Home ဆောင်းပါး လျှပ်စစ်မီးဒုက္ခနဲ့  မြို့ပြကအမျိုးသမီးတွေဘဝ

လျှပ်စစ်မီးဒုက္ခနဲ့  မြို့ပြကအမျိုးသမီးတွေဘဝ

ရှင်ငြိမ်း   

မြန်မာပြည်မှာ စစ်တပ်က မီတာခတွေ နှစ်ဆကျော်တိုးမြှင့် ကောက်ခံခဲ့သလို လျှပ်စစ်မီးကိုလည်း အပြည့်မပေးတာကြောင့် မြို့ပြနေ ပြည်သူတွေဟာ နေ့စဉ်လုပ်ငန်းတွေမှာ အခက်တွေ့နေကြရပါတယ်။

“အခု မီးပေးတဲ့စနစ်က ပြည်သူတွေ လုံးဝအဆင်မပြေပါဘူး။ ဒီလိုတနေ့ကုန် မီးမလာတဲ့ကိစ္စက အစစအရာရာတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျမတို့ဘဝတွေကို နွံထဲဆွဲနှစ်လိုက်ရသလိုပဲ။ အတော်ကို ခံပြင်းစရာ”လို့ မစောမွန်က ပြောပါတယ်။

မနက်လေးနာရီထဲက ပျက်သွားတဲ့မီးက ညနေ ခြောက်နာရီခွဲမှ လာတော့ အပြေးအလွှားနဲ့ ဝိုင်ဖိုင်လေးကောင်းတုန်း အီးမေးလ်ပို့မယ်ဆိုပြီး အလုပ်စားပွဲထိုင်လိုက်တော့ မီးပြန်ပျက်သွားတာကြောင့် မစောမွန်ဒေါသထွက်နေတာဖြစ်ပါတယ်။

ဒီလိုဆိုးဝါးစွာ လျှပ်စစ်မီးမပေးနိုင်တာကလည်း နိုင်ငံရဲ့ဆုတ်ယုတ်မှုကို ဖော်ပြနေတာလို့ သူကထောက်ပြပါတယ်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်နေ မစောမွန်ဟာ နိုင်ငံခြားနဲ့ ဆက်သွယ်ရတဲ့ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲရေး မန်နေဂျာ တာဝန် ယူထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူရဲ့ နေ့စဉ်လုပ်ငန်းတာဝန်တွေကို အိမ်ကနေ ဆောင်ရွက်လုပ်ကိုင်ပေးနေတာပါ။

လျှပ်စစ်မီးပြတ်တောက်ချိန်များတာကြောင့် သူရဲ့လုပ်ငန်းတာဝန်တွေမှာ နောင့်နှေးပျက်ကွက်တာတွေ ရှိလာတဲ့အတွက် အခု လိုဖွင့်ဟပြောလာတာဖြစ်ပါတယ်။

မစောမွန်က”အွန်လိုင်းအစည်းအဝေးတွေမှာဆို ကိုယ်က ဆွေးနွေးစရာရှိရင်တောင် လိုတိုရှင်းပြောရတယ်။ မီးပျက်ချိန်ကြာတော့ အားကုန်မှာစိုးလို့။ ခုဆိုတနေကုန်ပေးတဲ့ သင်တန်းတွေ၊ seminar တွေ၊ workshop တွေလည်း မတက်နိုင်တော့ အလုပ် က ငြိုငြင်လာမှာတောင် စိုးရတယ်”လို့ ညီးတွားပြောဆိုပါတယ်။

အလုပ်မှာ ငြိုငြင်မခံရအောင် မီးရတဲ့ ဆွေမျိုး၊ ရင်းနှီးသူတွေရဲ့ အိမ်တွေမှာ အလုပ်သွားလုပ်တာ၊ အားသွင်းတာ၊ အစည်းအဝေးတွေတက်တာ စတာတွေ လုပ်ဆောင်ရင်း ဖြေရှင်းနေရတာဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီး ၂ နှစ်ကျော်အကြာမှာစပြီး ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံံ့ ဆိုးဝါးတဲ့လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပြည်သူတွေ ကြုံလာရတာပါ။

စစ်အုပ်စုကတော့ လျှပ်စစ်မီးပုံမှန်မရတာက ဓါတ်အားပေးစက်ရုံတွေကနေ စွမ်းအင်အပြည့် မထုတ်နိုင်တာ၊ တာဝါတိုင်တွေ ဖျက်စီးခံရလို့ ဆိုတဲ့အကြောင်းပြချက်ပေးထားပါတယ်။ ထို့အပြင် လျှပ်စစ်မီးပြန်ရဖို့ ကော်မရှင်ဖွဲ့ကာ ဆောင်ရွက်နေ ကြောင်း အသိပေးထားပေမယ့် အခုထိတော့ ဘာမှအကောင်အထည်မမြင်ရသေးပါဘူး။

စစ်အာဏာသိမ်းချိန်မှစလို့ လျှပ်စစ်မီးပေးတာလျော့နည်းလာတာကနေ အခုဆိုရင် ရန်ကုန်တစ်မြို့လုံးကို အချိန်ပိုင်းမီးပေး စနစ်နဲ့ တစ်ရက်ကို လေးနာရီ နှစ်ကြိမ်သာ ပေးနိုင်တော့မယ်လို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ရုံးတွေက ဇန်နဝါရီလ ၅ ရက် မှာ ကြေညာထားပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက ပြောထားသလို တစ်ရက်ကို လေးနာရီ နှစ်ကြိမ် အပြည့်မပေးတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေမှာ အခက်အခဲများစွာနဲ့ ကြုံနေရတာဖြစ်ပါတယ်။

“အရင်မီးပျက်တာက သိပ်မဆိုးဘူး။ ခုက ငါးမိနစ်လောက်လာ တစ်နာရီလောက်ပြတ်တယ်ပြီးရင် မီးကို ဖလပ်၊ ဖလပ်နဲ့ လာလိုက်ပြတ်လိုက်တွေလုပ်တော့ လက်ပ်တော့တွေ၊ အင်ဗာတာတွေဆို ခဏခဏပြင်ရတယ်”လို့ မစောမွန်က ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ အိမ်ဌားနေထိုင်တဲ့ မစောမွန်ဟာ ကိုယ်ဝန် ၆ လလွယ်ထားရတဲ့မိခင်တစ်ဦးပါ။ သူက ခင်ပွန်းဖြစ်သူ၊  ၈ နှစ် အရွယ်သားတစ်ယောက်နဲ့ အတူနေထိုင်ပြီး ခင်ပွန်းဖြစ်သူကတော့ ဖုန်းပြင်တဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

မီးမရတာကြောင့် မီတာခပေးဆောင်ရတဲ့ အိမ်ရှင်တွေဈေးပိုတောင်းလာမှာကိုလည်း မစောမွန်တို့ ဇနီးမောင်နှံနှစ်ဦးလုံးစိုးရိမ် မှုတွေရှိနေကြပါတယ်။

မစောမွန်က”အာဏာသိမ်းစက တလကို နှစ်သိန်းပေးရတဲ့အိမ်က ခုခြောက်သိန်းပေးနေရတာ ကလေးစရိတ်နဲ့ ကိုယ်ဝန်နဲ့ ဆိုတော့ ငွေကိုချွေတာသုံးနေရတယ်။ အိမ်လခထပ်တက်ရင်တော့ မနေနိုင်တော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးရတာ ပုံမှန်မဟုတ်တော့ ချက်ပြုတ်ရေးပိုင်းမှာလည်း အခက်အခဲတွေ ရှိလာပါတယ်။

“မနက်မီးလာပြီဆိုတာနဲ့ ထမင်းတည်ရင် ငါးမိနစ်မရှိသေးဘူး ပြတ်ပြီ။ ထမင်းတွေပွမှာစိုးတော့ အိုးပြောင်းပြီးဂတ်စ်နဲ့ ချက်ရတယ်။ တည်နေတုန်း မီးက ပြန်လာ အတော်လေးအလုပ်ရှုပ်တယ်။ သားနဲ့ သူ့အဖေ ထမင်းချိုင့်ရှိတော့ မီးမလာရင် ချက်ရတာစိတ်ကုန်စရာ ဂတ်စ်ကလည်း ဈေးကြီးတော့ အမြဲသုံးဖို့ အဆင်မပြေဘူး”လို့ မစောမွန်က ရှင်းပြပါ တယ်။   

မီးပြတ်တဲ့ ရက်နဲ့ အချိန်ကာလကြာရှည်လာတာနဲ့အမျှ နေ့စဉ်လူမှုဘဝတွေ အပေါ်မှာလည်း ကြီးကြီးမားမားရိုက်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

လျှပ်စစ်မီးမရတာကြောင့် သူတို့ရဲ့ လုပ်ငန်းတာဝန်တွေ နှောင့်နှေးရုံသာမက ကုန်ဈေးနှုန်း၊ အိမ်ဌားခဈေးနဲ့ သွားလာစရိတ်တွေလည်း ပြိုင်တူဈေးတက်လို့ စိတ်ညစ်နေရကြောင်း အိမ်ရှင်မတွေကလည်း ညီးတွားနေကြပါတယ်။

အလှည့်ကျ မီးပေးတယ်ဆိုပေမယ့် မီးပြတ်တဲ့အချိန်က များနေတာကြောင့် အိမ်တိုင်းလိုလိုဟာ ဘထ္ထရီ၊ အင်ဗာတာ၊ မီးစက်တွေကို ဝယ်သုံးကာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းနေရတာဖြစ်ပါတယ်။ ဝယ်သုံးသူများပြားတာကြောင့် အင်ဗာတာနဲ့ တွဲသုံး ရတဲ့ ဘထ္ထရီတို့၊ စက်သုံးဆီတွေလည်း ဈေးနှုန်းမြင့်တက်သွားတာပါ။

စက်သုံးဆီဈေးမြင့်တက်လာတာနဲ့အမျှ သား၊ ငါး၊ ကုန်ဈေးတွေ သယ်ယူစရိတ်မြင့်လာတာနဲ့အမျှ စားသောက်ကုန်ဈေးလည်း ကြီးမြင့်လာပါတယ်။ ဒီလိုကုန်ဈေးနှုန်း မြင့်လာတာကြောင့် မနက်စာကို လျော့စားနေရတယ်လို့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် နေ ဒေါ်ခင်မျိုးက ပြောပါတယ်။

“သားနဲ့သမီးလစာက ငါးသိန်းလောက်ရတာ သူတို့ကို လမ်းစရိတ်ပေးသုံးရတာနဲ့ ဘာမှမကျန်ဘူး။ ကျန်တဲ့ငွေနဲ့ ကုန်ဈေးနှုန်း တက်တာနဲ့ ဆိုတော့ဘယ်လိုမှအဆင်မပြေဘူး။ ခုဆို မနက်စာလျော့စားနေရပြီ”လို့ သူက ဆိုပါတယ်။

ထို့အပြင် တိုက်ခန်းနဲ့နေထိုင်မှုများတဲ့ ရန်ကုန်မြို့မှာတော့ မီးမလာရင် ရေတင်ဖို့မလွယ်သလို ပူပြင်းတဲ့ နွေရာသီဆိုရင်လေအေးပေးစက်မရှိဘဲ နေထိုင်ဖို့လည်း ခက်ခဲလှပါတယ်။ မီးမရတာကြောင့် ပြည်သူတွေဟာ power bank ၊ ဓါတ်ခဲတွေစတဲ့ အားသွင်းအသုံးပြုရတဲ့ ပန်ကာ၊ မီးလုံးတွေဝယ်သုံးပြီး ဖြေရှင်းနေရတာပါ။

ရန်ကင်းမြို့နယ်ရှိ လေးလွှာတိုက်ခန်းတစ်ခုမှာ နေထိုင်တဲ့ ဒေါ်ခင်မျိုးတို့ မိသားစုဆိုလည်း မီးမရတာကြောင့် ရေတင်ဖို့ အခက်အခဲ ကြုံနေရတာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးက”ကျမတို့ဘက်မှာ နေ့ဘက်ဆို မီးလာလိုက်ပျက်လိုက်တွေပေါင်းရင် တစ်နာရီလောက်ပဲ မီးရတယ်။ ညတစ်နာရီ လောက်ရေထတင်ရင်တော့ရနိုင်လို့ အခုမိသားစုတွေ တစ်ယောက်တစ်လှည့် ရေထတင်ရတယ်။ မီးလာတဲ့အချိန်ရေစောင့် တင်ရတော့ တခြားအလုပ်တွေပါ ပျက်တာပေါ့”လို့ ပြောပါတယ်။

မီးလာတဲ့အချိန် ရေစောင့်တင်ရတဲ့အတွက် တခြားလုပ်ဆောင်ရမယ့် အလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။ သားနဲ့သမီးက ကျောင်းတွေ၊ အလုပ်တွေရှိတာကြောင့် အမြဲတမ်း မလုပ်နိုင်တဲ့အတွက် သူတို့လင်မယားနှစ်ဦးက အစားဝင်လုပ်ပေးရတာ များပါတယ်။

“ကျမတို့ကလည်း အသက်ကြီးပြီဆိုတော့ ရေရှည်အိပ်ရေးပျက်လာရင်တော့ သွေးတိုးတို့ ဆီးချိုလိုရောဂါတွေ ဝင်လာမှာ တော့ စိုးရိမ်တာပေါ့ ခက်တာက လူခွဲကလည်းမရှိဘူး။ ရေဝယ်သုံးမယ်ဆိုလည်း မတတ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

လျှပ်စစ်မီး လုံလောက်အောင်မရတဲ့အတွက် ပြည်သူတွေမှာ အစစအရာရာ ခက်ခက်ခဲခဲ ဖြေရှင်းနေကြရတဲ့အပြင် မီးနဲ့လုပ် ကိုင်နေရတဲ့ မိတ္တူနဲ့ စာစီစာရိုက်လုပ်ငန်းတွေလည်း အခက်အခဲဖြစ်လာပါတယ်။

ဒေါ်ခင်မျိုးရဲ့ သမီးဖြစ်တဲ့ မအိမိုးက သူငယ်ချင်းနှစ်ယောက်စုပြီး စာစီစာရိုက်ဆိုင်လေး ဖွင့်ထားတာ သုံးနှစ်ကျော်ရှိပါပြီ။ လျှပ် စစ်မီးက တခါလာရင် ငါးမိနစ်ပြည့်အောင် မလာတော့ သူ့လုပ်ငန်းဟာ ရပ်တန့်ရမလို ဖြစ်နေတယ်လို့ ပြောပါတယ်။

“အလုပ်အပ်တဲ့ သူတွေက ချိန်းတဲ့ရက်မရတော့ စိတ်ဆိုးသွားတဲ့သူလည်းရှိတယ်။ ပိုက်ဆံပြန်တောင်းတာပေါ့။ တချို့ဆို ဆဲဆို ရန်တွေ့တာခံရတယ်။ အင်ဗာတာတွေလည်း သုံးလုံးလောက်ဆောင်ထားပြီး လုပ်ပေးတာပဲ။ အားပြည့်အောင် မီးက မလာ တော့ အလုပ်မပြီးတာ”လို့ မအိမိုးက ရှင်းပြပါတယ်။

နေ့တိုင်းနီးပါး ရက်ချိန်းတွေမှာ အလုပ်တွေမပြီးတာကြောင့် ရန်တွေ့ ခံနေရတာဖြစ်လို့ ဆိုင်ပိတ်ပစ်ဖို့တောင် စိတ်ကူးမိနေ တယ်လို့ ဆိုပါတယ်။

လုပ်ငန်းကြီးလုပ်ကိုင်သူတွေကတော့ မီးစက်ဝယ်သုံးနိုင်ပေမယ့် မအိမိုးတို့လို တပိုင်တနိုင်လုပ်ငန်းလေးတွေအတွက်တော့ မီးစက်သုံးဖို့ မတတ်နိုင်ပြန်ပါဘူး။ အကြောင်းကတော့ ဓါတ်ဆီဈေး ကြီးမြင့်သလို လိုသလောက်လည်းမရတာကြောင့်ပါ။

ဈေးကွက်ထဲမှာတော့ ဝပ်တစ်ထောင်ကနေ သုံးထောင်ထိ အသုံးပြုနိုင်တဲ့ ဓါတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုနေ တာဖြစ်ပါတယ်။ အဆိုပါမီးစက်တွေကလည်း တစ်နာရီကို ဆီတစ်လီတာလောက် ကုန်တာကြောင့် ရေရှည်သုံးနိုင်ဖို့ မလွယ် ပါဘူး။

မီးစက်ကတော့ ထမင်းချက်တာ၊ ရေတင်တာစသဖြင့် များစွာလုပ်ဆောင်နိုင်ပေမယ့် အင်ဗာတာကတော့ ကွန်ပြူတာ၊ လက်ပ် တော့တို့ သုံးလို့ရပေမယ့် မီးအားမပြည့်ရင်တော့ ဘာမှလုပ်မရဘူးလို့ဆိုပါတယ်။

“မီးစက်ရှိရင်တော့ ကောင်းတာပေါ့။ အရေးကြီးတာရှိရင် မီးစက်နှိုးလိုက်ရုံပဲ။ အင်ဗာတာကျတော့ မီးအလုံအလောက် အား ရှိမှ သုံးလို့ရတာ။ မီးက သူတို့ပြောသလို လာချင်မှလာတာလေ”လို့ မအိမိုးက ပြောပါတယ်။

လက်ရှိမှာတော့ အင်ဗာတာမီးကို ချွေတာသုံးရင်း အလုပ်ကိုလည်း အနည်းငယ်သာလက်ခံတော့တာဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်ချိန် များပြားတာကြောင့် အိမ်တွင်း အသေးစားလုပ်ငန်းတွေ ထိခိုက်မှုရှိလာပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်ပြီး တပိုင်တနိုင်အားလူးကြော်ကာ ဆိုင်မှာပြန်သွင်းနေတဲ့ ဒေါ်ညိုက” မီးမရ တော့ ပါကင်ပိတ်လို့မရဘူး။ အဲ့ဒီမှာအကြော်တွေ ပျော့ကုန်လို့ အရင်းပါရှုံးပေါ့”လို့ ပြောပါတယ်။

ဒေါ်ညိုဟာအားလူးကြော်ပြီး ဆိုင်တွေမှာပြန်သွင်းတဲ့အလုပ်ကိုလုပ်ကိုင်နေတာ ၅ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။

“ခုက လာလိုက်ပြတ်လိုက်နဲ့ ဘာလုပ်နေမှန်းမသိဘူး။ တခါတလေ မီးက ခုလာ၊ ခုပြတ်နဲ့ အားလူးကြော်တွေက ချက်ခြင်း မထည့်ရင် ပျော့ကုန်မှာ မီးလာလို့ ပါကင်ပိတ်တဲ့စက်နဲ့ လုပ်ရင် လူလည်းအများကြီးမလိုဘူး။ ခဏနဲ့ ပြီးတယ် မီးမရတော့ အိမ်ရှိလူကုန် ဖယောင်းတိုင်နဲ့ ပါကင်ပိတ်ရတော့ အချိန်လည်းကြာတယ်။ ဖယောင်းတိုင်ဖိုးက အစစ်ကုန်သေးတယ်”လို့ ဒေါ် ညိုက ရှင်းပြပါတယ်။

တခါ ညနေ ၆ နာရီ လောက်မှာ အားလူးကြော်ပြီးသားတွေ ပါကင်ပိတ်တဲ့စက်နဲ့ ပိတ်နေတဲ့အချိန်မှာ မီးပျက်သွားတာ စောင့် ရင်းစောင့်ရင်းနဲ့ မနက် ၄ နာရီမှ မီးကပြန်လာပါတယ်။ အဲ့ဒီအချိန်မှာ အားလူးကြော်တွေပျော့ကုန်တာကြောင့် အရင်းရှုံးသွားရ အခြေအနေနဲ့လည်း  ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့အပြင် အားလူးကြော်အိတ်ထဲထည့်တဲ့ တံဆိပ်ရိုက်လုပ်ငန်းလည်း မီးမရတာကြောင့် ရက်ချိန်းအမီပစ္စည်းမပို့နိုင်တာတွေ ဖြစ်ရကြောင်း ဒေါ်ညိုက ပြောပါတယ်။

“အားလူးဈေးက တအားတက်တော့ မကိုက်တော့ဘူး။ ဒီထဲ တံဆိပ်ရော ပလတ်စတစ်အိတ်တွေပါ အကုန်ဈေးတက်လာတာ။ ကိုယ်က နည်းနည်းတက်ရင် ဆိုင်တွေက မယူချင်သလိုဖြစ်နေတော့ အဆင်မပြေပါဘူး။ တခြားဘာလုပ်စားရင် ကောင်း မလဲဘဲ တွေးနေတာ”လို့ သူက ညီးတွားနေပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်တွေက အလှည့်ကျစနစ်နဲ့ မီးပေးဝေမှုဟာ တစ်နေ့ကို ၁၂ နာရီလောက်ရတယ်ဆိုပေမယ့် လက်ရှိ မှာတော့ တစ်နေ့ကို ၈ နာရီသာရတော့မယ်လို့ ကြေညာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း လျှပ်စစ်မီးရရှိမှုဟာ တဖြေးဖြေးလျော့ကျလာရာကနေ လက်ရှိ ၂၀၂၅ အရောက် မှာတော့ လွန်စွာဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နေပြည်တော်မှာ ပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာတော့ ၂၀၂၅ မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိဖို့ ဆောင်ရွက်နေတယ်လို့ ပြောထားပေမယ့် ယခင်က မီးထိန်ထိန်လင်းခဲ့တဲ့ နေပြည်တော်လည်း အလှည့်ကျစနစ်နဲ့ မီးသုံး နေရတာပါ။

နိုင်ငံတဝှမ်းကပြည်သူတွေဟာ ဘေးဒုက္ခမျိုးစုံကြားထဲမှာ လျှပ်စစ်မီးမရတာ၊ အင်တာနက်ဖြတ်တောက်ခံရတာတွေကလည်း စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်လို့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နေ မစောမွန်က ပြောပါတယ်။

နိုင်ငံခြားသံရုံး အများအပြားရုံးစိုက်ရာဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ လျှပ်စစ်မီးပုံမှန်မရတာဟာ အင်မတန်ရှက်စရာကောင်းပြီး မြို့တော်ဟာ မြို့တော်နဲ့မတူဘဲ မြို့ပျက်ကြီးနဲ့သာတူတယ်လို့ သူက ထောက်ပြပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့နေပြည်သူတွေဟာ လျှပ်စစ်မီးမရတဲ့ပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းရင်း ကြံ့ကြံ့ခံ ဖြတ်သန်းနေရတာဖြစ်ပါတယ်။

Author:

Related Articles