အနှစ်ချုပ်
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်ပြီးနောက် ရိုဟင်ဂျာများ၏အခြေအနေမှာ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရမှုပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းမှုအပြီး ရိုဟင်ဂျာများသည် အခြေခံလူအခွင့်အရေးများဆက်လက် ချိုးဖောက်ခံနေရဆဲဖြစ်ပြီး လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံထားရခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ရယူရန် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ မြန်မာစစ်တပ်နယ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြန်လည်လက်ခံရေးလုပ်ငန်းများ မစတင်နိုင်သေးခင် နောက်ထပ်အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
ထို့နောက် အာရက္ခတပ်တော်(AA) က မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာသည့်အတွက် ရိုဟင်ဂျာများမှာ အိုးအိမ်စွန့် ခွာကာ ဘေးလွတ်သည့်နေရာများသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ရခြင်း၊ လုံခြုံရေးအာမခံချက်မရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံထွက်ပြေးခိုလှုံခြင်းများပြုလုပ်ခဲ့ကြရပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာအများစုနေထိုင်သည့် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို အာရက္ခတပ်တော် (AA)က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သော်လည်း ရိုဟင်ဂျာများအတွက် အနာဂတ်ရည်မှန်းချက်တွေမှာ မရေရာ မသေချာမှုများဖြင့်သာ ကြုံနေရဆဲဖြစ်နေကြာင်း ရိုဟင်ဂျာများက ပြောပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးဝန်ဆောင်မှု၊ စားဝတ်နေရေး၊ ပညာရေး စသည့် စိန်ခေါ်မှုများစွာရှိနေသေးသည့်အတွက် ဂျန်ဒါရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်မှု လုပ်ငန်းများလည်း အကောင်အထည်မပေါ်နိုင်သေးကြောင်း ဆက်ပြောကြပါတယ်။
ရိုဟင်ဂျာအသိုင်းအဝိုင်းသည် ဖိုဝါဒကြီးစိုးသည့်အသိုင်းအဝိုင်းဖြစ်သည့်အတွက် ရိုဟင်ဂျာအမျိုးသမီးများ၊ အမျိုး သမီးငယ်များအတွက် ဂျန်ဒါတန်းတူရေးနှင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ပါဝင်နိုင်မှုကလည်း စိန်ခေါ်မှုများစွာ ရှိနေသေးတယ်လို့ ရိုဟင်ဂျာအမျိုးသမီးငယ်တချို့ကလည်းပြောပါတယ်။
လက်ရှိအချိန်ထိ ရိုဟင်ဂျာအသိုင်းအဝိုင်းထဲတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များမှာ ဘာသာရေးအယူဝါဒ၊ ဖိုဝါဒလွှမ်းမိုးမှုတွေအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။ လူနည်းစုများထဲမှ ရိုဟင်ဂျာအမျိုးသမီးများသည် မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြားတွင် ပြင်းထန်စွာ ဘေးဖယ်ထားခြင်း ခံနေရဆဲလို့ ဆိုကြပါတယ်။
ရိုဟင်ဂျာအမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးဖယ်ထားခံရခြင်း ကျား၊ မနှင့် လူမှုစီးပွားဆိုင်ရာဖြတ် တောက်ခံထားရသော အားနည်းချက်များ၊ ခွဲခြားဆက်ဆံမှု၊ နေရာရွှေ့ပြောင်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် တရားမျှတမှုရရှိဖို့ ရုန်းကန်ကြိုးပမ်း နေရဆဲအခြေအနေဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးစုများသည် ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကို ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးများအားလုံး ပဋိပက္ခကို ခံစားနေရသော်လည်း အထူးသဖြင့် ရိုဟင်ဂျာအမျိုးသမီးများသည် ပိုမိုခက်ခဲကြကြောင်းသုံးသပ်ကြပါတယ်။
ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော်လည်း အစိုးရက ၎င်းတို့အား နိုင်ငံ သားအဖြစ် အသိအမှတ်မပြုကြောင်း တစိုက်မတ်မတ် ငြင်းဆိုခဲ့ပြီး ၎င်းတို့အား နိုင်ငံမဲ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေသည် ရိုဟင်ဂျာအများစု နိုင်ငံသားဖြစ်ခွင့်ကို ဖယ်ရှားခဲ့ပြီး ၎င်းတို့၏ အခြေခံ အခွင့်အရေးများနှင့် အကာအကွယ်များကို ကန့်သတ်ထားတဲ့ဥပဒေဖြစ်ပါတယ်။
နိုင်ငံမဲ့ဖြစ်မှုသည် ရိုဟင်ဂျာအမျိုးသမီးများကို အချိုးမညီမျှစွာ သက်ရောက်မှုများရှိနေသလို အကန့်အသတ်တွေများစေခဲ့ပြီး၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှုပြုလုပ်ခဲ့ရာ လူမျိုးရေး ခွဲခြားဆက်ဆံမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်း ကျော်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ရိုဟင်ဂျာအမျိုးသမီးအများအပြားဟာလည်း မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုတို့၏ သားကောင်များ ဖြစ်လာကြပြီးစစ်တပ်က ကျား-မအခြေပြုအကြမ်းဖက်မှု၊ လူမျိုးရေးနှိပ်စက်ညှဉ်းပန်းမှုကို လက်နက်တစ်ခု အဖြစ်အသုံးပြုလာတာကို ခေတ်အဆက်ဆက်တွေ့မြင်လာရပါတယ်။
ရိုဟင်ဂျာလူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ၊ ပညာရေးနှင့် အလုပ်အကိုင်များတွင် ၎င်းတို့၏ပါဝင်မှုကို ကန့်သတ်ထားပြီး အိမ်တွင်းမှုနယ်ပယ်တွင်သာ ပါဝင်နိုင်ဖို့ အစဉ်အလာတွေနဲ့ ကန့်သတ်ထားပါတယ်။
ပဋိပက္ခနှင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုသည် ယခင်ရှိပြီးသား ကျား-မ မညီမျှမှုကို ပိုမိုဆိုးရွားစေပြီး ဒုက္ခသည်စခန်းများကအမျိုးသမီးများသည် စားနပ်ရိက္ခာမလုံခြုံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်းနှင့် ပညာသင်ကြားခွင့်အကန့်အသတ်များ ကြုံတွေ့ရနိုင်ခြေပိုများသလို ရိုဟင်ဂျာအမျိုးသမီးများသည် ၎င်းတို့ အမျိုးသား၊ ဆွေမျိုးများ ထွက်ပြေးစဉ်အသတ်ခံရခြင်း၊ ထောင်ကျခြင်း ( သို့ ) ကွဲကွာခြင်းတို့ကြောင့် အိမ်ထောင် ဦးစီးများအဖြစ် မကြာခဏကျန်ရစ်ခဲ့ကြရပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မြန်မာစစ်တပ်က အဓိကအသုံးပြုသည့် နည်းဗျူဟာဖြစ်သလို အစုလိုက် အပြုံလိုက် မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှတ်တမ်းများကို လေ့လာတွေ့ ရှိ နိုင်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာအခြေအနေဖြစ်နေဆဲဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြစ်တင်ဝေဖန်မှုများ ရှိနေသော်လည်း ရိုဟင်ဂျာအမျိုးသမီးများသည် အဆိုပါရာဇ၀တ်မှုများအတွက် တရားမျှတမှုရရှိရန် ကြီးမားသောအခက်အခဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
စစ်တပ်ရဲ့ မတရားဖြိုခွင်းမှုအပြီး ရိုဟင်ဂျာအများစု ထွက်ပြေးခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအမျိုးသမီးတွေဟာ ခက်ခဲတဲ့အခြေအနေတွေကို ဆက်လက်ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရပါတယ်။
ပြည့်ကျပ်နေတဲ့ စစ်ဘေးရှောင်စခန်းများ၊ မိလ္လာစနစ်ညံ့ဖျင်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အချိုးအဆမမျှတမှုများသည် အမျိုးသမီးများ အထူးသဖြင့် ကိုယ်ဝန်ဆောင်များနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံစားခဲ့ရသူများအပေါ် ကျန်းမာရေးအရသက်ရောက်မှုတွေ များစွာရှိနေပါတယ်။
မိသားစုဝင်များဆုံးရှုံးရသည့် စိတ်ဒဏ်ရာများနှင့် အကြမ်းဖက်မှုကြောင့်ရရှိခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာအမာရွတ်များကိုရင်ဆိုင်ရနေဆဲပင် ဤအမျိုးသမီးအများစုသည် ကလေးငယ်များကို ပြုစုစောင့်ရှောက်ရန် မိခင်တာဝန်ယူနေ ကြရဆဲဖြစ်ပါတယ်။
ရိုဟင်ဂျာအသိုက်အဝန်းအတွင်း ဘိုးဘေးဘီဘင်ရိုးရာဓလေ့ဖွဲ့စည်းပုံသည် ခိုင်မာနေဆဲဖြစ်ပြီး အမျိုးသမီးများအတွက် ပညာရေးအခွင့်အလမ်းများလည်း အကန့်အသတ်ရှိနေလို အဓမ္မလက်ထပ်ထိမ်းမြားမှုနှင့် လူကုန်ကူးမှုတို့သည် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာအမျိုးသမီးများအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုများဖြစ်သလို ဆင်းရဲမွဲတေမှုနှင့် စိတ်ပျက်အားငယ်မှုတို့က ၎င်းတို့အား ခေါင်းပုံဖြတ်ရန် လွယ်ကူသောပစ်မှတ်များဖြစ်စေကြောင်း လေ့လာတွေ့ရှိရပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် မြန်မာစစ်တပ်ကို တာဝန်ယူဖို့နိုင်ငံတကာက ကြိုးပမ်းမှုတွေက အကန့်အသတ်နဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၀ ခုနှစ်တွင် တရားမျှတမှုဆီသို့ ခြေလှမ်းအချို့ရှိခဲ့သော်လည်း ရိုဟင်ဂျာအမျိုးသမီးများသည် တရားဝင်တရားစီရင် ရေးယန္တရားများမှ ဖယ်ထုတ်ခံထားရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမို ဆိုးရွားလာကာ တရားမျှတသော ဆုံးဖြတ်ချက်အတွက် မျှော်လင့်ချက်များကို ပိုမိုမှုန်ဝါးစေခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံအား ဆက်လက်ဖိအားပေးလျက်ရှိသော်လည်း တရားရေးဆိုင်ရာ တာဝန်ခံမှု တွေဟာသိသာထင်ရှားသော တိုးတက်မှုများ နှေးကွေးနေဆဲဖြစ်ပါတယ်။ ထို့ကြောင့် ရိုဟင်ဂျာအမျိုးသမီးများအတွက် မတရားမှုများဆက်လက်တည်ရှိနေကြောင်း တွေ့နိုင်ပါတယ်။
နိုင်ငံတကာတရားစီရင်ရေးစနစ်အတွင်း သီးခြားလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျား-မ ခွဲခြား ဆက်ဆံမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများ၊ တရားဥပဒေဆိုင်ရာဖြေရှင်းရေးနှင့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် ၎င်းတို့၏ ပါဝင်မှုကို ဦးစားပေးလုပ်ဆောင်သည့်ဘက်ပေါင်းစုံမှ ချဉ်းကပ်မှု လိုအပ်ပါတယ်။
ယင်းကဲ့သို့ ကြိုးပမ်းမှုမရှိဘဲ ရိုဟင်ဂျာအမျိုးသမီးများသည် ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများကြားတွင် ပစ်ပယ်ခံရခြင်း၏ ရက်စက်ကြမ်းကြုတ်မှု အကျိုးဆက်များကို ဆက်လက်ခံနိုင်ရည်ရှိရှိ တောင့်ခံနေရအုံးမှာ ဖြစ်နေပါတယ်။
ကိုးကား
– လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (၂၀၂၀) “ရိုဟင်ဂျာ အကျပ်အတည်းနှင့် တရားမျှတမှုအတွက် ရုန်းကန်မှု”
– ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) (၂၀၁၉)