေ

ရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ထားတဲ့အတွက် ဆေးရုံ၊ဆေးခန်းသွားလာခွင့်မရတဲ့အတွက် ကိုယ်ဝန် ဆောင်မိခင်တွေအပါအဝင် နာမကျန်းသူတွေ၊မသေသင့်ဘဲသေဆုံးနေရတယ်လို့ စစ်လေးရှောင်ဒုက္ခသည်တွေနဲ့ လူမှုကူညီရေး ဆောင်ရွက်သူတွေထံကသိရပါတယ်။

နှစ်ဘက်တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်  စစ်ရှောင်တွေရှိနေတဲ့ ပုဏ္ဏာကျွန်း၊စစ်တွေ၊ ပေါက် တောမြို့နယ်တွေမှာ အလားတူဆေးရုံ၊ဆေးခန်းသွားလာခွင့်မရလို့ မိခင်ဒါမှမဟုတ် ကလေးသေဆုံးခဲ့ရတဲ့ဖြစ်စဉ် အနည်း ဆုံးလေးငါးခုထက်မနည်းရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ(၅)ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာကို စစ်ရှောင်ဖို့ရောက်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဆေးရုံသွားခွင့်မရလို့ ရွာမှာပဲမီးဖွားခဲ့ရာ မိခင်ရော၊ကလေးပါသေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

 Source – DGM

  • စစ်ကောင်စီကို ဝေဖန်ရေးသားတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ရခိုင်မှာ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊သံတွဲနဲ့အမ်းမြို့မှာနေထိုင်တဲ့အမျိုးသမီးနှစ်ဦးကို လူမှုကွန်ရက်မှာစစ်ကောင်စီကို ဝေဖန်ရေးသားတာနဲ့ ဆူပူလှုံ့ ဆော်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါတယ်။

နိုင်ငံ‌တော်တည်ငြိမ်ရေးကိုပျက်ပြားစေတဲ့ အကြောင်းအရာတွေ လူမှုကွန်ရက်စာမျက်နှာမှာလှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် သူတို့နှစ်ဦးကိုဖမ်းဆီးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံသတင်းစာတွေမှာ ဖော်ပြထားပါ တယ်။ ဖမ်းဆီးခံရသူတွေကိုသက်ဆိုင်ရာ ရဲစခန်းတွေမှာတရားစွဲဆို အရေးယူမယ်လို့လည်း ဆိုပါတယ်။

ရခိုင်အခြေစိုက်သတင်းဌာနတွေကရေးသားတဲ့       သတင်းတွေနဲ့ပတ်သက်လို့မျှဝေတာ၊ မှတ်ချက်ပေးတာတွေကို စောင့်ကြည့် အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာ၊ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် တွေမှာ ဖော်ပြခဲ့ပါတယ်။

Source – RFA

  • ပေါက်တောမှမြောက်ဦးသို့ စစ်ရှောင်လာသည့် ကိုယ်ဝန်သည် ၁ ဦး စက်လှေပေါ် ကလေးမွေးဖွား

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်ကနေ မြောက်ဦးမြို့ကိုစစ်ဘေးရှောင်လာတဲ့ ကိုယ်ဝန်သည်အမျိုး သမီးတစ်ဦး ဒီဇင်ဘာ(၉)ရက်နေ့မနက်က စက်လှေပေါ်ကလေးမွေးဖွားခဲ့တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

မိခင်ရော၊ကလေးပါကျန်းမာတယ်လို့ဆွေမျိုးတော်စပ်သူတစ်ဦးကပြောပါတယ်။

ပေါက်တောမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်နေပြီး စစ်ကောင်စီက လမ်းမှာတွေ့သမျှ ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေဆီက သိရပါတယ်။

ပေါက်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူ ၇၀,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Source – DVB

  • သီတဂူဘုန်းကြီးပုံ မဖွယ်မရာလုပ်တယ်ဆိုပြီး မန္တလေးက ဓမ္မစကူးဆရာမတစ်ဦးကို စစ်အုပ်စုဖမ်းဆီး

သီတဂူဘုန်းကြီးရဲ့ပုံကိုမဖွယ်မရာလုပ်ပြီး လူမှုကွန်ရက်မှာတင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့အမရပူရမြို့နယ်က ဓမ္မစကူး ဆရာမတစ်ဦးကို စစ်အုပ်စုက ဒီဇင်ဘာ(၁)ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။

“ပူဆွေးနေတာ မဟုတ်ဘူး၊ ဂူငေးနေတာ” ဆိုတဲ့ စာသားနဲ့ သီတဂူဘုန်းကြီးပုံကို ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြ ခဲ့တဲ့ အမရပူရမြို့နယ်၊ပရပတ်ကျေးရွာက ဓမ္မစကူးဆရာမ၊အသက်(၂၅)နှစ်အရွယ်မသဲနုလှိုင်ကို စစ်အုပ်စုနဲ့ပျူတွေက ဒီဇင် ဘာ(၁) ရက်မှာနေအိမ်ကို သွားရောက်ဖမ်းဆီးပြီးအမရပူရရဲစခန်းမှာ အမှုဖွင့်ထားတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါ တယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေအပေါ် ဝေဖန်သူတွေကို စစ်အုပ်စုက ပစ်မှတ်ထားဖမ်းဆီး တာတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။

Source – Mandalay Free Press

××××××××××××××××××××××××××

Author:

Related Articles